Home ဆောင်းပါး တအာန်းစစ်သမီးဆေးမှူး(၆)ဦးအတွက် တာဝန်ယူမှုနှင့်တာဝန်ခံမှုများ ပျောက်ဆုံးနေဆဲ…

တအာန်းစစ်သမီးဆေးမှူး(၆)ဦးအတွက် တာဝန်ယူမှုနှင့်တာဝန်ခံမှုများ ပျောက်ဆုံးနေဆဲ…

TNLA တွင် တာဝန်ထမ်းဆောင်သည့် စစ်သမီးများပုံ (ဓါတ်ပုံ – TNLA သတင်းနှင့် ပြန်ကြားရေးဌာန)

နန်းဆိုင်နွမ်။               ။

ခန္ဓာကိုယ်က အဝတ်အစားတွေချွတ်ပြီးမှ ပြန်ဖုံးပေးထားတဲ့အနေအထားနဲ့ သေနတ်ဒါဏ်ရာတွေကိုလည်း တချို့အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မှာ တွေ့ရသလို အလောင်းတွေကို ဖြစ်သလို မြေမြုပ်ထားတယ်လို့ ဆိုကြပါ တယ်။

ဒီအလောင်းတွေကတော့ ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ အွယ်လောကျေးရွာအနီးမှာ အသတ်ခံခဲ့ရတဲ့  တအာန်းစစ်သမီးဆေးမှူးအမျိုးသမီး (၆) ဦးရဲ့ ရုပ်အလောင်းတွေပါ။

သူတို့ဟာ ဇူလိုင်လ (၁၁) ရက်နေ့မှာ  TNLA တပ်သားတွေနဲ့အတူ နယ်လှည့်ဆေးကုပြီးအပြန် လမ်းခုလပ်မှာ တပ်မတော်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တအာန်းလွတ်မြောက်ရေး တပ်မတော် (TNLA)  ရဲဘော်တဦး ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန်ရဲဘော်တဦးကတော့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ TNLA မှ ဆေးမှူး စစ်သမီး(၆)ဦးကတော့ တပ်မတော်ဖက်က အသက်ရှင်လျက်နဲ့ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း TNLA က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင် (၁၂)ရက်မှာတော့ တပ်မ(၈၈)လက်အောက် ခြေမြန်တပ်ရင်း ခမရ(၃၀၁)  အင်အား (၄၀)ခန့်က အွယ်လောကျေးရွာကို ရောက်လာပြီး ကျေးရွာဥက္ကဌကို “ နောက်(၅)ရက်လောက်အထိ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာ ကို ဘယ်သူမှ မသွားစေနဲ့လို့ ပြောသွားတယ်” လို့ တအာန်းအမျိုးသမီးအဖွဲ့ (TWO) ရဲ့သတင်းမှတ်တမ်းနှင့် သုတေသန တာဝန်ခံ လွေးပို့ကမေဲ့ခြိူဝ်းက ပြောပြခဲ့ပါတယ်။

“ ရွာသားတွေက မိုင်းထောင်ထားတာလားဆိုပြီး တခုခုအန္တရာယ်ဖြစ်မှာစိုးလို့ မသွားကြဘူး။ (၁၃) ရက်နေ့မှာ တော့သွားပေမယ့် အလောင်းတွေကို မတွေ့ခဲ့ဘူး။ (၁၄) ရက်နေ့မှာ  နောက်ဆုံးတိုက်ပွဲဖြစ်တဲ့နေရာ အနီး တဝိုက်မှာ ဖြစ်နိုင်တယ်ဆိုပြီး သူတို့ထပ်ရှာတယ်။ အဲဒီမှာ ဖြစ်သလိုမြှပ်ထားတော့ သူတို့သွားတွေ့တယ်” လို့ အွယ်လောကျေးရွာ ဒေသခံတွေက ပြောခဲ့တာကို လွေးပို့ကမေဲ့ခြိူဝ်းက ပြန်လည်ပြောပြခဲ့ပါတယ်။

မြေမြှပ်ထားတဲ့ တအာန်းဆေးမှူး စစ်သမီး(၆)ဦးအလောင်းကို စတင်တွေ့ရှိဖော်ယူခဲ့တဲ့ ဒေသခံတွေရဲ့ ပြောပြ ချက်အရ အလောင်းတွေမှာ ဘောင်းဘီတွေ၊ ဝတ်စုံတွေ ဝတ်ထားခဲ့ပေမယ့် ပုံမှန်အနေအထား မဟုတ်ကြောင်း၊  ဆေးမှူးစစ်သမီး(၆)ဦးအနက် (၃)ဦးမှာ သေနတ်ဒဏ်ရာတွေ ရရှိထားပြီး၊ ကျန်(၃)ဦးမှာ သေနတ်ဒဏ်ရာ မရှိဘဲ ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေသာရှိကြောင်း လွေးပို့ကမေဲ့ခြိူဝ်းက ပြန်ပြောပြပါတယ်

လွေးပို့ကမေဲ့ခြိူဝ်းက “ ကျမတို့တော်တော်များများ ကြုံရတာက အမျိုးသမီးတွေဆိုရင် လိင်ပိုင်းဆိုင်ရာ ပြုမူခံ ရတာ မလွတ်ပါဘူး။ ဒီကိစ္စမှာတော့ ရွာသားတွေရော ဘယ်သူမှ မမြင်တော့ မုဒိမ်းမှုပါတယ်လို့ ပြောရအောင် လည်း ခက်နေတယ်။ သူတို့ကို တွေ့တုန်းက သူတို့ဝတ်ခဲ့တဲ့ ဘောင်းဘီနဲ့ ထမီတွေ သိမ်းထားခဲ့မယ်ဆိုရင် ဆေးစစ်ချက်အရ ကျမတို့ မုဒိမ်းမှုဖြစ်မဖြစ် အတည်ပြုလို့ရမယ်” လို့ ဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဇူလိုင် (၁၉) ရက်နေ့သတင်းထုတ်ပြန်ချက်အရ  နမ့်ခမ်းမြို့နယ်၊ နယ်မြေ လုံခြုံရေး ဆောင်ရွက်နေတဲ့  လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့  TNLA အဖွဲ့တို့ ဇူလိုင် (၁၁)ရက်နေ့မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး TNLA ပြောက်ကျားယူနီဖောင်းဝတ် အမျိုးသားအလောင်း (၃)လောင်းနဲ့ အမျိုးသမီးအလောင်း (၅) လောင်းကို တိုက်ပွဲဖြစ်ပွားပြီး ညနေ (၅)နာရီတွင် ကောင်းမွန်စွာ သြင်္ဂိုလ်ပေးခဲ့ကြောင်း ရေးသားထားပါတယ်။

“ ဆေးမှူးစစ်သမီး(၆)ယောက်နဲ့ TNLA ရဲဘော်တဦးကို တပ်မတော်က မီးရှှို့သဂြိုၤဟ်တာ မဟုတ်ဘူး။ တပ်က ဖြစ်သလိုပဲ မြှပ်ခဲ့တာ။ အွယ်လောကျေးရွာက ဒေသခံတွေက ဇူလိုင်(၁၄)ရက်နေ့မှာ  ပြန်ဖော်ပြီး ညနေမှာ မီးရှို့ သြင်္ဂိုလ်ပေးခဲ့တာ”  လို့ TNLA  ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်အိုက်ကျော် ပြောပါတယ်။

ဆေးမှူးစစ်သမီး(၆)ဦးဟာ တိုက်ပွဲဖြစ်လို့ ကျဆုံးသွားတာမဟုတ်ဘဲ စစ်သုံ့ပန်းအဖြစ်နဲ့ အသတ်ခံလိုက်ရတာ ဖြစ်တယ်လို့ မိုင်အိုက်ကျော်က ဆိုပါတယ်။

“ ကျနော်တို့လည်း တပ်မတော်ကလူတွေ မကြာခဏ ဖမ်းမိပါတယ်။ မသတ်ပါဘူး။ ပြန်လွှတ်ပါတယ်။ ကျနော် တို့လူတွေ၊ ဆေးမှူးစစ်သမီးတွေကိုတော့ ရက်ရက်စက်စက်သတ်လိုက်တယ်” လို့ မိုင်အိုက်ကျော်က ပြောခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ဆေးမှူးစစ်သမီး(၆)ဦးဟာ TNLA တပ်ဖွဲ့ဝင်တွေဖြစ်ပေမယ့် တအာန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှာ နေထိုင်တဲ့ပြည်သူတွေအတွက် ကျန်းမာရေး၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေးနဲ့ ကိုယ်ဝန်သည် မိခင်လောင်းတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို  အဓိက လုပ်ဆောင်ပေးနေသူတွေဖြစ်ပါတယ်လို့ မိုင်အိုက် ကျော်က ရှင်းပြပါတယ်။

TNLA တွင် တာဝန်ထမ်းဆောင်သည့် စစ်သမီးများပုံ (ဓါတ်ပုံ – TNLA သတင်းနှင့် ပြန်ကြားရေးဌာန)

“ ကျနော်တို့နယ်မြေတချို့မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရှိဘူး။ ကျနော်တို့ ဆေးမှူးတွေ သင်တန်းပေး ထားတယ်။ တပ်မိန့်မရှိဘဲ လိုအပ်တဲ့နေရာ သူတို့သွားပြီး လုပ်ဆောင်တယ်။ တပ်ပိုင်းကိုကုတာနည်းပါတယ်။ သူတို့က တခြားကျောင်းကျန်းမာရေး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ် ပါတယ်။ ကျနော်တို့ဒေသတွေမှာ သူတို့ကို တော်တော်လေး အားထားကြတယ်” လို့လည်း ထပ်လောင်း ပြောပြ ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စစ်သုံ့ပန်းဥပဒေ (ဂျီနီဗာကွန်ဗန်းရှင်း) ကို လက်မှတ်ရေးထိုးထားပြီး  ဆေးမှူးစစ်သမီး (၆) ဦးကို သတ်ဖြတ်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပါတယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ် ရှားသူတွေက ပြောဆိုကြပါတယ်။

ဂျီနီဗာကွန်ဗန်းရှင်းပါ ပြဌာန်းချက်အမှတ်(၃)မှာ ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားတဲ့ဒေသတွေမှာ ဖမ်းဆီးခံရတဲ့ စစ် သားတွေ၊  ဒဏ်ရာရရှိထားပြီး  ကျန်းမာရေးမကောင်းတဲ့စစ်သားတွေအတွက် နှစ်ဖက်တပ်ဖွဲ့လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ၁၉၄၉  ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။

ဒီပြဌာန်းချက်မှာ  နှစ်ဖက်ပစ်ခတ်မှုနဲ့  ပဋိပက္ခဖြစ်ပွားနေတဲ့ဧရိယာအတွင်း ဆက်လက်ပစ်ခတ်မှု မပြုလုပ်ဘဲ လက်နက်ချလိုက်ပြီလို့ ကြေညာတဲ့စစ်သားတွေ၊ ဖမ်းဆီးထိန်းသိမ်းခံရပြီး  ဒဏ်ရာရရှိထားတဲ့စစ်သားတွေ၊  အ ကြောင်း အမျိုးမျိုးကြောင့် အညံ့ခံထားသူတွေကို မည်သည့်အခြေအနေမျိုးမှာမဆို ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ် ဖြတ်ခြင်း၊ အစာရေစာဖြတ်တောက်ခြင်း၊ ပြန်ပေးဆွဲဓားစာခံအဖြစ်ထားခြင်းများ မပြုလုပ်ရဘဲ ဖမ်းဆီးခံရသူ၏ ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ ဖော်ပြထားပါတယ်။

ဆေးမှူးစစ်သမီး(၆)ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ တွဲဖက် အ တွင်းရေးမှူး နော်ဆဲဆဲက “  နိုင်ငံတကာ စံချိန်စံညွန်းကို ချိုးဖောက်မှုအဖြစ် ကျမတို့ ထောက်ပြတယ်။ သေချာ စီစစ်မှုတွေ မလုပ်ဘဲ လွှတ်ငြိမ်းချမ်းသာခွင့်ပေးထားတဲ့အတွက် ကျမတို့လက်မခံဘူး။ အစိုးရက တာဝန်ရှိပြီး စီစစ်ပေးဖို့လိုတယ်။ စစ်ပွဲက ကျူးလွန်မှုဖြစ်တဲ့အတွက် နိုင်ငံတကာကို ကျမတို့ ပြောထားတယ်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး အသတ်ခံရတဲ့ ဆေးမှူးစစ်သမီး(၆)ဦးဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ မုဒိမ်းပြုကျင့်ခံရမှု တွေ ရှိနိုင်ကြောင်း၊ သေချာစီစစ် မပြုလုပ်နိုင်ခဲ့တဲ့အတွက် မထောက်ပြခဲ့ကြောင်း၊ ဓာတ်ပုံသတင်းအချက်အ လက်များအရ အနည်းဆုံး လိင်ပိုင်းဆိုင်ရာစော်ကားမှု ပြုလုပ်ခံရနိုင်ကြောင်း နော်ဆဲဆဲက ဖြည့်စွက်ပြောဆိုပါ တယ်။

ဆေးမှူးစစ်သမီး(၆)ဦး အသတ်ခံရတဲ့ကိစ္စမှာ TNLA  လက်နက်ကိုင်အဖွဲ့က ဘယ်လိုဆောင်ရွက်သွားမလဲဆို တာ မသိရှိကြောင်းနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ဝင်ရောက်လုပ်ဆောင်ရန် အခက် အခဲရှိကြောင်း တအာန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မန်တုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နန်းမို့က ပြော ပါတယ်။

“  ကျမက သာမာန်လူတယောက်ဆိုရင်တော့ ဒီဆေးမှူးစစ်သမီးတွေဘက် ရပ်တည်ဖို့ အဆင်သင့်ပါပဲ။ လွှတ် တော်မှာ တင်ပြဖို့က မဖြစ်နိုင်ဘူး။ ဒီဟာကတော့ ကျမတို့အနေနဲ့ ဖွဲ့စည်းပုံအရ၊ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအရ  ကျမတို့ ပြောနိုင်တဲ့ အင်အားမရှိဘူး။ လုပ်ပိုင်ခွင့်လည်း သတ်မှတ်ပေးထားတာမရှိဘူး” လို့ နန်းမို့က ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဂျီနီဗာကွန်ဗန်းရှင်းကို လူသိရှင်ကြား လက်မှတ်ထိုးထားတဲ့အတွက် လေးစားလိုက်နာသင့် ပြီး အခုလို လူသားမဆန်တဲ့ပြုမူမှုတွေကို ရှုတ်ချတယ်လို့လည်း နန်းမို့က မှတ်ချက်ပြုလိုက်ပါတယ်။

“ ကျမတို့ဆီမှာ ဂျီနီဗာကွန်ဗန်းရှင်း ရှိတယ်။ ဒါကိုတော့ လေးစားလိုက်နာသင့်တယ်။ ကမ္ဘာကို ချပြပြီး ကမ္ဘာရဲ့ မျက်နှာပြင်မှာ လက်မှတ်ထိုးထားပြီး လူသိရှင်ကြား ချိုးဖောက်တာက အရမ်းကို ရှက်ဖို့ကောင်းတယ်။ ကိုယ် လက်မှတ်ထိုးထားတာကို ကိုယ်လက်အောက်ငယ်သားတွေ ကိုယ်တိုင်ပါ သိထားအောင်လုပ်ဖို့၊ လိုက်နာဖို့ လို အပ်ပါတယ်” လို့လည်း နန်းမို့က ထောက်ပြဝေဖန်လိုက်ပါတယ်။

လွေးပို့ကမေဲ့ခြိူဝ်းကလည်း “ ကျမတို့ ရသမျှအချက်အလက်တွေ စုဆောင်းတယ်။ ကျမတို့လို ချင်တာက တပ်မ တော်ဘက်က ဒီလိုကျူးလွန်တဲ့အပေါ်မှာ မြန်မာအစိုးရအနေနဲ့အရေးယူပေးဖို့ လိုအပ်တယ်။ ဖြစ်သွားတဲ့နေ ရာမှာ စုံစမ်းစစ်ဆေးမှုတွေလုပ်စေချင်တယ်။ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့လည်း ကျမတို့ ကြိုးစား သွားမယ်” လို့ပြောဆိုလိုက်ပါတယ်။

TNLA ဆေးမှူး စစ်သမီးတွေ အသတ်ခံရတဲ့ နောက်ပိုင်းမှာတော့ တအာန်းဒေသအတွင်း နေထိုင်တဲ့ အမျိုးသမီး တွေဟာ သူတို့လုံခြုံရေးအတွက် ထိတ်လန့်တုန်လှုပ်မှုတွေရှိနေပြီး ဒေသခံအမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အို တွေ၊ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက်လည်း ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ တအာန်းအမျိုးသမီး အရေး ဆောင်ရွက်နေသူတွေက  ပြောဆိုကြပါတယ်။

“ ကျမတို့ရွာပိုင်းမှာရှိတဲ့ အမျိုးသမီးတွေက မြို့ပေါ်တက် ဆေးကုဖို့ ခက်ခဲတယ်။ စီးပွားရေး၊ လမ်းပန်းဆက် သွယ်ရေးအကုန်ခက်ခဲတယ်။ အဲဒီအတွက်ကြောင့် ဆေးမှူးအမျိုးသမီးတွေ သေဆုံးသွားတဲ့အပေါ် ပူဆွေးဝမ်း နည်းနေကြပါတယ်” လို့ လွေးပိုးကမေဲ့ခြိုးဝ်းက ပြောပြပါတယ်။

လက်ရှိ တအာန်းဒေသမှာ မိုးရာသီစိုက်ပျိုးရေးတွေ၊ လက်ဖက်ခူးရာသီဖြစ်နေပေမယ့် ဆေးမှူးစစ်သမီးတွေ အခုလို အသတ်ခံရပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေဟာ တောင်ယာစိုက်ပျိုးဖို့နဲ့  လက်ဖက်ခူးဖု့ိ သွားလာဖို့ကို တောင် စိတ်ပူကြောက်လန့်မှုနေကြတယ်လို့ ဒေသခံတွေဆိုပါတယ်။

အခုချိန်မှာ ရှမ်းပြည်မြောက်ပိုင်း ပြည်သူတွေဟာ သူတို့ရဲ့ လုံခြုံရေးကို  စိုးရိမ်နေရပြီး နယ်လှည့်ကျောပိုးအိတ် အဖွဲ့ဝင်များဖြစ်စေ၊ တခြားတာဝန်ထမ်းဆောင်နေသူများဖြစ်စေ၊ သက်ဆိုင်ရာအဖွဲ့အစည်းများအနေနဲ့ အမျိုး သမီးတွေရဲ့လုံခြုံရေးကို အထူးထည့်သွင်းစဉ်းစားဖို့၊ စနစ်တကျစီစဉ်ပေးဖို့ လိုအပ်နေကြောင်းလည်း အမျိုးသမီး အရေး ဆောင်ရွက်နေသူတွေက ပြောဆိုလိုက်ပါတယ်။

ငြိမ်းချမ်းရေးကို တကယ်လိုလားရင် ငြိမ်းချမ်းရေးဆွေးနွေးနေချိန်မှာ အပစ်အခတ်ရပ်စဲနိုင်ဖို့ လိုအပ်ပြီး  အခုလို အဖြစ်အပျက်တွေကြောင့် ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို ပြည်သူလူထုရဲ့ ယုံကြည်မှုရရှိဖို့ ခက်ခဲပါ တယ်လို့ ပြောဆိုနေကြသူတွေရှိသလို အခုဖြစ်ရပ်မှာ လက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့လည်း မိမိတို့ တပ်ဖွဲ့မှာ လူထုစည်းရုံးရေးတာဝန်များ ထမ်းဆောင်နေတဲ့ စစ်သမီးများနဲ့ပါတ်သက်လို့ အလေးထားစဉ်းစား မှုတွေ ဘယ်လောက်ရှိသလဲ၊ တာဝန်ထမ်းဆောင်ချိန်မှာ လုံခြုံရေးအရ တာဝန်ယူမှုတာဝန်ခံမှုတွေ ဘယ် လောက် စီစဉ်လုပ်ဆောင်ပေးနိုင်သလဲဆိုတဲ့ မေးခွန်းများလည်း အမျိုးသမီးအဖွဲ့အစည်းတွေကြားမှာ ဖြစ်ပေါ် နေပါတယ်။

Related Articles