ဇန်နဝါရီ ၂၀ ရက်ကနေ ၂၆ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာ တွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
ပအိုဝ်းပြည်သူ့စစ် ထိန်းချုပ်ဒေသမှာ ၁၈ နှစ်အောက် အမျိုးသမီးတွေ စစ်သင်တန်းတက်နေရ
ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ထိန်းချုပ်တဲ့နယ်မြေမှာ အမျိုးသမီးတွေ စစ်သင်တန်းတက်ဖို့ ညွှန်ကြား စာထုတ် ပြန်လာတဲ့အတွက် ရှေ့တန်းတိုက်ပွဲတွေမှာ မိန်းကလေးတွေ ပါဝင်လာနိုင်တယ်လို့ ဒေသခံတွေနဲ့ ပအိုဝ်းအဖွဲ့ အစည်းတွေက ပြောပါတယ်။
ရှမ်း – ကယား နယ်စပ်ဘက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး အဲဒီတိုက်ပွဲတွေမှာ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့က စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ခိုက်တာတွေရှိပါတယ်။
PNO/PNA က ရှေ့တန်းကိုပို့တဲ့ အမျိုးသမီးတွေရဲ့ အသက်အရွယ်ကိုအတည်ပြုဖို့ ခက်ပေမဲ့ စစ်သင်တန်း ပေးတဲ့ အထဲမှာတော့ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်တွေပါဝင်တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က အမည်မဖော် လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ရှေ့တန်းပို့တာကျတော့ ၂၀၂၄ နှစ် ကုန်ခါနီးလောက်မှာ ကျွန်မတို့ စတွေ့လာတယ်။ အထူးသဖြင့်ကတော့ ကရင်နီနဲ့ ရှမ်းနယ်စပ်မှာဖြစ်တဲ့ တိုက်ပွဲတွေမှာဆိုလို့ရှိရင်တော့ အရမ်းသိသာတယ်။ အဲဒီဘက်တွေ အရမ်းသိသာတာပေါ့ နော်။ စစ်သားတွေ တခါ တခါ ပို့ရင်လည်း အများကြီးပို့တယ်။ အဲဒီထဲမှာ အမျိုးသမီးတွေ ပါနေတာမျိုး”
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ထားတဲ့ အထူးဒေသ(၆)မှာ ပအိုဝ်းလူမျိုးတွေကို ရက်တိုစစ် သင်တန်း အနေနဲ့ သုံးရက်ကနေ ၁၅ ရက်အထိ ပေးပြီး ရှေ့တန်းကိုပို့တာတွေရှိပါတယ်။ ဒါကြောင့် စစ်မြေပြင်မှာ ကျဆုံးတာတွေများ လာပြီး သင်တန်းသား အသစ်တွေအတွက် လူငယ်နဲ့ လူလတ်ပိုင်းအမျိုးသား မရှိသလောက် နည်းပါးသွားတဲ့အတွက် အမျိုးသမီးတွေကိုပါ စစ်သင်တန်းတက်ဖို့ ကမ်းလှမ်းလာတာလို့ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပအိုဝ်းအမျိုးသားတပ်မတော် (PNA)မှာ စစ်သည်အမျိုးသမီး လက်ခံမယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့စွဲနဲ့ ပအိုဝ်းဘာသာနဲ့ အထူးဒေသ (၆) မှာ ထုတ်ပြန်ခဲ့တာပါ။ ရပ်ရွာ နဲ့ မြို့နယ်တွေမှာ စာရင်း ပေးသွင်းနိုင်ပြီလို့ ထုတ်ပြန်ထားတဲ့အပေါ် ရှေ့တန်းစစ်မြေပြင်မှာ အသုံးပြုလာမှာကို စိုးရိမ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။
ပအိုဝ်းပြည်သူ့စစ်အဖွဲ့က အမျိုးသမီးတွေကို စစ်သင်တန်းပေးနေတာကိုတော့ ကြားသိရတယ်လို့ စစ်ကောင်စီကို ပြန်တိုက်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ အထွေထွေ အတွင်းရေးမှူး ခွန်အောင်မန်း က ပြောပါတယ်။
စစ်သုံ့ပန်းတွေ ဖမ်းမိတဲ့အထဲမှာ အသက် ၁၅ နှစ်အရွယ် ကလေးစစ်သားတွေ ပါဝင်တာကိုလည်း တွေ့ရတယ်လို့ ခွန်အောင်မန်း ကပြောပါတယ်။
Source – RFA
ပဲခူးမှာ ကျောင်းသား ၁၇ ဦးအား အဓမ္မပြုကျင့်တဲ့ ကျောင်းအုပ်ကြီး ဖမ်းဆီးခံရ
အရွယ်မရောက်သေးတဲ့ ကျောင်းသား ၁၇ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ပဲခူးမြို့၊ မုက္ကလကျေးရွာ အလယ်တန်း ကျောင်းခွဲက ကျောင်းအုပ်ဆရာကြီးကို ဇန်နဝါရီ ၂၃ ရက် မနက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
မုလက္ကအလယ်တန်းကျောင်းခွဲမှာ အရွယ်မရောက်သေးတဲ့ ၄ တန်းကျောင်းသားတစ်ယောက်ကို ကျောင်းအုပ်ကြီး ဦးသက်ဇော်အောင်က အလိုမတူဘဲ နှစ်ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့တဲ့အပေါ် မိဘဖြစ်သူက တိုင်ကြားတာကြောင့် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
“ဖြစ်စဉ်က ၁၅ ရက်ကတည်းကဖြစ်တာ၊ ကလေးကို rape လုပ်တာ နှစ်ရက်ဆက်တိုက်၊ မိဘတွေက ကလေး ကပြန်ပြောမှ သိတာ၊ အဲဒီကျမှ ရဲစခန်းတိုင်တာ၊ အဲဒီလိုတိုင်မှ rape လုပ်ခံရတာ ၁၇ ယောက်တောင် ရှိပြီဆိုတာ သိရတာ။”
ကျောင်းအုပ်ကြီး ဦးသက်ဇော်အောင်ဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ် ၁၇ ယောက်ကို ကျောင်း အုပ် ကြီးရုံးခန်းနဲ့ သူနေထိုင်ရာအိမ်မှာ လိင်တူဆက်ဆံခဲ့တာကြောင့် မိဘတွေက အမှုဖွင့်ထားတာလို့ ပြောပါ တယ်။
Source – DVB
နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်လို့ ဆိုပြီးအမျိုးသမီးတွေအပါအဝင် အရပ်သား ၁၈ ဦး ဖမ်းဆီးခံရ
နိုင်ငံတဝန်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၂၂ ရက်အထိ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်လို့ဆိုပြီး အမျိုးသမီး အပါ အဝင်စုစုပေါင်း ၁၈ ဦးအထိ စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ရန်ကုန်မှ ၁၀ ဦးနဲ့ အများဆုံးဖြစ်ပြီး ဖမ်းခံရတဲ့သူတွေထဲမှာ ဒုတိယအကြိမ် ဖမ်းခံရသူ တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။ ဖမ်းခံထားရတဲ့ ကိုကောင်းမြတ်ဆိုသူမှာ စစ်ကောင်စီက ပထမအကြိမ်ဖမ်း ဆီးခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာပြန်လွတ်လာသူပါ။
စစ်အာဏာသိမ်းချိန်မှစလို့ စစ်ကောင်စီက နိုင်ငံတဝှမ်း အရပ်သားတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီး သတ်ဖြတ်တာ၊ ထောင်ဒဏ်ချတာတွေကို ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။
Source – DMG
ပွင့်လင်းမြင်သာမှုမရှိတဲ့ MNDAA ရဲ့သက်ငယ်မုဒိမ်းမှု စီရင်ချက်ကို ဒေသခံများ ကျေနပ်မှုမရှိ
ရှမ်းမြောက်၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့မှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကိုးကန့် MNDAA တပ်အရာရှိကို တရား လိုမိသားစု မပါဝင်ဘဲထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်လိုက်တဲ့အပေါ် မိသားစုဝင်တွေက ကျေနပ်မှုမရှိဘူးလို့ ပြော ပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပန်းဆိုင်းမြို့မှာ နေထိုင်တဲ့ အသက် ၂ နှစ် အရွယ် မိန်းက လေး ကို အသက် ၅၀ အရွယ် ကိုးကန့် MNDAA အရာရှိ ဦးရှောက်ချိဆိုသူက မုဒိမ်းမှုကျူးလွန်ခဲ့တာဖြစ်ပါတယ်။
ကိုးကန့် MNDAA အနေနဲ့ အမှုကို လျစ်လျူမရှုပဲတရားမျှတရေးနဲ့ ထိရောက်စွာ အရေးယူပေးရေးအတွက် တရားခံကို သေဒဏ်ပေးဖို့ ကိုးကန့် MNDAA ကို ဒေသခံတွေ တောင်းဆိုခဲ့ကြပါတယ်။
မုဒိမ်းကျူးလွန်တဲ့ တရားခံဖြစ်သူကိုးကန့် MNDAA အရာရှိ ဦးရှောက်ချိကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းနဲ့ ငွေ ဒဏ်ချမှတ်လိုက်ပြီလို့ ဇန်နဝါရီ ၂၁ ရက်က ပန်ဆိုင်းမြို့ ကိုးကန့် MNDAA တရားရုံးမှ ဒေသခံတွေကို စာနဲ့ အကြောင်းကြားလာတာဖြစ်ပါတယ်။
စာထဲမှာဇန်နဝါရီလ ၂၁ ရက် ကိုးကန့်တပ်ဖွဲ့မှ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို လောက်ကိုင် ဗဟိုစစ်ခုံတရားရုံး ကနေ ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ငွေဒဏ် ယွမ် ၃၀၀၀၀ သောင်း ချမှတ်စီရင်လိုက်ကြောင်း ဆိုထားပါ တယ်။
တရားလိုနဲ့ ဒေသခံမျက်မြင်သက်သေတွေမရှိပဲ ကိုးကန့်ဘက်က အမှုကိုတစ်ဖက်သတ် စီရင်လိုက်တာဟာ ပွင့် လင်းမြင်သာမှုအတွက် မေးခွန်းထုတ်ဖွယ်ဖြစ်နေပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Source – Kachin News Group
ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ CNDF အမျိုးသမီးရဲဘော် ၂၈ ဦး ရှေ့တန်းမှ ပါဝင်တိုက်ခိုက်
ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ကအမျိုးသမီးရဲဘော် ၂၈ ဦးက CNDF ရဲဘော်တွေနဲ့ အတူ ရှေ့တန်းမှာ ပါဝင်တိုက်ခိုက်နေကြောင်း သိရပါတယ်။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ဟာ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖလမ်းမြို့သိမ်း တိုက်ပွဲကို ဖော် ဆောင်လျှက်ရှိရာ CNDF အမျိုးသမီးရဲဘော်တွေလည်း သူတို့ ကျွမ်းကျင်ရာကဏ္ဍအသီးသီးအလိုက် ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။
CNDF အမျိုးသမီးရဲဘော်တွေဟာ ရှေ့တန်းမှာ စနိုက်ပါ ၊ ဒရုန်း၊ ဆေးတပ်သား ၊ ဆက်သွယ်ရေးနဲ့ လေကြောင်း ရန်အသိပေးတဲ့နေရာတွေမှာ ကျား၊ မ တန်းတူ တာဝန်ထမ်းဆောင်နေကြတာပါ။
ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်မှ စလို့ တိုက်ပွဲစခဲ့ပြီး ဖလမ်းမြို့ကို ထိန်းချုပ်ကာ ခလရ ၂၆၈ တပ်ရင်းကို ဆက်လက်တိုက်ခိုက်နေကြောင်း သိရပါတယ်။
Source – ဧရာဝတီတိုင်းမ်
မဏိပူရ်ထောင်က လွတ်ရက်စေ့ မြန်မာအမျိုးသမီးနဲ့ ကလေးတွေ အစာငတ်ခံဆန္ဒပြ
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်ထဲမှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ဖမ်းဆီးထောင်ချခံ ထားရတဲ့ ရွှေ့ပြောင်းအလုပ်သမား မြန်မာအမျိုးသမီးနဲ့ ကလေးတွေဟာ ပြန်လွှတ်ပေးရေးအတွက် အစာငတ်ခံ ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။
သူတို့ဟာ တရားမဝင်နေထိုင်မှုနဲ့ ၂၀၂၂ ခုနှစ်ထဲက ထောင်ခြောက်လကျခံခဲ့ရပြီး အခုအချိန်အထိ ပြန်မလွတ်သေး တာဖြစ်ပါတယ်။ ဒါကြောင့် ပြန်မလွတ်သေးတဲ့ မြန်မာအမျိုးသမီး ၂၂ ဦးနဲ့ ကလေး ရှစ်ဦးတို့ဟာ ဇန်နဝါရီ ၂၁ ရက် နေ့ကစပြီး အစာငတ်ခံ ဆန္ဒပြနေတာပါ။
“ထောင်အာဏာပိုင်တွေက ပြန်မလွှတ်သေးလို့ လွှတ်ပေးဖို့ ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ကလေးတွေရော၊ အမျိုး သမီးတွေပါ အစာငတ်ခံပြီး ပြန်လွှတ်ဖို့ တောင်းဆိုကြတာပေါ့။ ထောင်အာဏာပိုင်တွေကို ဘာကြောင့် ပြန်မလွှတ် သေးတာလဲလို့ မေးကြည့်တော့ တိတိကျကျ မပြောပါဘူး”
အကျဉ်းချခံနေရတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာသံရုံးရဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံသား စစ်မှန်ကြောင်း မိသားစုဝင်တွေက စစ်ကောင်စီတပ်ထံ မှတ်ပုံတင်နံပါတ် ပေးပို့ရသလို စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အတည်ပြုချက်နဲ့မှ ပြန်လည်လွတ်မြောက်ခွင့်ရမှာ ဖြစ်ပါတယ်။
Source – RFA
နတ်တလင်းမှာ LGBT တစ်ဦးပစ္စည်းလုအသတ်ခံရ
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့အနီးမှာ LGBT တစ်ဦးအသတ်ခံထားရကြောင်း ဇန်နဝါရီ ၂၀ ရက်နေ့မှာ သိရပါတယ်။
သေဆုံးသူဟာ ပေါင်းတည်မြို့နယ်၊ ပျဉ်ပုံအုပ်စု၊ သရက်ကုန်းရွာက အသက် ၃၂ နှစ် အရွယ် ကိုကောင်းကောင်း (ခ) စည်သူအောင်ဖြစ်ပြီး တာပွန်မြို့၊ ဇီးပင်ကွေ့အုပ်စု၊ တဲကြီးကုန်းရွာအနီးက ငှက်ပျောပင်တွေကြားမှာ လည်ပင်း ပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတွေနဲ့ အလောင်းကိုတွေ့ခဲ့ရတာဖြစ်ပါတယ်။
ကိုကောင်းကောင်းဟာ ဇန်နဝါရီ ၁၅ ရက်မွန်းလွဲ ၁ နာရီဝန်းကျင်ကတည်းက တာပွန်မြို့ကို စိုက်ပျိုးရေးဆေးဝယ် ဖို့ ဆိုင်ကယ်နဲ့ ၁ ဦးတည်းသွားရာက ပျောက်ဆုံးခဲ့တာဖြစ်ပြီး အလောင်းကိုပြန်တွေ့ချိန်မှာ ဆိုင်ကယ်ရော သူဝတ် ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေလည်းမရှိတော့တာဖြစ်ပါတယ်။
လူသတ် ပစ္စည်းလုခဲ့သူတွေဟာ တာပွန်မြို့၊ ဇီးပင်ကွေ့အုပ်စု၊ တာကျိုးရွာက အသက် ၂၂ နှစ်ဝန်းကျင် မင်းခန့်ကျော် နဲ့ဒီဖြစ်စဉ်နဲ့ ဆက်နွယ်တဲ့နောက်ထပ် လူငယ် ၁ ဦး တို့ကို အဲ့ဒီနေ့မှာပဲဖမ်းမိပြီး တာပွန်မြို့ ရဲစခန်းမှာချုပ်နှောင် ထားပါတယ်။
Source – မြေလတ်အသံ
ကျဆုံးရဲဘော်ရဲ့ မိခင်ကို ၄၈ သိန်းတန် ရွှေထည်ပစ္စည်းတချို့ တပ်ရင်းမှ ချီးမြှင့်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၂၈ မှ ကျဆုံးတပ်ဖွဲ့ဝင် ၁ ဦးရဲ့ မိခင်ကို ရွှေထည်ပစ္စည်းတချို့ ချီးမြှင့်ပေး ခဲ့တယ်လို့ သိရပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင် အောင်ပိုင်စိုးရဲ့ မိခင်ဖြစ်သူ ဒေါ်စိန်အေးကို ရွှေဆွဲကြိုး ၁ ကုံးနဲ့ နားဋောင်း ၁ ရံ ဝယ်ယူ ပေးခဲ့တာ ဖြစ်ပြီး သူတို့သားအမိ ၂ ဦးဟာ ချို့တဲ့တာကြောင့် တပ်ရင်းမှာပဲ နေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။
သားဖြစ်သူကျဆုံးသွားချိန်မှာလည်း ဒေါ်စိန်အေးကို တပ်ရင်းကနေ ဆက်လက်စောင့်ရှောက်ထားကာ တပ်ရင်း အတွက် လိုအပ်တာတွေ ချက်ပြုတ်ကျွေးမွေးနေတာကြောင့် ဓားမဆိုင်းတပ်ရဲ့ မွေးစာအမေလို့ ဆိုနိုင်ပြီး အခုလို ချီးမြှင့်ပေးခဲ့တာလို့ တပ်ရင်း ၂၈ တပ်ရင်းမှူး ဗိုလ်စွမ်းသူမောင်က ပြောပါတယ်။
ရွှေထည်ပစ္စည်းတွေချီးမြှင့်ရာမှာ ကျဆုံးတပ်ဖွဲ့ဝင်ရဲ့မိခင်ဖြစ်သူဒေါ်စိန်အေးအတွက် ပြည်သူကထောက်ပံ့ထားတဲ့ သိန်း ၂၀ ကျော်နဲ့ လိုအပ်ငွေကိုတပ်ရင်းက ထပ်မံဖြည့်စွက်ကာ ဝယ်ယူပေးခဲ့တာဖြစ်ပါတယ်။
ဒေါ်စိန်အေးရဲ့ သားဖြစ်သူ အောင်ပိုင်စိုးဟာ အသက် ၁၈ နှစ်အရွယ် ဆယ်တန်းကျောင်းသား ၁ ယောက်ဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာလ ၈ ရက်နေ့က ယင်းမာပင်နဲ့ ပုလဲနယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲ ဖြစ်ပွားချိန်မှာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
Source – မြေလတ်အသံ
တရားမဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူလမ်းကြောင်းမှတစ်ဆင့် တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ဇန်နဝါရီလ ၂၀ ရက်နေ့က ကန်ချဘူရီခရိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာန တွေမှာ ဖော်ပြထားပါတယ်။
စိုင်ယွန်-ကန်ချနဘူရီ အမြန်လမ်းမကြီး ၃၂၃ မှာ ထိုင်းအာဏာပိုင်တွေကစစ်ဆေးနေစဉ် အိမ်စီးကားနဲ့ လာတဲ့ မြန်မာနိုင်ငံသားတွေ တင်လာတဲ့ကားက စစ်ဆေးမခံဘဲ မီးနီဖြတ်မောင်း ထွက်ပြေးတဲ့အတွက် လိုက်လံဖမ်းဆီး ခံခဲ့ရတာဖြစ်ပါတယ်။
ကားမောင်းသမားက ကားကိုလမ်းဘေးချကာ ထွက်ပြေးသွားပြီး ကားပေါ်မှာ အမျိုးသမီး ငါးဦးနဲ့ ကလေးငယ် နှစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၁ ဦးကိုတွေ့ရှိခဲ့တယ်လို့ ဆိုထားပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံရသူတွေကို တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းဆီးကာ အရေးယူပြီးနောက် နေရပ် ပြန်လည် ပို့ဆောင် သွားမယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
Source – Dawei Watch
စစ်ကောင်စီကြောင့် ၁ နှစ်အတွင်း မြေလတ်ဒေသက အမျိုးသမီး ၂၅၀ ဝန်းကျင်သေဆုံးလို့ BWUဆို
၂၀၂၄၊ ၁ နှစ်တာအတွင်း နိုင်ငံတဝှမ်းအမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့ပြီး အဲ့ဒီထဲမှာ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ မန္တလေး တိုင်းမှ အမျိုးသမီး ၂၄၉ ဦး ပါဝင်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ – BWU ရဲ့ ဇန်နဝါရီ ၂၀ ရက် ထုတ်အစီရင်ခံ စာမှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေဟာ စစ်ကိုင်းတိုင်းမှ ၁၀၉ ဦးနဲ့ အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်မှ ၉၂ ဦး၊ ရခိုင်ပြည်နယ်မှ ၈၃ ဦး၊ မန္တလေးတိုင်းမှ ၆၇ ဦး၊ မကွေးတိုင်းမှ ၄၆ ဦး၊ ပဲခူးတိုင်းမှ ၂၇ ဦး၊ မွန်ပြည်နယ်မှ ၁၃ ဦး၊ တနင်္သာရီတိုင်းမှ ၁၂ ဦး၊ ချင်းပြည်နယ်မှ ၉ ဦး၊ ကချင်ပြည်နယ်မှ ၈ ဦး၊ ကရင်နီပြည်နယ်မှ ၈ ဦး၊ ကရင်ပြည်နယ် မှ ၄ ဦးတို့ ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသမီးစုစုပေါင်း ၄၁၂ ဦးလည်းဒဏ်ရာရှိခဲ့ပြီး၊ ဒီသေဆုံးထိခိုက်စာရင်းဟာ သတင်းမီဒီယာတွေနဲ့ မြေ ပြင်မှ အချက်အလက်တွေကို လက်လှမ်းမှီသလောက် ကောက်ယူထားတာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင် တယ်လို့ ဆိုပါတယ်။
ထိခိုက်သေဆုံးသူတွေဟာ စစ်ကောင်စီရဲ့လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA ရဲ့သေဒဏ်ပေးခံရမှု၊ သတ်ဖြတ်ခံရမှု အပါအဝင် မြေ မြှုပ်မိုင်းနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတို့ကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Source – မြေလတ်အသံ
KNU ထိန်းချုပ်ဒေသကို စစ်ကောင်စီဗုံးကြဲလို့ အမျိုးသမီးတစ်ဦး သေဆုံး
KNU-ကရင်အမျိုးသား အစည်းအရုံးထိန်းချုပ်ထားသည့် ကျိုက်ဒုံမြို့ပေါ်ရှိ မီးသတ်စခန်းကို စစ်ကောင်စီက ဇန်န ဝါရီ ၂၂ ရက်မှာ လေကြောင်းကနေ ဖျက်အားပြင်း ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
“ထိခိုက် သေဆုံးသွားတဲ့အမျိုးသမီးက ရော်ဘာသွားခြစ်ပြီး ပြန်လာတာ နေအိမ်တောင်မရောက်သေးဘူး၊ ပြန်တဲ့ လမ်းက နေအိမ်တစ်အိမ်အနီးမှာ ခနထိုင်ပြီး မီးလှုံတဲ့အချိန် လေယာဉ်လာပစ်တော့ ထိမှန်သွားတာ”လို့ ပြောပါ တယ်။
ကျိုက်ဒုံမြို့ပေါ်ရှိ မီးသတ်စခန်းမှာ ယခင်လက KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ခဏလာရောက်တည်း ဖူးတယ် ဆိုတဲ့သတင်းကို စစ်တပ်မှရသွားပြီးနောက် အခုလိုဗုံးကြဲခံခဲ့ရတာလို့ ဒေသခံတွေက သုံးသပ်နေပါတယ်။
ကျိုက်ဒုံမြို့ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီးနောက် ဗုံးလာကြဲမှာစိုးရိမ်တဲ့အတွက် ဒေသခံတွေမှာ သတိနဲ့ နေထိုင်နေရပြီး ကရင်နှစ်သစ်ကူးကာလမှာလည်း အခမ်းအနားတွေ မကျင်းပနိုင်ခဲ့ပါ။
Source – KIC
နောင်ချိုမြို့ပေါ်ကို စစ်တပ်က ဗုံးကြဲလို့ အမျိုးသမီး တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက် ခိုက်တာကြောင့် ဒေသခံအမျိုးသမီး သုံးဦးနဲ့ အမျိုးသားငါးဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ စစ်ကောင်စီနဲ့ (MNDAA) တို့ နှစ်ဦးနှစ်ဖက် အပစ်ခတ် ရပ်စဲရေး ဆွေးနွေးပြီး နောက်စစ်ကောင်စီက TNLA ထိန်းချုပ်နယ်မြေဘက်ကို အခုလိုမျိုး လေယာဉ်နဲ့ နှစ်ရက်ဆက်တိုက် ဗုံးကြဲနေတာ ဖြစ်ပါတယ်။
နောင်ချိုမြို့ထဲမှာ စစ်တပ်နဲ့ TNLA တပ်ကြား တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်တပ်အမြောက်တပ်ရင်းတွေ အခြေစိုက်တဲ့ တောင်ခမ်းရွာမှာပဲ စစ်တပ်နဲ့ TNLA ကြားစစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
Source – BBC
ကျိုက်ထိုမှာ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောရွာကို စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက် နေ့မှာ ငှက်ပျောတောရွာကို ကျိုက်ထိုမြို့အခြေစိုက် အမှတ် ၆၀၂ တပ်က ၈၁ မမ၊ ၁၂၀ မမ၊ ၁၂၂ မမ စတဲ့ လက်နက်ကြီးတွေ ၁၀ လုံးကျော်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက် (၅၄) နှစ် ဒေါ်အေးချိုက ပွဲချင်းပြီး သေဆုံးသွားတဲ့ အပြင် ဒေါ်ခင်ညွန့် အသက် (၆၀)၊ ယွန်းနဒီဦး အသက် (၁၅) နှစ်နဲ့ လဲ့လဲ့ခိုင်အသက် (၁၅) နှစ်တို့ ဒဏ်ရာရခဲ့ ပါ တယ်။
ငှက်ပျောတောကျေးရွာကို ၆၀၂ ဒရုန်းတပ်ရင်းက အဓိကထားပစ်ခတ်နေတာရှိပြီး ခရွဲ၊ မုတ်ခမော့၊ ဝင်းကန်၊ ဘကျောက် ရေတွင်း၊ စစ်ကွင်းနဲ့ တခြားကျေးရွာတွေကိုတော့ အမြောက်တပ် ၃၁၀ တပ်ကနေ ရက်တိုင်းနီးပါး ဒရုန်းနဲ့ပစ်ခတ်နေတာပါ။
Source – ဖက်ဒရယ် FM
တနင်္သာရီမှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး ၄ ဦးအပါအဝင် အရပ်သား ၇ ဦးထိခိုက်ဒဏ်ရာရ
တနင်္သာရီမြို့နယ်၊မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ ၃၀၆ အမြောက်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ပဝရွာနှင့် အရှေ့သာရဖုံရွာက အမျိုးသမီး ၄ ဦး အပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာရသွားကြောင်း သိရ ပါတယ်။
ဇန်နဝါရီလ ၂၂ ရက် ည ၁၂ နာရီခန့်တွင် စစ်ကောင်စီအမြောက်တပ်က ပဝရွာကို ၁၂၀ မမ လက်နက်ကြီး လေးလုံးနဲ့ အရှေ့သာရဖုံရွာကို ၁၂၀ မမ နှစ်လုံး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပဝကျေးရွာနေ အသက် ၁၆ နှစ် အရွယ် မလှိုင်ဇင်ဖြိုး၊ အသက် ၁၇ နှစ် အရွယ် ကိုဖြိုးဝေယံ၊ အသက် ၅၂ နှစ် အရွယ် ဒေါ်သီဆွေ၊ အသက် ၂၀ နှစ်အရွယ် မဆည်းဆာနှင်း၊ အသက် ၄၂ နှစ်အရွယ် ဦးနဲအေး၊ အသက် ၄၂ နှစ်အရွယ် ဦးစိုးထိုက်ထွေးနဲ့ အရှေ့သာရဖုံရွာနေ အသက် ၁၉ နှစ်အရွယ် မဇင်သူ လွင်တို့ ဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။
Source – Dawei Watch