Home သတင်း မြောက်ဦးမှာ အသက်လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သက်ငယ်မုဒိန်း ပြုကျင့်ခံရ

မြောက်ဦးမှာ အသက်လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သက်ငယ်မုဒိန်း ပြုကျင့်ခံရ

သန့်ရှင်းထွန်း။ ။

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ ၊ဆင်ချဆိပ်ရပ်ကွက်မှာ နေထိုင်တဲ့ အသက်လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက သက်ငယ်မုဒိန်းပြုကျင့်မှု ယမန်နေ့က ဖြစ်ပွားခဲ့ပါတယ်။

မိန်းကလေးငယ်ဟာ ယမန်နေ့ စက်တင်ဘာလ ၂၉ ရက် နေ့လယ်ပိုင်းက ဈေးဆိုင်မှမုန့်ဝယ်ပြီးအပြန် အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးက မိန်းကလေးငယ်ကို မုန့်ဖိုးပေးခေါ်သွားခဲ့ကာ မြတန်ဆောင်းတောင်ကုန်းပေါ်မှာ ကျူးလွန်ခဲ့တာလို့ ဆင်ချဆိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ကလေးကို မုန့်ဖိုးပေးပြီး ကျူးလွန်ခဲ့တာလို့ သိရတယ်။ ကလေးကတော့ ဆေးရုံတင်ထားရတယ်။”လို့ ၎င်းကပြောပါတယ်။

ပြစ်မှုကျူးလွန်သူဟာ မြောက်ဦးမြို့နယ် ၊ဝက်လက်ကျေးရွာကဖြစ်ပြီး လက်ရှိမှာ မြောက်ဦးမြို့ လက်ကောက်ဈေးရပ်ကွက်တွင် အစ်မဖြစ်သူနှင့် နေထိုင်နေသူဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ပြစ်မှုကျူးလွန်သူကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ရခိုင်ပြည်မှာ အခုလို အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေကိုတွေ့ရပြီး ကျူးလွန်သူတွေကို အများပြည်သူရှေ့မှာ ထိရောက်တဲ့ပြစ်ဒဏ်ချမှတ်ပေးဖို့လိုတယ်လို့ ဒေသခံအများစုက တောင်းဆိုနေကြပါတယ်။

အသက်မပြည့်သေးတဲ့ ကလေးငယ်ကို သက်ငယ်မုဒိန်းကျူးလွန်ပါက ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် နှစ် ၂၀ နဲ့ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

Author:

Related Articles