ဒေဝီ
စစ်အာဏာသိမ်းရန်ကြိုးပမ်းပြီးနောက်ယိုင်လဲသွားတဲ့တရားစီရင်ရေးယန္တရားအောက်မှာ အမျိုးသမီးတွေကနည်းမျိုးစုံသော အကြမ်းဖက်မှုတွေကြုံတွေ့နေရပြီး စစ်တပ်ကကျူးလွန်တဲ့လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေအပြင် တော်လှန်ရေးနယ်ပယ်က သူတွေကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုပါ ကြုံတွေ့နေရပါတယ်။
လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရပေမယ့်တော်လှန်ရေးအပေါ် အနှောင့်အယှက်ဖြစ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ နှုတ်ဆိတ်နေကြရသလို၊ သတ္တိရှိရှိနဲ့ ထုတ်ဖော်ပြောကြားလာကြပေမယ့်ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုအားနည်းတာတွေကြောင့် ကျူးလွန်သူတွေမှာ ထပ်ဆင့်နစ်နာနေကြရပါတယ်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြုံတွေ့ရတဲ့အမျိုးသမီးတွေမှာ တရားမျှတမှုရဖို့အတွက် စစ်ကောင်စီရဲ့ တရားစီရင်ရေး စနစ်ကို အားကိုးမရသလို၊ တော်လှန်ရေးဒေသတွေမှာ ကြုံတွေ့နေရတဲ့လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ အတွက်လည်းတရား မျှတမှုရှာဖွေဖို့ အလှမ်းဝေးနေပါသေးတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာဖြစ်ပွားခဲ့တဲ့ CDM တက္ကသိုလ်ဆရာမရဲ့ သမီးဖြစ်သူကို NLD ပါတီဝင်တစ်ဦးကကျူး လွန်ခဲ့တဲ့သက်ငယ်မုဒိမ်းမှုမှာလည်း ကျူးလွန်သူကိုဖမ်းမိပြီးမှထွက်ပြေးခဲ့တာကြောင့် လက်ရှိအချိန်ထိ တရားမျှတမှုမရသေး ပါဘူး။
၂၀၂၃ ခုနှစ် ကတည်းကဖြစ်ပွားခဲ့တဲ့အဆိုပါလိင်ပိုင်းဆိုင်ရာကျူးလွန်မှုကို နစ်နာသူဘက်က အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ ဌာနဆိုင်ရာတွေကိုတိုင်ကြားခဲ့ပြီး တစ်နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ် သြဂုတ်လမှာ ကလေးမြို့နယ်တရားရုံးကဖမ်း ဝရမ်းထုတ်လိုက်ပေမယ့် အမှုမှန်ပေါ်ပေါက်ရေးကအလှမ်းဝေးနေပါသေးတယ်။
တော်လှန်ရေးမှာထင်ရှားတဲ့ နွေဦးဆရာတော်အရှင်ကေသရ ဆိုသူမှာလည်း တော်လှန်ရေးကိုအကြောင်းပြုပြီး အမျိုးသမီးတွေကိုလိင်အမြတ်ထုတ်မှုတွေကျူးလွန်ခဲ့တာကို နစ်နာသူအမျိုးသမီးတွေကထုတ်ဖော်ပြောကြားပေမယ့်လည်း နစ်နာသူ တွေကို ပြန်ခြိမ်းခြောက်တာ၊ နစ်နာအောင်ပြောဆိုတာတွေရှိခဲ့ပါတယ်။
ထို့အပြင် NUGရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံး ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်ကရုံးဝန် ထမ်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်စေမှုအပေါ်မှာလည်း PSHEA မူဝါဒအရ ရာထူးကထုတ်ပယ်တဲ့ ပြစ်ဒဏ်သာချမှတ်ခဲ့တဲ့အတွက် အမျိုးသမီးရေးလုပ်ဆောင်သူတွေက ဝေဖန်ခဲ့ကြပါတယ်။
“ဒါကပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့အလေ့အထပေါ့ ကျူးလွန်သူတွေကကြီးလေးတဲ့ ပြစ်ဒဏ်ပေးခြင်းမခံရဘဲလွတ်မြောက်နေတယ် လွတ်မြောက်နေတဲ့အတွက်ကြောင့် ဒီလိုအမှုတွေက ထပ်ခါထပ်ခါ အရင်ကလည်းဖြစ်တယ် နောင်လည်းဖြစ်နေအုံးမှာပဲ” လို့ Gender Equality Network ရဲ့ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူကပြောပါတယ်။
လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရပေမယ့် တရားစီရင်ရေးစနစ်ပျက်သုန်းနေတဲ့အတွက် တိုင်ကြားရမယ့်နေရာမရှိတာ တိုင်ကြားပေမယ့်ထိရောက်တဲ့အရေးယူမခံရတာ ကျူးလွန်တဲ့သူတွေကလည်း အာဏာရှိသူတွေဖြစ်တဲ့အခါကိုယ့်လုံခြုံရေးကို ငဲ့ကွက် ပြီးနှုတ်ဆိတ်နေရသူတွေလည်း တပုံတပင်ပါ။
“အကာအကွယ်ပေးနိုင်မယ့် အဖွဲ့အစည်းပဲဖြစ်ဖြစ် ယန္တရားကပဲဖြစ်ဖြစ် မရှိတဲ့အခါမှာ ဒီလိုပဲ ကိုယ့်ဘာသာကြိတ်ပြီး ဖြေရှင်းရတာ”လို့ သူကဆက်ပြောပါတယ်။
မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က ၂၀၂၃ ဇွန်လလယ်မှာ ထုတ်ပြန်တဲ့နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ အမျိုးသမီးများရင်ဆိုင် နေရတဲ့ လိင်အကြမ်းဖက်မှုများသုံးသပ်ချက် စာတမ်းမှာလည်း ၂၀၂၁ ကနေ ၂၀၂၃ ဇွန်လ အထိ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၃၆ မှု၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ကာမလိမ်လည်မှု ၂၃ မှု၊ စုစုပေါင်း ၅၉ မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်ကကျူးလွန်တာ၊ အခြားလက် နက်ကိုင်အဖွဲ့တွေကကျူးလွန်တာ၊ အရပ်သားအချင်းချင်းကျူးလွန်တာတွေပါဝင်ပါတယ်။
ထုတ်ပြန်ချက်မှာ စစ်တပ်က ကျူးလွန်မှု ၉ မှု၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်မှု ၄မှုနဲ့ အရပ်သားအချင်းချင်းကျူး လွန်မှု ၄၆ မှု ရှိတယ်လို့ ဖော်ပြထားပါတယ်။
လက်နက်ကိုင်တပ်ဖွဲဝင်တွေကျူးလွန်မှုကိုလည်း တိုင်ကြားပေမယ့် ကျူးလွန်သူကို လက်နက်သိမ်းတာကလွဲပြီးထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ မရှိဘဲ တရားမျှတဖို့ ကြိုးပမ်းနေရဆဲဖြစ်ကာ ကျူးလွန်ခံရသူတွေကိုလည်း ပြင်ပသို့ ထုတ်ဖော် ပြောဆိုမှုတွေမလုပ်ဖို့ သတိပေးတားမြစ်တာတွေလည်း ကြုံရတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။
တော်လှန်ရေးနယ်ပယ်ကသူတစ်ချို့ရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေနေရာအချို့မှာဖြစ်ပွားတာကြားသိရပြီး တပ်ဖွဲ့ရဲ့ စည်းကမ်းနဲ့ သက်ဆိုင်တဲ့အတွက်နေရာတိုင်းမှာထိန်းချုပ်ဖို့ခက်ခဲမယ်လို့ အညာဒေသမှ တော်လှန်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးရဲ ဘော်တစ်ဦးဖြစ်တဲ့ မသူကလည်းပြောပါတယ်။
“ဒါက တပ်ရဲ့စည်းကမ်းနဲ့ ဆိုင်မယ် လူနဲ့လည်းဆိုင်မယ် ထိန်းသိမ်းမှုအားနည်းတာ ကျင့်ဝတ်သိက္ခာနဲ့ ဆိုင်မယ်လို့ထင်ပါတယ် ကျနော်တို့ဒီမှာတော့ ထိကပါးရိကပါးမပြောနဲ့ ယူနီဖောင်းဝတ်ထားရင် အရက်ဆိုင် ဘီယာဆိုင်တောင်ထိုင်လို့မရဘူး” လို့ သူ ကဆိုပါတယ်။
တပ်ဖွဲ့ဝင်တွေလိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြစ်တဲ့အခါမှာ ပုဂ္ဂိုလ်ရေးရင်းနှီးခင်မင်မှုတွေအကြောင်းပြပြီး မျက်ကွယ်ပြုဖြေရှင်းတာတွေလည်းကြားသိခဲ့ရပြီး သူ့အနေနဲ့ကတော့ဒီလိုမျက်ကွယ်ပြုဖြေရှင်းတာကိုလက်မခံဘဲ ကျူးလွန်သူကိုထိထိရောက်ရောက် ပြစ်ဒဏ်ပေးသင့်တယ်လို့ပြောပါတယ်။
လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ ကြုံရပေမယ့် ပြစ်ဒဏ်ချမှတ်ဖို့အတွက် တရားစီရင်ရေးစနစ်ပီပီပြင်ပြင်မလုပ်ဆောင်နိုင်သေးတာက စိန်ခေါ်မှုတစ်ခုဖြစ်နေတယ်လို့ အမျိုးသမီးရေးလုပ်ဆောင်နေသူတွေက ထောက်ပြပါတယ်။
လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ သိသာတဲ့အရေးယူမှုအနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကို PSHEA (လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခြင်းတို့မှ ကာကွယ်ခြင်းဆိုင်ရာ) မူဝါဒနဲ့ အရေးယူခဲ့တာပါ။
ရုံးဝန်ထမ်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာထိပါးခဲ့တဲ့ NUGရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးကိုယ်စားလှယ်အမှုမှာ PSHEA မူဝါဒအရ အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ ရာထူးကထုတ်ပယ်အရေးယူခဲ့ပေမယ့် ကျူးလွန်သူက ဘာသာရေးအဖွဲ့ အစည်းတစ်ခုမှာ Senior Ministry Adviser အနေနဲ့ အခြေနေမပျက်ပုံမှန်အတိုင်း နေရာယူလုပ်ဆောင်နေဆဲ ဖြစ်တဲ့အတွက် ပိုမိုထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်သင့်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကဝန်ကြီးဌာနတွေ ဖွဲ့စည်းထားပေမယ့် လုံလောက်တဲ့ ငွေကြေး၊ လူ့စွမ်းအားအရင်းအမြစ်နဲ့ နည်းပညာမရှိတာ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားပေမယ့် ကျူးလွန်သူကို ဖမ်းဆီးချုပ်နှောင် အရေးယူဖို့ထောင်ဒဏ်ချမှတ်ဖို့စတဲ့အစိုးရတစ်ရပ်လို ဖြေရှင်းဖို့အတွက် အခက်အခဲရှိပြန်ပါတယ်။ အဲဒါတွေကြောင့်ပဲ ကျူးလွန်သူတွေမှာ လွတ်မြောက်နေဆဲဖြစ်တယ်လို့ ဒေါ်မေစပယ်ဖြူကထောက်ပြပြောဆိုခဲ့ပါတယ်။
“အရင်းအမြစ်အကန့်အသတ်တွေကြားထဲကနေပြီးတော့မှ သူတို့လည်းလုပ်နိုင်ကိုင်နိုင်တဲ့ အခွင့်အာဏာအတွင်းကနေ လုပ်ဆောင်နိုင်တာမျိုးဆိုတော့ အများကျေနပ်အားရလောက်တဲ့ထိ ဖြေရှင်းမှုမျိုးမဟုတ်ဘူး ဆိုတာနားလည်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်တိုင်က အွန်လိုင်းကနေလုပ်ဆောင်ရတာဖြစ်တဲ့အတွက် အပြစ်ပေးအရေးယူမှုအပိုင်းမှာတာဝန်ယူတာဝန်ခံဖို့ အားနည်းတာဖြစ်သလို၊ မဲဆောက်မှာဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုကိစ္စမှာလည်း တစ်ဖက် နိုင်ငံတရားစီရင်ရေးစနစ်ရှိတာကြောင့် အရေးယူဖို့အားနည်းတာဖြစ်တယ်လို့ အမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက် သူတစ်ဦးဖြစ်တဲ့ နန်ပူကမှတ်ချက်ပြုပါတယ်။
လိင်ပိုင်းဆိုင်ရာထိပါးကျူးလွန်မှုတွေနဲ့ ပတ်သတ်ပြီး PSHEA မူဝါဒနဲ့ အရေးယူမှုရှိပေမယ့် အဲ့ဒါက ဥပဒေမဟုတ်ဘဲ မူဝါဒသာဖြစ်ပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ အကြမ်းဖက်မှုကိုကာကွယ်မှုပေးတဲ့ အမျိုးသမီးအခွင့်အရေးကိုမြှင့်တင်ပေးတဲ့ ဥပဒေကိုအမြန်ဆုံး ဖော်ဆောင်သင့်တယ်လို့ နန်ပူကပြောပါတယ်။
အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနကတော့ လက်ရှိအခြေအနေက မတည်ငြိမ်တဲ့ကာလ ဖြစ်တဲ့အတွက် တရားစီရင်ရေးလုပ်ဆောင်ရာမှာ အခက်အခဲရှိတယ်လို့ ပြောပါတယ်။
“ဒီလိုမတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာ ပုံမှန်တရားရေးအလုပ်တွေလုပ်ဖို့ကတော့ နည်းနည်းခက်ပါတယ် တရားဥပဒေစိုးမိုးမှု မရှိဘူးလားဆိုတော့ နည်းတယ်လို့တော့ပြောရမှဖြစ်ပါတယ် ကျမတို့လည်းတတ်နိုင်သလောက် ကြိုးစားနေပါတယ်”လို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးနော်စူဇန်နာလှလှစိုးက HI ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ထို့အပြင်မဲဆောက်ကဖြစ်စဉ်က ကျူးလွန်သူကထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ဖမ်းဝရမ်းထုတ်ထားသလိုကလေးတရားရုံးမှာ တရားစတင်စွဲဆိုနေပြီး အိန္ဒိယရုံးကိုယ်စားလှယ်အမှုကတော့ နစ်နာသူကာယကံရှင်က ကျေနပ်တယ်ဆိုတာ ပြန်လည် အကြောင်းကြားလာတယ်လို့ ဖြေကြားလာပါတယ်။
လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေရဲ့ အရင်းအမြစ်ကအာဏာရှင်စနစ်နဲ့ တွဲနေတဲ့ဖိုဝါဒကြီးစိုးမှုတွေကြောင့် ကိုင်တွယ်ဖြေရှင်းရခက်နေတာလို့ အမျိုးသမီးရေးလုပ်ဆောင်နေသူတွေက ဆိုပါတယ်။
“ယောကျ်ားပဲ ဒီလောက်တော့ရှိမှာပဲ သူကောင်းခဲ့တာတွေရှိတာ ခွင့်လွှတ်လိုက်ပါဆိုတာ ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာဖိုဝါဒရဲ့ လွှမ်မိုးမှုကြောင့် ဖြစ်နေတဲ့ အတွေးအခေါ်အယူအဆဖြစ်တယ် အာဏာရှိတဲ့သူ လက်နက်ကိုင်ထားတဲ့သူ ကျူးလွန် ရင် ကင်းလွတ်ခွင့်ရမယ်ဆိုတာက အာဏာရှင်စနစ်ကလာတာ”လို့ ဒေါ်မေစပယ်ဖြူကဆက်ပြောပါတယ်။
ဖိုဝါဒကြီးစိုးတဲ့စနစ်နဲ့ အတွေးအခေါ်အယူအဆတွေ မပြောင်းလဲသ၍ အမျိုးသမီးတွေကိုထိပါးကျူးလွန်မှုတွေရှိနေဆဲဖြစ်ပြီး ဒါတွေကို အမျိုးသမီးအခွင့်အရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေက ပြောင်းလဲရမှာလို့ ဆိုပါ တယ်။
“ပဋိပက္ခနဲ့ နိုင်ငံရေးမတည်ငြိမ်လို့ ဒီပြသနာတွေကို ကိုင်တွယ်ဖြေရှင်းလို့မရတာမဟုတ်ဘူး ပဋိပက္ခမရှိဘဲသာမာန်အချိန် တွေမှာလည်း ဒီဖိုဝါဒနဲ့အာဏာရှင်စနစ်ရှိနေသရွေ့ကတော့ ဒီလိုပြသနာတွေကို ကိုင်တွယ်ဖြေရှင်းလို့ရမှာမဟုတ်ဘူးလို့ ဒေါ် မေစပယ်ဖြူကလည်းဆိုပါတယ်။
လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေလျော့ပါးသွားဖို့အတွက်ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ တစ်ခုတည်းတာဝန်မဟုတ်ဘဲ တော်လှန်ရေးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အသိုင်းအဝိုင်းတခုလုံးမှာ တာဝန်ရှိတဲ့အတွက် ထိရောက်တဲ့ ပြစ်ဒဏ်မချမှတ်နိုင် ခင်မှာတော့ လူမှုရေးပြစ်ဒဏ်ပေးခြင်းနဲ့သာဒဏ်ခတ်သင့်တယ်လို့ သူကဆက်ပြောပါတယ်။
လိင်ပိုင်းဆိုင်ရာကျူးလွန်သူတွေကို လူမှုအဖွဲ့အစည်းအသိုက်အဝိုင်းတစ်ခုလုံးက လူရာသွင်းနေသမျှ ကာလပတ်လုံးဆက် လက်ကျူးလွန်နေမှာ ဖြစ်တာကြောင့် ဝိုင်းဝန်းအပြစ်ပေးဖို့အတွက် လူ့အသိုင်းအဝိုင်းတစ်ခုလုံး တာဝန်ရှိတယ်လို့ ဆိုပါတယ်။
“လက်ရှိမှာဒီလိုလူတွေကို ထိထိရောက်ရောက်ပြစ်ပေးအရေးယူဖို့အတွက်အကန့်အသတ်တွေ အများကြီးရှိတယ် လူထုတစ် ရပ်လုံးကလည်းလူမှုရေးပြစ်ဒဏ်ပေးခြင်အားဖြင့် ပါဝင်လုပ်ဆောင်လို့ရတယ်။ အဲ့ဒါပိုပြီးတောင်မှ ထိရောက်တဲ့အပြစ်ပေး အရေးယူမှုဖြစ်မယ်လို့ ထင်တယ်” လို့ ဒေါ်မေစပယ်ဖြူကပြောပါတယ်။
အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေလျော့ပါးစေဖို့ တော်လှန်ရေးအဖွဲ့အစည်းအဝန်းအဝိုင်းမှာ ပါဝင်နေသူတွေက အမြင်ပွင့်လင်းစွာနဲ့ဆောင်ရွက်ရမှာဖြစ်သလို ပြစ်ဒဏ်ကင်းလွတ်တဲ့ အလေ့အထလုံးဝပပျောက်စေဖို့ အမျိုးသမီး ရေးလုပ်ဆောင်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရမှာဖြစ်တယ်လို့ နန်ပူကဆိုပါတယ်။
ကျူးလွန်ခံရသူက ထုတ်ဖော်ပြောကြားပေမယ့် ထိရောက်တဲ့ပြစ်ဒဏ်မပေးနိုင်တဲ့အခါ ကျူးလွန်ခံရသူမှာ ထပ်ဆင့်နစ်နာရပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျူးလွန်ခံရသူကို ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာကုစားဖို့ လုံလောက်တဲ့ပံ့ပိုးမှုတွေလည်းလုပ် ဆောင်ပေးဖို့လိုတယ်လို့ သူကဆက်ပြောပါတယ်။
“လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတာက သူ့အပြစ်မဟုတ်ဘူး သူ့ကိုယ်သူအပြစ်တင်တာ သူ့ကိုဝိုင်းပြီးအပြစ်တင်တာ အဲ့ဒါတွေ မဟုတ်တဲ့သူလိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်တဲ့အကူအညီကို ကျမတို့ကဝိုင်းဝန်ကူညီပေးဖို့လိုတယ်”လို့ ဒေါ်မေစပယ်ဖြူ ကလည်းမှတ်ချက်ပြုပါတယ်။
အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်တဲ့မည်သူမဆို တရားမျှတတဲ့ပြစ်ဒဏ်စီရင်မှုတွေရရှိဖို့ လုပ်ဆောင်ရမယ့်နည်းတူ တပြိုင်နက်တည်းမတရားမှုတွေကိုထုတ်ဖော်ပြောဆိုနေရမှာဖြစ်တယ်လို့ အမျိုးသမီးရေးလုပ်ဆောင်နေသူ တွေကဆိုပါတယ်။
- လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေအတွက် တရားမျှတမှုအလှမ်းဝေးနေသေး - 18/12/2024
- စစ်ဘေးရှောင်စခန်းက အမျိုးသမီးနဲ့ကလေးငယ်တွေအတွက် အလင်းတစက် - 17/12/2024
- တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ - 16/12/2024