Home ဆောင်းပါး လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြတဲ့ ရဲရင့်တဲ့အမျိုးသမီးများ

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြတဲ့ ရဲရင့်တဲ့အမျိုးသမီးများ

ခင်ဘုန်းမို့

ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးနဲ့ မိန်းကလေးငယ်သုံးဦးအနက် တစ်ဦးဟာ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တွေ့ကြုံခံစားနေကြရတယ်လို့  UN Women 2023 ရဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ထို့အပြင် တစ်ကမ္ဘာလုံးရှိအမျိုးသမီးများရဲ့ (၆) ရာခိုင်နှုန်းဟာသူတို့ရဲ့ ခင်ပွန်း ဒါမှမဟုတ် လက်တွဲဖော် မဟုတ်တဲ့ အခြားသူတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံနေရကြတယ်လို့ စစ်တမ်းတွေကဆိုပါတယ်။

မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုတွေ ကြုံတွေ့ခံစားနေကြရပါတယ်။ လူမှုကွန်ရက်တွေကတစ်ဆင့်ဖြစ်စေ၊ လမ်းသွားရင်းဖြစ်စေ၊ အိမ်ထောင်ဖက်၊ လက်တွဲဖော်၊ သူစိမ်းစသဖြင့်စုံလို့ပါပဲ။ တချို့ကလည်းကြုံတွေ့ခံစားခဲ့ရတာတွေကို ထုတ်ဖော်ပြောဆိုတဲ့အမျိုးသမီးတွေရှိသလို ထုတ်ဖော်ပြောဆို ဖို့အခွင့်အရေးမရှိတဲ့ အမျိုးသမီးတွေလည်း ဒုနဲ့ ဒေးပါပဲ။

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေကို ပုံစံမျိုးစံနဲ့ကြုံတွေ့ခဲ့ကြရ

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုကြုံတွေ့ခဲ့ရပြီး ထုတ်ဖော်ပြောဆိုခဲ့တဲ့သူကတော့ အသက် (၃၇)နှစ်အရွယ် Graceပါ။ လွန်ခဲ့တဲ့ ခြောက်နှစ်ဝန်းကျင်က Grace ဟာစားသုံးသူ ဝန်ဆောင်မှုဖုန်းလိုင်းတစ်ခုမှာ ဖုန်းအဝင်လက် ခံဖြေကြားတဲ့ အလုပ်ကိုလုပ်ခဲ့တာပါ။ တစ်ရက်မှာ အမျိုးသားတစ်ယောက်ကဖုန်းခေါ်ပြီးလိင်ပိုင်းဆိုင်ရာ ရုန့် ရင်းကြမ်းတမ်းတဲ့ စကားတွေပြောပါတယ်။ Grace ဟာ ဖုန်းကိုချပစ်ပြီး ထပ်နှောင့်ယှက်မရအောင် ဖုန်းနံပါတ်ကို ဘလော့(block)ခဲ့ပါတယ်။ ပူထူသွားတာကြောင့် အလုပ်ကလုပ်ဖော်ကိုင်ဖက်တွေကို ပြောပြခဲ့ပြီး အထက်လူ ကြီးနဲ့ ဝန်ထမ်းရေးရာကိုလည်းနှောင့်ယှက်ခံရတဲ့ အကြောင်းတိုင်ခဲ့ပါတယ်။ ဒါ့အပြင်ဆိုရှယ်မီဒီယာမှာလည်း ဒီလို အန္တရာယ်ရှိကြောင်း တင်လိုက်ပါသေးတယ်။  အရင်ကတည်းက ဒါဟာမလုပ်သင့်တဲ့အကြောင်း ဗဟုသုတရှိထား သူဖြစ်သလို ကိုယ်ရဲ့ ကိုယ်ရေးကိုယ်တာအခြေအနေမျိုးမဟုတ်ဘဲ အလုပ်မှာကြုံခဲ့ရတဲ့အတွက် ချက်ချင်းထုတ် ဖော်ပြောဆိုနိုင်ခဲ့တာဖြစ်တယ်လို့ Grace ကဆိုပါတယ်။

ဒီဖြစ်စဉ်ကိုထုတ်ဖော်ပြောကြားခဲ့တဲ့ Grace ကိုအတူအလုပ်လုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းဖြစ်သူ တစ်ဦးနှစ်ဦးကတော့ အားပေးခဲ့ပါတယ်။ ဖုန်းနံပါတ်ပြန်ရှာပြီး အဲဒီလူကိုတရားဥပဒေအရ တုံ့ပြန်မယ်ဆိုတဲ့သူ့ရဲ့ အတွေးကိုလည်း နားလည်ပေးပြီး ကူညီပေးကြပါတယ်။

အလုပ်ကလည်း Grace ကြုံရတာစာနာကြောင်းပြောဆိုကြပြီး ဆိုရှယ်မီဒီယာမှာသိတဲ့ တချို့သူတွေကလည်း အားပေးစကားပြောကြပါတယ်။ အမျိုးသမီးရေးဆောင်ရွက်နေတဲ့ အစ်မတစ်ယောက်ကလည်း ထပ်ပြီး သေချာ ထုတ်ပြောဖို့ ကူညီစဥ်းစားပေးခဲ့ပါတယ်။

“ဒါပေမယ့် ပြောခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ သူငယ်ချင်း ၁ ယောက် ၂ ယောက် အမျိုးသမီးရေးလုပ်တဲ့ အစ်မတယောက်ကလွဲရင် ကျန်တဲ့သူအားလုံးဆီကကျမခံစားရတာကဒါမျိုးကဖြစ်တတ်တယ် အထူးအဆန်းကိစ္စတော့မဟုတ်ပါဘူးဆိုတဲ့ သဘောထားမျိုးပါပဲ”လို့ Graceက သူကြုံခဲ့ရတာကိုပြောပါတယ်။

ဖုန်းကနေ နှောင့်ယှက်မှုမျိုးကြုံခဲ့ရတဲ့အတွက် ကျူးလွန်တဲ့သူကို ရှာဖွေအရေးယူဖို့ မဖြစ်နိုင်တာကလည်း Grace အတွက် ကြီးမားတဲ့စိန်ခေါ်မှုပါပဲ။ အလုပ်ကထွက်ပြီး နောက်ပိုင်းမှာလည်း Grace တစ်ယောက်လူအသစ်တွေနဲ့ ဆက်သွယ်ပြောဆိုရတဲ့အလုပ်တွေ မလုပ်နိုင်တော့ပါဘူး။

“ကြောက်စိတ်ကအတော်သိသာပါတယ် နောက်ပြီး ကိုယ့်ပါစင်နယ်မှာဆိုလည်း ဖုန်းပြောရင် သိသိသာသာစိတ် ဖိစီးလာတတ်လို့ သူငယ်ချင်းတွေနဲ့တောင် စာရိုက်ပြီးပို့တာလောက်ပဲလုပ်တာများပါတယ်”လို့ သူကဆိုပါတယ်။

မသိတဲ့ဖုန်းနံပါတ်တွေကို ကိုင်ရမှာကြောက်လာတဲ့အတွက် ဖုန်းနံပါတ်နှစ်ခုထားတာ မသိတဲ့ဖုန်းကိုမကိုင်ဘူးဆိုတဲ့အကြောင်း သူငယ်ချင်းတွေကိုလည်း ဖုန်းနံပါတ်အသစ်နဲ့ ခေါ်ဆိုမယ်ဆိုရင်ဖုန်းမခေါ်ခင်စာအရင်ပို့စေတာမျိုး တွေအထိ အကူအညီတောင်းခဲ့ပါတယ်။

“ဒါက ဒီကိစ္စကြောင့်လို့ ကျမသေချာပြောရဲပါတယ် ဘာလို့ဆို ကျမပါစင်နယ်ဘဝမှာ ဖုန်းနဲ့ ပတ်သက်တဲ့ ပြဿနာ မရှိဖူးလို့ပါ”လို့ Grace ကပြောပါတယ်။

Grace အတွက်စိတ်အထိခိုက်ရဆုံးကတော့ ဒီဖြစ်စဉ်ကို ဖုန်းလိုင်းဖြေဆိုရတဲ့ အလုပ်လုပ်ကိုင်သူတွေဟာ ဒီလိုမျိုး ကြုံတွေ့ရတာ ဖြစ်တတ်တဲ့သဘောလို့ ပြောဆိုကြတာပါပဲ။ အဲဒီလိုပြောနေကြပေမယ့် အလားတူကိစ္စဖြစ်ခဲ့ရင် ဘာလုပ်ရမယ်ဆိုတာ ဘယ်သူမှ ရေရေရာရာမသိကြပါဘူး။ အလုပ်ကဝန်ထမ်းရေးရာကလည်း နောက်မဖြစ် အောင်ဘယ်လိုလုပ်မလဲဆိုတာဆွေးနွေးပေမယ့်ရေရာတဲ့အစီအစဥ်ဆွဲတာလည်းမဟုတ်ဘူး။ ဘာလုပ်ရင်ကောင်း မလဲဆိုတာကို Grace ဆီကတောင် အကြံပြန်တောင်းခဲ့ပါသေးတယ်။

“အဲ့ဒီမှာကျမတို့ ကိုယ့်ဘာသာကို ကာကွယ်နေရုံအပြင်တခြားဘာမှမရှိတာ ပိုသိလာတယ်။ ကျူးလွန်သူထက်တောင်မှ ကျမပတ်ဝန်းကျင်က လူတွေရဲ့ သဘောထားနဲ့ တုံ့ပြန်မှုတွေက ကျွန်မအပေါ်မတရားဘူးလို့ ပိုခံစားရပါတယ်။ တရားမျှတမှုအနေနဲ့ ဘာမှမရခဲ့ဘူးလို့ပဲ ထင်မိပါတယ်”လို့ Grace ကဆိုပါတယ်။

Grace နည်းတူ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုကို ကြုံတွေ့ခဲ့ရပြီး ထုတ်ဖော်ပြောဆိုကာ  ရဲရဲရင့်ရင့် ရင်ဆိုင် ခဲ့သူကတော့အသက်(၃၁)နှစ်အရွယ် Joyce Sanပါ။  ၂၀၂၀ ခုနှစ်တုန်းက Joyce San ရဲ့ လူမှုကွန်ရက်ကဓာတ် ပုံတွေကိုယူကာ အမည်မသိသူတစ်ဦးက (Fake account) အကောင့်တုဖွင့်ပြီး နှောက်ယှက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွား ခဲ့ပါတယ်။ ပုံတွေနဲ့ အတူ Joyce San ဟာအမျိုးသားတွေကို လှည့်စားလိမ်လည်တဲ့သူဆိုပြီး မဟုတ်မမှန်ရေးကာ personal attack လုပ်ခဲ့တာဖြစ်ပါတယ်။ အစပိုင်းမှာသူကိုယ်တိုင်လည်း အဲဒီအကောင့်က ပြုမူနေတာတွေကို မသိခဲ့ပါဘူး။ နောက်ပိုင်းအေကာင့်တုက Joyce San ဟာ HD video တွေရိုက်ထားကြောင်းဗီဒီယိုလင့်တွေကို ဆွေမျိုးတစ်ဦးထံ ပို့ခဲ့တာကြောင့် အမျိုးဖြစ်သူကဖုန်းဆက်လာတဲ့အတွက် ဖြစ်စဉ်တွေကို သိခဲ့တာဖြစ်ပါတယ်။

“စသိသိချင်းကျမအရမ်း shock ရသွားခဲ့တယ်။ တကယ်ကိုကြောက်စိတ်ဝင်ခဲ့တယ်။ အခုပြန်စဉ်းစားရင် အဲ့ဒီတုန်းကဖြစ်ခဲ့တဲ့ မကောင်းတဲ့ ခံစားချက်မျိုး စိတ်ပူလောင်ရတဲ့ခံစားချက်မျိုးထပ်တူခံစားနေရတုန်းပါပဲ”လို့ Joyce San က သူ့ခံစားချက်ကိုပြောပါတယ်။

အဲဒီ video link ဟာ ပုံမှန် music video မှာ သူငယ်ချင်းနဲ့ အတူတူရိုက်ခဲ့တာဖြစ်ပါတယ်။ အမျိုးဖြစ်သူကိုလည်း ဒါကပုံမှန်သီချင်းရိုက်ကူးထားတဲ့ ဗီဒီယိုသာဖြစ်ကြောင်းရှင်းပြပြီး ဒီအတိုင်းပဲထားလိုက်ပါတယ်။ အဲဒီလိုနေရင်း ကနေ ၂၀၂၀ အောက်တိုဘာမှာ သူ့ရဲ့အမဖြစ်သူကို အကောင့်တုက အဲဒီ music video link ကို HD link ပါ ဆိုပြီး ထပ်ပို့လာခဲ့ပါတယ်။ သူကိုယ်တိုင်လည်းဒုတိယအကြိမ်ထိတ်လန့်ခဲ့ပါတယ်။ အစ်မဖြစ်သူကိုတော့ ဒီလိုကြုံတွေ့ နေရတဲ့အကြောင်းသေချာရှင်းပြခဲ့ပါတယ်။ အစ်မဖြစ်သူကတော့ သူ့ကိုယုံကြည်ပြီး အကူအညီတွေယူဖို့အားပေး ခဲ့ပါတယ်။ အဲ့ဒီအကောင့်တုဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ လူမှုကွန်ရက်မှာ သူငယ်ချင်းဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။

“၂၀၂၀ က ဖြစ်တော့အကောင့်တုမှာ post တင်တာတွေ မြင်နေရတဲ့အချိန်ကာလဖြစ်နေသေးလို့ သူတင်ထားတဲ့ personal attack စာသားတွေ sexual harassment ပုံစံမျိုးရေးသားတဲ့ စာသားတွေမြင်နေရသိနေရသေးတယ်” လို့ Joyce San ကဆိုပါတယ်။

အကောင့်တုဟာ သူ့ပုံတွေနဲ့အတူ လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်တဲ့စာသားတွေကို တွဲတင်တာမျိုးတွေပြုလုပ် ခဲ့တယ်လို့ပြောပါတယ်။

“Sexual harassment (လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု)ကဘယ်လိုပုံစံမျိုးလဲဆိုတော့ ကျမကိုညအိပ်ခေါ်နိုင်ပါ တယ် တစ်ည ၅၀၀၀၀ ကျပ်နဲ့ ခေါ်လို့ရတယ် ကျမဖုန်းနံပါတ်နဲ့ ကိုယ်ပိုင်ကားနံပါတ်တွေပါ ဖော်ပြရေးသားထား တာမျိုးတွေ လုပ်တာမျိုးပါ နောက်ပိုင်း ပိုဆိုးတာက ကျမရဲ့ ပုံတွေကို sex group တွေမှာပါထည့်ပြီး ကြော်ငြာတာ တွေပါလုပ်လာတာပါ”လို့ Joyce San ကဆိုပါတယ်။

ဒီလိုရေးတင်လိုက်တဲ့အတွက်သူ့ရဲ့ ဖုန်းနံပါတ်ကို အတူညအိပ်ဖို့ဆိုပြီး ဖုန်းခေါ်နှောင့်ယှက်တာမျိုးတွေကြုံခဲ့ရတဲ့ အတွက် ဖုန်းနံပါတ်ပြောင်းသုံးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

“ညဘက် unknown call တွေလာရင် anxiety တက်နေတုန်းပါပဲ”လို့သူ့ခံစားချက်ကိုဖွင့်ဟပါတယ်။ နောက်ပိုင်း မှာ ငွေညှစ်ခြိမ်းခြောက်တာမျိုးတွေအထိ ပြုလုပ်လာခဲ့ပါတယ်။

နောက်တော့ Joyce San ကိုယ်တိုင် လူမှုကွန်ရက်အကောင့်သစ်ကနေ cyber bullying လုပ်ခံနေရကြောင်း အကောင့်တစ်ခုတည်းကိုသာ သုံးကြောင်းဖွင့်ဟ ရေးသားလိုက်ပါတယ်။ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကူညီဖေးမမှုတွေလည်းရခဲ့ပါတယ်။ Legal Clinic Aid နဲ့လည်း ချိတ်ဆက်ခဲ့ပေမယ့် နိုင်ငံရေးအခြေအနေတွေ ကြောင့်ထိရောက်တဲ့အရေးယူမှုတွေမရရှိခဲ့ပါဘူး။ လက်ရှိအချိန်ထိလည်း အကောင့်တုကရှိနေဆဲဖြစ်ပြီး လိင်ပိုင်း ဆိုင်ရာနှောင့်ယှက်တဲ့ စာသားမျိုး မရေးသားတော့ပေမယ့် နောက်ကွယ်မှာ ဘာတွေလုပ်နေမလဲဆိုတာကို ဒီနေ့ အချိန်ထိ စိုးရိမ်ပူပန်နေရတုန်းပါပဲ။

ဒီလိုနှောင့်ယှက်မှုတွေကြုံတွေ့ခဲ့ရတဲ့အတွက် Joyce San ဟာ  ၂၀၂၀ ခုနှစ် ကနေ ၂၀၂၂ ခုနှစ်အထိ Counseling ယူခဲ့ရတာမျိုးတွေ ရှိခဲ့ပါတယ်။

“Victim blaming မလုပ်ဘဲ fully support ပေးခဲ့လို့နေရတာ ပိုမဆိုးသွားနေတာပါ”လို့ Joyce San ကဆိုပါတယ်။

Grace နဲ့ Joyce San တို့နည်းတူ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုနဲ့ကြုံတွေ့ခဲ့ရတာကတော့ အသက် (၃၀) အရွယ်မြတ်ပါ။

မြတ်ဟာ သူ့အသက် (၂၂) နှစ် ဘွဲ့ရကာစအချိန်မှာ  NGO တစ်ခုမှာအလုပ်ဝင်ခဲ့တုန်းက လိင်ပိုင်းဆိုင်ရာထိပါးနှောင့် ယှက်မှု ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

အဲဒီအဖွဲ့အစည်းက ရာထူးကြီးသူက လက်ကိုင်တာ၊ ပခုံးပတ်တာ၊ လက်ကိုထိတာမျိုးတွေ မြတ်အပေါ် ပြုမူခဲ့တာပါ။ အဖွဲ့အစည်းမှာ အလုပ်မဝင်ခင် အပြင်မှာခင်မင်စဉ်ကတည်းကဒီလိုအပြုအမူတွေကိုပြုမူခဲ့ပေမယ့် အဲဒီအချိန် တုန်းက အဲဒီလူနဲ့အသက်လည်းကွာသလိုကိုယ်တိုင်လည်း ငယ်သေးတဲ့အရွယ်ဖြစ်တာရောကြောင့် ပုံမှန်ပဲဆိုတဲ့ အတွေးမျိုးသာထင်မိခဲ့ပါတယ်။ သူ့အဖွဲ့အစည်းကိုရောက်လာတဲ့အခါမှာတော့ ပိုပြီးရဲရဲတင်းတင်း ဆောင်ရွက်လာပါတယ်။

“သူကတကယ်စေတနာနဲ့ တကယ်ကိုမေတ္တာရှိတဲ့ပုံစံမျိုးနဲ့ လူတိုင်းကိုဆက်ဆံတဲ့အခါမှာ မနူးမနပ်ဆိုခံရနိုင်တယ်။ ကိုယ်တွေလည်းဘွဲ့ရပြီးကာစဆိုပေမယ့် လူတွေအကြောင်းအရမ်းမသိသေးတဲ့အရွယ် အဲ့အရွယ်မှာဆိုရင် သူက တကယ်စေတနာထားတာပဲ တကယ်မေတ္တာထားတာပဲ ဆိုတဲ့ပုံစံနဲ့အဲ့လိုမျိုးယိုင်သွားတဲ့သူတွေလည်းရှိတယ်”လို့ မြတ်ကပြောပြပါတယ်။

အလုပ်ကိစ္စနဲ့အပြင်သွားရတာမျိုးတွေဆို လူရှင်းတဲ့နေရာမျိုးတွေမှာ စကားကိုထိကပါးရိကပါးပြောတာမျိုးတွေ လည်းမြတ်တစ်ယောက်ကြုံတွေ့ခဲ့ရပါတယ်။ အဆိုးဆုံးတော့ အဓမ္မပြုကျင့်မှုဖြစ်နိုင်တဲ့ အခြေအနေမျိုးအထိ ကြုံတွေ့ခဲ့ရတာပါ။

ဒီဖြစ်စဉ်ကိုထုတ်ဖော်ပြောဆိုဖို့ဆိုရာမှာလည်း မြတ်ရဲ့ ရာထူးနဲ့ အဲ့ဒီလူရဲ့ ရာထူးအနေအထားဟာကွာဟနေတဲ့အတွက် ဘာမှလုပ်လို့ရတဲ့အခြေအနေမရှိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ အဲ့ဒီအဖွဲ့ကနေ အလုပ်ထွက်ခဲ့ပါတယ်။ အလုပ်ကထွက်ပြီးတဲ့ နောက်မှာလည်း ဒီဖြစ်စဉ်ကိုထုတ်ဖော်ပြောဆိုနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

“ဘယ်သူ့ကိုမှလည်းမပြောဖြစ်ခဲ့ဘူး နောက်ပြီးတော့ ထုတ်ဖော်ပြောလိုက်ရင် အန္တရာယ်ကြုံလာမှာလား ငါ့ကို နာမည်ဖျက်ကြမှာလားဆိုတဲ့ဟာမျိုး အမြဲတွေးဖြစ်တယ်”လို့ မြတ်ကသူ့ခံစားချက်ကိုရင်ဖွင့်ခဲ့ပါတယ်။

နောက်မှာတော့ မြတ်လုပ်ကိုင်ခဲ့တဲ့အဲဒီအဖွဲ့အစည်းကို အကြံပေးအဖြစ်လုပ်ကိုင်တဲ့ အသိမိတ်ဆွေအမျိုးသမီး တစ်ဦးက ဒီလိုဖြစ်စဉ်တွေကိုကြားသိရပြီး ဆက်သွယ်လာတဲ့အခါမှသာထုတ်ဖော်ပြောဆိုနိုင်ခဲ့တာ ဖြစ်ပါ တယ်။ အဲဒီရာထူးကြီးသူဟာ တခြားအမျိုးသမီးငယ်လေးတွေကိုလည်း လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာတွေပြု လုပ်ခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ကြုံတွေ့ရပြီးတဲ့နောက်မှာ အမျိုးသားတွေနဲ့ ပတ်သက်ပြီးယုံကြည်မှုမရှိတာမျိုးတွေ အလုပ်မလုပ်ချင်တော့တာမျိုးတွေ ဒီလိုပဲထပ်ကြုံရဦးမလားဆိုတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

“တရားမျှတမှုဆိုတဲ့ဟာမှာ ဒီဟာတွေကိုဘယ်သူကမှသက်သေသာဓကနဲ့ တကွတရားရုံးတင်တာ အဲဒီလိုမျိုးလုပ်ခဲ့တာမဟုတ်ဘူး။ ကျူးလွန်တဲ့သူကလည်းအခုချိန်ထိလွတ်မြောက်နေဆဲဖြစ်တယ်။ တော်တော်များများက တ ရားစွဲအရေးယူလို့ရတဲ့ အခြေအနေထိ ကြုံတွေ့ခဲ့ရတဲ့သူတွေကဘာမှမလုပ်ဘူး။ ဘာမှမလုပ်တဲ့အခါမှာ သူတို့ လောက်ဆိုးဆိုးဝါးဝါးထိခိုက်ခံစားခဲ့ရတဲ့ သူမဟုတ်တဲ့အတွက်ကြောင့် တရားမျှတမှုရဖို့ကတော့ အခြေအနေမရှိ ဘူး”လို့ မြတ်ကပြောပြပါတယ်။

အဲဒီလူရဲ့ အဖွဲ့အစည်းကို ကူညီထောက်ပံ့နေတဲ့နိုင်ငံတကာအဖွဲ့တွေကို တိုင်ကြားခဲ့ပေမယ့်ထိရောက်တဲ့ စစ်ဆေး မှုပြုလုပ်တာမျိုးတွေ မကြားခဲ့ရဖူးလို့ မြတ်ကပြောပါတယ်။

ဘာကြောင့်ထုတ်ဖော်ပြောဆိုဖို့လိုတာလဲ

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုတွေကို ကြုံတွေ့ကြရတဲ့အခါ အမျိုးသမီးအများစုက ထုတ်ဖော်ပြေဆိုဖို့ ဝန်လေးတက်ကြပါတယ်။ ဒါကလည်း တရားဥပဒေစိုးမိုးမှုမရှိတာ၊ တစ်ရှက်ကနှစ်ရှက်ဖြစ်မယ်ဆိုတဲ့ ရှေးရိုးစွဲအယူ အဆတွေ ဒီအချက်တွေကအမျိုးသမီးတွေကို ထုတ်ဖော်ပြောဆိုဖို့ တုံ့ဆိုင်းစေပါတယ်။

ကိုယ်ကမပြောဘူးဆိုရင် တခြားသူတွေလည်းဆက်ပြီးခံရဦးမှာပဲ ကိုယ်ထုတ်ပြောလိုက်တာတောင် အများကြီး ထိ‌ရောက်တဲ့ အရေးယူမှုတွေရှိခဲ့တာမဟုတ်ဘူး ကိုယ်သာမပြောခဲ့ရင် ပိုပြီးဆိုးဆိုးရွားရွားဖြစ်နေဦးမှာပဲဆိုတဲ့ စိတ်နဲ့ ပြောခဲ့တာဖြစ်တယ်လို့ မြတ်ကဆိုပါတယ်။

“ငါဒါကိုမှမပြောဘူးဆိုရင်  ဒီကိစ္စက ရပ်သွားမှာမဟုတ်ဘူး။ ထိခိုက်ခံစားရတဲ့သူတွေ အများကြီး ရှိနိုင်တယ်ဆိုပြီး ထုတ်ဖော်ပြောခဲ့တာဖြစ်ပါတယ်။ ကိုယ်ကလည်းအမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် အမျိုးသမီး တယောက် ဖြစ်တည်မှုကပဲပြောရမယ်ဆိုတဲ့ ခွန်အားတစ်ခုဖြစ်လာတာ”လို့မြတ်ကပြောပြပါတယ်။

ကိုယ်အနိုင်ကျင့်ခံရတဲ့အရာတိုင်းကို မကြောက်မရွံ့ဘဲ ထုတ်ဖော်တိုင်ကြားခွင့်ရှိပြီး ကိုယ့်မှာဒီအခွင့်အရေးတွေရှိ နေတာကိုလည်း သိခွင့်ရှိကာ အသုံးချခွင့်ရှိတယ်လို့ Joyce San က ဆိုပါတယ်။

ထုတ်ဖော်ပြောဖို့ဆိုတာကလွယ်တဲ့ကိစွတော့မဟုတ်ပါဘူး။ တချို့က အလုပ်ပြုတ်မှာငဲ့ကွက်ရတာမျိုး၊ ကျူးလွန် သူကခြိမ်းခြောက်မယ့် အခြေအနေမျိုးတွေလည်းရှိနိုင်တယ်လို့ Grace ကထောက်ပြပါတယ်။

“ကျွန်မအတွက်က ငုံ့ပြီးငြိမ်နေလိုက်ရင် တခြားသူတွေ အလုပ်မရှုပ်လို့ဖြစ်ဖြစ် သူတို့တုံ့ပြန်လိုက်တာမှားတယ်လို့ မခံစားရဘဲ နေသာထိုင်သာရှိလို့ဖြစ်ဖြစ် ပိုကြိုက်ပါလိမ့်မယ်။ ကျူးလွန်သူကတော့ ဆိုဖွယ်ရာမရှိပါပဲ။ အဲဒီလို အဖြစ်မခံနိုင်တဲ့အတွက် ဒုက္ခခံပြီးပြောရတယ်”လို့ Grace ကပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေ နှောင့်ယှက်မှုတွေကြုံတွေ့ရတဲ့အခါမှာ ကာယကံရှင် အမျိုးသမီးတွေ ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ ထုတ်ဖော်ပြောကြားဖို့က အရမ်းကိုအရေးကြီးတယ်လို့ Sisters to Sisters က မနှင်းသက် မှူးခင်က မှတ်ချက်ပေးပါတယ်။

ဒီလိုမျိုး ထုတ်ဖော်ပြောကြားခြင်းကြောင့် ကျူးလွန်သူဟာ နောက်ထပ်အမျိုးသမီးတွေကိုထပ်မံ ကျူးလွန်ဖို့ အခွင့် အရေးနည်းသွားစေမှာဖြစ်ပါတယ်။ များသောအားဖြင့်ကျူးလွန်သူတွေဟာ တစ်စုံတစ်ဦးထဲကို သာကျူးလွန်ကြ တာမျိုးမဟုတ်ဘဲနဲ့ များစွာသောအမျိုးသမီးတွေအပေါ်မှာ ကျူးလွန်လေ့ရှိကြတာပါ။ ပထမဆုံးတစ်ယောက် အနေနဲ့ ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိခဲ့ဘူးဆိုရင် နောက်ထပ်ကျူးလွန်ခံရသူ အမျိုးသမီးတွေအများကြီးပေါ် ပေါက်လာနိုင်မှာဖြစ်တယ်လို့ မနှင်းသက်မှူးခင်က ဆိုပါတယ်။

“ဒီလိုလူတွေကိုတခါထဲနောင်ကျဉ်သွားအောင် ထပ်ပြီးတော့မလုပ်ရဲအောင်သူတို့ကို call out လုပ်ဖို့လိုတယ်။ ထုတ်ဖော်ပြောဖို့လိုတယ်”လို့ပြောပါတယ်။

ထုတ်ဖော်ပြောဆိုလိုက်တာဟာ တရားမျှတမှုအခြေအနေမရသည့် တိုင်အောင် ကျူးလွန်သူတွေကို တစ်ဆင့်ထပ် မတက်နိုင်အောင် ဒါမှမဟုတ် တခြားသူတွေအပေါ် ဆက်လက် မကျူးလွန်နိုင်အောင် တပ်လှန့်လိုက်တာပဲဖြစ် ပါတယ်။

ကျူးလွန်သူကိုအပြစ်တင်တဲ့ Victim Blaming အမူအကျင့်တွေပျောက်ကွယ်စေလို

လိင်ပိုင်းဆိုင်ရာထိပါးမှုတွေကို ကြုံတွေ့ရတဲ့အမျိုးသမီးတွေအနေနဲ့ ထုတ်‌ဖော်ပြောဆိုဖို့ ခက်ခဲစေတဲ့ အကြောင်း အရင်းတွေထဲမှာ လူမှုအဖွဲ့အစည်းကကျူးလွန်ခံရတဲ့အမျိုးသမီးတွေကို ကူညီပေးရမယ့်အစားအပြစ်တင်ကဲ့ရဲ့တဲ့ အလေ့အထရှိပါတယ်။

အထူးသဖြင့် မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ဖိုဝါဒကြီးစိုးမှုက အမျိုးသမီးတွေကို ဒီလိုဖြစ်စဉ်တွေ ထုတ်ဖော် ပြောကြား စေဖို့ ခက်ခဲစေတာဖြစ်ပြီး နောက်တချက်ကတော့ ကျူးလွန်သူကိုကာကွယ်ပေးတဲ့ အလေ့အထကြောင့်ဖြစ် တယ်လို့ မနှင်းသက်မှူးခင်ကဆိုပါတယ်။

“ဒီလူက ပါဝါအာဏာအသိုင်းအဝိုင်းငွေကြေး  ပညာရေး တစ်နေရာရာမှာသာနေတဲ့လူဆိုရင် ပိုပြီးတောင်မှ လူ့အဖွဲ့ အစည်းက သူ့ကိုကာကွယ်ပေးတဲ့ အလေ့အထရှိတယ်”လို့ဆိုပါတယ်။

ထို့အပြင် တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေမှာ ဒီဖြစ်စဉ်တွေကို ထုတ်ဖော်ပြေဆိုတဲ့အခါပိုပြီးခက်ခဲစေပါ တယ်။ တိုင်ကြားရမယ့် ယန္တရားမရှိတာ၊ ဥပဒေစိုးမိုးမှုမရှိတာ စတဲ့အခြေအနေမှာလည်း ထုတ်ဖော် ပြောဆိုဖို့လို အပ်ပေမယ့် ကိုယ့်ရဲ့ လုံခြုံရေးအခြေအနေကိုလည်းထည့်သွင်းစဉ်းစားသင့်တယ်လို့ မနှင်းသက်မှူးခင်က အကြံပြု ပါတယ်။

“ကိုယ်က လုံခြုံတဲ့နေရာတခုရောက်နေပြီဆိုရင်တော့ ကိုယ်ဘာဖြစ်ချင်တာလဲ တရားမျှတမှုရှာချင်တယ်ဆိုတဲ့ နေရာမှာ ဘယ်လိုပုံစံနဲ့သွားချင်တာလဲ ၊ လူမှုပတ်ဝန်းကျင်ကနေဝိုင်းပြီးတော့ ကျူးလွန်တဲ့ လူကိုဖယ်ကျဉ်ထားတဲ့ ဟာမျိုး social punishment  မျိုးလိုချင်တာလား ပုံမှန်တရားဥပဒေကြောင်းအရသွားပြီးတော့ ဒီလူက ပြစ်ဒဏ် ကျခံတဲ့ဟာမျိုးကိုလိုချင်တာလား အဲ့ဒါကို ကွဲကွဲပြားပြားစဉ်းစားဖို့လိုတယ်”လို့မနှင်းသက်မှူးခင်ဆိုပါတယ်။

ထို့အပြင် ထုတ်ဖော်ပြောဆိုလိုက်ခြင်းကနေလည်း ခွန်အားရနိုင်ပါတယ်။

“ကျွန်မလည်း ဒီလိုမျိုးကြုံခဲ့ဖူးတယ်။ ကျွန်မတုန်းကဆို ဘယ်လိုမျိုးဖြတ်ကျော်ခဲ့တာ ကျွန်မတုန်းကဆိုဘယ်သူ တွေနဲ့ တိုင်ပင်ခဲ့တာ ဘယ်လိုပြောခဲ့တာ  ဒီလိုမျိုးပြောလိုက်တဲ့အချိန်မှာ  ငါတစ်ယောက်ထဲ မဟုတ်ဘူးဆိုတဲ့ ခံစား ချက် အဲ့ဒါအရမ်းအရေးကြီးတယ်လို့ ထင်တယ်”လို့မနှင်းသက်မှူးခင်ကဆိုပါတယ်။

ကိုယ့်အ‌ပေါ်ယုံကြည်ပေးတဲ့အသိုင်းအဝိုင်းကလည်းအရမ်းအရေးကြီးပါတယ်။

Grace ၊ Joyce San နဲ့ မြတ်တို့ဟာ ထုတ်ဖော်ပြောဆိုခဲ့ပြီးတဲ့ နောက်မှာလည်း မိတ်ဆွေတွေရဲ့ ယုံကြည်ပေးမှုနဲ့ အား ပေးမှုကိုရခဲ့ကြတဲ့အတွက် အရာရာကိုကျော်ဖြတ်နိုင်ခဲ့ကြတာပါ။

“တိုင်တယ်ဆိုရင် ဒီလူမှုအသိုင်းအဝိုင်းမှာ ဟုတ်ရော ဟုတ်ရဲ့လားဆိုတဲ့ ဟာမျိုးဖြစ်တယ် ဟုတ်ရဲ့လား အထင်မှား တာဖြစ်မှာပါ ဒါမှမဟုတ်ရင်လည်း ကျူးလွန်တဲ့သူဘက်ကကာပေးတာ သူကအဲ့လိုမျိုးမလုပ်တတ်ပါဘူး အဲဒီလို မျိုးတွေပြောတတ်တယ်။ အဲ့အချိန်မှာ လာပြီးတော့ဖွင့်ပြောခံရတဲ့သူအနေနဲ့က ယုံကြည်တယ်ဆိုတဲ့ဟာ ပြောပေး ဖို့လိုတယ်။ ကျမယုံတယ် ဒီလိုဖြစ်ခဲ့တယ်ဆိုတဲ့ဟာကို ယုံတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့  ကျွန်မတို့ရသလောက် ကူညီပေးမယ် အဲဒီလိုမျိုး ကိုယ်ပြောလိုက်တဲ့သူက ကိုယ့်ကိုခွန်အားပေးတယ်  ကိုယ့်ကိုယုံကြည်ပေးတယ်ဆို ဖွင့် ပြောတဲ့သူက ပိုပြီးပြောချင်စိတ်ပေါ်လာမယ်  ပိုပြီးတော့ရင်ဖွင့်ချင်စိတ်ပေါ်လာမယ်”လို့ မနှင်းသက်မှူးခင်က ပြော ပါတယ်။

“လူမှုအသိုင်းအဝိုင်းကဝိုင်းပြီးတော့ ကျူးလွန်ခံရသူဘက်က ရပ်တည်ပေးမယ်ဆိုရင် နောက်ထပ်ကျူးလွန်ခံရတဲ့ သူတွေလည်း ထုတ်ပြောလာမှာပဲပေါ့ အဲဒါဆို ကျွန်မတို့ တဖြေးဖြေးနဲ့လိင် ပိုင်းဆိုင်ရာထိပါးနှောင့်ယှက် တာ တွေကို လျော့ချလို့ရမယ်”လို့မနှင်းသက်မှူးခင်ကဆိုပါတယ်။

ထုတ်ဖော်မပြောဆိုချင်သေးဘူးဆိုရင်တောင် မှတ်တမ်းမှတ်ရာတွေကို အမျိုးသမီးအဖွဲ့အစည်းတွေကို တိုင်ကြားတာမျိုးတွေလည်းဆောင်ရွက်လို့ရပါတယ်။

အရေးကြီးဆုံးကတော့ ကာယကံရှင်ရဲ့ ဖွင့်ပြောခြင်း၊ မပြောချင်းဆုံးဖြတ်ချက်ကသာ အရေးကြီးဆုံးဖြစ်တယ် လို့ ဆိုပါတယ်။

“ကိုယ်ဘယ်လောက်ကြုံခဲ့ကြုံခဲ့ ကိုယ်ကအသိဆုံးပဲ ကိုယ်ဖြစ်တဲ့အကြောင်းအရာတွေ ကိုယ်ကအသိဆုံးပဲ အဲဒီလို မျိုးကြုံခဲ့တဲ့အခြေအနေတွေကြားထဲမှာ ကိုယ်ကအသက်ရှင်နေသေးတယ်။ ရပ်တည်နေသေးတယ် အခုအချိန်ထိ စကားပြောနေနိုင်သေးတယ်ဆိုကတည်းကိုက အရမ်းကိုလေးစားစရာကောင်းနေပြီ”လို့ မနှင်းသက်မှူးခင်က ဆိုပါတော့တယ်။

Author:

Related Articles