နန်းဆိုင်နွမ်
တခါတလေ အထက်လူကြီးဆိုသူက ပုခုံးလေးကိုလာဖက်လိုက်၊ ပုတ်လိုက်၊ တခါတလေလက်လေးကို မထိတထိလာကိုင်တာတွေ ပြုလုပ်နေတာကို မနန္ဒာတစ်ယောက် မနှစ်ခြိုက်ပေမယ့် နှုတ်ပိတ်ပြီးအလုပ်ဆက်လုပ်နေရပါတယ်။
မနန္ဒာဟာ ရန်ကုန်မြို့ ဆူလေးဘုရားအနီးမှာ ဖွင့်ထားတဲ့ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီမှာ အလုပ်လုပ်နေတာ ၃ နှစ်ဝန်းကျင်သာရှိပါသေးတယ်။
စစ်ကောင်စီက အာဏာသိမ်းရန်ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံတဝန်းလုံးမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ စီးပွားရေးတွေ တရိပ်ရိပ်ကျဆင်းလာရာ လက်ရှိမှာတော့ မြန်မာပြည်သူတွေဟာ အလုပ်အကိုင်ရှားပါးမှုဒဏ်ကို စတင်ခံစားနေကြရပါ တယ်။
လူငယ်တွေဟာ စစ်အာဏာရှင်ကိုမလိုလားတဲ့အတွက် အာဏာရှင်ကိုတော်လှန်နိုင်ဖို့ လက်နက်ကိုင်သွားကြသလို အချို့ လည်း မြန်မာပြည်ကနေစွန့်ခွာကာ ပြည်ပနိုင်ငံတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ သွားရောက်လုပ်ကိုင်နေကြပါတယ်။
မနန္ဒာတစ်ယောက်ကတော့ အသက်ကြီးတဲ့မိဘနှစ်ပါးကို ကြည့်ရှု့စောင့်ရှောက်ရန်အတွက် ရန်ကုန်မြို့ကိုမစွန့်ခွာနိုင်ဘဲ ရရာအလုပ်တည်မြဲရန်သာ ကြိုးစားနေရပါတယ်။
“ ကျမမှာ မိဘနှစ်ပါးရှိတယ်။ သူတို့တွေက အသက်ကြီးပြီးဘာမှမလုပ်နိုင်တော့ဘူးလေ၊ အိမ်မှာကျမရဲ့ဝင်ငွေတစ်ခုတည်းနဲ့ ရပ်တည်နေရတာ။ ဝင်ငွေတစ်ခုတည်မြဲဖို့ဆိုတာ ဒီခေတ်အချိန်မှာတော့ အရမ်းခက်ခဲနေတယ်” လို့ မနန္ဒာက ညည်းတွားရင်း ပြောပြလာပါတယ်။
သူမအလုပ်နဲ့ ဝင်ငွေမြဲဖို့အတွက်သာ ကြိုးစားနေရတာက လက်ရှိကုန်စျေးနှုန်းတွေ တစ်နေ့ထက်တစ်နေ့ မိုးပေါ်ထိုးတက်နေမှုကြောင့်သာ ဖြစ်ပါတယ်။ ဒါ့ကြောင့်သူမရဲ့ အထက်လူကြီးဆိုသူရဲ့ လုပ်ရပ်တွေဖြစ်တဲ့ ပုခုံးပုတ်တာ၊ လက်ကိုင်တာနဲ့ ခါးကို မထိတထိကိုင်တာတွေကို မကြိုက်ပေမယ့် သည်းခံပြီး ဆက်လုပ်နေရတယ်လို့ဆိုပါတယ်။
“ကျမရဲ့လက်ကို မိန်းကလေးချင်းချင်းကိုင်ပြီးလက်လျှောက်တာ လက်မောင်းကို ကိုင်တာတွေတောင် မကြိုက်ဘူး။ ဒီရုံးဝင်လာပြီးတော့ ကျမကို ဟိုကိုင်ဒီကိုင်လုပ်တယ်။ ပြီးတော့ ရုံးဝန်ထမ်းတွေဆိုရင်အထက်လူကြီးက မိသားစုပုံစံနဲ့အလုပ်လုပ်တာ ဆိုပြီးခဏခဏ ပြောတယ်လေ။ မကိုင်နဲ့လို့ပြောဆိုတော့ ကျမလည်းမပြောရဲဘူး”လို့ ရှက်ကိုးရှက်ကန်းနဲ့ သူကပြောလာပါတယ်။
Family Type (မိသားစုပုံစံ) ဆိုတဲ့စကားလုံးကြောင့် မနန္ဒာတစ်ယောက် အကျပ်ရိုက်နေရပြီး၊ ပုခုံးဖက်၊လက်ကိုင်တဲ့ကိစ္စဟာ ရုံးဝန်ထမ်းတွေအတွက် အသေးအမွှားကိစ္စတစ်ခုလို ဖြစ်နေတဲ့အတွက်သူအနေနဲ့ တိုင်ကြားလို့လဲမရသလို ရင်ဖွင့်ဖို့အတွက် လည်း ခက်ခဲနေတဲ့အချိန်ကာလ ဖြစ်ပါတယ်။
“ ကျမဘယ်သူ့ကိုပြောပြရမှာလဲ။ လက်ကိုင်တာ ပုခုံးဖက်တာက ဗိုက်ကြီးတာမှမဟုတ်တာလို့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကလည်း ပြောကြတယ်။ နောက်ပြီးတစ်ခုခုပြောရင်လည်း အပြစ်မရှိအပြစ်ရှာ အလုပ်ထုတ်ခံရမှာလည်း ကြောက်ရတယ်။ အလုပ်က ရှားပါးတယ်လေ” လို့ ဝမ်းနည်းစွာနဲ့ ရင်ဖွင့်လာပါတယ်။
အလားတူအမျိုးသားတွေနဲ့ ရင်ဘောင်တန်း အလုပ်လုပ်နေရတဲ့ မစန္ဒီတစ်ယောက်လည်း ရုံးဝန်ထမ်းအချင်းချင်းကြား ကာအိန္ဒြေပျက်ပြားမှု ပုံစံနဲ့ကြုံတွေ့နေရတဲ့အကြောင်းကို ပြောပြလာပါတယ်။
မစန္ဒီက မန္တလေးမြို့ရှိ အရောင်းဆိုင်တစ်ဆိုင်မှာ ဝန်ထမ်းအနေဖြင့် အလုပ်လုပ်နေတဲ့ အရောင်းဝန်ထမ်း တစ်ဦးဖြစ်ပါတယ်။
သူဟာ အရောင်းဝန်ထမ်းဆင်းရတဲ့သူတစ်ဦးဖြစ်ပြီး အပြင်သွားအရောင်းဆင်းတဲ့အချိန်တိုင်း စီနီယာအမျိုးသားတစ်ဦးနဲ့ အတူသွားရတဲ့အတွက် စိတ်မလုံမခြုံဖြစ်ရကြောင်း ပြောပြလာပါတယ်။
“ ကျမတို့ အပြင်သွားပြီး မာကက်တင်းဆင်းရင် စီနီယာအစ်ကိုက မထိတထိကိုင်တာ လက်ကိုလာတွဲတာတွေရှိတယ်။ လမ်းဖြတ်ကူးရင်လက်ကို လာဆွဲကိုင်တာ၊ နောက်ပြီး စကားပြောရင်လည်း စသလိုလိုနောက်သလိုလိုပြောတာကြုံတွေ့နေရတယ်” လို့မစန္ဒီကပြောပြပါတယ်။
မစန္ဒီအနေနဲ့ လုပ်ဖော်ကိုင်ဖက် စီနီယာအမျိုးသားကို လက်ကိုင်ခြင်း၊ လက်တွဲခြင်းနဲ့ပတ်သက်ပြီး မကြိုက်တဲ့အကြောင်း ပြောပေမယ့်လည်း ညီမတစ်ယောက်လို သဘောထားတဲ့အတွက်ပြုလုပ်ကြောင်း ပြန်တုံ့ပြန်ခဲ့တယ်လို့ဆိုပါတယ်။
“ကျမဒီလိုလုပ်တာမကြိုက်ကြောင်းပြောပြတယ်။ ဒါပေမယ့် သူက ညီမတစ်ယောက်လိုသဘောထားတာလို့ပြောတယ်၊ နောက်ကျမအဲ့ဒီလိုပြောပြီးနောက် သူကကျမကိုသိပ်မကြည်တော့ဘူး။ အလုပ်ကိစ္စပြောရင်တောင် သူက ပြောချင်သလိုလို မပြောချင်သလိုလိုနဲ့ အလုပ်အတူတူလုပ်ရတာ စိတ်ကသိကအောက်ဖြစ်တယ်” လို့ သူက ဝမ်းနည်းစွာရင်ဖွင့်လာပါတယ်။
ကုန်စျေးနှုန်းမြင့်တက်မှုနဲ့ နိုင်ငံရေး ရှုပ်ထွေးမှုတွေကြား အလုပ်လက်မဲ့ဖြစ်ပါက အခက်အခဲများစွာ ဖြစ်တာကြောင့် စစ်ရေး ပဋိပက္ခဖြစ်ပွားနေတဲ့ မုံရွာမြို့နယ် ကျေးရွာတစ်ခုကနေ မန္တလေးမြို့သို့ လာရောက်အလုပ်လုပ်နေသူ ဖြစ်ပါတယ်။
သူ့အနေနဲ့ အလုပ်လက်မဲ့ဖြစ်သွားပါက နေရပ်သို့ ပြန်လည်း အဆင်မပြေသလို အဆောင်နေတဲ့အတွက်ဝင်ငွေမရှိရင်လည်း အခက်ကြုံရပြီး အလုပ်တည်မြဲဖို့နဲ့ ပုံမှန်ဝင်ငွေရှိဖို့ ဆုတောင်းနေရပါတယ်။
မြန်မာပြည်လုပ်ငန်းခွင် ဓလေ့အတွင်း Family type (မိသားစုပုံစံ) ဆိုတဲ့ စကားလုံးကို သုံးလေ့သုံးထရှိပြီး၊ ၎င်းအသုံးအနှုန်းက အမျိုးသမီးတွေကို ကာအိန္ဒြေပျက်ပြားအောင် နှောက်ယှက်ဖို့ အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်ဖို့အတွက် တွန်းအားပေးနေကြောင်း အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုကြပါတယ်။
၂၀၂၄ ခုနှစ်အတွင်း လူသိများခဲ့တဲ့ ပြဿနာတစ်ခုကတော့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ရဲ့ လုပ်ငန်းခွင်တွင်းမှာ အမျိုးသမီးဝန်ထမ်းကို လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်မှုကြောင့်တိုင်ကြားလာတဲ့ကိစ္စပဲဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး NUG က လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့် မဖွယ်မရာပြုမှုများမှကာကွယ်ခြင်းဥပဒေ (Protection of Sexual Exploitation and Abuse – PSEA)နဲ့ ရာထူးမှထုတ် ပယ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုက ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ ဘယ်အချိန်မဆို ကျူးလွန်နိုင်တဲ့လုပ်ရပ်တစ်ခုဖြစ်ပြီး အိမ်တွင်း၊ ကျောင်းနဲ့ လုပ်ငန်းခွင်တွေထဲမှာလည်း ဖြစ်နိုင်ကြောင်း အမျိုးသမီးတွေတရားမျှတမှုရရှိရေးအတွက် ဆောင်ရွက်နေတဲ့ Sister to Sister က သဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
ထိုပြစ်မှုကျူးလွန်သူတွေဟာ အထူးသဖြင့် အာဏာလက်ကိုင်ရှိသူ၊ စည်းစိမ်ရာထူးကြီးတဲ့သူတွေဖြစ်ကြပြီး လက်အောက်ငယ်သားတွေကို ကျူးလွန်ကြတာများကြောင်း သူကဆက်ပြောပါတယ်။
“အဲဒီဖြစ်စဥ်က ကျမတို့တော်လှန်ရေးကာလမှာ တပါတည်းတော်လှန်ရမယ့်ကိစ္စဖြစ်တယ်။ ဒီလုပ်ရပ်ကို ကျူးလွန်တဲ့သူက ဘာမှ မပြောပြလောက်တဲ့ ကျူးလွန်မှုလို့သူတို့ဘက်ကခံယူပေမယ့် ကျူးလွန်ခံရသူက တစ်သက်လုံး စိတ်ဒဏ်ရာထိ ခိုက်မှုတွေ ဖြစ်စေပါတယ်။ ဒီလိုကိုယ့်လက်ဝယ်မှာရှိတဲ့ ပါဝါကိုတလွဲသုံးတဲ့ လုပ်ရပ်ကနေပြီးလာတာဖြစ်တယ်၊ ဒါက နိုင်ငံရေးအရကြည့်ကြည့် တော်လှန်ရေးအရကြည့်ကြည့် နောက်ထပ်အာဏာရှင်တွေ ပေါ်လာနိုင်တဲ့ လမ်းစဖြစ်နေတယ်” လို့ သဉ္ဇာရွှန်းလဲ့ရည်က ဆိုပါတယ်။
လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ ဆက်လက်ပြုလုပ်နေကြခြင်းက စည်းမစောင့်တာ၊ ကျင့်ဝတ်သိက္ခာမစောင့်တာ ကျူးလွန်မှုတွေဖြစ်တိုင်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ကိစ္စနဲ့ ကျူးလွန်တဲ့သူတွေကို အားပေးအားမြှောက်လုပ်နေခြင်းကြောင့်ဖြစ် ကြောင်း နေရာတိုင်းအချိန်တိုင်းမှာ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း၊ စိတ်ပိုင်းစော်ကားနှောင့်ယှက်မှုဆိုင်ရာ လုပ်ရပ်တွေ အားလုံးကို ဆန့်ကျင်ပြီး၊ ကျူးလွန်ခံရပါက သည်းမခံရန် zero tolerance policy ချမှတ်သင့်ကြောင်းလည်း မသဉ္ဇာရွှန်းလဲရည်က ထောက်ပြပြောဆိုပါတယ်။
zero tolerance policy ဆိုတာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ ချိုးဖောက်ခြင်း၊ နိုင်ထက်စီးနင်းပြုလုပ်ခြင်းများကို လုံးဝ သည်းခံမည်မဟုတ်ဆိုတဲ့မူဝါဒဖြစ်ပြီး စစ်အာဏာမသိမ်းခင် ၂၀၂၁ခုနစ် အစောပိုင်းကာလတွင် အမျိုးသမီးရေးဆောင်ရွက် တဲ့အဖွဲ့အစည်း၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကလုပ်ငန်းခွင်အတွင်း အသုံးပြုရန်နှိုးဆော်မှု ပြုလုပ်ခဲ့ပါတယ်။
ထို့အပြင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့် မဖွယ်မရာပြုမှုများမှကာကွယ်ခြင်း (Protection of Sexual Exploitation and Abuse – PSEA)ကိုလည်း လုပ်ငန်းခွင်အတွင်း အသုံးပြုနိုင်ရန်အတွက်လည်း အမျိုးသမီးရေးဆောင်ရွက်တဲ့ အဖွဲ့အစည်း၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ကြိုးစားခဲ့ပါသေးတယ်။
အဓိကအားဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းများ (Humanitarian workers)အနေဖြင့် မိမိတို့မှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ တစ်ဆင့်ခံ၍ဖြစ်စေ ကူညီ၊ ထောက်ပံ့၊ကာကွယ်မှုပေးနေရသော ရပ်ရွာလူထု (အကျိုး ခံစား ခွင့်ရှိသူ)များအပေါ် အမျိုးမျိုးသော မသင့်လျော်သည့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့် လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုမူခြင်းများ ကျုးလွန်ခြင်း (သို့) ကျူးလွန်နိုင်ချေရှိသည့် အခြေအနေများမှ ကာကွယ်ခြင်းဖြစ်ပါတယ်။
“zero tolerance policy ကို အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ ကျောင်းတွေ၊ ရုံးတွေမှာ ထားဖို့လိုအပ်တယ်။ ဒါမှ နောက်ဆက်တွဲ အပြစ်ပေး အရေးယူမှုတွေရှိလာမယ်။ မဟုတ်ရင် နစ်နာသူတွေကအများကြီးနစ်နာပြီးအမျိုးသမီးတွေ ကိုယ့်အလုပ်ကနေ ထွက်သွားနိုင်တယ်။ ဒါမှမဟုတ် အသိုင်းအဝိုင်းကနေ ပျောက်ကွယ်သွားတဲ့အဆင့်ထိကိုထိခိုက်မှုနဲ့ သက်ရောက်မှုကြီးပါတယ်”လို့လည်း သူက ထပ်လောင်းဖြည့်စွက်ထောက်ပြခဲ့ပါတယ်။
ပုဂ္ဂလိကကုမ္ပဏီတွေ၊ အရောင်းဆိုင်တွေ သက်ဆိုင်ရာအာဏာပိုင်ရုံးတွေမှာ zero tolerance policy ကို မထားရှိသလိုလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ ကိစ္စနဲ့ပတ်သက်ပြီး စည်းမျဉ်း၊ စည်းကမ်းထုတ်ပြန်ထားတာတွေလည်းမရှိကြောင်း ထိုင်း နိုင်ငံ သွင်းကုန်ထုတ်ကုန် လုပ်ဆောင်တဲ့ကုမ္ပဏီပိုင်ရှင် အမျိုးသားတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ ကုမ္ပဏီဝန်ထမ်းတွေကို မိသားစုပုံစံနဲ့ အုပ်ချုပ်တယ်။ ထိန်းတယ်။ အမျိုးသမီးတွေကိုလည်း ကိုယ့်ညီမ၊ ကိုယ့်အစ်မလို သဘောထားဖို့ အတူတူလက်တွဲလုပ်ဖို့ပါပဲ။ ဒီလို ကာအိန္ဒြေပိုင်းနဲ့ ပတ်သက်ပြီးစည်းမျဉ်းစည်းကမ်း ထုတ်ထားတာ မရှိဘူး” လို့သူကပြတ်သားစွာ ပြောပါတယ်။
လုပ်ဖော်ကိုင်ဖက်အချင်းချင်း အထက်ရာထူးကြီးသူမှလက်အောက်ငယ်သားတွေကိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊ နောက် ကာအိန္ဒြေကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီးအရေးယူမှုမရှိကြောင်း၊ အချင်းချင်းကြားစနောက်တာတွေတော့ရှိကြောင်းအစသန် တဲ့အမျိုးသားတွေကိုလည်း ဝင်ထိန်းရကြောင်း ကုမ္ပဏီပိုင်ရှင်က ဆက်ပြောပါတယ်။
ထိုကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်တဲ့ The People’s Voice – ခမ်းသားငေါဝ်း အယ်ဒီတာချုပ် ခွန်ရာဇာ က “ကျနော်တို့မှာဂျန်ဒါပေါ်လစီ၊ All inclusive အားလုံးပါဝင်ဖို့ အတွက်ပေါ်လစီထုတ်ထားတယ်။ ရုံးအတွင်း အမျိုးသမီးတွေ ပေါ်လိင်ပိုင်းဆိုင်ရာကိစ္စ၊ ကာအိန္ဒြေထိကပါးရိကပါးကိစ္စတော့မရှိဘူး။ ဒါပေမယ့် ကျနော်တို့သတင်းထောက်အမျိုးသမီးတွေ ကို သူတို့သတင်းရင်းမြစ်ကနေပြီး နှုတ်နဲ့စနောက်တာတွေဖြစ်တာတော့ကြုံရတယ်။ ဒီကိစ္စကျတော့လည်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကာကွယ်နေရပါတယ်” လို့ ပြောပါတယ်။
လုပ်ငန်းခွင်မှာ မိသားစုပုံစံ (Family Type ) သွားပေမယ့် လုပ်ဖော်ကိုင်ဖက်ကြား မလေးစားတာတွေ၊ ကိုယ်ထိလက်ရောက် ဖြစ်တာဆိုရင် ရုံးပိုင်းမန်နေဂျာက ဝင်ရောက်ဖြေရှင်းကာ ပြင်းထန်စွာ အရေးယူကြောင်းလည်း ခွန်ရာဇာက ဆိုပြန်ပါတယ်။
လက်ရှိအချိန် စစ်အာဏာရှင်ကို တော်လှန်နေချိန်မှာ လိင်အမြတ်ထုတ်မှုတွေ ကျူးလွန်မှု၊ နိုင်ထက်စီးနင်းမှုတွေကို အမြစ် ဖြတ်ချိန် ဖြစ်ကြောင်းကျူးလွန်တဲ့သူတွေကိုလည်း ကြီးလေးတဲ့အပြစ်ပေး အရေးယူမှုတွေ ပြုလုပ်နိုင်ရန်လည်း အမျိုးသမီး ရေးတက်ကြွဆောင်ရွက်သူ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
“ကျမတို့အနေနဲ့ တိုင်ကြားဖို့အတွက် လမ်းဖွင့်ပေးစေချင်သလို အွန်လိုင်းမှာပဲဖြစ်ဖြစ် ရင်ဖွင့်လို့ရတဲ့ နေရာလိုချင်တယ်။ ဒီအချိန်ကာလမှာ ကျမတို့အနေနဲ့ တိုင်လို့မရဘူး။ အလုပ်ပြုတ်မှာလည်း ကြောက်နေရတယ်။ ကျမတို့ အရောင်းဝန်ထမ်းတွေ ကုမ္ပဏီမှာ လုပ်နေတဲ့သူတွေတိုင်ကြားနိုင်ဖို့အတွက် လမ်းဖွင့်ပေးစေချင်ပါတယ်” လို့ မစန္ဒီကတိုက်တွန်းတောင်းဆိုခဲ့ပါတယ်။