ဒေဝီ
နိုဝင်ဘာ ၂၀ ရက်နေ့က ကမ္ဘာတဝှမ်းလုံးမှာနေထိုင်ကြတဲ့ ဆန့်ကျင်ဘက်လိင်ပြောင်းလဲခံယူနေထိုင်သူတွေအပေါ်မှာ ကြုံတွေ့ ခံစားနေရတဲ့ ဖိနှိပ်မှုတွေ ညှင်းပန်းနှိပ်စက်မှုတွေ ပပျောက်စေဖို့ရည်ရွယ်ထားတဲ့ Transgender Day of Remembrance – TDOR လို့ခေါ်တဲ့ ဆန့်ကျင်ဘက်လိင်ပြောင်းလဲခံယူနေထိုင်သူတွေအတွက် အောက်မေ့ဖွယ်ရာနှစ်ပတ်လည်နေ့ဖြစ်ပါတယ်။
ဆန့်ကျင်ဘက်လိင်ပြောင်းလဲခံယူနေထိုင်သူတွေမှာ လူမှုရေးဆိုင်ရာပြသနာတွေ၊ ကျန်းမာရေးလိုအပ်ချက်တွေ၊ ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကို ကမ္ဘာတဝှမ်းမှာ ကြုံတွေ့ရတဲ့နည်းတူ မြန်မာနိုင်ငံမှာလည်း ကြုံတွေ့ရပြီး အထူးသ ဖြင့်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆန့်ကျင်ဘက်လိင် ပြောင်းလဲနေထိုင်သူတွေအပါအဝင် လိင်စိတ်ခံယူမှုကွဲပြားသူတွေအပေါ် ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှု၊ နှိပ်စက်ညှင်းပန်းမှုတွေ ပိုကြုံတွေ့ရပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ လိင်စိတ်ခံယူမှုကွဲပြားသူတွေက ဆန္ဒပြလှုပ်ရှားမှုကစလို့ လက်နက်ကိုင်တိုက်ပွဲဝင်တာ၊ ထောက်ပို့နဲရန်ပုံငွေရှာဖွေတာ စတဲ့နည်းလမ်းမျိုးစုံနဲ့ပါဝင်ခဲ့ကြသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အမျိုးမျိုးသောညှင်းပန်း နှိပ်စက်မှုတွေ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုတွေသူတို့ရဲဖြစ်တည်မှုအခြေအနေတွေအပေါ် နှိမ့်ချစော်ကားမှုတွေကို ဆိုးဆိုးရွားရွားရင်ဆိုင်နေရတယ်လို့ လိင်စိတ်ခံယူမှုကွဲပြားသူတွေကပြောပါတယ်။
“Transgender(ဆန့်ကျင်ဘက်လိင်အဖြစ်နေထိုင်သူ)တွေအနေနဲ့ စစ်တပ်က မတရားဖမ်းဆီးခံရပြီဆိုရင် ပိုပြီးတော့ သာမန် ယောကျာ်းလေး မိန်းကလေးတွေထက်ပိုတဲ့ နှိပ်စက်မှုပေါင်းများစွာနဲ့နှိပ်စက်ခံရတာ” လို့ Transgender တစ်ဦးဖြစ်တဲ့ အတာက ပြောပါတယ်။
တော်လှန်ရေးမှာကြွေလွင့်ခဲ့ရတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေ
စစ်အာဏာသိမ်းရန်ကြိုးပမ်းစဉ်ကာလအတွင်းမှာ လိင်စိတ်ခံယူမှုကွဲပြားသူတွေ ၈၅ ဦး ထက်မနည်းဖမ်းဆီးခံထားရပြီး ၁၇ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၂ ခုနှစ် မေလမှာ ထုတ်ပြန်ထားပါတယ်။ ဒါကအာဏာ သိမ်းဖို့ကြိုးပမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာထုတ်ပြန်ခဲ့တာဖြစ်တဲ့အတွက် လက်ရှိအချိန်မှာဖမ်းဆီးခံရ၊ သေဆုံးရတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ အရေအတွက်က ပိုများနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်ကိုင်းတိုင်းမုံရွာ အမှတ် (၁) ရဲစခန်းအချုပ်ခန်းမှာ ဖမ်းဆီးခံထားရတဲ့ LGBT တစ်ဦးရဲစခန်း အချုပ်ခန်းမှာ ဖိနှိပ်စော်ကားခံရသလို ရိုက်နှက်နှိပ်စက်ခံရတာကြောင့် သေဆုံးခဲ့ပါတယ်။
ထို့အပြင်ထောင်ဒဏ် ၉၆ နှစ် ကျခံထားရတဲ့ အသက် ၂၄ နှစ် အရွယ်နိုင်ငံရေးအကျဉ်းသားဖြစ်သူ ရဲရင့်ကိုကသူနဲ့ တတိုက်ထဲထားထားတဲ့ သေဒဏ်ကျအကျဉ်းသားပြူးကြီးဆိုသူရဲ့ အဓမ္မပြုကျင့်ခြင်းကိုခံရပါတယ်။
တော်လှန်ရေးမှာပါဝင်နေတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေကို ဖမ်းဆီးစစ်ဆေးချိန်ကတည်းက ဆန့်ကျင်ဘက်လိင်လိုဝတ်ဆင်ထားလည်း အမျိုးသားကဲ့သို့ပြောင်းလဲဝတ်ဆင်စေတာ၊ သူတို့ရဲ့ဖြစ်တည်မှုကိုလှောင်ပြောင်နှိမ့်ချတာ၊ စစ်ကြောရေးမှာလိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်တာ အကျဉ်းထောင်အတွင်းမှာလည်း ထောင်ဝန်ထမ်းတွေဖြစ်စေ အကျဉ်းသားအချင်းချင်းဖြစ်စေလိင်ပိုင်းဆိုင်ရာထိပါးစော်ကားတာ၊ လိင်ပိုင်းဆိုင်ရာပြုကျင့်ခံရတာတွေလည်းကြုံတွေ့ရတယ်လို့ လွတ်မြောက်လာ သူတွေကပြောပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတစ်ဦးကို ဖမ်ဆီးတဲ့အခါ ရိုက်နှက်နှိပ်စက်ရုံမက အဝတ်အစားတွေချွတ်ပြီး လူလည်ခေါင်မှာပြသပြီးအရှက်ခွဲတာ၊ နှစ်ရှည်ထောင်သွင်းအကျဉ်းချမှုတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ၊ လူ့ဂုဏ်သိက္ခာကျဆင်းစေတဲ့အထိ နှိပ်စက်ခံရမှုတွေ ကြုံတွေ့နေရပါတယ်။
“ခေတ်မှီတိုးတက်ပြီး နိုင်ငံတကာအနေနဲ့ အစစအရာရာသာလွန်တဲ့အနေအထားမျိုးမှာတောင် အကြမ်းဖက်ခြင်းကိုခံရတာ မြန်မာနိုင်ငံမှာ Transgender တွေကိုပိုပြီးတော့မှပဲ အကြမ်းဖက်တာတွေဖိနှိပ်တာတွေ အများကြီးကိုရှိပါတယ်။ အာဏာသိမ်း ပြီးနောက်မှာလည်း နိုင်ငံရေးမှာ တက်ကြွစွာနဲ့ပါဝင်လာလို့ စစ်ကောင်စီရဲ့ ညှင်းပန်းနှိပ်စက် အကြမ်းဖက်တာတွေအများ ကြီးရှိခဲ့ပါတယ်”လို့ LGBT တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ နဝရတ်အောင်အောင်ကပြောပါတယ်။
သူကိုယ်တိုင် တော်လှန်ရေးမှာ ပါဝင်တဲ့အတွက်ကြောင့်စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီးအပြင်းအထန်ညှင်းပန်းနှိပ်စက်ခံရတာ၊ စစ်ကြောရေးမှာလည်း လိင်အမြတ်ထုတ်တာတွေကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
“တော်လှန်ရေးနဲ Transgender တွေကမသက်ဆိုင်ဘူးဆိုပြီး ပါဝင်လာတဲ့အခါမှာလည်းဖမ်းဆီးခံရတာ၊ အပြင်းအထန်ညှင်း ပန်းနှိပ်စက်တာ စစ်ကြောရေးကိုရောက်တဲ့အခါမျိုးမှာလည်း လိင်အမြတ်ထုတ်တာ ရင်သားတွေကိုဆေးလိပ်မီးနဲ့ထိုးတာ၊ စအိုထဲကိုပုလင်းနဲ့ထိုးတာ အကြမ်းဖက်ဆက်ဆံခံရတာတွေကြုံခဲ့ရတာ”လို့ နဝရတ်အောင်အောင်ကပြောပါတယ်။
ခေတ်အဆက်ဆက် ခွဲခြားခံ လိင်စိတ်ခံယူမှုကွဲပြားသူများ
မြန်မာနိုင်ငံမှာ လိင်စိတ်ခံယူမှုကွဲပြားသူတွေနဲ့ ပတ်သက်လို့သူ့ရဲ့ ဖြစ်တည်မူတွေအပေါ် ဖုံးကွယ်ထားခြင်းမရှိဘဲ ရဲရဲရင့်ရင် လက်ခံလာတာတွေရှိပေမယ့် နေရာအချို့မှာတော့ဖိနှိပ်ခံရတာတွေရှိနေဆဲဖြစ်တယ်လို့ Dawei LGBT Community ဦးဆောင်သူတစ်ဦးဖြစ်သူ ဆူနာမီကပြောပါတယ်။
မိသားစုနဲ့ ပတ်ဝန်းကျင်ကစလို့ကျောင်းစာသင်ခန်း၊ အလုပ်ခွင်စသဖြင့် ခွဲခြားဆက်ဆံတာတွေကြုံရသလို ဆန့်ကျင်ဘက်လိင်လိုပြောင်းလဲခံယူနေထိုင်သူတွေမှာ အလုပ်အကိုင်နယ်ပယ်ခွဲခြားခံရတာ၊ ဥပဒေအကာကွယ်မရှိတာ၊ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်း ဆိုင်ရာထိခိုက်တာတွေ ကြုံတွေနေရတယ်လို့ သူကဆက်ပြောပါတယ်။
“မြန်မာနိုင်ငံက LGBT တွေကို ပြည့်ပြည့်ဝဝလက်ခံထားတာမျိုးလည်းမရှိဘူး။ ဥပဒေအရ အကာအကွယ်လည်းမရှိသေးဘူး” လို့ ဆူနာမီကဆိုပါတယ်။
“Transgender တွေအလှပြင်လုပ်ငန်းနဲ့ ဆက်စပ်တဲ့လုပ်ငန်တွေဖွင့်တာ ဆံပင်ပန်းအလှပြင်စတာတွေမှာလုပ်ရင်လုပ် မဟုတ်ရင်အဆင်မပြေဘူး။ တချို့သော စျေးရောင်းသလိုနေရာမျိုးမှာရောင်းတဲ့သူတွေဆိုလည်း LGBT ဆိုခွဲခြားဆက်ဆံတာနိုင် ထက်စီးနင်းလုပ်တာတွေ ကြုံရတယ်။”လို့ နဝရတ်အောင်အောင်က ဆက်ပြောပါတယ်။
ဆန့်ကျင်ဘက်လိင်ကဲ့သို့ပြောင်းလဲဝတ်ဆင်တဲ့အခါ ပတ်ဝန်းကျင်ရဲ့ လက်မခံနိုင်တဲ့အမြင်ကို ယခင်ကတည်းက ယခုထိကြုံ တွေ့နေရပြီး ဆန့်ကျင်ဘက်လိင်လိုပြောင်းလဲဝတ်ဆင်တဲ့အခါ ပျက်ရယ်ပြုစရာ လှောင်ပြောင် ရယ်မောစရာအဖြစ် ရှုမြင်နေ သေးတာကိုလည်းကြုံတွေ့ရတယ်လို့ သူကပြောတယ်။
“ပတ်ဝန်းကျင်မှာလူကိုမြင်ရင် စနောက်ချင်တာမျိုး ရယ်ချင်လှောင်ချင်တဲ့လူတစ်ယောက်လို့မြင်တယ်၊ လူထဲကလူသားတစ် ယောက်လို့ မမြင်နိုင်ဘဲကိုယ့်ကိုမြင်ရင် ရယ်စရာသတ္တဝါတကောင်လို လှောင်ပြောင်ချင်တာမျိုး”လို့ နဝရတ်အောင်အောင်က ပြောပါတယ်။
ခွဲခြားဆက်ဆံမှုတွေကြား အာဏာရှင်ကိုတွန်းလှန်နေဆဲ လိင်စိတ်ခံယူမှုကွဲပြားသူတွေ
လိင်စိတ်ခံယူမှုကွဲပြားသူတွေက ခေတ်အဆက်ဆက် ဖိနှိပ်ခွဲခြားဆက်ဆံခံရပေမယ့်စစ်အာဏာသိမ်းဖို့ ကြိုးပမ်းပြီးနောက် အာဏာရှင်ကိုတော်လှန်တဲ့ကာလမှာ အယူအဆအမြင်အချို့ ပွင့်လင်းလာကာ လိင်စိတ်ခံယူမှုကွဲပြားသူတွေအပေါ်အမြင်တွေ ပြောင်းလဲလက်ခံနိုင်တဲ့ အတိုင်းအတာတော့ ရှိလာပေမယ့် အနည်းအကျဉ်းပဲဖြစ်နေသေးတယ်လို့ ဆူနာမီကဆိုပါတယ်။
“ကျမတို့ LGBT တွေရဲ့ ဖြစ်တည်မူကိုလက်ခံတယ်ဆိုတဲ့သူတွေက ပြင်ပစကားပဲရှိတာတကယ်တော့ ကျမတို့ LGBT တွေ အပေါ် ရည်ရွယ်ချက်ရှိရှိလှောင်ပြောင်မူတွေ အခုချိန်ထိလူတွေကြားထဲမှာ တွေမြင်နေရတုန်းပါ”လို့ဆူနာမီကပြောပါတယ်။
မြန်မာနိုင်ငံက ဖိုဝါဒကြီးစိုးတဲ့နိုင်ငံဖြစ်တဲ့အတွက် အမျိုးသမီးတွေတောင် အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး အပြည့်အဝရဖို့ ကြိုးစားနေရချိန်၊ LGBT တွေအတွက် အခွင့်အရေးရဖို့ဆိုတာ နည်းပါနေသေးတယ်လို့ အတာကလည်းဆိုပါတယ်။
“အမျိုးသမီးတွေတောင် တန်းတူဖြစ်ခွင့်မရသေးချိန်မှာ LGBT တွေအတွက်ရှားပါသေးတယ်၊ ဒါပေမယ့် စစ်အာဏာသိမ်းပြီး နောက်ဘယ်လောက်ပဲဖိနှိပ်ခံရ LGBT တွေကိုအများကြီးအမြင်တွေ ပြောင်းလက်ခံလာနိုင်တဲ့အတိုင်းအတာတွေတော့ ရှိလာတယ်။”လို့အတာကဆက်ပြောပါတယ်။
Transgenderတွေရဲ့စိန်ခေါ်မှုတွေ
လိင်စိတ်ခံယူမှုကွဲပြားသူတွေမှာ စစ်အာဏာရှင်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုတွေအပြင် ကျန်းမာရေးဆိုင်ရာ ပြသနာတွေလည်း ကြုံရပါတယ်။
အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ဆန့်ကျင်ဘက်လိင် ပြောင်းလဲခံယူနေထိုင်တဲ့အခါ ပြင်ပပုံသဏ္ဍန် အသွင်ပီပြင်စေဖို့ ဟော်မုန်းဆေးဝါးတွေ သုံးစွဲကြတာတွေလည်းရှိပါတယ်။ ဒီဆေးဝါးတွေကလည်းစစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်လာတဲ့နောက်ပိုင်းမှာ ဟော်မုန်းနဲ့ပတ်သတ်တဲ့ကုသမှုတွေဆေးဝါးတွေက မြန်မာနိုင်ငံအနေနဲ့ အကူအညီမရတာ လက်လှမ်းမမှီတာတွေ ကြုံလာရတဲ့အတွက်ခက်ခဲလာတယ်လို့ဆိုပါတယ်။
“Transgenderတွေအနေနဲ့ ဒါကအများကြီးဒုက္ခကြုံတွေ့နေရတာဖြစ်တယ်၊ ဟော်မုန်းနဲ့ပတ်သတ်တာတွေလည်း အရေးကြီးပါတယ်၊ ကိုယ့်ဟာနဲ့ကိုယ် ဆေးမြီးတိုတွေနဲ့ဟော်မုန်းပြောင်းလဲနေရတာမျိုးတွေ အများကြီးကြုံတွေ့နေရတယ်”လို့အတာက ပြောပါတယ်။
ထို့အပြင်ဆန့်ကျင်ဘက်လိင်ပြောင်းလဲခံယူ နေထိုင်သူတွေမှာ ခွဲခြားဆက်ဆံခံရတာ အကြမ်းဖက်နှိပ်စက်ခံရတာတွေအပြင် ကိုယ့်ဖြစ်တည်မှုကို ကာကွယ်ပေးတဲ့ဥပဒေတွေရှိဖို့လိုပြီး လူနည်းစုတစ်စုကိုအခြေပြုထားတဲ ပုဒ်မ ၃၇၇ ကိုဖျက်သိမ်းဖို့ လည်းလိုအပ်နေသေးတယ်လို့ ဆူနာမီကဆိုပါတယ်။
ဓမ္မတာနဲ့ ဆန့်ကျင်သောပြစ်မှု ပုဒ်မ ၃၇၇ က ယောကျာ်းနှင့်ဖြစ်စေ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ မည်သူမဆိုမိမိအလို အလျောက်ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင် ထိုသူကို တသက်တကျွန်းဖြစ်စေ ဆယ်နှစ်အထိထောင်ဒဏ် ဖြစ်စေချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်လို့ ဖော်ပြထားပါတယ်။
ဒီအခက်အခဲ စိန်ခေါ်မှုတွေကစစ်အာဏာရှင်ရဲ့အကြမ်းဖက်ဖိနှိပ်မှုတွေကနေ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြသနာတွေ ဖြစ်တယ်လို့ အားလုံးကယူဆထားကြပါတယ်။
လိင်စိတ်ခံယူမှုကွဲပြားမှုတွေကြောင့် စစ်ကောင်စီလက်ချက်နဲ့အသက်ဆုံးရှုံးခဲ့ရသူတွေကို အောက်မေ့သတိရပြီး အကြမ်းဖက်နှိပ်စက်မှုတွေ ပပျောက်ဖို့အာဏာရှင်စနစ်အမြစ်ပျက်ရေးအတွက် အားလုံး ပါဝင်ဖို့လိုတယ်လို့ ဆိုကြပါတယ်။
စစ်အာဏာရှင်ကိုတော်လှန်တဲ့ခရီးမှာလည်း အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်သွားသူတွေ၊ ထောင်သွင်းအကျဉ်းကျခံရဖိ နှိပ်ခံရသလို စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသွားရသူတွေ အများအပြားရှိခဲ့ပြီး လိင်စိတ်ခံယူမှုကွဲပြားသူတွေအား လုံးအကြမ်းဖက်ခံရခြင်းက ကင်းဝေးဖို့ ဆန္ဒပြုတယ်လို့နဝရတ်အောင်အောင်က ပြောပါတယ်။
“အကျဉ်းထောင်အတွင်း LGBT တွေလည်း အကြမ်းဖက်ခံရခြင်းရန်ကကင်းဝေးပါစေ၊ အမြန်ဆုံးလွတ်မြောက်ပါစေ၊ သေဆုံးသွားတဲ့သူတွေက ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးဘဝဆိုးမျိုး မကြုံတွေ့ပါစေနဲ့ လူကို လူလိုသိတဲ့ နိုင်ငံမှာ လူပြန်ဖြစ်ပါစေ”လို့ နဝရတ်အောင်အောင်ကဆိုပါတယ်။