ခင်ဘုန်းမို့
“အမျိုးသမီးနဲ့ ကလေးတွေ ကျန်းမာလှပမှ အနာဂတ်ဟာလှပနိုင်မယ်”လို့ ယုံကြည်နေသူ တစ်ဦးရှိပါတယ်။ သူကတော့ ကရင်နီစစ်ရှောင်စခန်းတွေမှာလူသားချင်းစာနာထောက်ထားမှုနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေဆောင်ရွက်နေတဲ့ လင်းနီဇိုလို့ခေါ်တဲ့ အမျိုးသမီးငယ်တစ်ဦး ဖြစ်ပါတယ်။
အမှောင်ခေတ်မှာမွေးပြီး အမှောင်ခေတ်မှာကြီးခဲ့ရတဲ့ လင်းဟာ လူငယ်တစ်ယောက်အနေနဲ့ အရွယ်ရောက်ချိန် ကာလတွေမှာ ခေတ်အပြောင်းအလဲအနည်းငယ်နဲ့ စနစ်ကောင်းခံနီးဆဲဆဲကာလကိုမှီခဲ့ပါတယ်။ ကိုယ်တိုင်စာအုပ်တွေဖတ်၊ နိုင်ငံခြားခရီးတွေထွက်ရင်း ကိုယ့်နိုင်ငံအခြေအနေဘယ်လောက်ဆိုးရွားနိမ့်ကျနေလဲ၊ စနစ်ဆိုးတွေက ဘယ်လောက်တောင်ဝါးမြိုခဲ့လဲဆိုတဲ့အကြောင်းတွေကိုနားလည်ခဲ့ပါတယ်။
ကိုယ့်ခေတ်မှာ စနစ်တော့ကောင်းပြီကံကောင်းပြီလို့ဆိုကာဝမ်းသာနေစဉ်မှာပဲ စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုနဲ့ကြုံရပြန်တော့ ဘယ်လိုမှလက်မခံနိုင်တော့ဘဲ တော်လှန်ရေးတာဝန်တွေကိုပခုံးထမ်းခဲ့ပါတယ်။ စစ်အာဏာ မသိမ်းခင်ကဆေးကျောင်းသူတစ်ဦးဖြစ်ခဲ့တဲ့ လင်းဟာစစ်အာဏာသိမ်းလိုက်တဲ့အခါမှာ CDM လုပ်ပြီး ကျောင်းဆက်မတတ်တော့ဘဲ ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပါတယ်။
အရင်ကတည်းက လူမှုရေးလုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေမှာတတ်ကြွခဲ့တဲ့လင်းဟာ လက်နက်ကိုင်ခုခံစစ် တွေစတင်လာချိန်မှာ မြို့ကြီးကိုစွန့်ခွာပြီး စစ်ရှောင်စခန်းတွေဆီအခြေချကာသင်ယူထားတဲ့ဆေးပညာနဲ့ ဆေးကုသမှုတွေစတင်ဆောင်ရွက်ခဲ့ပါတယ်။ ကရင်နီကိုရောက်တဲ့အခါမှာ စီနီယာအကို၊ အမတွေနဲ့ စုပေါင်းပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို တောက်လျှောက်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ Hope for Burma ဆိုတဲ့ အဖွဲ့လေးကို တွဲဖက်တည်ထောင်သူအနေနဲ့ ဦးစီးတည်ထောင်ပြီး စစ်ဘေးရှောင်တွေကို အဓိက ကူညီခဲ့ပါတယ်။ သူ့အနေနဲ့အဓိကရည်ရွယ်တာကတော့ အမျိုးသမီးတွေရဲ့ကျန်းမာရေးလည်း ပါဝင်ပါတယ်။ Hope for Burma ဟာ စစ်ဘေးရှောင်တွေရဲ့ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ ပညာရေး၊ ကျန်းမာရေးတွေ အတွက်ကူညီဆောင်ရွက်ပေးပါတယ်။ စစ်ဘေးရှောင်စခန်းက ပြည်သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေအတွက် အစားအစာထောက်ပံ့တဲ့အစီစဉ်တွေ၊ နေထိုင်ရေးအတွက်လုံခြုံတဲ့ အမိုးအကာရရှိရေး၊ နေ့စဉ်ရှင်သန်ဖို့လိုအပ်တဲ့ အသုံးစရိတ်တွေအတွက် လိုအပ်တာတွေ ကူညီပေးတဲ့ လှုပ်ရှားမှုတွေဆောင်ရွက်ပါတယ်။
ပထမဦးဆုံးလှုပ်ရှားမှုအနေနဲ့ စစ်ရှောင်စခန်းတွေမှာ တစ်ဝက်ဈေးဆိုင်လေးတွေစဖွင့်ခဲ့ပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ တစ်နှစ်ကျော်လှုပ်ရှားရင်း စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တွေကို ကိုယ်တိုင်သိရှိလာတဲ့အတွက် တစ်ဝက်ဆိုင်ဖွင့်ဖို့ စိတ်ကူးရခဲ့တာပါ။
သူတို့အနေနဲ့အရင်ကတည်းက စစ်ဘေးရှောင်စခန်းတွေကို တစ်ပတ် (သို့) နှစ်ပတ်တခါ ရိက္ခာထောက်ပံ့ဖို့သွားလေ့ရှိပါတယ်။နောက်ပိုင်းမှာတော့ စစ်ဘေးရှောင်တွေများလာတဲ့အပြင် ကုန်ဈေးနှုန်းကြီးလာတာ၊ အလှူငွေအရ နည်းလာတာ၊ အလှူရှင်တွေနည်းပါးလာတာတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ဒုက္ခတွေ့ကြရပါတယ်။ စစ်ဘေးရှောင်တွေအနေနဲ့ရရာအလုပ်တွေလုပ်နေကြပေမယ့် တစ်ရက်ဝင်ငွေ၊ တစ်ထောင်၊ နှစ်ထောင်က လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေဝယ်ဖို့မလောက်ငှပါဘူး။ တစ်ဝက်ဆိုင်မှာ ဘယ်ပစ္စည်းမဆို တစ်ဝက်ဈေးနဲ့ ဝယ်ယူရနိုင်မှာပါ။ တစ်ဝက်ဆိုင်မှာအဓိကအနေနဲ့ စားနပ်ရိက္ခာတွေ၊ တစ်ကိုယ်ရည် အသုံးအဆောင်တွေ၊ ကလေးပစ္စည်းနဲ့ စာရေးကိရိယာတွေ အဓိကရောင်းချပေးပါတယ်။
“ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်နို့တိုက်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေရဲ့ မရှိလို့မစားရ၊ မစားရလို့အာဟာရချို့တဲ့တာတွေကိုလည်း တခါထဲဖြေရှင်းပေးချင်လို့ပါ”လို့ လင်းကဆိုပါတယ်။
စစ်ဘေးရှောင်စခန်းတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းရှားပါးမှုပြဿနာကိုလည်း ဒီတစ်ဝက်ဆိုင်လေးက အထိုက်အလျောက်ဖြေရှင်းပေးနိုင်တယ်လို့ လင်းကယုံကြည်ပါတယ်။
အလှူရှင်မလာလို့ ရိက္ခာပြတ်နေတဲ့အချိန်၊ အပြင်အလုပ်တွေလုပ်ထားလို့လက်ထဲ ပိုက်ဆံရှိပေမယ့် အပြင်ကဝယ် ဖို့မလောက်တဲ့ အခြေအနေတွေကို တစ်ဝက်ဆိုင်ကဖြေရှင်းပေးနေပါတယ်။ စစ်ဘေးရှောင်စခန်းက လူငယ် တွေ အတွက် ပညာရေးအခွင့်အလမ်းတွေ၊ အသက်မွေးဝမ်းကျောင်းအတွက် ရေရှည်ရပ်တည်လို့ရအောင် အခြေခံ လျှပ်စစ်ကျွမ်းကျင်သင်တန်းလေးတွေလည်း မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူဖွင့်လှစ်ထားပါတယ်။ လက် ရှိမှာတော့ အလုပ်မအားလပ်တာရော ရန်ပုံငွေမလုံလောက်တာတွေကြောင့် ဒီလှုပ်ရှားမှုကိုခဏရပ်ထားပါတယ်။
ကျန်းမာရေးနဲ့ ပတ်သက်တဲ့အပိုင်းမှာလည်း ကိုယ်တိုင်ဦးစီးပြီး ကရင်နီမှာရှိကြတဲ့ ဆေးရုံတွေ ဆေးခန်းတွေသွေးကို အချိန်မီလိုအပ်တဲ့အချိန်မှာရနိုင်အောင် “မျှော်လင့်ခြင်း သွေးလှူဘဏ်”လို့ ခေါ်တဲ့ ကရင်နီရဲ့ ပထမဦးဆုံးသွေး လှူဘဏ်ကို တည်ထောင်ထားပါတယ်။
ဒါ့အပြင် ကရင်နီသားဖွားဆရာမများ အဖွဲ့အစည်းနဲ့ Hope For Burma ပူးပေါင်းပြီး မိခင်နှင့်ကလေးစောင့်ရှောက် ရေးစင်တာ မုဒြာကိုတည်ထောင်ထားပါတယ်။ စစ်ဘေးရှောင်စခန်းမှာ ဖြစ်သလိုမွေးပြီး နောက်ဆက်တွဲတွေနဲ့ သေဆုံးသွားရတဲ့မိခင်နဲ့ကလေးတွေ၊ သားဆက်ခြားခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်းအတွက် ညီမျှတဲ့အခွင့်အရေးမရ တဲ့အမျိုးသမီးတွေ၊ ဆေးရုံကြီးတွေဆီလာဖို့ အခက်အခဲရှိတာတွေစတဲ့ မိခင်နဲ့ကလေးတွေရဲ့အခက်အခဲတွေ နည်းပါးလာစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာလို့ လင်းကဆိုပါတယ်။
လင်းကိုယ်တိုင်လည်း စင်တာဖြစ်မြောက်လာဖို့ ပံ့ပိုးကူညီပေးဖြစ်ခဲ့ပါတယ်။ လင်းဟာ Hope For Burma ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ၊ လုပ်ငန်းစဉ်တော်တော်များများကို ဦးစီးဆောင်ရွက်နေတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
ကိုယ်တိုင်လည်း အမျိုးသမီးတစ်ဦးဖြစ်သလိုဆေးပညာနယ်ပယ်က အမျိုးသမီးတစ်ဦးဖြစ်တဲ့အတွက် စစ်ဘေးရှောင်စခန်းမှာနေကြတဲ့ အမျိုးသမီးတွေ၊ ရဲဘော်တွေရဲ့အမျိုးသမီးတွေ သူတို့တွေရဲ့ကျန်းမာရေးနဲ့ ဆိုင်တဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ၊ အရွယ်ရောက်ပြီးသားအမျိုးသမီးရနိုင်တဲ့လိင်မျိုးပွားခြင်းဆိုင်ရာအခွင့်အရေးတွေ ကိုယ်ဝန်သည်၊ အိမ်ထောင်သည် အမျိုးသမီးတွေရနိုင်မယ့် မိသားစုစီမံကိန်းတွေ၊ သားဆက်ခြားတာတွေနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကိုတက်နိုင်သလောက် လုပ်ဆောင်နေပါတယ်။
စစ်ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသမှာရှင်သန်နေထိုင်ကြရတဲ့ အမျိုးသမီးတွေရဲ့အခြေအနေဟာ ထင်ထားတာထက် အများကြီးပိုခက်ခဲပါတယ်။ သူရောက်နေတဲ့ဒေသဟာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေနဲ့ ပတ်သက်ပြီးအင်မတန်မှ အကဲဆတ်တဲ့ဒေသဖြစ်တဲ့အတွက် အမျိုးသမီးတွေအနေနဲ့ ရှင်သန်ရတာ မလွယ်ကူလှပါဘူး။ အခုလိုစစ်ဖြစ်နေ တဲ့ကာလမှာပိုလို့တောင်ဆိုးပါသေးတယ်။ အမျိုးသမီးတွေကို ခွဲခြားတာမျိုးမဟုတ်ပေမယ့် သူတို့ရဲ့သတ်မှတ်ထားတဲ့စည်းဘောင်တွေအရကိုက အမျိုးသမီးတစ်ဦးဖြစ်ရခြင်းက အထိုက်အလျောက် အခက်အခဲဖြစ်စေတာလို့ လင်းကပြောပါတယ်။
စစ်ဘေးရှောင်နေရတဲ့အတွက် ရေချိုးတဲ့နေရာ၊အိမ်သာတွေကို စုပေါင်းသုံးရတာ၊ ဆယ်ပေပတ်လည် အခန်းတွေ နဲ့နေကြရတာ၊ အရွယ်ရောက်ပြီးသား မိန်းကလေးတွေအနေနဲ့ရော၊ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေ အနေနဲ့ပါအမျိုးသမီးတိုင်း ရသင့်ရထိုက်တဲ့ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာလုံခြုံမှုတွေမရရှိကြပါဘူး။ စစ်ရှောင် ကိုယ် ဝန်ဆောင်အမျိုးသမီးတွေမှာ သားဆက်ခြားတာနဲ့ပတ်သက်တဲ့ အခွင့်အလမ်းနဲ့ အမျိုးသမီးတစ်ယောက် ရသင့်ရထိုက်တဲ့ ဆုံးဖြတ်ခွင့်တွေ ပြည့်ပြည့်ဝဝမရနေကြတာမျိုးလည်းတွေ့ရတယ်လို့ လင်းကသူ့အတွေ့အကြုံကို ပြောပြပါတယ်။
စစ်ရှောင်ရင်း ကိုယ်ဝန်ရှိတာဖြစ်တဲ့အတွက် အာဟာရပိုင်းမပြည့်မှီတာတွေ၊ ကနဦးကိုယ်ဝန်သည်စောင်ရှောက်မှု၊ ဆေးရုံဆေးခန်းတွေ ရှိတယ်ဆိုပေမယ့်လည်း ဆေးရုံဆေးခန်းတွေက ရှိသမျှလူဦးရေကို အပြည့်အဝထောက်ပံ့ မပေးနိုင်တာ၊ ပေးနိုင်တဲ့နေရာကိုသွားဖို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာစတဲ့ အခြေအနေတွေနဲ့ ရှင်တွဲနေထိုင်ကြရပါတယ်။
“နောက်ဆက်တွဲအနေနဲ့ အခုနှစ်ပိုင်းတွေမှာဆို လမစေ့ပဲ ကိုယ်ဝန်စောမွေးတာမျိုးတွေ၊ မွေးလာတဲ့ကလေးတွေ ပေါင်ချိန်မပြည့်တာမျိုးတွေ၊ မိခင်ရောကလေးရော အသက်သေနှုန်း မြင့်တက်လာတာတွေတွေ့ရတယ်”လို့ လင်းကဆက်ပြောပါတယ်။
ဒီလိုအခြေအနေတွေ အတက်နိုင်ဆုံးလျော့နည်းသွားစေဖို့အတွက် လင်းဟာကရင်နီဒေသက အမျိုးသမီးတွေကို ကျန်းမာရေးရှု့ထောင့်ကနေချည်းကပ်ပြီးတော့ အမျိုးသမီးတစ်ယောက် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ၊ အကြမ်းဖက်မှုတွေအကြောင်း၊ နှောင့်ယှက်မှုတွေအကြောင်းစတဲ့အကြောင်းအရာတွေကို နားဝင်စေမယ့်အနူးညံ့ ဆုံးစကားလုံးလေးတွေနဲ့ ဘာသာရေးအရလည်းလက်ခံလို့ရမယ့်စကားလုံးလေးတွေနဲ့ပြောဆိုတာမျိုးတွေပြုလုပ်ခဲ့ရပါတယ်။
ဒီနယ်မြေကိုရောက်ရောက်ချင်းမှာ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တာတွေ၊ ကျန်းမာရေးအသိပညာပေးမျှ ဝေတာတွေလုပ်တဲ့အခါ နှင်ထုတ်ခံရတာမျိုးတွေအထိကြုံတွေ့ဖူးပါတယ်။
အမျိုးသမီးတွေရဲ့ ကျန်းမာရေးအကြောင်း၊ ကိုယ်ဝန်ဆောင်ကျန်းမာရေး၊ သားဆက်ခြားတာနဲ့ ပတ်သက်တဲ့အကြောင်းတွေ အသိပညာပေးဟောပြောတဲ့အခါမှာ ဘာစကားတွေလာပြောနေတာလဲမသိဘူး ဆိုပြီးနှင်ထုတ် ခံရတာမျိုးတွေ ကြုံတွေ့ခဲ့ရတယ်လို့လင်းကဆိုပါတယ်။
နောက်ပိုင်းမှာ သူတို့ရဲ့ ရိုးရာဓလေ့တွေ၊ဘာသာရေးယုံကြည်ချက်တွေက ဘယ်လိုရှိတယ်ဆိုတာ အသေးစိတ် လေ့လာချည်းကပ်ပြီးမှ လုပ်ဆောင်ခဲ့ရတယ်လို့ပြောပါတယ်။
“သူတို့ရဲ့ ရိုးရာဓလေ့တွေက ဘယ်လိုရှိလဲဆိုတာအသေးစိတ်လေ့လာရတယ်။ သူတို့ရဲ့ဘာသာရေးအရ လွှမ်းမိုးမှုနဲ့ ဘာသာရေးအရ ယုံကြည်ချက်တွေကဘယ်လိုရှိတယ်ဆိုတာလေ့လာပြီးမှ ဖြေးဖြေးချင်းချဉ်းကပ်ရတယ်”လို့ဆို ပါတယ်။
လင်းအနေနဲ့ ဒီလိုအသိပညာမျှဝေတဲ့အခါ အမျိုးသားတွေကိုရော အမျိုးသမီးတွေကိုပါ ဖြေးဖြေးခြင်း ယုံကြည်မှု တည်ဆောက်ပြီး လုပ်ဆောင်ရပါတယ်။ အမျိုးသမီးငယ်လေးတွေကို sex education (လိင်ပိုင်းဆိုင်ရာ အသိပညာ ပေးခြင်း)နဲ့ပတ်သက်တဲ့ ကျန်းမာရေးအသိပညာပေးဟောပြောတာတွေ၊ အမျိုးသမီးလစဉ်သုံးတွေဝေပြီးလူစု ဟောပြောပွဲတွေပြုလုပ်တာ၊ လက်ကမ်းစာစောင်လေးတွေဝေတာစတာတွေပြုလုပ်ပါတယ်။ စစ်ရှောင်စခန်းတွေက အမျိုးသမီးတစ်ဦးချင်းရဲ့ အကြံဉာဏ်တောင်းတာမျိုးကိုလည်းအချိန်ပေးစကားပြောတာ၊ အကြံပေးတာတွေလည်းလုပ်ဖြစ်တယ်လို့ပြောပါတယ်။
လင်းရဲ့မိခင်ဖြစ်သူဟာလည်း တစ်ကိုယ်တော်မိခင်ဖြစ်ပြီး အလွန်သန်မာတဲ့အမျိုးသမီးတစ်ဦးလို့ဆိုပါတယ်။ ငယ်ငယ်ကတည်းက မိခင်ဖြစ်သူရဲ့ သန်မာမှုအမှီအခိုကင်းမှုတွေနဲ့ ပျိုးထောင်ခြင်းခံရကာ သူကကြီးပြင်းလာခဲ့တာပါ။ ငယ်ဘဝမှာတော့ ခွဲဖြားဆက်ဆံမှုတွေကို ကိုယ်တိုင်မကြုံခဲ့ရပေမယ့်အရွယ်ရောက်လာချိန်မှာတော့ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှု၊ ဒုတိယတန်းစားအဖြစ်ထားခံရမှုတွေကို မြင်တွေ့လာရပါတယ်။
စစ်အာဏာမသိမ်းခင်ကတည်းက အမျိုးသမီးတွေရဲ့ တန်းတူအခွင့်အရေးနဲ့ပတ်သက်ပြီး စွမ်းရည်မြင့်တဲ့လုပ်ငန်း တွေဆောင်ရွက်ချင်တဲ့စိတ်ကသူ့စိတ်ထဲမှာကိန်းအောင်းနေခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် ကရင်နီကိုရောက်တဲ့အချိန်မှာမှ အမျိုးသမီးအခွင့်အရေးတွေကို တစိုက်မတ်မတ်လုပ်ဆောင်ဖို့အကြောင်းဖန်လာခဲ့တာ ဖြစ်ပါတယ်။
လင်းဟာ ကရင်နီမှာ လုပ်ငန်းတွေကိုဦးဆောင်ရတဲ့အခါ အမျိုးသမီးဖြစ်တဲ့အတွက် ခွဲခြားခံရတာတွေလည်းကြုံရပါတယ်။ ဒီအရာတွေကပဲ လင်းကိုအမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီး ပိုလုပ်ဆောင်ဖို့တွန်းအားတွေဖြစ်လာခဲ့ပါတယ်။ ဒေသခံအမျိုးသမီးတွေရဲ့ တိမ်မြုပ်နေတဲ့စွမ်းရည်တွေကို ပိုပြီးဆွဲထုတ်ပေးချင်စိတ်တွေကြောင့်လည်း ပါပါတယ်။
“သူတို့ကို ပိုပြီးခွန်အားပေးချင်တယ်။ အသိုင်းအဝိုင်းတခုလုံးရဲ့ အမြင်ကို ၁၀၀ ရာခိုင်နှုန်း ပြောင်းလို့မရရင် တောင်အထိုက်အလျောက် ကိုယ်ရှိနေတဲ့အနားမှာရှိနေတဲ့ အမျိုးသမီးလေးတွေခွန်အားရှိလာစေရမယ်ဆိုတဲ့ အတွေးမျိုးကို ကျွန်တော်ရတယ်”လို့ လင်းကဆိုပါတယ်။
ကိုယ်တိုင်လည်း လုပ်ငန်းတွေဦးဆောင်တဲ့အခါ အမျိုးသမီးတစ်ဦးဖြစ်ခြင်းအပေါ် ခွဲခြားခံရမှုအချို့တွေ့ကြုံရ ပါတယ်။ ခန္ဓာကိုယ်သေးငယ်တဲ့သူ့ကို ရုပ်ပိုင်းဆိုင်ရာအရ ခွဲခြားတာမျိုးရှိသလို၊ အစည်းအဝေးတွေမှာ စကား ပြောတဲ့အခါအရာမရောက်တာ၊ အမျိုးသမီးမို့ အလေးမထားတာမျိုးတွေကြုံတွေ့ခဲ့ရတာတွေရှိတယ်လို့ လင်းက ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ဒေသမှာနေတာလည်းကြာလာသလိုဒေသခံတွေနဲ့ မိသားစုလိုဖြစ်လာတဲ့အခါ၊ လင်းအပေါ်မှာလည်း ယုံကြည်လာကြတဲ့အတွက်အဆင်ပြေလာတယ်လို့ ပြောပါတယ်။
အလုပ်တွေအများကြီးဦးဆောင်နေတဲ့ သူ့မှာလည်းစိတ်ဓာတ်ကျတဲ့အချိန်တွေရှိတယ်လို့ဆိုပါတယ်။
“ကိုယ်မျှော်လင့်ထားတဲ့ ဘဝအခြေအနေ ကိုယ်မျှော်လင့်ထားတဲ့ အလုပ်အကိုင်အခွင့်အလမ်းမျိုးမှာ လုပ်နေရတာ မဟုတ်တော့စိတ်ဓာတ်ကျတဲ့အချိန်တွေရှိတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျတဲ့ အခါတိုင်းတော့ကိုယ့်နားမှာရှိတဲ့ သူတွေထဲစစ်ရှောင်တွေရှိမယ်။ ကိုယ်နဲ့ရွယ်တူ ကိုယ့်လက်ထဲမှာတင် အသက်ဆုံးရှုံးသွားတဲ့ရဲဘော်တွေရှိတယ်။ အမျိုးသမီးငယ်လေးတွေ ရှိတယ်။ သူတို့တွေကိုတွေးပြီးတော့ ပိုပြီးအားယူတယ်” လို့ လင်းကသူ့ခံစားချက်ကို ဖွင့်ဟခဲ့ပါတယ်။
ပန်းချီဆွဲရတာ ဝါသနာပါတဲ့လင်းဟာ ဆရာဝန်အလုပ်မလုပ်ဖြစ်ရင် ကိုယ်ပိုင်အနုပညာခန်းလေးဖွင့်ချင်ခဲ့တာ ငယ်ဘဝအိပ်မက်ပါပဲ။ ဆရာဝန်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုဖြစ်ခဲ့မယ်ဆိုရင်လည်း NGO တစ်ခုခုမှာအလုပ် လျှောက်ပြီးတော့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ ဆေးကုပေးမယ်ဆိုတဲ့ စိတ်ကူးရှိခဲ့ပါတယ်။
“အခုတော့ ကိုယ့်ရဲ့ အရင်တွေးခဲ့တဲ့ အိပ်မက်နဲ့တော့ အစောကြီးထပ်တူကျသွားတယ်လို့ပြောရမလား ကိုယ်မလိုချင်တဲ့ထပ်တူကျတဲ့ အခြေအနေမျိုးကြီးမှာ ထပ်တူကျသွားတယ်”လို့ လင်းကဆိုပါတယ်။
အာဏာသိမ်းတဲ့အချိန်မှာ CDM ပြုလုပ်ခဲ့တဲ့လင်းဟာ ဆေးပညာနဲ့ပတ်သက်ပြီးဆုံးခန်းတိုင်တဲ့အထိ NUG က ပြုလုပ်တဲ့ စာမေးပွဲကို ဖြေဆိုထားပြီးဖြစ်ပါတယ်။ ကရင်နီကိုရောက်တဲ့ သုံးနှစ်ကျော်ကာလအတွင်း ကိုယ်နဲ့ ရွယ် တူတဲ့ရဲဘော်တွေ၊ ကိုယ့်ထက်ငယ်တဲ့ ရဲဘော်တွေကို ကိုယ့်လက်နဲ့အသက်ကယ်ရတဲ့ အဖြစ်အပျက်တွေကလင်း အတွက်အမှတ်တရအဖြစ်ဆုံးပါပဲ။
တော်လှန်ရေးပြီးတဲ့အခါမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးလှုပ်ရှားမှုတွေ၊ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့အလုပ်တွေကို တတ်ကျွမ်းထားတဲ့ပညာရပ်နဲ့ ဆောင်ရွက်မယ်လို့ လင်းကစိတ်ကူးထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးမတိုင်ခင်ကတည်းကလင်းရဲ့အဖြစ်ချင်ဆုံးအိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်မယ်ဆုံးဖြတ်ထားပါတယ်။
“ခိုကိုးရာမဲ့နေတဲ့ အမျိုးသမီးတွေ single mother (တစ်ကိုယ်တော်မိခင်) တွေအတွက် စင်တာလေးတစ်ခုထောင်ပေးချင်တယ်။ သူတို့အတွက် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖို့အတွက်ရော အသက်မွေးဝမ်းကျောင်းအတွက်ရော အထောက်အကူပြုပေးနိုင်တဲ့စင်တာလေး တစ်ခုဖွင့်ပေးချင်တယ်”လို့လင်းကဆိုပါတော့တယ်။