ဒေဝီ
“ Marvelon က ၂သောင်း၇ထောင်နော် ဆိုတဲ့ ဆေးဆိုင်ဝန်ထမ်းစကားကြောင့် မသုတွေဝေသွားတယ်“
အမျိုးသမီးတွေ သန္ဓေတားရာမှာသောက်သုံးရတဲ့ Marvelonတံဆိပ် ဆေးတကဒ်ကို လွန်ခဲ့တဲ့ခုနှစ်လဝန်းကျင်က နှစ်သောင်းမပြည့်တဲ့စျေးနဲ့ ဝယ်ခဲ့တာကနေ ကြားထဲပစ္စည်းပျက်ခဲ့ပြီး ယခုတစ်ကြိမ်ဝယ်ရာမှာ တသောင်းကျော်ကျော်ခန့် စျေးတက် တော့ ဝယ်ရမလားမဝယ်ရမလား ဆိုတာ စဉ်းစားနေရတယ်လို့ဆိုပါတယ်။
“ဒီဆေးကပစ္စည်းပြတ်တက်လို့ တစ်ခါဝယ်ရင် နှစ်လစာသုံးလစာ နှစ်ကဒ်သုံးကဒ် တခါတည်းဝယ်ထားတာ၊ အခုစျေးနဲ့ဆို ရှစ်သောင်းကျော်လောက်ကျမှာဆိုတော့ အရမ်းများသွားမှာ”လို့ အသက်၂၇နှစ်အရွယ် ကုမ္မဏီဝန်ထမ်းတစ်ဦးဖြစ်တဲ့ မသုက ပြောပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုအတွက် အဓိကကျတဲ့ ဆေးဝါးတွေက စျေးနှုန်းမြင့်တက်လာပြီး ပစ္စည်းပြတ်လပ်မှုတွေကြောင့် ဆေးဝါးပုံမှန်သုံးစွဲနေရတဲ့ သူတွေအတွက်ခက်ခဲရပါတယ်။ ဒီဆေးဝါးတွေထဲ အမျိုးသမီးတွေသားဆက်ခြားဖို့ အသုံးပြုရတဲ့ သန္ဓေတားဆေးနဲ့ ပစ္စည်းတွေလည်း အပါအဝင်ပါ။
ခေတ်ကာလအရ နိုင်ငံရေးစီးပွားရေး အစစအရာရာကြပ်တည်းနေချိန်မှာ အိမ်ထောင်တစ်ခုတည်ထောင်ဖို့နဲ့ ကလေးယူဖို့ စဉ်းစားနေရချိန် မလိုလားအပ်ဘဲ ကိုယ်ဝန်မရစေဖို့ သားဆက်ခြားနည်းတွေ အသုံးပြုနေရချိန်မှာ ကိုယ်ဝန်တားဆေးဝါးတွေ ကလည်း စျေးတက်ပြီး ပစ္စည်းပြတ်လာတာတွေကြောင့် အမျိုးသမီးအချို့မှာ ပုံမှန်သုံးစွဲဖို့ ခက်ခဲသူတွေရှိလာပါတယ်။
ယခင်က တစ်လစာသောက်သုံးရတဲ့တားဆေးဆေးကဒ်တ ခုကပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ငွေရှစ်ရာကနေတစ်သောင်းကျပ်ဝန်းကျင်သာရှိရာမှ လက်ရှိမှာငွေကျပ် ၄ထောင်ကနေ ၅သောင်းဝန်းကျင်အထိရှိလာတော့ အမျိုးသမီးတွေမှာ ဆေး သောက်ဖို့ စဉ်းစားလာရတယ်လို့ဆိုပါတယ်။ ဒီလိုအမျိုးသမီးတွေထဲ မသုလည်းအပါအဝင်ပါ။
အိမ်ထောင်ကျတာ တစ်နှစ်ကျော်သာရှိသေးတဲ့ မသုက ကလေးယူဖို့ အစီအစဉ်ရှိတာကြောင့် အခြားကိုယ်ဝန်တား နည်းလမ်းတွေထက် ပိုလွယ်ကူတဲ့ ဆေးကဒ်သောက်တဲ့နည်းကို အသုံးပြုနေတာပါ။
စတင်သောက်ချိန်တုန်းတည်းက ပစ္စည်းပြတ်တာကြုံရတာရှိပေမယ့် ဒီလောက်စျေးမတက်သေး၊ အခုတော့ စျေးကအရင်ထက် နှစ်ဆနီးပါးလောက်တက်လာတော့ ဒီဆေးအမျိုးအစားကိုပဲ တစ်လချင်းစီသောက်ဖို့ဝယ်ရမလား၊ ဒါမှမဟုတ်စျေးသက်သာတဲ့ တခြားတံဆိပ်ကိုပဲ ပြန်သောက်ရမလားဆိုတာ ပြန်စဉ်းစားလာရတယ်လို့ဆိုပါတယ်။
“ပစ္စည်းပြတ်တာကတပိုင်း စျေးကလည်းထပ်တက်တော့ ဒီလိုစျေးတက်ပုံနဲ့ဆို တခြားဟာပဲပြောင်းသောက်ရတော့မယ်” လို့ မသုကပြောပါတယ်။
သူ့လို့ပဲ ကိုယ်ဝန်တားဆေးကဒ် သုံးစွဲနေသူအချို့လည်း သောက်နေကျဆေးတံဆိပ်ကစျေးတက်၊ ပစ္စည်းပျက်တာတွေကြောင့် ရနိုင်မယ့်နေရာတွေကိုရှာဖွေရသလို၊ တချို့တွေကလည်း စျေးသက်သာတဲ့ဆေးကိုပဲ ဝယ်ယူသောက်သုံးတာတွေလည်းရှိလာတယ်လို့ ဆိုပါတယ်။
စီးပွားရေးကြပ်တည်းပြီး အလုပ်အကိုင်တွေမကောင်းတော့ မီးဖိုချောင်စရိတ်ကအစ တစ်ကိုယ်ရေအသုံးစရိတ်အထိ ချွေတာရချိန်မဖြစ်မနေသောက်သုံးရတဲ့ အထွေထွေဆေးဝါးတွေတင်မကဘဲ ကိုယ်ဝန်တားဆေးလိုဆေးတွေပါစျေးတက်တော့သာ မာန်ဝင်ငွေရှိတဲ့သူတွေအဖို့မသိသာပေမယ့် ဝင်ငွေနည်းလူတန်းစားတွေနဲ့ နယ်ဒေသကလူတွေမှာပိုခက်ခဲနိုင်မယ်လို့ သူကဆိုပါတယ်။
“စျေးအနည်းဆုံးဆေး စိတ်ချဆိုတဲ့တံဆိပ်တောင် ၃၈၀၀ ရှိနေတာ၊ တချို့ လက်လုပ်လက်စား အမျိုးသမီးတွေဆို ဝယ်ဖို့ကို တော်တော်စဉ်းစားနေရတယ်၊ ဒီလိုဆိုကလေးမွေးနှုန်းတွေ ပိုများလာမယ်ထင်တယ်လို့ “မသုကပြောပါတယ်။
စျေးကွက်မှာကိုယ်ဝန်တားဆေးကဒ်တွေက တံဆိပ်အမျိုးမျိုးရှိပြီး Drosperin ၊ Marvelon ၊ Lydia ၊ OK ၊ စိတ်ချစတဲ့တံ ဆိပ်တွေကလူသုံးအများဆုံးပါ။
ကိုယ်ဝန်တားဆေးကဒ် တံဆိပ်အချို့က ရံဖန်ရံခါ ပစ္စည်းပြတ်ပေမယ့် လက်ရှိမှာတော့ လူသုံးများတဲ့ ဆေးကဒ်အချို့ ပစ္စည်းပြန်ရပြီးရာဂဏန်းသာပေးရတဲ့ စျေးအချိုဆုံးတားဆေးကဒ်တောင်၄၀၀၀ကျပ်ဖြစ်လာတယ်လို့ ရန်ကုန်မြို့ကဆေးအရောင်းဆိုင်ဆိုင်ရှင်တစ်ဦးကပြောပါတယ်။
“ဆိုင်မှာအရင်ကတော့ လာဝယ်ရင် လူလတ်ပိုင်းအရွယ်တွေများတယ်။ လူငယ်တွေအမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ကွန်ဒုံးတို့တားဆေးတို့က ဝယ်ဖို့ရှက်ကြကြောက်ကြတယ်။ ခုနောက်ပိုင်းတော့ ကျန်းမာရေးအသိရှိလာတယ် ပြောရမလား လူငယ်တော်တော်များများ ဒီကိစ္စက ရှက်စရာလို့မထင်ကြတော့ဘူး။ လာဝယ်ကြတယ်။ လာဝယ်ကြတာက အများအားဖြင့်တော့ လူငယ်အမျိုးသားများတယ်”လို့ သူကဆက်ပြောပါတယ်။
ကိုယ်ဝန်တားဆေးလို ဆေးဝါးတွေ စျေးတက်တဲ့အပြင် သုံးလခံဆေးလို့ခေါ်တဲ့ တားဆေးထိုးတာကလည်း တခါဆေးထိုးရင် ၇၅၀၀ ကျပ်ပေးလာရတယ်လို့ ကလေးနှစ်ဦးမိခင်ဖြစ်တဲ့ အသက် ၃၈နှစ်အရွယ်မဖြူကလည်း ပြောပါတယ်။
အိမ်စရိတ်၊ ကလေးစရိတ်၊ ကျန်းမာရေးစရိတ်နဲ့ အခြားအထွေထွေစရိတ်တွေ ကြား ခင်ပွန်းဖြစ်သူ လစာနဲ့ စိစစ်သုံးစွဲနေရချိန် ဒီလိုစရိတ်တွေပါတက်လာတော့ အပိုသုံးမိနေသလားလို့ ထင်မြင်မိတယ်လို့ဆိုပါတယ်၊
“ မရှိဘူးဆိုလို့ သွားမထိုးရင်လည်း မဖြစ်ဘူး နောက်တယောက်လည်း ထပ်မမွေးနိုင်တော့ဘူး ဒီခေတ်စရိတ်ကြီးတာနဲ့၊ စျေးဖိုးထဲက ကိုယ့်ဘာသာဖယ်ထားရတယ်”လို့ သူကပြောပါတယ်။
ခေတ်ကာလအခြေအနေအရ ပုံမှန်ဝင်ငွေရှိတဲ့ မိသားစုတွေမှာတောင် သားသမီးယူဖို့အဖက်ဖက်က စဉ်းစားရချိန်မှာ သားဆက်ခြားဆေးဝါးတွေ လူတိုင်းသုံးဖို့ခက်ခဲတာက ကျန်းမာရေးအသိပညာအားနည်းပြီး ဝင်ငွေနည်းပါးတဲ့ မိသားစုတွေမှာ ပြ သနာပိုရှိလာနိုင်တယ်လို့ ဖခင်တစ်ဦးဖြစ်တဲ့ ကိုမိုးကပြောပါတယ်။
“ဟိုတလောကတောင် ခိုင်နှင်းဝေဆီ ကလေးပေးလိုက်တာ တားဆေးမသုံးနိုင်လို့ ကလေးရတာမမွေးနိုင်လို့ဆိုပြီး ကြည့်လိုက်ရတာ၊ တော်တော်များများ စားဖို့တောင်အနိုင်နိုင်ဖြစ်နေတာ ကလေးတားဖို့လည်း ဘယ်သူမှအာရုံရမှာမဟုတ်တော့ ဘူး”လို့ သူကပြောပါတယ်။
သူတို့ဇနီးမောင်နှံလည်း အိမ်ထောင်ကျကာစက သားသမီးတစ်ဦးထက်ပိုယူဖို့ မိသားစုစီမံကိန်းထားထားပေမယ့် လက်ရှိ ကြုံနေရတဲ့ စီးပွားရေး နိုင်ငံရေးအကြပ်အတည်းတွေကြောင့် သားသမီးတစ်ဦးထက်ပိုယူဖို့ဆိုတာ မလွယ်ကူနိုင်တော့ဘူးလို့ ဆိုပါတယ်။
“ကိုယ်လုပ်သမျှ အရာမထင်တော့တဲ့ကာလမှာ ကလေးတစ်ယောက်ကို ကောင်းကောင်းထားဖို့ဆိုတာ မလွယ်တော့ဘူးလေ၊ ခေါ်ပြီး မနိုင်ဝန်ထမ်းမယ့်အတူတူ ငါတို့တော့ ကလေးထပ်မယူတော့ဘူးလို့ မိန်းမနဲ့လည်း တိုင်ပင်ထားတယ်၊ သူလည်း ဆေးထိုး ဆေးသောက်မလုပ်ချင်ဘူးဆိုတာနဲ့ နှစ်ဦးသဘောတူ ကွန်ဒုံးသုံးတယ် ”လို့ ကိုမိုးက ဆက်ပြောပါတယ်။
မိသားစုစီမံကိန်းအတွက် ကလေးဘယ်အချိန်ယူမယ်၊ ဘယ်နှစ်ယောက်ယူမယ်ဆိုတာက အိမ်ထောင်သည်တိုင်း ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပြီး မလိုလားအပ်ဘဲကိုယ်ဝန်မရစေဖို့ သားဆက်ခြားနည်းတွေ အသုံးပြုဖို့ကလည်း အရေးပါပါတယ်။
ကိုယ်ဝန်တားဆေးသောက်သုံးတာ၊ ကွန်ဒုံးအသုံးပြုတာ၊ မိန်မကိုယ်တွင်း ထည့်ရတဲ့ကွင်းအသုံးပြုတာ၊ သားအိမ်တွင်း သန္ဓေသားပစ္စည်းထည့်တာနဲ့ လက်မောင်းတွင် ကိုယ်ဝန်တားပစ္စည်းထည့်တာ စတဲ့နည်းလမ်းတွေကို ကိုယ့်ကျန်းမာရေးပေါ်မူ တည်ပြီး ဆရာဝန်နဲ့ တိုင်ပင်ကာ အသုံးပြုသင့်တယ်လို့ မိသားစုကျန်းမာရေးဆရာဝန်တစ်ဦးက ပြောပါတယ်။
စိတ်ချရတဲ့ ကိုယ်ဝန်တားနည်းတွေထဲ ကိုယ်နဲ့သင့်တော်ရာ အသုံးပြုကြပေမယ့် အများစုကတော့ တားဆေးသောက်တဲ့နည်းကို အသုံးပြုကျပြီး၊ ဆေးသောက်တဲ့နည်းလမ်းက လူတိုင်းအတွက် လက်လှမ်းအမှီဆုံးနဲ့ စျေးအသက်သာဆုံးဖြစ်နေတာ ကြောင့်လို့ သူကဆက်ပြောပါတယ်။
“ကွန်ဒုံးဆိုရင်တောင် ဝယ်ဖို့ရှက်ကြပေမယ့် တားဆေးကြတော့ ဆေးနာမည်တံဆိပ်ပြောလိုက်ရင် ဆိုင်ကသိတယ် ၊ပြီးတော့ ထောင်ဂဏန်းလောက်ပဲဆိုတော့ တခြားနည်းလမ်းတွေထက် ကုန်ကျစရိတ်နည်းတယ် ”လို့ ဆိုပါတယ်။
လက်ရှိမှာ တခြားဆေးဝါးတွေလို သန္ဓေတားပစ္စည်းတွေလည်း စျေးတက်တာ၊ ပစ္စည်းပြတ်တာကြုံရပေမယ့် စျေးသင့်ရာ အမျိုးအစားတွေ ရွေးချယ်သောက်သုံးလို့ ရနိုင်သေးတယ်လို့ သူကဆက်ပြောပါတယ်။
“ဘရန်းတစ်ခုတစ်လေပြတ်သွားတယ်၊ ကျန်တာရှိပါတယ်၊ တခြားဆေးတွေရှိပါတယ် သောက်လို့ရနိုင်ပါတယ်” လို့ ယင်းဆရာဝန်က ပြောပါတယ်။
ဒါပေမယ့် ဆင်းရဲမွဲတေမှု ကျန်းမာရေးအသိပညာအားနည်းမှုတွေက နဂိုကတည်းကရှိနေရာကနေ ဆေးဝါးတွေ စျေးတက်မှု နောက်ဆက်တွဲအနေနဲ့ မလိုချင်ဘဲ ကိုယ်ဝန်ရတာ၊ ကိုယ်ဝန်ဖျက်ချတာ၊ မွေးပြီးမှ အကြောင်းအမျိုးမျိုးနဲ့ ကလေးစွန့်ပစ်တာ၊ စီးပွားရေးအဆင်မပြေလို့ ကလေးတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ခိုင်းစေတာ၊ လမ်းဘေးကလေးအဖြစ် ကြီးပြင်းတာ၊ အိမ်တွင်းအကြမ်းဖက်မှုတွေများလာတာ စသဖြင့် နောက်ဆက်တွဲပြသနာတွေ ကြုံတွေ့နိုင်မယ်လို့ သူကဆိုပါတယ်။
“နဂိုကမှ ကိုယ်ဝန်တားရမှန်းမသိတဲ့သူတွေ ကိုယ်ဝန်တားဖို့ အဆင်မပြေတဲ့သူတွေရှိတာ ဒီလိုဆိုရင်တော့ပိုဆိုးမှာပေါ့၊ အခုတောင် မွေးပြီးစွန့်ပစ်တာတွေများနေတာ၊ နောက်ဆယ်ကျော်သက်တွေဆိုလည်း sex education (လိင်ပိုင်းဆိုင်ရာအသိ ပညာပေး) အားနည်းရတဲ့ကြားထဲ ကိုယ်ဝန်တားပစ္စည်းတွေလက်လှမ်းမမှီရင် နောက်ဆက်တွဲပြသနာတွေရှိမယ်။ ဒါတွေလည်း ထည့်သွင်းစဉ်းစားရမယ်”လို့ ဆိုပါတယ်။
စျေးနှုန်းသက်သက်သာသာနဲ့ဝယ်ရတဲ့ ကိုယ်ဝန်တားဆေးလို ဆေးမျိုးတွေ စျေးတက်တာ၊ ပစ္စည်းပျက်တဲ့နောက် ကလေးမွေးဖွားနှုန်းများသလို ကလေးစွန့်ပစ်မှုတွေ ပိုများလာမှာစိုးရိမ်ပြီး အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လက်လှမ်းမမှီတဲ့ ဒေသတွေနဲ့ စစ်ရှောင်စခန်းလိုမျိုး နေရာတွေအတွက်စိတ်ပူမိတယ်လို့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးကလည်း မှတ်ချက်ပြုခဲ့ပါတယ်။
“Unwanted pregnancy(မလိုချင်ပဲကိုယ်ဝန်ရသွားမှု) နဲ့ ကလေးစွန့်ပစ်မှုတွေကများလာမှာ၊ မြို့ပြမှာလည်းပူရသလို စစ်ဖြစ်နေတဲ့ ဒေသတွေကို လည်းပူပန်ရတယ်၊” လို့ သူကပြောပါတယ်။
မြို့ပြမှာတော့ သားဆက်ခြားဖို့ NGOတွေနဲ့ ရပ်ကွက်အတွင်းအထွေထွေဆရာဝန်တွေပူးပေါင်းပြီး “နေဆေးခန်း” လို စျေး သက်သက်သာသာနဲ့ တားဆေးတွေရနိုင်အောင် လုပ်နိုင်ရင် အနည်းငယ်ဖြေရှင်းနိုင်မှာဖြစ်ပေမယ့် စစ်ဖြစ်တဲ့နေရာတွေမှာ တော့ နဂိုကတည်း ဆေးဝါးနဲ့ဆရာဝန်မလုံလောက်တာတွေကြုံပြီး ဒေသကျန်းမာရေးအတွက် ရုန်းကန်နေရချိန်၊ သားဆက် ခြားနည်းလမ်းလိုမျိုး ဆက်ပွားကျန်းမာရေးကိစ္စရပ်တွေ ဖြေရှင်းဖို့က အလှမ်းဝေးနေဦးမှာလို့ သူကဆက်ပြောပါတယ်။
မြို့ပြမှာ ကိုယ်ဝန်တားဆေးလို ဆေးဝါးတွေ စျေးတက်ရင် ဆင်ခြေဖုန်းရပ်ကွက်လိုနေရာတွေက အိမ်ထောင်စုတွေက မိသားစုတွေမှာ အခက်အခဲဖြစ်နိုင်မယ်လို့ အသက် ၃၄နှစ်အရွယ် ကုမ္မဏီဝန်ထမ်းဖြစ်တဲ့ ကိုခန့်ကဆိုပါတယ်။
“ဒါကကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူး၊ ကျွန်တော်နေတဲ့ရပ်ကွက်လိုနေရာမျိူးမှာ သားဆက်ခြားအသိပညာနည်းလို့ ကလေးတသီကြီးနဲ့ရှိနေတာ ခုလိုဆိုပိုခက်မယ်၊ စီးပွားရေးက ကြပ် စျေးကတက်တော့ ပိုပြီးတော့ ထိန်းရခက်မယ်”လို့ သူက ပြောပါတယ်။
မိသားစုမှာ သားသမီးယူဖို့၊ သားဆက်ခြားဖို့ ကိစ္စရပ်တွေမှာ ဇနီးမောင်နှံ နှစ်ဦးလုံးတာဝန်ရှိပေမယ့် ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ရမယ့် ဇနီးဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကိုလည်း လေးစားသင့်ပြီး၊ အိမ်ထောင်ဘက်အမျိုးသမီးရဲ့ သဘောဆန္ဒကို ဦးစားပေးဖို့ဆိုတာလည်း အိမ်ထောင်ဘက်ရဲ့ အသိပညာပိုင်းနဲ့ ငွေကြေးပေါ်မှာ မူတည်တယ်လို့ သူကထောက်ပြပါတယ်။
“အများအားဖြင့်တော့ အမျိုးသမီးတွေကပဲ ကိုယ်ဝန်တားဖို့ ဆုံးဖြတ်ကြတာ၊ ဒါကလည်း အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်တဲ့သူဖြစ်တော့ သူတို့ဘာသာ ဆုံးဖြတ်ကြတာပေါ့။ ဖြစ်သင့်တာကတော့ ဘယ်နည်းနဲ့ ကိုယ်ဝန်တားဖို့ လုပ်မလဲဆိုတာ အမျိုး သမီးဆန္ဒကို ဦးစားပေးသင့်တယ်”လို့ ကိုခန့်ကပြောပါတယ်။
- သန္ဓေတားဆေးများ ဈေးနှုန်းမြင့်တက်လာမှုကြောင့် မြို့ပြတွေပါခက်ခဲနေ - 21/11/2024
- စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း အမျိုးသမီးထုရင်ဆိုင်ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု အခြေအနေများနဲ့ပတ်သက်ပြီး Jue Jue’s Safe Spaceမှ မဂျူးဂျူးမင်းသူနှင့် အင်တာဗျူး - 19/11/2024
- တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များ - 18/11/2024