ရှင်ငြိမ်း
ဒီဇိုင်းပညာသင်ကြားဖူးတာမရှိတဲ့အပြင် နားလည်းမကြား၊ စကားလည်းမပြောနိုင်တဲ့ မသန်စွမ်းသူလေး ကိုယ်တိုင်ဖန်တီး ထားတဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာ နိုင်ငံတကာရှိုးပွဲတွေထိ ပေါက်ရောက်နေတယ်ဆိုရင် လူတိုင်းအံ့သြကြပါလိမ့်မယ်။
မြန်မာနိုင်ငံဆိုလည်း နာမည်ကြီး ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေအပြင် နိုင်ငံတကာ Miss ပြိုင်ပွဲဝင်မယ့် အလှမယ်တွေနဲ့ ကြော်ငြာ မော်ဒယ်လ်တွေကြားမှာလည်း သူရဲ့ဒီဇိုင်းလက်ရာတွေဟာ လူသိများထင်ရှားပါတယ်။
အခုလိုအောင်မြင်နေတဲ့ ဖက်ရှင်ဒီဇိုင်းပညာရှင်ကတော့ အသားဖြူဖြူ ကိုယ်ဟန်သွယ်သွယ်နဲ့ ပြုံးရယ်လိုက်ရင် ကလေးငယ်တစ်ယောက်လို ချစ်စဖွယ်ကောင်းတဲ့ လားလျန်မွဲဆိုတဲ့ ချင်းအမျိုးသမီးတစ်ဦးပါ။
ဆွံ့အ၊ နားမကြားလို့ အရူးလို့ လှောင်ပြောင်ဖယ်ကျဉ်ခံရတဲ့ဘဝကနေ အောင်မြင်တဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်အောင် ကြိုးစားရုန်းကန်ခဲ့ရတဲ့ လားလျန်ရဲ့ဘဝခရီးအကြောင်းကို မောင်ဖြစ်သူက အခုလိုပြောပြခဲ့ပါတယ်။
မောင်ဖြစ်သူဟာ မိသားစုအလုပ်သွားနေချိန်တွေမှာ ကျန်ခဲ့တဲ့ မသန်စွမ်းအစ်မဖြစ်သူကို သူ့ရဲ့အသက် ၅ နှစ်အရွယ်ကနေ ယနေ့အချိန်ထိ အနီးကပ်စောင့်ရှောက်နေသူဖြစ်ပါတယ်။
“အခုလိုအောင်မြင်လာတာက တစ်ယောက်နဲ့ တစ်ယောက်ပံ့ပိုးတာလည်းပါတယ်ပေါ့။ သူ့ကြောင့် ကျနော်ဝါသနာမပါတဲ့ ဖက်ရှင်ဒီဇိုင်းမှာ အောင်မြင်မှုရလာတယ်။ ဒီအတွက် သူ့ကိုကျေးဇူးတင်သလို သူ့ဟာ ကျွန်တော်အတွက်တကယ့်လမ်းပြကောင်းတစ်ယောက်ပေါ့။”လို့မောင်ဖြစ်သူက ပြောပါတယ်။
မိခင်ရဲ့ထိန်းကျောင်းသွန်သင်မှုကောင်းတာကြောင့် လားလျန်တို့မောင်နှမတွေဟာ ကြီးသူကို ရိုသေ၊ ငယ်သူကို လေးစားဆိုတဲ့အတိုင်း တစ်ယောက်ကို တစ်ယောက်စောင့်ရှောက်ရင်း ချစ်ခင်စွာနေထိုင်ကြသူတွေဖြစ်ပါတယ်။
လားလျန်တို့ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့က ဖွံ့ဖြိုးမှုမရှိသေးတဲ့ ကျေးရွာတစ်ခုမှာ မိသားစု ၇ ယောက်နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ မဖွံ့ဖြိုးတဲ့ကျေးရွာတွေရဲ့ထုံးစံအတိုင်း မသန်စွမ်းသူ၊ ဉာဏ်ရည်မသန်စွမ်းတွေကို အရူး၊ လူပို အဖြစ်သတ်မှတ် ကာ လူမှု့အသိုင်းအဝိုင်းကနေ ပစ်ပယ်ထားလေ့ရှိပါတယ်။
“ရွာထဲက နားမကြားတဲ့သူတွေဆိုရင် အိမ်မှာ ထမင်းချက်၊ ကြမ်းတိုက်လို အလုပ်ကြမ်းတွေ၊ သူများမလုပ်ချင်တဲ့ အလုပ်တွေလုပ်ရတယ်။ သူတို့တွေက အဲ့လိုလုပ်ရင်းနဲ့ ဘဝကို ကုန်ဆုံးတာများတယ်။ ကျွန်တော်က အဲ့ဒါမျိုးမဖြစ်စေချင်ဘူး။ သူ့ ဘဝကို ထိပ်တန်းထိရောက်သွားစေချင်တယ်။”လို့ လားလျန်ရဲ့မောင်က ရှင်းပြပါတယ်။
ဒါကလည်း မသန်စွမ်းတစ်ယောက်က ကြိုးစားရင် ကြိုးစားသလောက်အောင်မြင်တယ်။ လူအများရဲ့နေရာပေးတာကို ခံရနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိစေချင်တဲ့ဆန္ဒက မောင်ဖြစ်သူမှာရှိနေခဲ့တာဖြစ်ပါတယ်။
အဓိပ္ပါယ်ကတော့ မိသားစုဝင်တွေအနေနဲ့ မသန်စွမ်းဖြစ်တဲ့ လားလျန်ကို တစ်သက်လုံးကြည့်ရှုနိုင်မှာမဟုတ်တဲ့အတွက် သူ့ကလေးရှိရင် ကလေးကကြည့်ပေးလိမ့်မယ်လို့ ပြောချင်တာဖြစ်ပါတယ်။
ပြောတဲ့သူတွေအတွက်ကတော့ စေတနာစကားဆိုပေမယ့် ကာယကံရှင်တွေအတွက်တော့ ပြောမပြနိုင်အောင် ဝမ်းနည်းထိခိုက်ခဲ့ရတာပါ။ အဲ့ဒီအချိန်က ကလေးအရွယ်ဖြစ်လို့ ဒီစကားရဲ့အကောင်းအဆိုးကို ခွဲခြားမသိပေမယ့် အစ်မဖြစ်သူကို အခုလိုပြောတာမျိုးကိုတော့ မကြိုက်ခဲ့ဘူးလို့ ဆိုပါတယ်။
လားလျန်ဟာ မွေးချင်းတွေဖြစ်တဲ့ ယောကျာ်းလေး သုံးယောက် မိန်းကလေး နှစ်ယောက်ရှိတဲ့အထဲမှာ ဒုတိယသမီးဖြစ်ပြီး လက်ရှိစောင့်ရှောက်ပေးနေတာလားလျန်ရဲ့အောက်က မောင်ငယ်ဖြစ်ပါတယ်။
အဖေကတော့ သာမာန်စက်ချုပ်သမားဖြစ်ပြီး သူရဲ့ဝင်ငွေက မိသားစု ၇ ယောက်စားဖို့ မလောက်ငှတာကြောင့် မိခင်ဖြစ်သူက ကန်စွန်းရွက်၊ မုန့်ညှင်းတို့စိုက်ပြီး ဝင်ငွေရှာရပါတယ်။
“လားလျန် နားမကြားတာက မွေးရာပါမဟုတ်ဘူး။ အမေတို့ပြောတာက သူ့အသက် ၂ နှစ်အရွယ်မှာ နားမှာအနာပေါက်လို့ ခွဲစိပ်ရတယ်။ ခွဲပြီးတော့ ဆရာဝန်က အသက်မရှင်နိုင်တော့ဘူး။ အိမ်ပြန်လိုက်ပြောလို့ ပြန်ခေါ်လာတယ်။”လို့ မောင်ဖြစ်သူက ပြောပါတယ်။
သို့ပေမဲ့ မိဘတွေက အားမလျော့ဘဲ ပြန်ထူထောင်လာဖို့ ကျွေးမွေးစောင့်ရှောက်ရင်း လားလျန်ဟာ အသက်ပြန်ရှင်လာခဲ့တာဖြစ်ပါတယ်။ အသက်ပြန်ရှင်ချိန်ထိ နားမကြားတော့တာကို ဘယ်သူမှမသိခဲ့ကြသလိုတစ်ရက်မှာ မိခင်ဖြစ်သူက လှန်းခေါ်စကားပြောပေမယ့် နောက်လှည့်မကြည့်တော့မှ နားမကြားတာကို သိခဲ့ရတာပါ။ သိပေမယ့်လည်း ငွေကြေး မရှိတာနဲ့ အသိဉာဏ်မဖွံ့ဖြိုးတာကြောင့် နားမကြားတာကို မကုသဖြစ်ခဲ့ကြဘူးလို့ဆိုပါတယ်။
အကြားအာရုံတွေပျက်စီးသွားတော့ လားလျန်ပြောတဲ့အသံထွက်တွေက မမှန်တော့သလို သူတို့စကားပြောရင် အော်ဟစ်တဲ့ အသံဖြစ်တာကြောင့် လူအများကြားမှာသတိထားစရာဖြစ်ခဲ့ပါတယ်။ အိမ်မှာတော့ ပြဿနာမဟုတ်ပေမယ့် လူအများကြားမှာတော့ အရူးလို့လှောင်ပြောင်ခံခဲ့ရတာလို့သူကဆက်ပြောပါတယ်။
လားလျန်အရွယ်ရောက်လာတော့ အများနည်းတူ ကျောင်းတက်ချင်တဲ့အတွက် အကို၊ အမတွေနဲ့အတူ ကျောင်းမှာအပျော်အနေနဲ့လိုက်တက်ခဲ့ပါတယ်။ သူများလို စာရေးစာဖတ်မလုပ်နိုင်တော့ အလကားမနေချင်တာကြောင့် ရုပ်ပုံလေးတွေဆွဲပြီး ဆရာမပြတဲ့အခါဆရာမက မသန်စွမ်းတစ်ယောက်ကို နားလည်မပေးတဲ့အပြင် “ဒါသုံးစားလို့မရဘူး”လို့ ပြောလိုက်တာကြောင့် သူ့အမရင်ထဲထိခိုက်နာကျင်ရမှုက ဘာနဲ့မှအစားမထိုးနိုင်ခဲ့သလို မသန်စွမ်းဆိုရင် လူရာမဝင်ဘူးလို့လည်း ယုံကြည်သွားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အတန်းဖော်တစ်ဦးထံမှ ခဲဖျက်မပါလို့ ဌားပေးဖို့ သူ့စိတ်ထဲက ပြောလိုက်ပြီး ယူသုံးမိတဲ့အချိန်မှာ “သူခိုး”လို့ စွတ်စွဲခံရတဲ့နောက်ပိုင်း လားလျန်ကကျောင်းသွားဖို့ကို ဝန်လေးလာခဲ့တယ်လို့ဆိုပါတယ်။
“ငယ်ငယ်တုန်းက နားမကြားတဲ့အတွက် လူတွေက အမကို အရူးလို့ လက်ညှိုးထိုးကြလို့ လေးတန်းနဲ့ ကျောင်းထွက်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကျောင်းသွားတိုင်း သူအမြဲတမ်းငိုတယ်။ အဲ့အချိန်က သူစာအရမ်းသင်ချင်ခဲ့တယ်လို့ ကျွန်တော် ကို ပြောပြတယ်။”လို့ မောင်ဖြစ်သူက ရှင်းပြပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ ကျောင်းလုံးဝမတက်တော့ပါဘူး။ ၂၀၀၅ လောက်မှာဖခင်ဆုံးပါးသွားတော့ အကြွေးတွေနဲ့ ကျန်ခဲ့တဲ့ မိခင်ဖြစ်သူက သားသမီး ငါးယောက်နဲ့ အတော်လေး ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
“ဘယ်လောက်ထိခက်ခဲလဲဆိုရင် အိမ်မှာ ဆန်ပြုတ်သောက်တယ်။ ကျောင်းကို ထမင်းထုတ်တယ်။”လို့ သူက ဆိုပါတယ်။
ကျောင်းပိတ်ရက်တွေဆိုရင် သူတို့မောင်နှမတွေဟာ မိခင်ရဲ့အလုပ်တွေမှာ ဝိုင်းကူကြရပါတယ်။ မသန်စွမ်းဖြစ်တဲ့လားလျန် ပါမကျန်ကန်စွန်းရွက်ကောက်ရပါတယ်။ ကျန်တဲ့သူတွေကတော့ လမ်းဘေးမှာ ကန်စွန်းရွက်၊ ပန်းစတာတွေရောင်းရင်း ရှင် သန်ကြရတယ်လို့ဆိုပါတယ်။
“တစည်းကို ငါးဆယ် အမေက ပြန်ပေးတယ်။ ကိုယ့်ရတာကိုယ်စု ကိုယ်ကြိုက်တာဝယ်ပေါ့။ အမေက အဲ့လိုလေ့ကျင့်ပေးခဲ့တာ။ အဲ့လိုပင်ပင်ပန်းပန်းရထားတဲ့ပိုက်ဆံကို လွယ်လွယ်နဲ့တော့ မသုံးဖြစ်တော့ဘူးပေါ့။”လို့ ရုန်းကန်ခဲ့ရတဲ့အခြေအနေကို ပြောပြပါတယ်။
လားလျန်ဟာမသန်စွမ်းဖြစ်ပေမယ့် အလကားမနေခဲ့ပါဘူး။ သူလုပ်နိုင်တဲ့ ပုံတူပန်းချီရေးဆွဲရင်း တစ်ဖက်ကနေ ဝင်ငွေ ရှာခဲ့ပါတယ်။ မသန်စွမ်းသူဆွဲတဲ့ပုံက မကောင်းဘူးဆိုတာမျိုးမဖြစ်ရအောင် သူတစ်ပုံဆွဲရင် ရတဲ့ငွေကြေးထက်တန်အောင် ဆွဲပေးလေ့ရှိပါတယ်။
တစ်ပုံကို ငွေကျပ် တစ်ထောင် နှစ်ထောင်လောက်သာရပေမယ့် သူအားစိုက်ထုတ်ရတာက သူများနာရီပိုင်းနဲ့ပြီးမယ့်ပုံကို နှစ်ရက်လောက်အချိန်ယူဆွဲခဲ့ရတာဖြစ်ပါတယ်။
လားလျန်အသက် ၂၀ နှစ်လောက်မှာ အဒေါ်ဖြစ်သူက ပန်းချီဆွဲတာထက်ဝင်ငွေပိုရတဲ့ အင်္ကျီချုပ်ဖို့တိုက်တွန်းရာကနေ ဖက်ရှင်ဒီဇိုင်နာလောကမှာ အခြေချဖို့ဖြစ်လာခဲ့တာလို့ဆိုပါတယ်။
“အင်္ကျီချုပ်ရင် ပိုက်ဆံပိုရတယ်ပြောပြီး သူ့ အင်္ကျီတထည်နဲ့ အစပိုင်းလေးတခုလာပေးတယ်။ နင်ချုပ်ဆိုပြီးတော့။ အဲ့မှာသူ ချုပ်ပေးတာ အတော်လေးအဆင်ပြေသွားတယ်။ အဒေါ်က ဘုရားကျောင်းက အမျိုးသမီးအဖွဲ့ကို ခေါ်လာပေးလို့ ချုပ်ပေး ရင်းစချုပ်ဖြစ်သွားတာပေါ့။”လို့ မောင်ဖြစ်သူက ပြောပါတယ်။
လားလျန်ဟာ ဇွဲကောင်းပြီး ဉာဏ်ရည်ထက်မြက်တာကြောင့် အချုပ်အလုပ်ပညာကို ဖခင်ထံမှ အမြင်နဲ့တတ်မြောက်ခဲ့ပြီး စက်ကို ပိုင်နိုင်စွာချုပ်နိုင်ရုံသာမက ပုံတစ်ခုကို ကြည့်လိုက်တာနဲ့ ထပ်တူချုပ်ပြနိုင်တဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ အဲ့ဒီအချိန်ကအင်္ကျီတစ်ထည်ချုပ်ရင် ရတဲ့ငွေကျပ်နှစ်ထောင်၊ သုံးထောင်ဟာ ရှေ့ဆက်ဖို့အတွက် အားအင်ဖြစ်ခဲ့တယ်လို့ လားလျန်က မောင်ဖြစ်သူကနေတဆင့်ပြောပြပါတယ်။
အဲ့ဒီအခြေအနေကနေလားလျန် အသက် ၂၅ နှစ်အရွယ်ရောက်တော့ ရန်ကုန်ရောက်နေတဲ့အစ်မကြီးဖြစ်သူက နယ်မှာဆိုရင် တက်လမ်းမရှိဘူးဆိုပြီး ရန်ကုန်မြို့ကို ခေါ်တာကြောင့် မောင်နှမနှစ်ယောက်တက်လာခဲ့တာပါ။
“ရန်ကုန်စရောက်တော့ အကုန်ခက်ခဲတယ်။ ရူးမတတ်ဘဲ။”လို့ မောင်ဖြစ်သူက ပြောပါတယ်။
ရန်ကုန်မြို့ရောက်တော့ စမ်းချောင်းမြို့နယ်က ၇ လွှာတိုက်ခန်းမှာ လားလျန်အပါအဝင် အမျိုးသမီး ၉ ယောက်နဲ့အတူ မောင်ဖြစ်သူက နေခဲ့ရတာဖြစ်ပါတယ်။ လူကိုးယောက်နဲ့ ၁၂ ပေခွဲအခန်းက ဘယ်လိုမှအဆင်မပြေခဲ့ဘူးလို့သူကဆက်ပြောပါတယ်။
“ရန်ကုန်ရောက်စက အမက သူ့ဘဝကို မကျေနပ်ဘူး။ သူ့ကိုယ်သူ အဆုံးစီရင်ချင်တယ်။ သူ့ဘဝကျေနပ်အောင် ကျွန်တော်တို့လည်း ဘာမှလုပ်လို့မရဘူး။ အဲ့လိုအချိန်တွေတော့ အများကြီးရှိခဲ့တာပေါ့။”လို့ မောင်ဖြစ်သူက ပြောပါတယ်။
တကယ်တော့ သာမာန်လူတွေတောင် စိတ်ဓါတ်ကျတာ၊ ဝမ်းနည်းတာ၊ စိတ်ညစ်တာတွေရှိရင် တစ်ယောက်ယောက်ကိုဖွင့် ပြောလေ့ရှိသလိုပဲ မသန်စွမ်းတွေမှာလည်း သူတို့ခံစားချက်ကို နားထောင်ပေးမယ့် သူငယ်ချင်းလိုအပ်ကြပါတယ်။
ဒါပေမဲ့ မသန်စွမ်းသူဆိုရင် ကြာရှည်သည်းမခံနိုင်တာနဲ့ မပြောချင်မဆိုချင်ကြတာကြောင့် သူငယ်ချင်းဆိုတာ မရှိကြတာများပါတယ်။ ဒီတော့ သူ့တို့ရဲ့စိတ်ထွက်ပေါက်ကအဆုံးစီရင်ဖို့စဉ်းစားကြလေ့ရှိပါတယ်။ လားလျန်ဆိုလည်း စိတ်ဓါတ်ကျလို့ ဖွင့် ပြောရသူမရှိတိုင်း ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သူလို့ဆိုပါတယ်။
“သူ့ဘဝက သူများလက်ညှိုးထိုးခံလိုဖြစ်ခဲ့တယ်။ သူအဲ့လိုတွေဖြစ်တိုင်း ကျွန်တော်ဘာမှမလုပ်ပေးနိုင်လို့ ညတိုင်းငိုခဲ့ရတယ်။ လူတွေရဲ့အကြည့်တွေကိုလည်းသူကကြောက်တယ်။ အဲ့တော့ သူမှာအပေါင်းအသင်းဆိုတာမရှိဘူး။ အထီးကျန်တယ်။”လို့ မောင်ဖြစ်သူက ပြောပြပါတယ်။
လားလျန်ရဲ့မောင်၊ အစ်မကြီးနဲ့ အတူနေ အမျိုးသမီးတွေက မနက်ဆို အိမ်ရှိလူကုန် အလုပ်သွားတဲ့အချိန်သူက တစ်ယောက်ထဲကျန်နေရစ်တာဖြစ်ပါတယ်။ မသန်စွမ်းအမကို တစ်ယောက်ထဲထားခဲ့ရတာကြောင့် သူလည်း အချိန်တိုင်းစိုးရိမ်နေခဲ့ရတာပါ။
“ရန်ကုန်မှာဆို မီးသတ်ကားသံတွေကြားတိုင်း ကျွန်တော်အမများဖြစ်နေမလားဆိုတဲ့ ပူပန်စိတ်က အမြဲရှိနေခဲ့တာ။ တခါတလေ အလုပ်ကနေ ခိုးထွက် အိမ်ကို ပြေးရတာပေါ့။ ကျွန်တော်မရှိတဲ့အချိန် အမတခုခုဖြစ်မှာစိုးရိမ်တယ်။”လို့ ဆိုပါတယ်။
အမှန်ကလားလျန်ဟာ မသန်စွမ်းကျောင်းလည်းမတက်ဖူးသလို မသန်စွမ်းစာရင်းလည်း သွင်းမထားတဲ့အတွက် အစိုးရက ပေးတဲ့ထောက်ပံ့ကြေးဆိုတာလည်း မရခဲ့ပါဘူး။ (sign language)လို့ခေါ်တဲ့ မသန်စွမ်းသူတွေအသုံးပြုတဲ့ လက်ဟန်ခြေ ဟန်စကားပြောစနစ်ကိုလည်း မောင်ဖြစ်သူက နားလည်သလိုသုံးနှုန်းပြောနေတာဖြစ်ပါတယ်။
စမ်းချောင်းတိုက်ခန်းလေးမှာ ရသလောက်အပ်ထည်လေးတွေကို ချုပ်ရင်း သူတို့ရပ်တည်နေထိုင်ခဲ့ကြပါတယ်။
“အဲ့တုန်းက ချုပ်မယ့်သူလည်းမရှိတော့ အင်္ကျီတထည် ၁၅၀၀ ကျပ်နဲ့ တရက် ကို ၅ထည် ၆ ထည်ပြီးအောင်ချုပ်ရတယ်။”လို့ လားလျန်ရဲ့မောင်ဖြစ်သူက ပြောပါတယ်။
တိုက်ခန်းမှာ တစ်နှစ်လောက်နေလာပြီးတော့ လားလျန်လည်း စက်ချုပ်လာရသလို နေသားလည်း ကျလာခဲ့ပါတယ်။ မောင်ဖြစ်သူကလည်း အစ်မကို စိတ်မချတာကြောင့် ဝန်ထမ်းအလုပ်ကနေထွက်ကာ အစ်မနားမှာပဲနေပါတော့တယ်။
နောက်ပိုင်း လားလျန်ရဲ့လက်ရာဟာ လူကြိုက်များလာပြီး အထည်တွေလည်း အမြောက်အများလက်ခံလာရတဲ့အတွက် တိုက်ခန်းကျဉ်းလေးကနေခွဲထွက်ကာ မောင်နှမသုံးယောက်ထဲ သီးသန်ဌားနေခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီအချိန်က သူတို့အောင်မြင်ဖို့ လမ်းစဖြစ်လာတယ်ပြောမလား။ ကိစ္စရပ်တစ်ခုပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ နိုင်ငံခြားမှာသွားပြိုင်မယ့် အလှမယ်တစ်ယောက်က အောင်မြင်ရင် အတူတူအောင်မြင်မယ်ဆိုပြီး သူတို့ထံ အဝတ်အစားစပွန်ဆာ လာတောင်းပါတယ်။ သူတို့အတွက်လည်း ဒါက ပထမဆုံးဆိုတော့ ဝတ်စုံ ၇ စုံ ချုပ်ပေးလိုက်ပါတယ်။
ဒါပေမဲ့ တကယ်အောင်မြင်သွားတော့ လားလျန်ရဲ့နာမည်တစ်လုံးမှမပါဘဲ တခြားစပွန်ဆာပေးတဲ့သူတွေရဲ့နာမည်အားလုံးကို ထည့်ပေးခဲ့တာဖြစ်ပါတယ်။ သူ့နာမည်တစ်ခုသာမပါတဲ့အတွက် လားလျန်ဟာ များစွာစိတ်ထိခိုက်ခဲ့ရပြန်ပါတယ်။
“အဲ့တော့ အမက နားမကြားတဲ့သူဆိုတာ ဘယ်လောက်ကြိုးစား ကြိုးစား လူရာသွင်းမခံရဘူး။ ဒီမှာကြည့်သူများတွေကျတော့ နာမည်ထိုးပေးတယ်တဲ့။ အမစိတ်ပြေအောင် အမျိုးမျိုးပြောပေးပေမယ့် သူတအားစိတ်မကောင်းဖြစ်နေတယ်။”လို့ သူက ဆိုပါတယ်။
“အဲ့ဒီအလှမယ်ကို ဖုန်းဆက်ပြီး ကျနော့်အမအတွက် ဝတ်စုံတစုံလောက်ဓါတ်ပုံရိုက်ပေးပါလားပေါ့။ ဓါတ်ပုံဆရာလည်း တတ်နိုင်သလောက်အကောင်းဆုံးသုံးပေးမယ်။ မိတ်ကပ်ဆရာလည်း အကောင်းဆုံးခေါ်ပေးမယ်ဆိုတော့ သူက နားလည်ပေးနော်တဲ့။ အင်္ကျီတစုံနဲ့ ရိုက်ပေးရင် သိန်း ၂၀ လောက်ယူတယ်တဲ့။ ကျွန်တော်တို့က အများကြီးကူညီလာခဲ့တာ။ မြန်မာ ပြည်မှာတောင်မှ ကျနော်တို့ဝတ်စုံနဲ့ သရဖူရထားတာ။”လို့ သူကပြောပြခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် လားလျန်ဟာ လွန်စွာစိတ်မကောင်းဖြစ်ပြီး ဘယ်သူမှစကားမပြောတော့ဘဲ တိတ်ဆိတ်သွားခဲ့ပါတယ်။ ဒါကိုမြင်တဲ့မောင်ဖြစ်သူက စိတ်ပြေအောင် ခရီးထွက်ဖို့အားပေးစကားပြောပြီး ရှေ့ဆက်ခဲ့ရတာဖြစ်ပါတယ်။
တကယ်က လားလျန်က အောင်မြင်တဲ့ဒီဇိုင်းနာတစ်ယောက်ဖြစ်ရမယ့်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီလမ်းကိုလျှောက်ခဲ့တဲ့သူတော့ မဟုတ်ပါ။ သူရဲ့တကယ့်ဝါသနာက ဖိုတိုမော်ဒယ်လ်တစ်ယောက်ဖြစ်ချင်ခဲ့တာလို့ဆိုပါတယ်။
ဒါပေမဲ့ “မရှိ ခိုးနိုး၊ မလှ ဆုံးမျိုး”ဆိုသလို မသန်စွမ်းတွေရဲ့စွမ်းဆောင်ရည်ကို အသိအမှတ်မပြုတဲ့အလေ့အထတွေ မြန်မာနိုင်ငံမှာ ရှိနေသေးတာ အတော်လေးဝမ်းနည်းစရာကောင်းပါတယ်။
ဖိုတိုမော်ဒယ်လ်ဖြစ်ချင်တဲ့ လားလျန်ဟာ သူ့ကို လူသိလာဖို့အတွက် ကျွမ်းကျင်ဓါတ်ပုံဆရာတွေနဲ့ ခေါ်ရိုက်ထားတဲ့သူ့ရဲ့ ဓါတ်ပုံတွေကို သူ့ရဲ့လူမူကွန်ယက်စာမျက်နှာမှာ(Facebook)တင်တဲ့အခါ ဆိုးဝါးတဲ့မှတ်ချက်တွေပေးတာခံခဲ့ရပါတယ်။
“နင်က အခြောက်ကြီးလို့ဆဲတာတွေ သူပုံတင်ရင် အဲ့လိုမျိုးတွေပြောကြတယ်။ ကျွန်တော်ဆိုရင် အဲ့ဒါတွေဖတ်ပြီး အရမ်း စိတ်မကောင်းဖြစ်ရတယ်။”လို့ မောင်ဖြစ်သူက ပြောပါတယ်။
နဂိုထဲက ဘဝတစ်လျှောက်လုံးရင်ဆိုင်ခဲ့ရတဲ့စိန်ခေါ်မှုတွေကြောင့် မသန်စွမ်းဆိုရင် ဘယ်လောက်တော်တော် အများက အထင်မကြီးဘူး။ လူရာမသွင်းဘူးဆိုတဲ့အတွေးတွေက လားလျန်ခေါင်းမှာ သံမှိုရိုက်ထားသလို စွဲထင်နေတာဖြစ်ပါတယ်။
သူ့ကိုဝေဖန်ရှုတ်ချတာများလေ သူယုံကြည်ချက်တွေ မှန်ကန်လာလေဖြစ်တာကြောင့် သူ့ဘဝကို အမြဲမကျေမနပ်ဖြစ် နေခဲ့တာပါ။ ဒါပေမဲ့ ဒီမကျေနပ်စိတ်တွေကို အနိုင်ယူပြီး မသန်စွမ်းတစ်ယောက်လည်း အောင်မြင်နိုင်တယ်ဆိုတာကို သူက သက်သေပြနိုင်ခဲ့ပါတယ်။
နောက်ပြီး လားလျန်က အဝတ်အစားစပွန်ဆာတောင်းသွားတဲ့အလှမယ်ကို မခံချင်တာနဲ့ သာမာန်လူတွေ မလုပ်နိုင်တာကို လုပ်ပြနိုင်ရင် တချိန်ချိန်မှာ အများက သူ့ကို လက်ခံလာမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ကြိုးစားရင်း အောင်မြင်လာခဲ့တာလို့ဆို ပါတယ်။
မောင်ဖြစ်သူက“ အခုတော့လည်း ကျွန်တော်တို့ဘာသာအရဆိုရင် ဘုရားသခင်က ကျနော်တို့ ကို ဒီလိုဖြစ်အောင် သူ့ကို ပို့ပေးတယ်လို့ သဘောထားလိုက်တယ်။ ဒီလောကထဲမှာ ၂ နှစ်နဲ့ အများကြီးလုပ်နိုင်ခဲ့တယ်။ ဆယ်လီတွေအများကြီးနဲ့ အလုပ် လုပ် နိုင်လာတဲ့အချိန်မှာတော့ သူက ပျော်လာတယ်။”လို့ ရှင်းပြပါတယ်။
အခုဆိုရင် ရန်ကုန်မြို့လယ်တိုက်ခန်းတစ်ခုမှာ သူတို့မောင်နှမ နာမည်နဲ့ Brother’s & Sister Fashion Gallery ဖွင့်လှစ် ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ သူတို့က နာမည်ကြီးတွေရဲ့ဖက်ရှင်ဝတ်စုံတွေကို ချုပ်ပေးရရုံသာမက မင်္ဂလာဝတ်စုံ ဌားရမ်းတာ အပြင် ရုပ်ရှင်ဇာတ်ဝင်ခန်းဝတ်စုံအတွက်လည်း ဌားရမ်းတာတွေလုပ်ကိုင်နေပါပြီ။
ဒါ့အပြင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ လုပ်တဲ့ 0n the world လမ်းပေါ်မှာလုပ်တဲ့ဖက်ရှင်ရှိုးမှာ မြန်မာပြည်က ဖိတ်ကြားခံရသူ နှစ်ဦးမှာ လားလျန်တို့မောင်နှမလည်းပါဝင်ခဲ့ပါတယ်။ နောက်ထပ် ခြေလှမ်းကတော့ အီတလီနိုင်ငံ၊ မီလန်ပွဲမှာ ဝင်ပြဖို့ လုပ်ပေမယ့် နောက်ကျသွားတာကြောင့် ယခုနှစ်တော့မပါဝင်နိုင်တော့ဘူးလို့ဆိုပါတယ်။
“အနုပညာထဲမှာဆိုရင် နားမကြားဘူးလို့ ကျွန်တော်က ပြောလိုက်ရင် ပိုပြီး သနားပြီးတော့ ပိုအပ်ကြတယ်။ ချုပ်ကြတယ်။ အခုဆိုသူပွဲတွေဘာတွေတက်ရင် လာနှုတ်ဆက်တဲ့သူတွေရှိလာပြီ။ ဒါက သူ့အောင်မြင်မှုပဲလေ။”လို့ သူကဆိုပါတယ်။
လားလျန်ဟာ ဒီဇိုင်းပညာတိုးတက်အောင် နိုင်ငံခြားစာအုပ်တွေ၊ ယူကျူ့တွေကြည့်ပြီး လေ့လာသင်ယူတာတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
သူတို့ဆိုင်ရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်မှာ လားလျန်ဖန်တီးထားတဲ့ဒီဇိုင်းတွေကို ဝတ်ဆင်ထားတဲ့မော်ဒယ်တွေရဲ့ဓါတ်ပုံတွေ တင်ထားပါတယ်။ ဒီဓါတ်ပုံတွေရဲ့အောက်မှာတော့ “တော်လိုက်တာ”၊“လှလိုက်တာ”၊ “အားကျလိုက်တာ”လို့ အားပေးကြသလို တချို့ကတော့ “မသန်စွမ်းတောင်လုပ်နိုင်သေးတာ ငါလည်းလုပ်နိုင်ရမယ်”ဆိုတဲ့အားမာန်ဖြစ်စေတဲ့မှတ်ချက်တွေလည်း ပေးထားတာတွေ့နိုင်ပါတယ်။
လားလျန်အနေနဲ့ ရှေ့ဆက်ပြီးဝါသနာပါတဲ့ဖိုတိုမော်ဒယ်ဖြစ်အောင် ကြိုးစားသွားမှာဖြစ်သလို ဒီဇိုင်းပညာဘက်မှာလည်း မလျော့တဲ့ဇွဲနဲ့ နိုင်ငံတကာသိအောင် ထိုးဖောက်သွားဖို့လည်း ရည်ရွယ်ချက်ရှိနေတာဖြစ်ပါတယ်။
မောင်ဖြစ်သူကလည်း “ကျွန်တော်အမကို မြန်မာမှာတင်မကဘူး။ မျက်စိမမြင်၊ နားမကြား၊ စကားမပြောတတ်ဘဲ ကမ္ဘာကျော်သွားတဲ့ “ဟယ်လင်ကဲလာ”လို ထူးချွန်တဲ့အမျိုးသမီးဖြစ်စေချင်တယ်။”လို့လည်း ဖွင့်ဆိုခဲ့ပါတယ်။
လားလျန်ကတော့ မသန်စွမ်းဖြစ်ပေမယ့် သူများမလုပ်နိုင်တာထက်ပိုလုပ်နိုင်ရင် အောင်မြင်မှုရနိုင်တယ်ဆို တာကို သက်သေပြနိုင်ခဲ့ပြီဖြစ်ပါတယ်။