နိုဝင်ဘာ ၁၁ရက်ကနေ ၁၇ရက်အတွင်း တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြလိုက်ပါတယ်။
သာယာဝတီထောင်တွင် နိုင်ကျဉ်းအမျိုးသမီး ၁၅ ဦးခန့် ၂ နှစ်နီးပါး တိုက်ပိတ်ခံထားရ
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့ခံလာရတဲ့ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီး ၁၅ ဦးခန့် မှာ နှစ်နှစ်နီးပါး ကြာတိုက်ပိတ်ခံနေရဆဲဖြစ်တယ်လို့ သာယာဝတီထောင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ရန်ကုန်တိုင်း အင်းစိန်ထောင်၊ မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်တို့မှ ပဲခူးတိုင်း သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံရတဲ့ နိုင်ကျဉ်းအမျိုးသမီးများကို သာယာဝတီထောင် အကျဉ်းထောင်တိုက် (၅) နဲ့ တိုက် (၈) တို့တွင် အကြောင်းပြချက်မရှိ နှစ်ရှည် တိုက်ပိတ်ထားခြင်းဖြစ်ပြီး တိုက်ပိတ်ခံထားရသည်မှာ တစ်နှစ်နဲ့ ရှစ်လရှိပြီဖြစ်ပါတယ်။
သာယာဝတီအကျဉ်းထောင်ရဲ့ အကျဉ်းတိုက်အတွင်းကို အဆိပ်ရှိတဲ့ မြွေ၊ ကင်းခြေ၊ ကင်းမြှီးကောက်အစရှိတဲ့အကောင်တွေက မကြာခဏ ဝင်ရောက်တက်ပြီး ထိုသို့ဝင်ရောက်ချိန်မှာ နိုင်ကျဉ်းအမျိုးသမီးတွေက ထောင်ဝန်ထမ်းတွေထံ အကူအညီ တောင်းခံပေမယ့် ထောင်ပိတ်ချိန်တွင် ဆူပူအောင် ပြုလုပ်တယ်ဆိုကာ ကြိမ်းမောင်းပြောဆိုခြင်းများ ရှိတယ်လို့ဆိုပါတယ်။
သာယာဝတီအကျဉ်းထောင်အတွင်း အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက နှိပ်စက်တာ၊ နိုင်ကျဉ်း အမျိုးသမီးတွေကို အကြောင်းမဲ့ တိုက်ပိတ်ထားတာအပြင် ကျန်းမာရေးပြဿနာ၊ သောက်ရေနဲ့ အစားအသောက်ပြသနာတွေလည်း ရင်ဆိုင်နေကြရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း ၂၇,၆၅၃ ဦးရှိကာ ယင်းအနက် ၂၁, ၀၉၉ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Source – Mizzima
သံတွဲမြို့ ဗုံးကြဲခံရပြီး အမျိုးသမီးနှစ်ဦး သေဆုံး
ရခိုင်ပြည်နယ်၊ သံတွဲမြို့ အံတော်တံတားဦးအနီးမှာရှိတဲ့ စားသောက်ဆိုင်၊ ငါးအအေးခံစက်ရုံနဲ့ တောင်ကုတ်ကားဂိတ် နေရာသုံးခုကို နိုဝင်ဘာလ ၁၀ ရက်နေ့ မနက် ၃ နာရီမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲမှုကြောင့် အသက် ၃၀ ကျော်အရွယ်ရှိကြတဲ့ မစုစုလှိုင်နဲ့မြို့ပေါ်ကိုစစ်ဘေးလာရှောင်သူ မဝိုင်းစိန်မတို့ ပွဲချင်းပြီး သေ ဆုံးသွားတာလို့ သံတွဲမြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း သံတွဲမြို့ပေါ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲ ခဲ့တာကြောင့် ဒုက္ခသည် ၁၆ ဦး သေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဇန်ဝါရီလကနေ အောက်တိုဘာလအထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄၀ ဦး သေဆုံးခဲ့ပြီး အဲဒီ့ထဲမှာ ရခိုင်ပြည်နယ်က ၁၅၉ ဦးနဲ့ အများဆုံး ပါဝင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Source – RFA
ရေဘေးဒဏ်သင့်အမျိုးသမီးနဲ့ကလေးငယ်တွေ ကျန်းမာရေးအန္တရာယ်ကနေ ကာကွယ်မှုလိုအပ်ချက်အထိ စိန်ခေါ်မှုများ စွာနဲ့ကြုံနေရ
မြန်မာနိုင်ငံမှာ ရေဘေးဒဏ်ခံရအပြီး အချိန် ၂ လနီးပါး ကြာတဲ့အထိ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ ကျန်းမာရေး အန္တရာယ်ကနေ ကာကွယ်မှု လိုအပ်ချက်တွေအထိ စိန်ခေါ်မှုများစွာနဲ့ ကြုံတွေ့နေရတယ်လို့ UN Women က ထုတ်ပြန် ပါ တယ်။
ရေဘေးကြောင့် အခက်အခဲကြုံတွေ့ရင်ဆိုင်ရသူ အမျိုးသမီးနဲ့ မိန်းကလေးငယ်ပေါင်း ၆ သိန်းနီးပါး အပါအဝင် လူပေါင်း ၁ သန်းကျော် ထိခိုက်ခံစားခဲ့ရပြီးအမျိုးသမီးတွေအတွက် သန့်ရှင်းတဲ့ရေနဲ့ တကိုယ်ရေသန့်ရှင်းရေးသုံး အထောက်အကူပြု ပစ္စည်းတွေ ရရှိရေးဟာလည်း စိုးရိမ်စရာ ဖြစ်နေသလို ရေကြီးမှုဒဏ်ခံရတဲ့ ဒေသတွေမှာ အစားအစာပြီးနောက် တကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာပစ္စည်းတွေဟာ ဒုတိယ အများဆုံး လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အအုံတွေ ဆိုးရွားစွာ ထိခိုက်စေခဲ့တာကြောင့်လည်း မျိုး ပွားနိုင်တဲ့ အသက်အရွယ်ရှိ အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အလွယ်တကူ လက်လှမ်းမှီနိုင်တဲ့ ကျန်း မာရေး ဝန်ဆောင်မှုတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ငယ်ရွယ်တဲ့ မိန်းကလေးတွေအတွက် ပညာရေးအပေါ် ရေလွှမ်းမိုးမှုကြောင့် အကျိုးသက်ရောက်မှုနဲ့ နောက်ဆက်တွဲ အန္တရာယ်တွေ ရှိနေပြီး မိသားစုတွေအပေါ် ငွေကြေးဆိုင်ရာ ဖိအားပေးမှုတွေကြောင့် ကျောင်းထွက်နိုင်ခြေပိုများကာ စောစီး စွာ အိမ်ထောင်ပြုတာ၊ ဒါမှမဟုတ် ကလေးလုပ်သားဖြစ်နိုင်ခြေကို တိုးစေမယ်လို့လည်း ဆိုပါတယ်။
ရွှေ့ပြောင်းနေထိုင်ရမှုနဲ့ လူထူထပ်တဲ့ စခန်းတွေမှာ ခိုလှုံနေကြရတဲ့ သက်ရောက်မှုက ကျား-မ အခြေပြု အကြမ်း ဖက် မှုဖြစ်နိုင်ချေကို မြင့်မားစေခဲ့ပြီး စခန်းတွေရဲ့ ၆၇ ရာခိုင်နှုန်းက အမျိုးသမီးနဲ့ မိန်းကလေးတွေအတွက် ဘေးကင်းရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို အစီရင်ခံခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Source – DVB
ထိုင်းနိုင်ငံဘန်ကောက်မှာ ငွေချေးပြီးအတိုးမပေးနိုင်သူ မြန်မာအမျိုးသမီး အုပ်စုဖွဲ့ဝိုင်းရိုက်ခံရ
ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဘန်ခေါလဲမ်နယ်မြေထဲမှာ ငွေချေးထားတဲ့ မြန်မာအမျိုးသမီးတယောက် အတိုးငွေမပေးနိုင်လို့ အုပ်စုလိုက် ဝိုင်းရိုက်တာခံခဲ့ရတယ်လို့ အေအေစီ အလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့က ပြောပါတယ်။
ဘန်ကောက်က နေအိမ်တအိမ်မှာ အိမ်ဖော်လုပ်နေတဲ့ အသက် ၄၀ အရွယ် မြန်မာ အမျိုးသမီးတယောက်ဟာနှစ် ဆန်းပိုင်းက ငွေအသုံးလိုတဲ့အတွက် တိုက်ခန်းချင်းကပ်လျက် မြန်မာအလုပ်သမား တယောက်ထံကနေ ဘတ်ငွေ ၁၂,၀၀၀ ချေးခဲ့ ပြီး၊ ယခုလပိုင်းတွင်း ငွေ ရေးကြေးရေးကျပ်တည်းလို့ အတိုးမပေးနိုင်တာကြောင့် ကြွေးရှင်မြန်မာက အပေါင်းအသင်း တွေနဲ့ ဝိုင်းရိုက်တာလို့ အေအေစီအလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပါတယ်။
အဆိုပါအမျိုးသမီးမှာ ထိုးကြိတ်ဒဏ်ရာကြောင့် နားကွဲပြီး ပေါင်ရင်း ၊ ခြေသလုံး စတဲ့နေရာတွေမှာ ပွန်းပဲ့ဒဏ်ရာရသွားသလို အတွင်းကြေဒဏ်ရာအခြေအနေမှာ ဆေးရုံက စစ်ဆေးနေဆဲဖြစ်တဲ့အတွက် နိုဝင်ဘာ ၇ ရက်မှာ အေအေစီအဖွဲ့ထံ လာ ရောက်အကူအညီတောင်းခဲ့တာလို့ ဆိုပါတယ်။
ဒါကြောင့် အေအေစီအဖွဲ့က ဝပ်ဖယားကိုင်းနယ်မြေရဲစခန်းမှာ ကိုယ်ထိလက်ရောက်စော်ကား ခံရမှုနဲ့ အမှုဖွင့်ပေးခဲ့ရာ ရဲ စခန်းကလည်း ကြွေးရှင်ပါခေါ်ပြီး ညှိနှိုင်းပေးခဲ့ပြီး အမျိုးသမီးက သမီးဖြစ်သူရဲ့ရွှေနားကပ်ရောင်းချပြီး ချေးထားတဲ့ငွေ ပြန် ဆပ်ခဲ့ရသလို ကြွေးရှင်ကတော့ ကိုယ်ထိလက်ရောက်ထိုးကြိတ်မှုအတွက် တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။
Source – DVB
သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၁၃၀၀ နီးပါး သေဆုံး
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့အထိ စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝန်း အမျိုးသမီး တစ်ထောင့်သုံးရာနီးပါး (၁၂၇၀ ဦး) သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
AAPP ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ နိုင်ဝင်ဘာလ ၁၂ ရက်နေ့အထိ အမျိုးသမီး ၅၆၀ ဦး သေဆုံးခဲ့ရပြီး ၂၀၂၃ ခုနှစ်မှာ ၄၀၂ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၂၁၃ ဦးနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအထိ ၉၅ ဦး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။ အဲဒီထဲမှာ အမျိုးသမီးသေဆုံးမှု ၄၆၃ ဦးနဲ့ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး သေဆုံးသူတွေရဲ့ နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
AAPP ရဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့သူ ၅၉၄၄ ဦးအထိရှိခဲ့ပြီး အဲဒီအထဲမှာ အမျိုးသမီး ၁၂၇၀ ဦး ပါဝင်ပါတယ်။
Source – RFA
ဘုတလင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကဖမ်းဆီးထားတဲ့ ဓားစာခံအမျိုးသမီးအချို့ အဓမ္မပြုကျင့်ခံရ
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကဖမ်းဆီးထားတဲ့အရပ်သားတွေထဲက အမျိုး သမီးငယ်အချို့ကို အဓမ္မပြုကျင့်မှုများကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား၁၀၀ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ပြီးခဲ့တဲ့အောက်တိုဘာလဆန်းမှစပြီးဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးရာအမျိုးသမီးငယ်များအပါအဝင် ပြည်သူ ၇၀ခန့်ကို ဖမ်းဆီးပြီး၊ ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ အချို့ကို ဖိအားပေးပြီးပေါင်းသင်းခိုင်းတာတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဘုတလင်မြို့ခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးထားသူများအနက် အချို့က ယခုရက်ပိုင်းအတွင်း ထွက်ပြေးလွတ်မြောက်လာကြပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကျူးလွန်မှုတွေကို အခြားသူများ ကသိရှိကြခြင်းဖြစ်ပါတယ်။
အောက်တိုဘာ ၁၂ရက်၊ ၁၃ရက်နဲ့ ၁၈ရက်တုန်းကလည်း ဗန္ဓုလကွက်သစ်ရပ်ကွက်၊ မြောက်ပြင်ရပ်နဲ့ စီပါကျေးရွာတို့ကို စီးနင်းပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင် ဒေသခံ စုစုပေါင်း ၂၄ဦး သေဆုံးခဲ့ ပါသေးတယ်။
Source – People’s Spring
ပခုက္ကူဒေသခံ အမျိုးသမီးသုံးဦးကို စစ်ကောင်စီ သတ်ဖြတ်
မကွေးတိုင်း ပခုက္ကူမြို့နယ် နှောကုန်းရွာမှာ နိုဝင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ပြီး နေအိမ် နှစ်ရာ နီးပါးကို မီးရှို့ဖျက်စီးခဲ့တဲ့အပြင် အဖွားအရွယ်နှစ်ဦးနဲ့ လူငယ်အမျိုးသမီးတစ်ဦး စုစုပေါင်းဒေသခံ အမျိုးသမီးသုံးဦးကို သတ် ဖြတ်သွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကစပြီး ရွှေတန့်တစ်၊ ကွန်းရွာနဲ့ ဆင်မင်းရွာတွေကို စစ် ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ရွှေတန်းတစ်၊ ဆင်မင်း၊ ကွန်း၊ ဒေါင်းစား၊ နှောကုန်း၊ ကင်မွန်းခါး၊ နတ်ကျွန်း၊ ဘုရားကုန်း၊ ဆိပ်ကမ်းသာယာစတဲ့ ကျေးရွာ ၁၅ ရွာက အရပ်သား ၇၀၀၀ ဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးဒုက္ခသည်တွေအတွက် စားသောက်စရာတွေနဲ့ ဆောင်းရာသီဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
Source – RFA
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ရှေ့နေအဖွဲ့ ထပ်မံတောင်းဆို
စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ခွင့်ရဖို့ သူ့ရဲ့ ရှေ့နေအဖွဲ့က စစ်ကောင်စီထံတရားဝင်တင်ပြတောင်းဆိုထားပေမဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့အထိတွေ့ဆုံခွင့်မရသေးဘူးလို့ ရန်ကုန် တိုင်းကမာရွတ်ခရိုင်တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ နေအိမ် အမွေဆိုင်အမှုကိစ္စတွေအတွက် နိုဝင်ဘာလ ၁၃ ရက်နေ့ မနေ့က ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က တင်ပြဖို့ရှိနေပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရ သေးတာ၊ ညွှန်ကြားချက်မရသေးတာတွေကြောင့် ရုံးချိန်းကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းချိန် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးစွပ်စွဲခဲ့တဲ့ အမှုတွေထဲက နောက်ဆုံးလက်ကျန် အမှုတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် အမိန့်ချတဲ့နေ့ နောက်ပိုင်းကစပြီး ရှေ့နေအဖွဲ့နဲ့ လုံး၀တွေ့ဆုံခွင့် မရတော့သလို ပြင်ပကမ္ဘာ နဲ့လည်း အဆက်သွယ်ဖြတ်ခံထားရတာပါ။ ဒီအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကိုလည်း ပြည်တွင်း၊ ပြည်ပ မီဒီယာတွေနဲ့ ဆက်သွယ် စကားပြောဆိုခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။
အသက် ၇၉ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီစွပ်စွဲတဲ့ အမှု (၁၉) မှုအတွက် ထောင် (၃၃) နှစ်ကျခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှာ အမှု ငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့် ရခဲ့တာကြောင့် လက်ရှိ ထောင် (၂၇) နှစ်ဆက်လက်ကျခံနေရပါတယ်။
Source – RFA
ရန်ကုန်မှာ လမ်းမပေါ်ပံ့သကူကောက်သူကလေးမိခင်တစ်ဦး ယာဉ်တိုက်မှုကြောင့်သေဆုံး
တန်ဆောင်မုန်းလပြည့်ညမှာ ရန်ကုန်မြို့နယ်တချို့ လမ်းမတွေပေါ်အထိ ပံ့သကူ ကောက်ယူသူတွေ များပြားခဲ့တာကြောင့် ယာဉ်တိုက်မှုတချို့ဖြစ်ပြီးရွှေပြည်သာမြို့နယ်မှ ကလေးမိခင်တဦးသေဆုံးသွားတယ်လို့ ပရဟိတအဖွဲ့တွေဆီကသိရပါတယ်။
ရွှေပြည်သာမြို့နယ် ၁၄လမ်းဆုံ ပုလဲလမ်းမပေါ်မှာ တန်ဆောင်မုန်းလပြည်ညပိုင်းက ဖြတ်သွားတဲ့ ကားတွေပေါ်က ကြဲချခဲ့တဲ့ ပိုက်ဆံကို လိုက်ကောက်သူတွေထဲက ကလေးသုံးဦးမိခင်အမျိုးသမီးတဦး တက္ကစီနဲ့တိုက်မိတဲ့အတွက် ပရဟိအဖွဲ့ ကဆေးရုံ ပို့ပေးပြီးဆေးရုံအရောက်မှာ သေဆုံးသွားတာလို့ ဖြစ်စဉ်ကိုကူညီပေးခဲ့တဲ့ ကနောင် ပရဟိတအသင်း တာဝန်ရှိ သူတဦးက ပြောပါတယ်။
တန်ဆောင်မုန်းလပြည်နေ့ ပံ့သကူကောက်ရင်း ရွှေပြည်သာမြို့နယ်မှာ လူသေဆုံးတဲ့အထိ ယာဉ်တိုက်မှုဖြစ်ခဲ့သလို တခြားမြို့နယ်တချို့မှာလည်း ယာဉ်မတော်တဆမှုတွေဖြစ်ကာ လူထိခိုက်မှုတွေရှိတယ်လို့ ပရဟိတအသင်းအဖွဲ့တွေဆီက သိရပါတယ်။
Source – Delta News Agency
စက်ရုံအလုပ်သမနှစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်သူကို အရေးယူပေးဖို့ အလုပ်သမားရာချီ ဆန္ဒပြတောင်းဆို
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန်က ပန်းပုထုတ်လုပ်တဲ့ စက်ရုံ ချားရစ်ခ် (CHARIS COMPANY LLMITED ) မှာ အမျိုးသမီးအလုပ်သမားတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို လက်မခံကြောင်းနဲ့ အလုပ်ထုတ်ခံ လိုက်ရတဲ့ အလုပ်သမားတွေကို ပြန်ခန့်ပေးရေးအတွက်အလုပ်သမားနှစ်ရာကျော် ဆန္ဒပြတောင်းဆိုလျှက်ရှိပါတယ်။
စက်ရုံကပေးရမဲ့ ဆုကြေးကို မပေးနိုင်တာကြောင့် အချိန်ပိုမဆင်းနိုင်ဘူးဆိုပြီး ပြန်ကြတဲ့ အလုပ်သမားတွေထဲက အမျိုးသမီး နှစ်ဦးကို တရုတ်နိုင်ငံသား စက်ရုံ ဒါရိုက်တာက ကိုယ်ထိလက်ရောက်ကျူးလွန်တာကနေ စပြီး အလုပ်သမား ၁၃ ဦးအထိ အလုပ်ထုတ်ခံထားရတဲ့အတွက် ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ တရုတ်နိုင်ငံသားကို အလုပ်ထုတ်ပေးဖို့အပါအဝင် တောင်းဆိုချက် ၁၇ ချက်ကို နို၀င်ဘာ ၆ ရက်နေ့မှာ နေ့စားအလုပ်သမားတွေအပါအဝင် အလုပ်သမား ငါးရာ နီးပါး စုပေါင်း တောင်း ဆိုခဲ့ကြတာဖြစ်ပါတယ်။
ဒီပြဿနာကို ဖြေရှင်းပေးဖို့ဆိုပြီး နိုဝင်ဘာလ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ နယ်မြေ ပိုင်ရဲတွေ လာခဲ့ပေမဲ့ ရဲစခန်းမှာ အမှုသွားဖွင့်ပြီး စက်ရုံကိုတရားစွဲဖို့ပဲ ပြောသလို နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ အလုပ်သမားတွေကို တရားစွဲမယ်ဆိုပြီး စက်ရုံထဲမှာ ကြေညာစာကပ်ထားတယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) ရဲ့ ပြောရေးဆိုခွင့်ရှိသူမအိက ပြောပါတယ်။
အခုအခြေအနေကို ဒီစက်ရုံကနေ ထုတ်လုပ်ပေးနေတဲ့ ကုန်အမှတ်တံဆိပ်ကုမ္ပဏီတွေက အမြန်ဆုံး ဖြေရှင်းပေးနိုင်ဖို့ အလုပ်သမားတွေက FGWM ကို အကူညီတောင်းလာတာဖြစ်လို့ ကုန်အမှတ်တံဆိပ်ကုမ္ပဏီတွေကို ဆက်သွယ်ဖို့ ကြိုးစားနေတဲ့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကိုလည်း တိုင်စာပို့ထား တယ်လို့ ပြောပါတယ်။
Source – RFA
မကွေးမြို့နယ်၊ ကျောက်ပစ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးက KPDF အဖွဲ့ဝင်၏ အစ်မဖြစ်သူကို မုဒိမ်းပြုကျင့်
မကွေးတိုင်း၊ မကွေးမြို့နယ်၊ ယင်းသာစည်ကျေးရွာအုပ်စု၊ ကျောက်ပစ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက KPDF အဖွဲ့ဝင် တစ်ဦးရဲ့ အစ်မဖြစ်သူကို မုဒိမ်းပြုကျင့်မှုအတွက် အမှုဖွင့်ရန် ကြိုးစားသော်လည်း အမှုဖွင့် မရဘူးလို့ ဒေသခံပြည်သူတွေထံမှ သိရပါတယ်။
ကျောက်ပစ်ကုန်းကျေးရွာမှ မောင်သန်းဌေးအောင်ဆိုသူက KPDF တပ်ဖွဲ့အတွင်းသို့ ဝင်ရောက်ခဲ့မှုကို ကျေးရွာ အုပ် ချုပ် ရေးမှူးကျော်ဦးက သိရှိသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲ့ အစ်မဖြစ်သူကို မောင်ကိစ္စ အကြောင်းပြပြီး ခြိမ်း ခြောက် မု ဒိမ်းပြုကျင့်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ယင်းအုပ်ချုပ်ရေးမှာက ယခု စစ်မှုထမ်းအပတ်စဥ် ၇အတွက်လည်း စစ်မှုထမ်းရန် လူမပေးနိုင်လျှင်ဖြစ်စေ ငွေကြေး မပေးနိုင်လျှင် ဖြစ်စေ အရေးယူမယ်လို့ဆိုကာ သေနတ်ပစ်ဖောက် ခြိမ်းခြောက်တာကြောင့် ပြည်သူတွေမှာ ထိတ်လန့် ကြောက်ရွံ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
Source – Khit Thit