Home ဆောင်းပါး လွှတ်တော်မှသည် နွေဦးသို့ခြေလှမ်းများ

လွှတ်တော်မှသည် နွေဦးသို့ခြေလှမ်းများ

ခင်ဘုန်းမို့

၂၀၂၀ ရွေးကောက်ပွဲမှာကိုယ်စားလှယ် (၆၀၀၀)ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အနက်အမျိုးသမီးကိုယ်စားလှယ် တစ်ထောင်ကျော်ပါဝင်ပြီး (၁၉၀)ကျော်အနိုင်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေထက် အမျိုးသမီးရာခိုင်နှုန်းများခဲ့တာဖြစ်တဲ့အတွက် လွှတ်တော်အတွင်းမှာ အမျိုးသမီးထုအသံတွေ ပိုကျယ်ကျယ်လောင်လောင်ကြားရမယ်လို့ ပြည်သူလူထုတစ်ရပ်လုံးကမျှော်လင့်ခဲ့ကြတာပါ။

မြန်မာနိုင်ငံရဲ့မထင်မှတ်ထားတဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေကြားမှာ လွှတ်တော်ကိုလှမ်းမယ့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ခြေလှမ်းတွေဟာ နွေဦးတော်လှန်ရေးခရီးကြမ်းပေါ်ကိုနင်းလျှောက်ကြရပါတော့တယ်။

လွှတ်တော်တွင်းခြေချခွင့်မရခဲ့တဲ့ နွေဦးတော်လှန်ရေးခရီးကြမ်းပေါ်ကခြေလှမ်းများ

၂၀၂၀ရွေးကောက်ပွဲမှာသက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်တွေမှာ အနိုင်ရခဲ့တဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေဟာ စစ်အာဏာသိမ်းမှုသတင်းကိုအံ့သြဝမ်းနည်းခြင်းများစွာနဲ့အတူ ကြားသိခဲ့ရပြီးနောက်အလင်းပြပြသာ ထွန်းလင်းတဲ့နိုင်ငံရေးခရီးရှည်ကြီးထဲသို့ဝင်ရောက်လာခဲ့ရတယ်။ အနိုင်ရ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေဟာ နိုင်ငံရေးအိပ်မက်တွေကို လွှတ်တော်တွင်းမှာဆက်မမက်နိုင်တော့ပေမယ့် နိုင်ငံရေးယုံကြည်ချက်တွေတော့မပြောင်းလဲခဲ့ပါဘူး။

စစ်ကောင်စီရဲ့အလိုရှိစာရင်းတွေထဲမှာ အလွယ်တကူပါနိုင်ပြီး ဖမ်းဆီးခံရနိုင်တဲ့အခြေ အနေတွေနဲ့အများဆုံး ရင်ဆိုင်ရတာက လွှတ်တော်ကိုယ်စားလှယ်တွေပဲဖြစ်တယ်။ အာဏာသိမ်းမှုကိုပြည်သူနဲ့အတူဆန့်ကျင်ခဲ့ပြီး စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်ခြင်းကိုခံခဲ့ကြရပါတယ်။

သပိတ်တွေမှာပါဝင်တာ၊ ပြည်သူ့ဝန်ထမ်းတွေကို CDM  မှာပါဝင်ဖို့ တိုက်တွန်းလှုံ့တာ၊ CDM တွေကိုထောက်ပံ့တာ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထောက်ပံ့တာ စတဲ့နည်းမျိုးစုံနဲ့ တော်လှန်ရေးမှာပါဝင်ခဲ့တယ်။  

ထွက်ပြေးတိမ်းရှောင်နေကြရပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအကြပ်အတည်းတွေကြားမှာ‌ မတရားမှုကို တွန်းလှန်ခဲ့ကြပါတယ်။

စီးပွားရေးလည်း ဘာမှမပိုင်ဆိုင်တော့သလို လူမှုရေးမှာလည်းလူကြားထဲပေါ်ပေါ် ထင်ထင် သွားလာလို့ မရ၊ ထွက်ပြေးတိမ်းရှောင်နေရ၊ တိမ်းရှောင်နေရတဲ့အတွက် ကျန်းမာရေးအခြေအနေအတွက် ဆေးကုသဖို့ခက်ခဲတာ၊ ဆေးဝါးဝယ်မရတာ၊အမြဲတမ်းစိုးရိမ်ကြောက်လန့်နေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ စတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ အနိုင်ရအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေကဖွင့်ဟပါတယ်။

“ကျွန်မတို့ရဲ့ဘဝအာဏာသိမ်းပြီးနောက်မှာ ဘယ်လောက်အထိစုတ်ပြတ်သတ်သွားလဲဆိုရင် ရစရာကိုမရှိတဲ့ အထိဖြစ်သွားပါတယ်။ ကျွန်မတို့ရဲ့ရှိတဲ့  ဥစ္စာပစ္စည်းတွေလည်း ဘာမှယူခွင့်မရ ဘာမှပိုင်ဆိုင်ခွင့်မရတော့ဘူး။ အဲ့သည်လို အခြေအနေဖြစ်သွားတယ်။ လူမှုရေးဆိုလည်း တဖက်ကကျွန်မတို့ကိုမဆက်သွယ်ရဲတာတွေရှိလာတယ်”လို့ရှမ်းပြည်နယ်ကလွှတ်တော်ကိုယ်စားလှယ် ဒေါ်မူမူ (အမည်လွှဲ)ကပြောပါတယ်။

ဝန်းသိုကလွှတ်တော်ကိုယ်စားလှယ် ရွှေဝင်းသူ(အမည်လွှဲ)တစ်ယောက်လည်း စစ်ကောင်စီရဲ့ဖမ်းဆီးမှုကို ရှောင်တိမ်းဖို့အတွက် တောထဲမှာ သီလရှင်ဝတ်ပြီးနေခဲ့ရတယ်လို့ဆိုပါတယ်။ နေအိမ်ချိတ်ပိတ်ခံရတဲ့ဖြစ်စဉ်နဲ့လည်း ကြုံတွေ့ခဲ့ရသလိုထွက်ပြေးတိမ်းရှောင်နေစဉ်ကာလမှာ မိသားစုတကွဲတပြားနဲ့မိခင်ဖြစ်သူလည်း သေဆုံးခဲ့သလို ယောက္ခမအဖေလည်း သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

“ဒီကြားထဲ ကိုဗစ်မှာ မိသားစုငါးယောက်လုံး ကိုဗစ်ဖြစ်တယ်။ ကျွန်မရဲ့အမျိုးသားတော့ သေလုနီးပါးဖြစ်ခဲ့တယ်။ ကျွန်မကိုယ်တိုင်မသွားနိုင်ဘဲ ဖုန်းလေးနဲ့ပဲအား‌ပေးရတာ ဆေးဝါးတွေမရှိလို့ ဆေးဝါးတွေရှာရတာ ငွေရေးကြေးရေး အဆင်မပြေလို့ အခက်အခဲကအများကြီးပဲ။ တော်တော်ကို သောကတွေအများကြီးရောက်ခဲ့ရတယ်”လို့ ရွှေဝင်းသူက အခက်အခဲတွေကိုပြောပြပါတယ်။

တောင်တွင်းကြီးက လွှတ်တော်ကိုယ်စားလှယ် Star Flower (အမည်လွှဲ)ဟာ  စစ်အာဏာမသိမ်းခင်၊ လွှတ်တော် ကိုယ်စားလှယ် မဖြစ်ခင်အချိန်အထိ တရားလွှတ်တော်ရှေ့နေအဖြစ်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့အတွက် ပြည်သူအကျိုးပြုလုပ်ငန်းကို လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ ဆောင်ရွက်မပေးနိုင်တော့တဲ့အပြင် ဝင်ငွေရလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နိုင်မှုမရှိတော့ဘူးလို့ ဆိုပါတယ်။

“ကျွန်မအနေနဲ့ မိမိရဲ့ စားဝတ်နေရေးအတွက် အခက်အခဲများစွာရှိခဲ့ပါတယ်။ အမြဲ စိုးရိမ်စိတ်ဖြင့် ရှောင်တိမ်း နေထိုင်ရတဲ့အတွက် စိတ်ဒဏ်ရာများစွာရရှိပါတယ်။ ရှောင်တိမ်းနေထိုင်ရသည့်အတွက် ကျန်းမာရေးမကောင်းတဲ့ အခါမှာတောင် ဆေးရုံ၊ဆေးခန်းပြသနိုင်မှု မရှိဘဲ မိမိနေထိုင်ရာ နေအိမ်မှာပဲ ဆေးမီးတိုဖြင့် ကုသနေထိုင်ခဲ့ရတယ်”လို့ပြောပါတယ်။

ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာပါဝင်ဆောင်ရွက်

အခက်အခဲတွေကြားကပဲ နွေဦးတော်လှန်ရေးရဲ့ သမိုင်းပေးတာဝန်တွေကိုပခုံးထမ်းထားကြတဲ့ တချို့သော အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေဟာ အမျိုးသားတွေနဲ့တန်းတူကျရာအခန်းကဏ္ဍတွေမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။

“လက်ရှိမှာကျွန်မတို့က ပြည်သူရွေးချယ်ထားတဲ့ကိုယ်စားလှယ်ဖြစ်တဲ့အတွက်  ပြည်သူပေးထားတဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေရတဲ့အခြေအနေရှိပါတယ်။ ကျွန်မတို့ နိုင်ငံကောင်းလာဖို့ကျွန်မတို့ တိုင်းပြည်ကောင်းလာဖို့ ရာသက်ပန်ငြိမ်းချမ်းရေးရဖို့ ကျွန်မတို့ကအများကြီးကြိုးစားနေရတဲ့အတွက် ကဏ္ဍမျိုးစုံမှာ အခက်အခဲ ရင်ဆိုင်ဖြေရှင်းပြီးလုပ်ဆောင်နေတာရှိပါတယ်”‌လို့ရှမ်းပြည်နယ်က အသက်(၅၄)နှစ်အရွယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဖြစ်တဲ့ဒေါ်မူမူ (အမည်လွှဲ)ကပြောပါတယ်။

တောတွေတောင်တွေထဲသွားတဲ့အခါ၊ ဆိုင်ကယ်စီးရတာ၊ပစ္စည်းတွေသယ်ရတဲ့အခါ၊ ချောင်းကူးရတာစတဲ့နေရာတွေမှာ  အသက်အရွယ်အရရော အမျိုးသမီးဖြစ်တဲ့အတွက်ရော အမျိုးသားတွေလောက် ပေါ့ပေါ့ပါးပါးမရှိပေမယ့် ကျန်တဲ့အပိုင်းတွေမှာတော့တန်းတူဆောင်ရွက်နိုင်တယ်လို့ ‌ဒေါ်မူမူကဆက်ပြောပါတယ်။

အုပ်ချုပ်ရေးအပိုင်းတွေ၊ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ တာဝန်ယူမှုတာဝန်ခံမှုရှိရှိနဲ့ ဆောင်ရွက်ပေးနိုင်တာတွေလည်းရှိတယ်လို့ ဒေါ်မူမူကပြောပြပါတယ်။

ဝန်းသိုမြို့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ရွှေဝင်းသူကလည်း လက်ရှိမှာ ဝန်းသိုမြို့နယ်ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ နာယကအဖြစ်လက်ရှိတာဝန်ယူဆောင်ရွက်နေသလို ပြည်သူ့ရင်ခွင် တာဝန်ခံအဖြစ်လည်း တာဝန်ယူဆောင်ရွက်နေပါတယ်။ ဒါ့အပြင်ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေး၊ သယံဇာတကောက်ခံရေးစတဲ့ လုပ်ငန်းတွေ၊ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။   

“တော်လှန်ရေးကာလမှာ အမျိုးသမီးဖြစ်ခြင်း စသဖြင့်ခွဲခြားဆက်ဆံတာတော့မရှိဘူး”လို့ ဝန်းသိုမြို့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ရွှေဝင်းသူကဆိုပါတယ်။

တောင်တွင်းကြီးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ Star Flower (အမည်လွှဲ) ကတော့ ထိုင်းနိုင်ငံ၊ မဲဆောက်ကိုထွက်ပြေးတိမ်းရှောင်နေပြီး လွှတ်တော်၏လုပ်ငန်းတာဝန်များ၊ ဥပဒေပြုရေးကော်မတီ၏ အတွင်းရေးမှုးတာဝန်ယူထားတဲ့အပြင် လက်ရှိ မကွေးဖက်ဒရယ်ယူနစ်ရဲ့ ကြားကလအစီအမံရေးဆွဲရေးလုပ်ငန်းစဉ်မှာလည်း ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေကာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ယက်မှာလည်း ညှိနှိုင်းရေးယူနစ်အဖွဲ့ဝင်တယောက်အနေဖြင့်လည်းပါဝင်ပြီး တော်လှန်ရေးလုပ်ငန်းတွေကိုပူးပေါင်းပါဝင်ဆောင်ရွက်နေပါတယ်။

“ ဥပဒေပြုရေးကဏ္ဍမှာတော့ ကိုယ်တိုင်ပါဝင်နေရတယ်။ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍနဲ့ ပက်သက်ပြီး မည်ကဲ့သို့ ပြုလုပ်ဆောင်ရွက်ကြမည်ကို မကွေးဖက်ဒရယ်ယူနစ်မှာ ကြားကာလအစီအမံရေးဆွဲရေးကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်နေဆဲ ကာလဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်မှာလည်း ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေပါတယ်။ ဒါကြောင့် ယခုကာလမှာ အုပ်ချုပ်ရေးကဏ္ဍ၌ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ပြီး ဆုံးဖြတ် ချက်ချတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေရခြင်းမျိုးမဟုတ်တဲ့အတွက် အတိအကျ ဖြေကြားရန်  အခက်အခဲ ရှိပါတယ်” လို့ ဆိုပါတယ်။

Photo Credit

ရှေးရိုးစွဲအစဉ်အလာတွေကို အလုပ်နဲ့သက်သေပြခဲ့

ရှမ်းပြည်နယ်မှာ အနိုင်ရခဲ့တဲ့ အသက်(၅၄)နှစ်အရွယ်ဒေါ်မူမူ (အမည်လွှဲ)ဟာ ဒေသဖွံဖြိုး‌ရေးလုပ်ငန်းတွေကို လုပ်ကိုင်ရင်းနဲ့ နိုင်ငံရေးလောကထဲကိုရောက်လာခဲ့တာဖြစ်ပါတယ်။

ဒေါ်မူမူအနေနဲ့ နိုင်ငံရေးလောကထဲမဝင်ခင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်မယှဥ်ပြိုင်ခင်ကတည်းက ဒေသမှာကြုံတွေ့ခဲ့ရတဲ့ ရှေးရိုးစွဲအယူအဆတွေကို ကြုံတွေ့ကျော်ဖြတ်ခဲ့ရတယ်လို့ဆိုပါတယ်။

ဝန်းသိုမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ရွှေဝင်းသူက ၂၀၁၂ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်လည်မှတ်ပုံတင်ချိန်ကစကာ ပါတီထဲဝင်ရောက်ခဲ့တယ်။ ပညာရေးလောကထဲကနေ နိုင်ငံရေးလောကထဲ ခြေချခဲ့တာဖြစ်ပါတယ်။ ပါတီထဲဝင်စအချိန်တုန်းကတော့ အမျိုးသမီးဖြစ်တဲ့အပေါ်ခွဲခြားဆက်ဆံမှုအချို့ရှိခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်တဲ့အခါမှာလည်း အမျိုးသမီးမို့ ဒါတွေလုပ်နိုင်မယ် မထင်ဘူးလို့လည်း ရှေးရိုးစွဲအယူအဆတွေကိုရင်ဆိုင်ခဲ့ရပါတယ်။

“သို့သော်လည်း ကျွန်မတည်တည်ငြိမ်ငြိမ်နဲ့ ကျွန်မလုပ်ထားပြီးသားအလုပ်တွေနဲ့ သက်သေပြပြီး ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဒါတွေကိုလည်း တွန်းလှန်နိုင်ခဲ့တာရှိပါတယ်”လို့ ရွှေဝင်းသူကဆိုပါတယ်။

‌တောင်တွင်းကြီးမြို့နယ်က Star Flower ကလည်းဒီလိုဖြစ်စဉ်မျိုးတွေကြုံတွေ့ခဲ့ရပါတယ်။

တော်လှန်ရေးလုပ်ငန်းများမလုပ်ခင်၊ သာမာန်အချိန်ကာလတွေမှာတော့ အမျိုးသမီးဖြစ်ခြင်းအပေါ် မသိမသာခွဲခြားဆက်ဆံခံရခြင်းမျိုးတွေ ကြုံခဲ့ရတယ်လို့ဆိုပါတယ်။

ဥပမာ “ ကျွန်မက ရှေ့နေတယောက်ဖြစ်တဲ့အတွက်  မိန်းကလေးဆိုတာ ရှေ့နေ အလုပ်နှင့် မသင့်တော်ဘူး၊ ကျောင်းဆရာမအလုပ်ကလေးမှ သင့်တော်တယ်၊ အမှုဖြစ်တယ်ဆိုတာ အမျိုးသားတွေဖြစ်တာများတယ်၊ ဒါကြောင့် ရှေ့နေဆိုတာ အမျိုးသားတွေနဲ့ ပက်သက်ဆက်နွယ်အလုပ်လုပ်နေရတဲ့ အလုပ်မျိုးဆိုပြီး”ပြောကြတာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

 အမျိုးသမီးဖြစ်ခြင်းအပေါ် ခွဲခြားပြီး အမျိုးသမီးဆို ဘယ်အလုပ်ပဲ လုပ်ရမယ်၊ ဘယ်အလုပ်ဆိုရင် အမျိုးသားလုပ်ရမယ့်အလုပ်ဖြစ်တယ်ဆိုတဲ့ ပုံသေသတ်မှတ်လေ့ရှိတဲ့ မြန်မာတို့ရဲ့ ရှေးရိုးစွဲအမြင်တွေကို အလုပ်နဲ့ သက်သေပြပြီး ကျော်လွှားခဲ့ရတာမျိုးတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

“ပါတီလုပ်ငန်း တာဝန်ပေးအပ်တဲ့ အခါမှာဆိုလည်း  အမျိုးသမီးမို့ မသင့်တော်ဘူး ဆိုတာမျိုး ခပ်ပါးပါး ခွဲခြားဆက်ဆံခံရခြင်းမျိုးရှိဖူးပါတယ်” လို့ဖွင့်ဟခဲ့ပါတယ်။

နိုင်ငံရေးမှာအမျိုးသမီးတွေပါဝင်ဖို့လိုအပ်

လက်ရှိနွေဦးတော်လှန်ရေးကာလမှာလည်း ဘက်ပေါင်းစုံ၊ အခန်းကဏ္ဍပေါင်းစုံမှာ အမျိုးသမီးတွေပါဝင်နေပြီး အနာဂတ်နိုင်ငံသစ်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍတွေမှာလည်း အမျိုးသမီးတွေပါဝင်ဖို့အရေးကြီးတယ်လို့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေကမှတ်ချက်ပြုပါတယ်။

“အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အခုနောက်ပိုင်းတော့ အမျိုးသား အမျိုးသမီး ခွဲခြားမှု တော့မရှိပါဘူး။  အားလုံးတန်းတူပါပဲ။ အားလုံးပါဝင်ပြီးတော့ဆုံးဖြတ်ချက်တွေချခဲ့ကြပါတယ်” စဥ့်ကူးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ‌ဒေါ်ဖြူဖြူ (အမည်လွှဲ)ကပြောပါတယ်။

ဆုံးဖြတ်ချက်ချတဲ့နေရာမှာ နိုင်ငံတကာဆက်ဆံတဲ့နေရာမှာသမ္မတတွေ၊ ဝန်ကြီးချုပ်တွေလုပ်တဲ့နေရာအထိ အမျိုးသမီးတွေပါဝင်ဖို့လိုအပ်ပြီး အမျိုးသမီးတွေကထောင့်စေ့၊ အသေးစိတ်ဂရုစိုက်ပြီး လုပ်ဆောင်နိုင်တဲ့အတွက်ကြောင့် အမျိုးသမီးတွေပါဝင်သင့်တယ်လို့ ဒေါ်မူမူက မှတ်ချက်ပြုပါတယ်။

အမျိုးသမီးတွေ  နိုင်ငံရေးမှာပါဝင်လာရင် အမျိုးသမီးအခွင့်အ‌ရေး ကလေးသူငယ်အခွင့်အရေးတွေ  ဖွဲ့စည်းပုံမှာ ကောင်းမွန်စွာ ပြဌာန်းနိုင် ရေးဆွဲနိုင်မှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

“အမျိုးသမီးတွေမပါဝင်လာဘူးဆို ကျွန်မတို့နိုင်ငံက သူများနိုင်ငံနဲ့ ရင်ဘောင်မတန်းနိုင်ဘဲနဲ့ ကျန်ရစ်ခဲ့နိုင်တယ်။ ကျွန်မတို့အမျိုးသမီးတွေမပါဝင်မှုကြောင့် အားနည်းချက်တွေရှိလာနိုင်တယ်” ‌ဒေါ်မူမူကဆိုပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်သက်တမ်းတုန်းကလည်း နယ်မြေတွေဆင်းတဲ့အခါ နိုင်ငံရေး စိတ်ဝင်စားတဲ့ အမျိုးသမီးတော်တော်များများကိုတွေ့ခဲ့ရပြီး နွေဦးတော်လှန်ရေးမှာလည်း အမျိုးသမီးတွေရှေ့တန်းကပါဝင်နေကြတယ်လို့ ဝန်းသိုက  လွှတ်တော်ကိုယ်စားလှယ် ရွှေဝင်းသူကပြောပါတယ်။

“အမျိုးသမီးကိုယ်စားလှယ်တွေများများပါခဲ့ရင် ထမင်းချက်ရင်းလည်း နိုင်ငံရေးလုပ်လို့ရပါတယ်။ ဈေးသွားရင်းလည်း နိုင်ငံ‌ရေး လုပ်လို့ရတယ်။ ပွဲလမ်းသဘင်သွားရင်းလည်း နိုင်ငံရေးလုပ်လို့ရတယ်။ ကျွန်မကိုယ်တိုင်  ထမင်းချက်ရင်းနဲ့ ကျွန်မဆီအလည်လာတဲ့သူတွေကို ကျွန်မ နိုင်ငံရေးပြောတယ်။ အလှူပွဲတွေမှာ နိုင်ငံရေးပြောတယ်။ ဒါ ကြောင့်နိုင်ငံရေးထဲမှာအမျိုးသမီးတွေ ထဲထဲဝင်ဝင် ပါလာပြီးတော့ ဆောင်ရွက်မယ်ဆို ကိုယ့်နိုင်ငံရဲ့ အလားအလာပိုကောင်းမယ်လို့ယူဆတယ်။အမျိုးသမီးတွေတကယ်လည်းစိတ်ဝင်စားကြပါတယ်”လို့ရွှေဝင်းသူကပြောပါ တယ်။

လက်ရှိတော်လှန်ရေးကလည်း အမျိုးသမီးတွေနိုင်ငံရေးမှာပါဝင်မှုပိုမိုအားကောင်းပြီး နောင်အချိန် ပြည်သူ့အစိုးရ ကျင်းပမယ့်ရွေးကောက်ပွဲမှာဆိုရင်လည်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ ပိုမိုပေါ်ထွန်းလာမယ်လို့ မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးများအပေါ်ခွဲခြား ဖိနှိခံရမှုများရှိသလို၊ တချို့ ဒေသတွေမှာ ရှေးရိုးစွဲ အယူဝါဒများကြောင့် အလိုအလျောက် ခွဲခြားခံရခြင်းမျိုးတွေရှိတဲ့အတွက် ဒီအရာတွေကို ကုစားရာမှာဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ အခန်းကဏ္ဍတွေ၊ မူဝါဒ ချမှတ်နိုင်တဲ့ အခန်းကဏ္ဍတွေမှာ  အမျိုးသမီးတွေ ကိုယ်တိုင်ပါဝင်နေနိုင်မှ  ဒီလိုဖြစ်စဉ်တွေကို ကုစားနိုင်မှာဖြစ်တဲ့အပြင်  အခက်အခဲတွေကို ဆွေးနွေးနိုင်မှာဖြစ်တယ်လို့ တောင်တွင်းကြီးက အနိုင်ရလွှတ်တော်ကိုယ်စားလှယ်Star Flower ကပြောပါတယ်။

“အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှုမရှိပါက (သို့မဟုတ်) နည်းပါက အထက်ပါကိစ္စတွေကို  ကိုယ်တိုင်ကြိုးစား အကောင်အထည်ဖော်ခွင့်မရှိဘဲ အမျိုးသားဖြစ်သူတွေ  ဆောင်ရွက်ပေးမှသာလျှင် ရနိုင်မည်ဖြစ်တဲ့ အနေအထားကို ရောက်ရှိသွားမည်ဖြစ်တယ်”လို့  သူကကပြောပါတယ်။

လက်ရှိကာလမှာလည်း စစ်ကောင်စီက အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေရှိနေတာတောင် လွှတ်တော်ကိုယ်စားလှယ်တွေအပြင် တခြားသော နေရာဒေသ၊ အလွှာအသီးသီးက အမျိုးသမီးတွေ၊ နိုင်ငံရေး အကျဉ်းသူ အမျိုးသမီးတွေဟာဒီနေ့ဒီအချိန်အထိအခက်အခဲတွေကြားကတောင့်ခံပြီး ဓမ္မဘက်ကရပ်တည်နေဆဲဖြစ်ပါတယ်။

နွေဦးနဲ့အတူမျှော်လင့်ချက်

အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေဟာ လက်ရှိမှာလည်း ဘက်ပေါင်းစုံ ကျရာနေရာကပါဝင်နေကြသလို အနာဂတ်မှာတော်လှန်ရေးအောင်လို့ တိုင်းပြည်ပြန်လည်ထူထောင်ရေးကဏ္ဏတွေမှာ   ကျရာနေရာက ပါဝင်သွားဖို့ အမြဲအသင့်ရှိနေကြပါတယ်။

စစ်ကောင်စီကိုတွန်းလှန်တိုက်ထုတ်နိုင်ပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နေပြီဖြစ်ပေမယ့် စစ်ကောင်စီရဲ့လေယာဉ်နဲ့ဗုံးကြဲတာ၊ အင်တာနက်၊ ဖုန်းလိုင်းဖြတ်တောက်တာတွေကြောင့် အခက်အခဲတွေကြားမှာ ကြိုးစားသွားမယ်လို့ စဥ့်ကူးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ‌ဒေါ်ဖြူဖြူ ကပြောပါတယ်။

“အခုချိန်မှာ ပြည်သူ့အုပ်ချုပ်ရေးယန္တယား ကောင်းမွန်စွာလည်ပတ်နေပါတယ်။ ပြည်သူတွေလည်း ပုံမှန်ပြန်ဖြစ်ဖို့အတွက် စောင့်ရဦးမယ်။ အခုက အဆိုးကြီးမဟုတ်တောင် အကောင်းဖြစ်လာပါပြီ”လို့ သူကဆိုပါတယ်။

ဝန်းသိုကကိုယ်စားလှယ် ရွှေဝင်းသူကတော့ “ကျွန်မတို့က နိုင်ငံရေးသမားဖြစ်တဲ့အတွက် စိတ်ပျက်ခြင်းလည်း လုံးဝမရှိပါဘူး။ စိတ်ဓာတ်ကျခြင်းလည်းမရှိပါဘူး။ တော်လှန်ရေးကြီး မုတ်ချအောင်ရမည်ဆိုတဲ့ စိတ်ဓာတ်အင်အားတွေနဲ့ ရှေ့ဆက်ပြီးသွားနေပါတယ်”လို့ပြောပါတယ်။

“အမျိုးသမီးဖြစ်နေတဲ့အတွက်ကြောင့် ကျွန်မတို့က အားငယ်ဖို့‌တော့မလိုဘူး။ ဒါပေမယ့် ကျွန်မတို့ကိုယ် ကျွန်မတို့လည်းမားမားမတ်မတ်ရပ်တည်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်တယ်ဆိုတာ မေ့ဖို့မလိုအောင်အမြဲတမ်း ထက်မြက်အောင်တော့ သွေးထားဖို့လိုတယ်”လို့ ရှမ်းပြည်က အနိုင်ရ လွှတ် တော်ကိုယ်စားလှယ် ဒေါ်မူမူကလည်း ထောက်ပြပြောဆိုပါတယ်။

Author:

Related Articles