နန်းဆိုင်နွမ်
မိုးတဖွဲဖွဲ့ကျလာရင် ကော်ဖီခွက်လေးကိုင်ပြီး သီချင်းသံစဥ်အေးအေးလေးနဲ့ ခံစားချင်သူနဲ့ အလုပ်မသွားဘဲ စောင်ထဲကွေးပြီးနေချင်တယ် ဆိုတဲ့ ခံစားချက်တွေကိုယ်စီရှိကြပါလိမ့်မယ်။
အဲ့ဒီခံစားချက်တွေကို ကိုယ့်လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဒေါ်နန်းပေါင်း တစ်ယောက်ကတော့ မိုးကျပြီဆိုတာနဲ့ ခြေမကိုင်မိ လက်မကိုင်မိ အိပ်မပျော်နိုင်ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် သောကတွေနဲ့ တွေးပူနေရ ပါတယ်။
စက်တင်ဘာလ လဆန်းပိုင်းမှာ တိုင်ဖွန်းမုန်တိုင်း”ရာဂိ” အရှိန်ကြောင့်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ကြောင့် မိုးသည်းထန်ပြီး မြန်မာနိုင်ငံတဝှမ်းမှာ ရေကြီးရေလျှံ မြေပြိုမှုတွေဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီအရှိန်ကြောင့် ဒေါ်နန်းပေါင်းတို့ နေထိုင်တဲ့ စိမ်းစိုနေတဲ့ တောင်တန်းကြီးပတ်ပတ်လည် ကာရံထားတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းတာချီလိတ်မြို့လည်း ရေကြီးရေလျှံမှုကြုံရပါတော့တယ်။
သူ့အသက်၄၀ ကျော်ကာလအတွင်း အခုလို ရေကြီးမှုကို မကြုံဖူးခဲ့ဖူးဘူးလို့ဆိုပါတယ်။
“မိုးလေးကျလိုက်တာနဲ့ ရေကကြီးလာတာ ကျမ တစ်သက်မှာ တခါမျှမကြုံဖူးဘူး။ မိုးလေးတိတ် ရေပြန်ကျသွားလို့ သန့်ရှင်းရေးလုပ်မယ်ကြံသေး။ မိုးပြန်ရွာလို့ ရေပြန်ဝင်၊ ဒီနှစ်မှာ ကျမတို့ ၉ကြိမ် ရေကြီးတာပဲ” လို့ စိတ်မကောင်းတဲ့လေသံနဲ့ နန်း ပေါင်းတယောက် ရှမ်းဘာသာစကားနဲ့ ပြောပြလာပါတယ်။
သူတို့နေထိုင်တဲ့အိမ်မှာအသက် ၈၀ကျော် အဖွားနဲ့ ၂လသားအရွယ်ကလေးအပါအဝင် မိသားစု ၇ဦး နေထိုင်ကြပါတယ်။ သူတို့မိသားစု အိမ်ထဲသန်းခေါင်ယံအချိန် နေအိမ်ထဲကို ရေတွေတရိပ်ရိပ်တက်လာပြီး အိမ်ထဲမှာ နှစ်ည ပိတ်မိခဲ့ပါတယ်။
သူတို့မိသားစုနေတဲ့အိမ်ဟာ နှစ်ထပ်တိုက်ဖြစ်ပြီး၊ အိမ်အောက်ထပ်တစ်ထပ်လုံး ရေမြှုပ်ခဲ့ပြီး ဒုတိယထပ်မှာ တက်နေရပြီး ထမင်း၊ ဟင်းချက်စားလို့မရတဲ့အတွက် ဒုက္ခရောက်ခဲ့ရပါတယ်။
“ ရေတက်လာတော့ ဒုက္ခတော်တော်ကြီးတယ်။ ကလေးတွေလည်းတဖက် အသက်ကြီးတဲ့သူက တစ်ဖက်ဆိုတော့ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ ထမင်းကလည်း ချက်မရ စားစရာကလည်းမရှိ။ ဘယ်သူ့မှလည်းအကူအညီမလာတော့ သေပြီထင်နေ တာ” လို့ နန်းပေါင်းက စိတ်ပျက်လက်ပျက်ပြောပါတယ်။
ရေကြီး၊ ရေလျှံဖြစ်နေချိန် အဝတ်တွေလည်း အားလုံးရေမြှုပ်၊ ဝတ်စရာတွေကလည်းမရှိ အခက်အခဲဒုက္ခမျိုးစုံကြုံရကြောင်း၊ သေဘေးမှ လွတ်လာသည့်အတွက် တဖက်မှာလည်း ကံကောင်းသည်ဟု ယူဆရကြောင်းသူကဆက်ပြောပါတယ်။ “ဒီလိုတခါမျှ မကြုံဖူးတော့ ရေစကြီးတဲ့ရက်က လန့်တယ်။ နောက်အရေးထဲ ရာသီ (ဓမ္မတာ)ကလည်းလာတော့ ဒုက္ခတွေက ပိုကြီးတာပေါ့။ ကပ်ခွာ (pad) ပြေးဝယ်လို့လည်းမရ၊ အစားအသောက်လာလှူတဲ့သူကလည်း ကပ်ခွာမပါ။ ကိုယ်အပူ၊ ကလေး အတွက်ပူ၊ အသက်ကြီးတဲ့သူအတွက်ပူ” အဲ့နေ့က ဖြစ်ပျက်ခဲ့တာကိုသူက ရှက်ပြီး ရှမ်းဘာသာစကားနဲ့ ရင်ဖွင့်လာပါတယ်။
အဲ့လိုအချိန်မှာ အမျိုးသမီးတွေရဲ့ ကြီးလေးတဲ့ ဒုက္ခကို ဘယ်သူမှ မသိနိုင်သလို အရေးပေါ်ကာလမှာ အစားအသောက်တောင် လာလှူဖို့ခက်ခဲနေချိန် အမျိုးသမီးလစဉ်သုံးပစ္စည်း (pad) ရဖို့ဆိုတာ ပိုပြီးဝေးကြောင်းလည်း သူက ဆိုပြန်ပါတယ်။
“အစားအသောက်တော့ လာလှူကြတယ်။ အဝတ်အစားကတော့ သိပ်တော့မလှူဘူး။ အမျိုးသမီးအတွက် သီးသန့်လာပေးတာ။ အဓိက အမျိုးသမီး ကပ်ခွာလာပေးတာ လှူတာမရှိဘူး” ဟု နန်းပေါင်းက လိုအပ်ချက်ကို ပြောလာပါတယ်။
ဒီလိုရေကြီး၊ မြေပြိုမှု ၁၀ကြိမ်တိုင်အောင် ဖြစ်လာတဲ့အတွက် ရေကြီးမှုဒဏ်ကိုခံနေရတဲ့ နန်းပေါင်းနည်းတူ နန်းလှအောင် တစ်ယောက်လည်း မိုးရွာလိုက်တာနဲ့ စိတ်ကယောင်ချောက်ခြားဖြစ်ခဲ့ကြောင်း ရင်ဖွင့်ပြောလာပါတယ်။
“ မိုးရွာလိုက်တာနဲ့ ကျမ စိတ်တွေကလည်း အလိုလို စိတ်ညစ်လာတယ်။ မိုးကျတာနဲ့ ရေကြီးတော့တာပဲ။ ဒီနှစ်ကတော့ အရမ်းစိတ်ပင်ပန်းတဲ့နှစ်ပဲ” လို့ နန်းလှအောင်က ရှမ်းဘာသာစကားနဲ့ ပြောပါတယ်။
ရေကြီးမှုကိုအခုနှစ်မှာ ၁၀ကြိမ်နီးပါး ကြုံတွေ့ခဲ့ရသူတစ်ဦးဖြစ်ပြီး၊ ရေဘေးကြား အမျိုးသမီးတစ်ယောက်အနေနဲ့ အခက်အခဲမျိုးစုံ စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရကြောင်း သူက ပြောပါတယ်။
ရေတက်လာချိန်ဟာ ညသန်းခေါင်ယံချိန်ဖြစ်တဲ့အတွက် အကူအညီလှမ်းတောင်းရန် ခက်ခဲသလို နန်းလှအောင်ဟာ “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်တဲ့ ညီနောင်မဟာမိတ်တို့ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကနေ တာချီလိတ်မြို့ကို စစ်ဘေး ရှောင်လာတဲ့သူဖြစ်တဲ့အတွက် အသိမိတ်ဆွေလည်း သိပ်မရှိလှပါဘူး။
နန်းလှအောင်တို့ မိသားစုဝင် ၅ဦးရှိပြီး အသက် (၆)နှစ်အရွယ်သားတစ်ယောက်နဲ့ အသက်(၁၀)နှစ်အရွယ် သားတစ်ယောက်ရှိပါတယ်။
“တခါတလေ အဆိုးတွေက ကျမ နောက်ကိုပဲလိုက်နေတာလား အတွေးဝင်လာမိတယ်။ ဒီရေောက်တာက မကြာသေးဘူး ရေကြီးတော့ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး” လို့ နန်းလှအောင်က ဆိုပြန်ပါတယ်။
သူတို့ မိသားစုဟာ တာချီလိတ်ကို ရောက်လာတာ ၇လ ကျော်သာရှိပြီး အွန်လိုင်းစျေးရောင်းတာ၊ နေ့စား အလုပ်လုပ်တာတွေကို လုပ်ကိုင်ရင်း ဘဝသစ်ပြန်စဖို့ ကြိုးစားနေချိန် ရေကြီးမှုကိုထပ်ကြုံရသဖြင့် ဝယ်ယူစုဆောင်းထားတဲ့ ပစ္စည်းတွေရေထဲပါသွားပြန်ပါတယ်။
ဒါ့ကြောင့် အသက်ရှင်သန်ဖို့အတွက် အခက်အခဲဆုံးနှစ်တစ်နှစ်ဖြစ်သလို ရှေ့ဆက်လည်း ဘယ်လို ဆက်ကြုံလာရမယ်ဆိုတာ မစဥ်းစားရသေးကြောင်း လက်ရှိမှာ လာရောက်လှူဒါန်းတဲ့ ထမင်းထုတ်စားပြီး အသက်ရှင်သန်နေရကြောင်း စိတ်မကောင်းစွာ ပြောပါတယ်။
“ ဝင်ငွေမရှိတော့ သူများဟာစားတယ်။ လာမလှူတဲ့ရက်ဆိုရင် မားမား ခေါက်ဆွဲစားတယ်။ ကလေးတွေရှိတော့ ဒုက္ခရောက်တယ်။ ကျမတို့အမျိုးသမီးက ပိုပြီးဒုက္ခရောက်တယ် တစ်လတစ်ကြိမ် မဝယ်မဖြစ်ကလည်း ရှိတော့ အဲ့အတွက် သိမ်းထားတဲ့ငွေထဲက ထုတ်သုံးဝယ်ရတယ်။ အလှူရှင်လည်း ဂွမ်းထုတ် (pad) လာပေးတာမရှိဘူးလေ” လို့ သူကတိုးတိတ်စွာ ပြောပါတယ်။
တာချီလိတ်မြို့မှာ ၂၀၁၆ ခုနစ် နောက်ပိုင်းမှစတင်ပြီး ရေကြီးမှုကြုံတွေ့လာခဲ့ပေမယ့် အခုလို အိမ်အလုံးလိုက် ရေမြှုပ်တာ၊ ခေါင်မိုးပေါ် တက်ထိုင်ရတာ အုတ်တံတိုင်းတွေ ပြိုကျတာ မြေပြိုမှုတွေ အကြီးအကျယ်ဖြစ်တာ မရှိခဲ့ပေ။
ရှမ်းပြည်နယ် တဝှမ်းမှာ အခုနှစ်ဟာ ရေကြီး၊ မြေပြိုမှု ပြဿနာကို အကြီးမားဆုံး စတင်ကြုံတွေ့လာရပါတယ်။ အဲ့ဒီဖြစ်ပွားရတဲ့ အကြောင်းရင်းကလည်း သတ္တုတူးဖော်မှု၊ သစ်ပင်တွေရှင်းလင်းပစ်မှု၊ ရေနုပ်မြောင်းတွေ သေချာမပြုလုပ်ထားတာတွေကြောင့် ဖြစ်တယ်လို့ ရှမ်းပြည်အတွင်း သဘာဝပတ်ဝန်းကျင်လှုပ်ရှားဆောင်ရွက်သူတွေက မှတ်ချက်ပြုပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ရွှေ၊ ကျောက်မီးသွေး၊ မင်ဂနီဒိုင်အောက်ဆိုဒ်၊ ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်းနဲ့ ကြေနီးတို့ကိုတူးဖော်မှု ပြုလုပ်နေကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ကောက်ယူထားတဲ့ အချက် အလက်ကနေသိရပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း တကြောမှာ ဓာတ်သတ္တု အသေးစား ခွင့်မိန့် ဧက ၁၂၀၀ ကျော် ကုမ္ပဏီ ၃၀ နဲ့ အကြီးစားထုတ်လုပ်ဖို့ ဧက ၃၄၀၀ ကျော်ချပေးထားပြီး ကုမ္ပဏီ ၂၀ ထုတ်လုပ်နေကြောင်း SHRF ထုတ်ပြန်ထားတဲ့စာရင်းမှာ ဖော်ပြထားပါတယ်။
အခု ရှမ်းပြည်နယ်တကြော ရေကြီး၊ ရေလျှံမှုဟာ သယံဇာတ အလွန်အကျွံတူးဖော်မှု၊ သစ်တောတွေ အလွန်အကျွံခုတ်ယူမှု၊ ရေကာတာ တွေတည်ဆောက်မှုတွေကြောင့်လို့ SHRFရဲ့ ပြောခွင့်ရ ယိင်းလျန်းဟန်က ထောက်ပြပြောဆိုလိုက်ပါတယ်၊
“ စစ်အာဏာမသိမ်းခင်တုန်းကတော့ပြည်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သယံဇာတ တူးဖော်မှုတွေကို ထောက်ပြလို့ရတဲ့ ယန္တရားရှိခဲ့တယ်။ စစ်အာဏာသိမ်းမှုအပြီးမှာ လျော့လာတဲ့အုပ်ချုပ်ရေးယန္တရားတွေနဲ့အတူ သယံဇာတတူးဖော်မှု တွေ ပိုဆိုးလာတယ်” လို့ ယိင်းလျန်းဟန်က ပြောပါတယ်။
အခုဖြစ်ပွားတဲ့ ရေကြီး၊ မြေပြိုမှုတွေကို ကြည့်ချင်းအားဖြင့် ပြည်သူအချင်းချင်းသာ ကူညီဆောင်ရွက်နေရသလို အကူအညီမရရှိတဲ့ ရေဘေးဒုက္ခသည်များစွာရှိနေပြီး၊ အမျိုးသမီးအတွက် ဦးစားပေးဆောက်ရွက်မှုမျိုးမတွေ့ရကြောင်း ယိင်းလျန်းဟန်က ထောက်ပြပြောဆိုခဲ့ပါတယ်။
“ ဒီနှစ် တာချီလိတ်ရေကြီးတာက တခါမှ မကြုံဖူးတဲ့ အိမ်တွေမြှုပ်တာတွေဖြစ်တယ်။ ရေဘေးကယ်ဆယ်ရေးစခန်းလည်း မဖွင့်နိုင် ကိုယ့်နည်းကိုယ်ဟန်ရှောင်ရတယ်။ ညမှာ ရေရုတ်တရက်တက်တော့ ပြောင်းရွှေ့မရ ရေထဲနေရတဲ့ဘဝတွေလည်းရှိ တယ်။ နိုင်ငံရေး အခြေအနေအရ ကူညီကယ်ဆယ်ရေးအဖွဲ့ လူမှုပရဟိတအဖွဲ့ကလည်း သိပ်မရှိတော့ ဒုက္ခများတယ်” လို့ ယိင်းလျန်းဟန်က မှတ်ချက်ပြုပါတယ်။
တာချီလိတ်မြို့မှ တပိုင်တနိုင် ကူညီပေးနေတဲ့ နန်းဟွမ်က “ ကျမတို့ အဖွဲ့က ထမင်းထုတ်ပဲဝေနိုင်ခဲ့တာ။ အမျိုးသမီးနဲ့ ကလေးအတွက်ဆိုပြီး သီးသန့်ကူတာမရှိဘူး။ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ သွားဝေတာလဲ မရှိဘူး။ ကျမတို့လည်း အရေးပေါ်ဆိုတော့ ဘာမှမစဉ်းစားနိုင်ဘူး” လို့ ရေဘေးကူညီပေးတဲ့အတွေ့အကြုံကို ပြောပြပါတယ်။
လက်ရှိဖြစ်ပွားခဲ့တဲ့ အကြီးမားဆုံး ရေကြီးမှု၊ မြေပြိုမှုတွေမှာ ပထမဆုံးအကြိမ်အတွေ့အကြုံဖြစ်တဲ့အလျောက် နောက်တကြိမ် အရေးပေါ်အချိန် အမျိုးသမီးတွေအတွက် ထည့်သွင်းစဉ်းစားပြီး လှူဒါန်းရန်လိုအပ်ကြောင်း၊ အဓိကအားဖြင့် အမျိုးသ မီးလစဉ်သုံးပစ္စည်းနဲ့ အတွင်းခံဘောင်းဘီကို ဦးစားပေးလှူဒါန်းရန် တိုက်တွန်းချင်ကြောင်း နန်းဟွမ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တယားကြီးလည်း အလိုအလျောက်ပျက်စီးကာ ပြည်သူက ပြည်သူ့ကို အချင်းချင်း ရိုင်းပင်ကူညီပေးဝေနေရတဲ့အချိန်ဖြစ်ပါတယ်။
“ ဒီလိုကာလကြီးမှာ ကျမတို့ လူတိုင်းက ခက်ခဲနေကြပြီး၊ ရေကြီးမှုဒဏ်ကြောင့် နလံပြန်ထဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ ကျမကတော့ ရေကြီး၊ မြေပြိုတဲ့အိမ်ထောင်စုတွေမှာ အမျိုးသမီးတွေကို ပိုပြီးထည့်သွင်းစဉ်းစားပေးတာ။ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ လှူဒါန်းတာလုပ်စေချင်တယ်” လို့ နန်းဟွမ်က ရှမ်းဘာသာနဲ့ တောင်းဆိုလိုက်ပါတယ်။