အောက်တိုဘာ ၂၀ ကနေ ၂၆ ရက်အတွင်းတစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။
မောင်တောမြို့ကို လေကြောင်းကနေတိုက်ခိုက်မှုကြောင့် အမျိုးသမီး၃ ဦးအပါအဝင် ဒေသခံငါးဦးသေဆုံး
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို အောက်တိုဘာ ၂၁ ရက် မနက် ၂ နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၃ဦးအပါအဝင် ဒေသခံ ၅ ဦးသေဆုံးပြီး ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အရပ်သားအများအပြား ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေမှာ မသီတာ၊ မအေးအေးအောင်၊ ဒေါ်လှလှအေး၊ ကိုနေဇော်ဦးနဲ့ ကိုမောင် မောင်သိန်းတို့ ဖြစ်ပြီး ဒဏ်ရာရရှိသူတွေထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး အပါအဝင် ပြည်သူ ၁၃ ဦးပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
မောင်တောမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်လာနေတာ ဖြစ်ပါတယ်။ဖားဝပ်ချောင်းကျေးရွာက ဒေသခံတွေဟာ လက်ရှိမှာ မိမိကျေးရွာမှာ မနေရဲကြတော့ဘဲ တခြားအနီးနားကျေးရွာတွေကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Source – DVB
မတ္တရာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သားအမိ နှစ်ဦး သေဆုံး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်ဘေးက ရွာတွေကို အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်လို့တစ်နှစ်ကျော်အရွယ်ကလေးတစ်ဦးနဲ့မိခင်တို့သေဆုံးပြီးလေးဦးထက်မ နည်း ဒဏ်ရာရသွားတယ်လို့ Wetlet Informational Network အဖွဲ့က ပြောပါတယ်။
ဧရာဝတီမြစ်ဘေးမြွေတလိုင်းရွာနဲ့အနီးတစ်ဝိုက်ရွာတွေကိုတံတားဦးလေတပ်ကနေထွက်လာတဲ့ဂျက်တိုက်လေယာဉ်တစ် စင်းနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi 35 နှစ်စင်းတို့က ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ မြွေတလိုင်းရွာအနီး ဧရာဝတီမြစ်ဘေး စက်လှေပေါ်က တစ်နှစ်ကျော်အရွယ် ကလေး တစ်ဦးနဲ့ ၂၈ နှစ်အရွယ် မိခင်ဖြစ်သူတို့ ကျည်ထိမှန် သေဆုံးခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း မတ္တရာမြို့နယ်အနောက်ခြမ်း ဝေါစုရွာ ဘုန်းကြီးကျောင်းမှာရှိတဲ့စစ်ဘေး ဒုက္ခသည် စခန်းကိုစစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်သံဃာသုံးပါးနဲ့ကလေးငယ်တွေအပါအဝင်အရပ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) ထုတ်ပြန်ထားပါတယ်။
Source – RFA
ပုလောက စက်လှေနစ်မြုပ်မှု အမျိုးသမီးကိုးဦးအပါအဝင် ရုပ်အလောင်း ၁၄ လောင်း ရှာတွေ့ထား
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကျောက္ကာရွာနီး ပင်လယ်ပြင်က စက်လှေနစ်မြုပ်မှုမှာ အောက်တိုဘာ ၂၂ ရက် ဒီနေ့မနက် ၁၁ နာရီအထိ အမျိုးသမီးကိုးဦးအပါအဝင် ရုပ်အလောင်း ၁၄ လောင်းကို ရှာတွေ့ထားပြီး နောက်ထပ် ၁၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
စက်လှေပေါ်မှာ လူ ၉၇ ဦးလိုက်ပါလာတာဖြစ်ပြီး အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့သူ ၇၁ ဦး ရှိတယ်လို့ဆိုပါတယ်။ လက်ရှိ သေဆုံးရုပ်အလောင်း တွေ့ထားသူ ၁၄ ဦးထဲမှာ သုံးလနဲ့ ငါးနှစ်ကြား ကလေးသုံးဦး၊ အသက် ၁၁ နှစ်ကနေ ၆၀ အကြား အမျိုး သမီး ကိုးဦးနဲ့ အမျိုးသားနှစ်ဦး ပါဝင်ပါတယ်။
အောက်တိုဘာ ၂၂ရက် မနက်ပိုင်းအထိ ရုပ်အလောင်းတွေကို ထပ်မံရှာတွေ့တာဖြစ်ပြီး နောက်ပျောက်ဆုံးနေသူတွေကို ဆက် လက်ရှာဖွေနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၂၀ ရက်နေ့ ည ကိုးနာရီခန့်က ပုလောမြို့နယ် ကျောက္ကာရွာကနေ မြိတ်မြို့ကို စက်လှေထွက်ခွာစဥ် ကျောက္ကာ ရွာအနီးမှာပဲ စက်လှေ နစ်မြုပ်ခဲ့တာဖြစ်ပြီး စက်လှေပေါ်မှာ စစ်ဘေးဒုက္ခသည်တွေနဲ့ သီတင်းကျွတ် ကျောင်းပိတ်ရက် ပြန် လာကြတဲ့ ကျောင်းသားတွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုလောမြို့နယ် ကြဲရွာနဲ့ အနီးတစ်ဝိုက်မှာ အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲ ပြင်းထန်နေတာကြောင့် မြိတ်-ပုလော ပြည်ထောင်စုကားလမ်းမှာ ခရီးသွားကားတွေနဲ့ ကုန်ကားတွေ ပိတ်မိနေပြီး အများစုဟာ ရေလမ်းကိုပဲ အသုံးပြုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Source – RFA
မွေးစားမိဘတွေ နှိပ်စက်ခံရတဲ့မိန်းကလေးငယ်အမှု သက်သေထွက်ဆိုလိုသူတွေ ခြိမ်းခြောက်ခံနေရ
မွေးစားမိဘတွေနှိပ်စက်မှုကြောင့်ဒဏ်ရာတွေရပြီးကုသမှုခံယူခဲ့ရတဲ့ပဲခူးတိုင်းအုတ်တွင်းမြို့နယ်ကမိန်းကလေးငယ်အမှုနဲ့ ပတ်သက်ပြီးတရားရုံးမှာစတင်ကြားနာတော့မှာဖြစ်ပေမယ့်သက်သေထွက်ဆိုလိုသူတွေခြိမ်းခြောက်ခံရတာတွေရှိနေတယ်လို့ အမှုကိုလိုက်ပါကူညီပေးနေသူတွေဆီကသိရပါတယ်။
အမှုကိုအောက်တိုဘာ ၂၃ရက်မှာစတင်ကြားနာတော့မှာဖြစ်ပေမယ့် ခြိမ်းခြောက်ခံနေရတာတွေကြောင့် တရားလိုဘက်က သက်သေအဖြစ် လာရောက်ထွက်ဆိုပေးဖို့ ဒေသခံတွေအခက်အခဲဖြစ်နေကြပြီး ဒီကနေ့အထိ သက်သေအဖြစ် ထွက် ဆို ပေးဖို့ တိတိကျကျ ကတိပြုထားသူမရှိသေးဘူးလို့လည်း သူကပြောပါတယ်။
အုတ်တွင်းမြို့နယ် အနောက်ခြမ်း ပဲခူးရိုးမတောင်ပေါ်ဒေသခံ အသက်လေးနှစ်အရွယ် မိန်းကလေးငယ်တဦးဟာ အမွေစား၊ အမွေခံမွေးစားခြင်းခံရပြီးနောက် တနှစ်လောက်အကြာမှာ အဖိုး၊အဖွားတွေဆီ ဒဏ်ရာတွေနဲ့ပြန် ရောက်လာပြီးတဲ့နောက် အဖိုး ဖြစ်သူက မြို့ပေါ်တက် အမှုဖွင့်တိုင်ကြားဖို့ ကြိုးစားခဲ့တာပါ။
မိခင်ဖြစ်သူနေအိမ်ကထွက်သွားပြီးနောက် အဖေ၊အဖိုးအဖွားတို့နဲ့တလှည့်စီအတူနေထိုင်ရင်း မွေးစားမိဘတွေဆီ လွှဲပြောင်း ခံရတဲ့ အသက်လေးနှစ်အရွယ် ကလေးငယ်ဟာ ထိုးနှက်ခံရတာ၊ ရေနွေးပူနဲ့ပါးစပ်ထဲ လောင်းထည့်ခံရတာ ၊ဓားခုတ် ခံရ တာ စတဲ့ဒဏ်ရာတွေအပြင် မုဒိမ်းမှုပါကျူးလွန်ခံထားရတယ်လို့ ကလေးငယ်ရဲ့အဖိုးဖြစ်သူ ကပြောပါတယ်။
တောင်ငူဒေသခံလူမှုကူညီရေးလုပ်ကိုင်သူကိုကျော်သူရရဲ့အကူအညီနဲ့ ကလေးငယ်ရဲ့ အခြေအနေကို လူမှုကွန်က်ကတဆင့် လူသိများလာခဲ့တဲ့နောက်ကလေးရဲ့မွေးစားမိဘတွေကိုအာဏာပိုင်တွေကဖမ်းဆီးခဲ့ပြီးသက်ငယ်မုဒိမ်းမှုအတွက်ပြဌာန်းချက်ပါဝင်တဲ့ ပုဒ်မ ၃၇၆၊ အားပေးကူညီမှုဆိုင်ရာပုဒ်မဖြစ်တဲ့ ပုဒ်မ၁၁၄တို့နဲ့ တရားစွဲဆို ထား တယ်လို့သိရပါတယ်။
Source – Delta News Agency
ရေကြီးနေသည့် ရွှေပြည်သာမြို့၌ ဓာတ်ကြိုးပြတ်ကျ၍ အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံး
မိုးကြီးပြီးနောက် လမ်းမပေါ် ရေတင်နေစဉ် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် (၁၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် လျှပ်စစ် ဓာတ်ကြိုးပြတ်ကျကာ အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။
သေဆုံးသူမှာ မနော်ဖူးဆိုတဲ့ အသက် (၄၅)နှစ်ခန့်အရွယ် စက်ရုံဝန်ထမ်းအမျိုးသမီးတစ်ဦးဖြစ်ပြီးယင်း ဖြစ်ရပ်အတွက် စစ် ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက တာဝန်ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပြီး ယင်းဌာနကတော့ တာဝန်ယူခြင်း မရှိ ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့သည့် ဇူလိုင်ကလည်း ပဲခူးမြစ်ရေမြင့်တက်ပြီး ရေကြီးနေသည့်ပဲခူးမြို့တွင် ရေထဲသို့ ပြတ်ကျနေသည့် လျှပ်စစ်ကြိုးမှ ဓာတ်လိုက်ပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့ ပါတယ်။
Source – People’s Spring
ဝက်လက်တွင် အမျိုးသမီးတစ်ဦးကို ပစ်သတ်သည့် PDF တပ်ဖွဲ့ဝင်အား ထောင် ၁၀ နှစ်ချ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF) မှ ဒု တပ် ခွဲမှူးအား ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တို ဘာ ၂၃ ရက်က သတင်းထုတ်ပြန်ပါတယ်။
ယခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် ညနေက ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာမှအမျိုးသမီးကိုသမီးရည်းစားချင်း စကား များရာမှရွှေဘိုခရိုင် အမှတ် (၂) တပ်ရင်း၊ တပ်ခွဲ ၁၊ ဒုတပ်ခွဲမှူး ရဲဘော်ပြည့်ထွန်းနိုင် (ခ) လင်းစေ က သေနတ်နဲ့ ပစ် သတ် ခဲ့တာဖြစ်တယ်လို့ NUG ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အကျဉ်းစစ်တရားရုံးချုပ် တရားသူကြီးများအဖွဲ့က စစ်ဆေးခဲ့ပြီးနောက် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှား သဖြင့် ၁၉၅၉ ခုနှစ်၊ တပ်အက်ဥပဒေပုဒ်မ ၇၁(က)/ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံရန် အ မိန့်ချခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အသက် ၂၂ နှစ်အရွယ် မယုမွန်ထက်မှာ သခွတ္တောကျေးရွာ နေအိမ်မှာပင် ပစ်သတ်ခံရခြင်း ဖြစ်ပြီး ထိုစဉ်က သတင်းများတွင် မယုမွန်ထက်သည် ၎င်းအား ပြန်လည်မချစ်ကြိုက်ဟုဆိုကာ PDF ဒုတပ်ခွဲမှူးက နေအိမ်မှာ ပစ်သတ်သွားသဖြင့် မိခင် ဖြစ် သူ က မတ်လ ၆ ရက်တွင် NUG ထံ တိုင်ကြားခဲ့တာဖြစ်ပါတယ်။
လက်နက်ကိုင်ခုခံမှုအားကောင်းရာ စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား ပဋိပက္ခများ၊ တော် လှန် ရေးအင်အားစုများအပေါ် အရပ်သားများ အပေါ် ကျူးလွန်တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေး အစိုးရ အ နေဖြင့် ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းရန် တောင်းဆိုမှုများရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို လိုအပ်တဲ့ ထိန်းကျောင်းမှုများအဆင့်ဆင့်ဆောင်ရွက်လျှက်ရှိကာပြစ်မှုကျူးလွန်တဲ့တပ်ဖွဲ့ဝင်တွေကိုလုပ်ထုံးလုပ်နည်းနဲ့အညီအရေး ယူဆောင်ရွက်သွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
Source – Myanmar Now
တမူးမြို့မှာ အမျိုးသမီးနဲ့ကလေးငယ်အပါဝင် ဒေသခံ ၇ဦး ဖမ်းဆီးခံရ
စစ်ကိုင်းတိုင်းတမူးမြို့ စော်ဘွားရပ်ကွက် မှာ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး အပါဝင် ဒေသခံ ၇ဦးကိုစစ်ကောင်စီ လက်အောက်ခံ ပျူစောထီးတွေ က အောက်တိုဘာ ၂၀ ရက်နေ့က အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြော ပါ တယ်။
၎င်းတို့ကို နေအိမ်မှာရှိနေစဉ် ဖမ်းဆီးသွားတာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးတာ ဖြစ်တယ်လို့ယင်းတို့နဲ့ နီးစပ်သူတွေကပြောပါတယ်။
ဖမ်းဆီးခံရတဲ့ထဲမှာ အမျိုးသမီးနဲ့ ကလေးငယ် ပြန်လည်လွှတ်မြောက်လာပြီး ကျန် ၅ဦးမှာ ဆက်လက် ထိန်း သိမ်း ထား ပြီးပြန်လွတ်လာမယ် မလွတ်ဘူး ဆိုတာတော့ သေခြာ မသိရသေးဘူး လို့ ပြောပါတယ်။ ယခုနှစ် မတ်လ ၂၆ရက်နေ့က တမူး မြို့လမ်းဆုံမှာ လူငယ်သုံးဦးကိုလည်း တော်လှန်ရေးတပ်ဖွဲ့နဲ့ ဆက်စပ်မှုရှိတယ်လို့ မတရားစွပ်စွဲ ဖမ်းဆီးခံရပြီး မေလ ၇ရက် နေ့ကတရားရုံးကနေထောင်ဒဏ် ၂နှစ်ကနေ ၃နှစ်ထိမတရားထောင်ချခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
Source – Zalen
ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေမသန့်ရှင်းတာကြောင့် နိုင်ကျဉ်းအမျိုးသမီးရာကျော် အရေပြားရောဂါ ဖြစ်ပွား
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်က အကျဉ်းထောင်မှာ သောက်သုံးရေ မသန့်ရှင်းတာကြောင့် နိုင်ငံရေးအကျဉ်းသူ အယောက် ၁၀၀ ကျော်မှာ အရေပြားရောဂါဖြစ်ပွားနေတယ်လို့ အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။
“ အကျဉ်းဆောင်ထဲက လူအယောက် ၅၀ ဆံ့တဲ့ အခန်းတစ်ခုတည်းမှာ လူအယောက် ၈၀ လောက်ထည့်ထားကာ၊ နေ့စဉ် သုံးနေရတဲ့ ရေတွေကလည်း သန့်ရှင်းမှုအားနည်းပြီး အဝါရောင်ဖြစ်နေသလို ရေကိုလည်း လုံလောက်အောင် ချိုးခွင့် မရ ကြတာ၊ ရာသီလာတဲ့ကာလတွေဆိုရင်လည်း သန့်ရှင်းအောင် ဆေးကြောခွင့်မရကြဘူး”လို့ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံ ရေးအကျဉ်းသူတွေ ရင်ဆိုင်နေရတာတွေကို မဇူးဇူးမေယွန်းက ပြောပြပါတယ်။
ဒိုက်ဦးအကျဉ်းထောင်မှာ ရန်ကုန်မြို့က အင်းစိန်ထောင်နဲ့ ပဲခူးတိုင်းထဲက တခြားအကျဉ်းထောင်တွေက နိုင်ငံရေး အကျဉ်း သူတွေပါ ပြောင်းရွှေ့ခံထားရတာဖြစ်တဲ့အတွက် အမျိုးသမီး နိုင်ကျဉ်း ၄၀၀ ဝန်းကျင်ရှိနေတယ်လို့လည်း သိရပါတယ်။
အရေပြားရောဂါတွေအတွက် ဆေးဝါးတွေကို မိသားစုတွေဆီ မှာယူရင်လည်း အကျဉ်းထောင်ဝန်ထမ်းတွေ နားမလည်တဲ့ ဆေးတွေဆိုရင် ထောင်ဝင်စာပို့ခွင့်မရကြဘူးလို့လည်း ဆိုပါတယ်။
Source – BBC
လက်နက်ကိုင်အဖွဲ့တခု ဖမ်းသွားတဲ့ လောင်းလုံးက အမျိုးသမီးတစ်ဦး နှစ်ပတ်ကြာတဲ့အထိ သတင်းအစအနမရ
လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာကနေ အောက်တိုဘာ ၁၀ ရက်နေ့မှာ လက်နက်ကိုင် တပ်ဖွဲ့ တခုက ဖမ်းဆီး ခေါ် ဆောင်သွားတဲ့ အမျိုးသမီးတစ်ဦးနဲ့ပတ်သတ်လို့ နှစ်ပတ်အကြာ ဒီကနေ့အထိ သတင်းအစအန မရသေး ဘူးလို့ နီးစပ်သူ တွေ ဆီကနေ သိရပါတယ်။
အဖမ်းခံရသူဟာ အသက် ၅၀ အရွယ် ဒေါ်ခင်နှောင်းဆိုသူ အမျိုးသမီးဖြစ်ပြီး မောင်းမကန်ရွာရှိ လေသာ ဘုန်း ကြီးကျောင်းမှာ ဆွမ်းချက်ဖို့အသွား လက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦးက လမ်းမှာ ဆိုင်ကယ်နဲ့ လာဖမ်းသွား တာဖြစ်ပြီး၊ဒေါ်ခင်နှောင်းနဲ့ နီးစပ်သူ တွေကတော့ စစ်ကောင်စီသတင်းပေးလုပ်တယ်ဆိုပြီး တိုင်ကြားမှုတွေရှိလို့ လက်နက် ကိုင်တော်လှန်ရေးတပ်ဖွဲ့တခုက အခု လို လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ဆိုပါတယ်။
မောင်းမကန်ရွာခံတချို့ကတော့ ဒေါ်ခင်နှောင်းကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) လက် အောက်ခံ ဇုန် (၁) က တပ်ဖွဲ့ဝင်တွေ ဖမ်းသွားတယ်လို့ ပြောကြသလို ဗထူးတပ်မတော်က ဖမ်းဆီးသွားတယ် လို့ဆိုပေမယ့် ဒါပေမယ့် မောင်း မကန်ရွာတဝိုက်လှုပ်ရှားမှုရှိတဲ့ အဲဒီနှစ်ဖွဲ့စလုံးကတော့ ဒေါ်ခင်နှောင်းကို သူတို့ဖမ်းဆီးထားတာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒေါ်ခင်နှောင်းက အသက် ၁၁ နှစ်အရွယ် အငယ်ဆုံးသားဖြစ်သူနဲ့အတူ ကျန်းမာရေးမကောင်းတော့တဲ့ အသက် ရှစ်ဆယ် ကျော်အရွယ် မိဘနှစ်ပါးကို ပြုစုနေရ သူဖြစ်ပြီး ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ကတော့ ဒေါ်ခင်နှောင်းကို ဖမ်းဆီးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ဖမ်းဆီးရတဲ့အကြောင်းအရင်း၊ ဖမ်းဆီးထားတဲ့ အခြေအနေတို့ကို လူသိရှင်ကြား ထုတ်ပြောပေးဖို့ တောင်းဆိုကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။
Source – Delta News Agency
မြောင်မြို့ ဇရပ်ကုန်းကျေးရွာကို စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်မှု အမျိုးသမီး ၄ ဦးအပါဒေသခံ ၆ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ဇရပ်ကုန်းကျေးရွာကိုစစ်ကောင်စီတပ်ဖွဲ့ကတိုက်လေယာဥ်နှစ်စင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး လေးဦးနဲ့ အမျိုးသား နှစ်ဦး စုစုပေါင်း ခြောက်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ထံက သိရပါတယ်။
အောက်တိုဘာလ ၂၃ ရက် ညနေ ပိုင်းမှာ လေကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပထမလေယာဥ်မှ ကြဲတဲ့ ဗုံးနှစ်လုံးက ငါး မြှောင်ရွာ တောင်ဘက်သို့ ကျရောက်ပြီး ထိခိုက်မှု မရှိခဲ့သော်လည်း ဒုတိယလေယာဥ်မှ ကြဲတဲ့ ဗုံးမှာ ဇရပ်ကုန်း ကျေးရွာ ပေါ်ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေမှာအသက် ၁၆ နှစ် ၊ ၁၈ နှစ် နဲ အသက် ၈၀ အရွယ် အမျိုးသမီးများဖြစ်ကြပြီး ကျန်အမျိုးသမီးတစ်ဦး နဲ့ အမျိုးသား နှစ်ဦးရဲ့ အသက်တွေကို မသိရသေပေ၊ ယင်းသေဆုံးသူတို့အနက် ငါးဦးရဲ့ ရုပ် အလောင်း တွေကို မြေမြှုပ်သင်္ဂြိုဟ်ပေးပြီးဖြစ်တယ်လို့သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ များပြားပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ လျှင်မြန်စွာ ပို့ဆောင်ပေးနေရ၍ စာရင်း ကောက် ယူနိုင်ခြင်းမရှိသေးဘဲ အသက်အန္တရာယ် စိုးရိမ်ရသူမရှိဘူးလို့ဆိုပါတယ်။ ယခုလေကြောင်းတိုက်ခိုက်မှုမှာ တိုက်ပွဲဖြစ်ပွား ခြင်းမျိုးမရှိဘဲ အရပ်သားပြည်သူများ ရှိရာကျေးရွာကို ပစ်မှတ်ထားတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံတွေက ဆို ပါ တယ်။
Source – Mizzima News
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 23/12/2024
- သစ်ပင်တက်ရင်းမိသားစုကိုစောင့်ရှောက်နေသူ မိန်းကလေး - 19/12/2024
- လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေအတွက် တရားမျှတမှုအလှမ်းဝေးနေသေး - 18/12/2024