Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

အောက်တိုဘာလ  ၁၄ ရက်မှ ၁၉ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်း အရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။  

စစ်တပ်က မတရားဖမ်းဆီး၊ ထောင်ချထားသည့် ရှေ့နေဒေါ်ရွက်နုအောင် နိုင်ငံတကာလူ့အခွင့်အရေးဆု ချီးမြှင့်ခံရ

အီတလီနိုင်ငံအခြေစိုက် Institut des droits de l’homme des avocats européens (IDHAE)  အဖွဲ့က ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု ‘Ludovic Trarieux’ ကို ရှေ့နေ့ဒေါ်ရွက်နု အောင်ကို ချီးမြှင့် လိုက်ပါတယ်။

ဒေါ်ရွက်နုအောင်ကို နိုင်ငံရေးအကျဉ်းသားတွေရဲ့ တရားမျှတမှုဆိုင်ရာ အခွင့်အရေးရရှိဖို့ ကြိုးပမ်းခဲ့သလို၊ လွတ်လပ်တဲ့ တရားစီရင်ရေး ပေါ်ထွန်းစေရန် ကြိုးပမ်းမှုကြောင့် ချီးကျုးဂုဏ်ပြုတဲ့အနေနဲ့ ဆုပေးဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့  IDHAE အဖွဲ့ကပြောပါတယ်။

ဒေါ်ရွက်နုအောင်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှုတွေအတွက် ရှေ့နေလိုက်ပေးခဲ့သူဖြစ်ပြီး ဒေါက်တာဇော်မြင့်မောင်ရဲ့ အိုးဘိုထောင်တွင်း တရားရုံးချိန်း တစ်ခုမှအပြန် ၂၀၂၂ခုနှစ်၊ ဧပြီလကုန်ပိုင်းမှာဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက ဖမ်းသွားတာဖြစ်ပါတယ်။

ဒေါ်ရွက်နုအောင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပေဒပါ ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပုဒ်မ ၅၀ (ည) နဲ့အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ်ချခဲ့ပါတယ်။

Source – Myanmar Now

ပခုက္ကူတွင် စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာ ၁၇ ရက်နေ့က ကိုင်းကျေးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို လုယူတဲ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ပြည်သူ ၄ ယောက်ကို အကြောင်းမဲ့သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်သားတွေကအပြစ်မရှိတဲ့ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးနှစ်‌ယောက်ကိုပစ်သတ်သွားပြီး၊ အမျိုးသမီးနှစ်ယောက်ထဲမှာ တစ်ဦးက ကိုယ်ဝန်ဆောင်ဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင်ရွာထဲကပစ္စည်းတွေကိုလည်း လုယက်သွားတယ်လို့ဆိုပါတယ်။ အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ အင်ပင် ကကျေးရွာအတွင်းမှာ အထိုင်ချတပ်စွဲနေတယ်လို့လည်း သိရပါတယ်။

Source – DVB

ဘိုကလေးတွင် စာသင်ကြားသူ အမျိုးသားက ကျောင်းသူများအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်အမြတ်ထုတ်ဟုဆို

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် ဘိုကလေးမြို့နယ်က စာသင်ကျောင်းဘော်ဒါပိုင်ရှင်တစ်ဦးက ကျောင်းသူတွေကိုလိင် ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ မိသားစုဝင်တချို့က ပြောပါတယ်။

ကျောင်းဆရာဟာ ကျောင်းသူတွေကို ညပိုင်းစာသင်ပြီးချိန်တွေမှာ ဘော်ဒါဆောင်နဲ့တွဲလျက် အိမ်အပေါ်ထပ်ရှိ ၎င်းအိပ်တဲ့ ခြင်ထောင်တွင်းသို့ ညစဉ်အလှည့်ကျခေါ်ကာ သွေးတိုး အကြောတက်နေသည်ဟု အကြောင်းပြပြီး နှိပ်ခိုင်းခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ကျူးလွန်ခံရသည်ဟုဆိုသော ကျောင်းသူရဲ့ မိသားစုဝင်တဦးကပြောပါတယ်။

အသက် ၁၇ နှစ်အရွယ် ကျောင်းသူ နှစ်ဦး၊ ၁၉ နှစ်အရွယ်တဦး၊ ၁၆ နှစ်ကျော် အရွယ် နှစ်ဦး၊ ၁၉ နှစ်ကျော်အရွယ်တဦးတို့ လိင်အမြတ်ထုတ်ခံခဲ့ရပြီး မိဘတွေကိုတိုင်ပြောလို့ ထောင်ကျခဲ့ပါက ထောင်မှလွတ်လာလျှင် လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ စွပ်စွဲခံရသူ ဘော်ဒါဆောင်ပိုင်ရှင် ဆရာဦးထွန်းထွန်းကတော့ အဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ငြင်းဆိုထားပါတယ်။

လက်ရှိမှာကျူးလွန်ခံရသည်ဆိုသူ ကျောင်းသူတွေနဲ့ မိသားစုဝင်တွေက ရှေ့ရေးစိုးရိမ်ခြင်း၊ အမှုချိန်ကြာမြင့်မည်ကို ပူပန်ခြင်းနဲ့ ငွေကြေးကုန်ကျခြင်းတို့ကြောင့် အမှုဖွင့်တိုင်ကြားခြင်းမရှိသေးပါဘူး။

Source – Mizzima

ဘုတလင်တွင် စစ်ကြောင်းထိုးနေသော စစ်တပ်ကပြည်သူများကို အဓမ္မပြုကျင့်သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်း  စသည့်အကြမ်းဖက်မှုများဆက်တိုက်ကျူးလွန်နေ

 ဘုတလင်မြို့နယ်မှာရောက်ရှိနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ အမျိုးသမီးတွေကို အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းအပါအဝင် ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ အောက်တိုဘာ ၁၂ ရက် နံနက်အစောပိုင်းက ကဘုတလင်မြို့ ဗန္ဓုလကွက်သစ်ရပ်ကွက်နဲ့ မြောက်ပြင်ရပ်ကို စီးနင်းတိုက်ခိုက်ကာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူရှစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ အောက်တိုဘာ ၁၃ ရက် မနက်အစောပိုင်းမှာလည်း  မြောက်ကျီကျေးရွာကို ဝင်ရောက်ကာ  အသက် ၃၀ကျော်အရွယ်အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံ၇ဦးကို  ဖမ်းဆီးသတ်ဖြတ် ခဲ့တယ်လို့ သိရပါတယ်။ အမျိုး သမီး ငယ်တစ်ချို့ကို အဓ္ဓမပြုကျင့်ပြီးမှသတ်ဖြတ်သွားတယ်လို့သိရပါတယ်။

ဒါ့အပြင် အဆိုပါစစ်ကြောင်းဟာ ဘုတလင်မြို့အပါအဝင် ကျောက်အိုးရွာ၊ မြောက်ကျီရွာ၊ တတ်လှိုင်းရွာ၊ စီပါကျေးရွာ ၊ဆည်ဝကျေးရွာ၊စိုင်ပြင်လေးရွာတွေကို  စစ်ကြောင်းထိုးစဥ် အသက် ၇ နှစ်ခန့် ကလေးတစ်ဦး အပါအဝင် ပြည်သူ ၂၀ ထက်မနည်း သတ်ဖြတ်ခဲ့ပြီး ဒေသခံအမျိူးသမီးတွေကိုအဓမ္မ ပြုကျင့်ကာသတ်ဖြတ်ခဲ့ပြီး အမျိုး ားတွေကိုလည်း ကိုယ်လက်အစိတ်အပိုင်းတွေဖြစ်ပြီး  ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Source – People’s Spring

ခုနှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးကို ၁၆ နှစ်အရွယ် လူငယ်တစ်ဦးက အဓ္ဓမပြုကျင့်သတ်မှုဖြစ်ပွား

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မိုင် ၄၀ ကျေးရွာမှ အသက်ခုနှစ်နှစ်အရွယ် အမဖြစ်သူ မိန်း ကလေးနဲ့အသက် ငါးနှစ်အရွယ် မောင်ဖြစ်သူ မောင်နှမနှစ်ဦးကို အမျိုးသားတစ်ဦးက တောထဲသို့ခေါ်ဆောင်ပြီး အမဖြစ်သူကို အဓ္ဓမပြုကျင့် သတ်ပစ်ကာ၊ မောင်ဖြစ်သူကိုလည်း မေ့မြောတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၁၅ရက်က ကလေးငယ်နှစ်ဦးရဲ့ မိဘများမရှိချိန် အသက် ၁၆နှစ်အရွယ်လူငယ်က နေအိမ်သို့ရောက်လာပြီး မိုင် ၄၀ကျေးရွာ မြောက်ဘက်တောထဲသို့ခေါ်ဆောင်ခဲ့ပြီး အဓ္ဓမပြုကျင့် သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ကလေးငယ်ရဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးကပြောပါတယ်။

ကလေးငယ်နှစ်ဦးအား ခေါ်ဆောင်ခဲ့သူဟာ မိသားစုနဲ့ ရင်းနှီးသူဖြစ်ပြီး နေအိမ်သို့ အဝင်အထွက် အမြဲရှိတဲ့လူငယ်တစ်ဦးဖြစ်ပါတယ်။

Source – Myanmar PressPhoto Agency

Author:

Related Articles