Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

စက်တင်ဘာ ၈ ရက်ကနေ စက်တင်ဘာ ၁၄ရက်အတွင်းတစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်း အရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

မဲဆောက်မြို့မှာ သက်ငယ်မုဒိမ်းမှု ကျုးလွန်ခဲ့တဲ NLDပါတီဝင်ကို NUG တရားရုံးက ဖမ်းဝရမ်းထုတ်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်ဦးအောင်မင်းကသက်ငယ် မုဒိမ်းမှု ကျူးလွန်တယ်လို့ စွပ်စွဲခံရအပြီး တစ်နှစ်ကျော်အကြာမှာ  ယင်းအမျိုးသားကို အမျိုးသား ညီညွတ်ရေး  အစိုးရ(NUG) တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၃၇၇/ ကျင့်-၅၁၂ ကို ကျူးလွန်ကြောင်းစွဲဆိုထားတာကြောင့် ဦးအောင်မင်းကို ဖမ်းဆီးပြီး တရားရုံးတင်ရန် NUG အစိုးရ ကလေးမြို့နယ်တရားရုံး တရားသူကြီး ဆလိုင်းဂျေက လက်မှတ်ထိုးကာ ယခုနှစ် ဩဂုတ် ၃၀ တွင် ဖမ်းဝရမ်းထုတ်လိုက်ကြောင်း တရားရုံးထုတ် ပြန်ချက် မှာဖော်ပြထားပါတယ်၊ ဒါ့အပြင်  ဦး အောင်မင်းကို ယခုလ စက်တင်ဘာ ၁၃ ရက်မှာ တရားရုံးသို့လာရောက်ရန် ဆင့်ခေါ်ထားပါတယ်။

ယင်းအမှုအခြေအနေကို ကာယကံရှင်တွေထံ ပုံမှန်ချိတ်ဆက်အသိပေးလေ့ရှိပြီး ကာယကံရှင်တွေရဲ့ လုံခြုံရေးနဲ့ အမှုစစ်ဆေးစဉ်လျှို့ဝှက်ရမယ့်ကိစ္စတွေကြောင့် အများပြည်သူကို ပုံမှန်သတင်းမထုတ်ပြန်နိုင်ခဲ့တာလို့ အမှုမှန် ပေါ်ပေါက်ရန် လုပ်ဆောင်နေတဲ့ NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ပြောပါတယ်။

ရဲစခန်းမှာ အမှုတိုင်ကြားစဉ် တရားလိုသက်သေများကို ခေါ်ယူစစ်ဆေးခဲ့ပြီး နစ်နာသူများဘက်မှ သက်သေအဖြစ် ထွက်ဆိုချက်ပေးလိုသူနည်းပါးကြောင်း၊ နစ်နာသူကလေးငယ်ရဲ့ မိခင်နဲ့ နီးစပ်ပြီး အရေးကြီး မျက်မြင်သက်သေ တစ်ဦးဖြစ်တဲ့ CDM ဆရာမတစ်ဦးကပင် ထွက်ချက်မပေးကြောင်းလည်း ဒေါ်အိသဉ္ဇာမောင်က ပြောပါတယ်။

သမီးဖြစ်သူ လိင်အမြတ်ထုတ်ခံရတယ်လို့ တိုင်ကြားထားသူက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDMလုပ်ထားတဲ့  ရန်ကုန်တက္ကသိုလ်မှ ဆရာမဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုရဲ့ ခြိမ်းခြောက်မှုကြောင့် သမီးငယ်နဲ့အတူ ၂၀၂၂ အောက်တိုဘာလတွင် ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့တာပဲဖြစ်ပါတယ်၊ လက်ရှိမှာစွပ်စွဲခံရတဲ့ ဦးအောင်မင်းကို NUG ရဲတပ်ဖွဲ့က ထိန်းသိမ်းထားခြင်းရှိမရှိနဲ့  မည်သည့်နေရာမှာ ရှိနေတယ်ဆိုတာ အတိကျ မသိရသေးဘူးလို့သိရပါတယ်။

Source –  Myanmar Now

မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် အမျိုးသမီး၃ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စက်တင်ဘာ ၈ ရက်က စစ်ကောင်စီတပ်​သားတွေ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပါတယ်။

 မြင်းခြံမြို့နယ်ထဲကခင်မကန်ရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်လို့ အသက်၅၅နှစ်အရွယ်အမျိုးသမီးတစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့သလို မြင်းခြံမြို့ပေါ်ကို ဈေးဝယ်လာတဲ့ ရွာကြီးကျေးရွာက အသက် ၃၅ နှစ်နဲ့ ၃၈ နှစ်အရွယ် အမျိုးသမီး ၂ ဦးကိုပါ စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

 အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာလည်း ရွာသစ်ရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်၊ မကွေးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးထက်မနည်း ကြဲသွားတာကြောင့်စာသင်ဆောင်နဲ့ လူနေအိမ် ၃ လုံးပျက်စီးသွားခဲ့သလို ညဦးပိုင်းမှာလည်း ခုန်တိုင်ကျင်းရွာကို စစ်တပ်စစ်ကြောင်းဝင်ရောက်ကာ ရွာသား ၅၀ နီးပါးကို ရွာလယ်ကောင်မှာ ထိုင်ခိုင်းထားပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပါတယ်။

 Source – DVB

မြန်မာ့အရေး စွမ်းဆောင်မှုအသိအမှတ်ပြုဆု ဒေါက်တာ မီမီဝင်းဘတ်ကို ချီးမြှင့်

ဟာဝါရီ အခြေစိုက် အာရှ- ပစိဖိတ်လေ့လာရေးဌာန (East West Center) က မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု တွေမှာတက်ကြွစွာ ပါဝင်နေတဲ့  ဒေါက်တာ မီမီဝင်းဘတ်ကို စက်တင်ဘာ ၈ ရက်မှာ မြန်မာ့အရေး စွမ်းဆောင်မှု အသိအမှတ်ပြု ဆု ချီးမြှင့်ခဲ့ပါတယ်။

အမေရိကန် ဟာဝါရီပြည်နယ် ဟိုနိုလူလူမြို့ Town Hall Meeting တွင် အဆိုပါဆုအား ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ကာ ပြည်သူ့ဂုဏ်ရည်အဖွဲ့မှလည်း မြန်မာ့အရေးလှုပ်ရှားမှုများကို အသိမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါတယ်။

   ဒေါက်တာ မီမီဝင်းဘတ်က ယခုကဲ့သို့ ဆုချီးမြှင့်မှုအပေါ် ကျေးဇူးတင်ကြောင်းနဲ့ အဆိုပါ ဆုမှာ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် နည်းလမ်းပေါင်းစုံ စွန့်လွှတ်အနစ်နာခံမှုပေါင်းစုံ တိုက်ပွဲဝင်နေသူအားလုံးကို ချီးမြှင့်တဲ့ ဆုဖြစ်တယ်လို့ ပြောပါတယ်။

 အဆိုပါ အခမ်းအနားကို ဟာဝါရီပြည်နယ် ဟိုနိုလူလူအတွင်းရှိ မြန်မာနိုင်ငံသားများအပြင် ဒေသခံ အမေရိကန်များ၊ စင်ကာပူနိုင်ငံမှ မြန်မာ့အရေးတက်ကြွသူတချို့တက်ရောက်ခဲ့ကြသလို တက်ဆက်ပြည်နယ်၊ ဆန်ဖရန်စ္စကို၊ မေရီလန်းပြည်နယ်များမှ မြန်မာ့အရေး တက်ကြွသူ တချို့လည်း တက်ရောက်ခဲ့ ကြပါတယ်။ Source – The Irrawaddy

မဲဆောက်က သက်ငယ်မုဒိမ်းမှု အရေးယူဖို့ လူတစ်ထောင်ကျော် NUG ထံ တောင်းဆို

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ဖြစ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုကို ထိရောက်စွာ ချက်ချင်း အရေးယူပေးဖို့ လူပေါင်း တစ်ထောင်ကျော်ကနေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အိတ်ဖွင့်ပေးစာ ပေးပို့ လိုက်ပါတယ်။

နယ်ပယ်အသီးသီးက လူပေါင်း ၁၆၇၉ ဦးက စုစည်းပြီး အိတ်ဖွင့်ပေးစာတစ်စောင်ကို စက်တင်ဘာလ ၁၀ ရက်နေ့ ကပို့ခဲ့တာပါ။ ၂၀၂၃ ခုနှစ် ဧပြီလမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်ကို NLD ပါတီရဲ့ တွံတေးမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် အသက် ၆၀ အရွယ် ဦးအောင်မင်းဆိုသူက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့လို့ မိခင်ဖြစ်သူက NUG အစိုးရဆီမှာတိုင်ကြားထားတာပါ။

အခုအမှုမှာ တရားခံလို့ စွပ်စွဲခံထားရတဲ့ ဦးအောင်မင်းဆိုသူကို မဲဆောက်မှာ ဖမ်းမိခဲ့ပေမဲ့ ပြန်လည်လွတ်မြောက် သွားတယ်လို့ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။ နစ်နာသူတွေအနေနဲ့ တရားမျှတမှုရဖို့ ကြာမြင့်စွာ စောင့်ဆိုင်းနေရပြီး အခုထိ တရားခံကိုလည်း ပြန်ဖမ်းမမိတဲ့အပြင် လွတ်မြောက်သွားတဲ့အပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု အရေးယူမှု မရှိတာကြောင့် အခုလို တောင်းဆိုရတဲ့အထိ ဖြစ်လာတာလို့ တောင်းဆိုမှုမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

Source – RFA

 တနင်္သာရီတိုက်ပွဲအတွင်း ဒေသခံအမျိုးသမီးသုံးဦး သေဆုံး

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက် ကြီးကြောင့် ဒေသခံအမျိုးသမီးသုံးဦး သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖအဖွဲ့ထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျွဲထိန်းကုန်းကျေးရွာနေ အသက် ၄၀ အရွယ် ဒေါ်စန်းသွယ်ဟာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အရွယ် မဖြူဇာအေးနဲ့ အသက် ၆၀ အရွယ် ဒေါ်စန်းသီတို့ဟာ ဆေးရုံသို့  ပို့ဆောင်စဉ် လမ်းခုလတ်မှာပဲ သေဆုံးခဲ့ပါတယ်။

ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တဲ့ လက်နက်ကြီးဟာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ ၁၂၀ မမ လက်နက် ကြီး ကျည်ကြောင့် ဖြစ်တယ်လို့ တနင်္သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ Source – သံလွင်တိုင်းမ်

ကရင်နီပြည်နယ် ရေကြီးပြီး တော်လှန်ရေးရဲမေ၈ဦးအပါအဝင် ရဲဘော် ၁၈ ဦး မျောပါသေဆုံး  

 မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့ ရေကြီးရေလျှံမှုတွေကြောင့် ကရင်နီ(ကယား)ပြည်နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲက ရဲမေ ၈ဦးအပါအဝင် တော်လှန်ရေးရဲဘော် ၁၈ဦး ရေစီးနဲ့အတူ မျောပါသေဆုံးခဲ့ပါတယ်။  

ဒီမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စက်တင်ဘာ ၁၁ ရက် ညပိုင်းက တောင်ကျချောင်း ရေစီးဆင်းမှုများပြားပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ အဲ့ဒီနေရာဒေသမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေထဲက ရဲဘော် ၁၀ဦးနဲ့ ရဲမေ ၈ဦးတို့ ဟာရေစီးနဲ့မျောပါသေဆုံးခဲ့ကြတာပါ။

ရေစီးနဲ့မျောပါ သေဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော် (၁၈)ဦးထဲမှာ ကရင်နီဒေသတွင်း ဆေးမှူးသင်တန်း တက်ရောက်ထားသူတွေလည်း ပါဝင်နေပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ရဲဘော်တွေနဲ့ အခြား တပ်ရင်းတပ်ဖွဲ့တွေက ရဲဘော်၊ ရဲမေတွေ ပါဝင်နေပါတယ်။

ဒေသတွင်းရေကြီးရေလျှံမှုကြောင့် စစ်ဘေးရှောင်စခန်းတွေလည်းရွှေ့ပြောင်းရတာတွေရှိသလို ဒေသခံပြည်သူနေ အိမ်အချို့လည်း ရေဘေးလွတ်ရာ ရွှေ့ပြောင်းရတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

Source – Burma VJ

နေပြည်တော်ရေဘေးကြောင့် သေဆုံးသူအမျိုးသမီး ၁၃ဦးအပါအဝင်လူ ၂၀ နီးပါးအလောင်းတွေ့ထား

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဗဟိုဌာနတွေရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးနစ်မြုပ်မှုတွေကြောင့် အမျိုးသမီး ၁၃ဦးအပါအဝင်သေဆုံးသူ စုစုပေါင်း ၁၉ဦးရဲ့အလောင်းတွေကို တွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လုပ်နေတယ်လို့ မီးသတ်ဦးစီးဌာနကပြောပါတယ်။

 မိုးသည်းထန်ကာ ချောင်းရေ၊မြစ်ရေတွေ လျှံတက်လာတာကြောင့် ရုတ်တရက် ရေကြီးနစ်မြုပ်မှုတွေနဲ့ ကြုံခဲ့ရတဲ့ နေပြည်တော်ကောင်စီနယ်မြေထဲက မြို့နယ်တွေမှာ ရက်ပိုင်းအတွင်း လူပေါင်းနှစ်ဆယ်နီးပါးလောက် သေဆုံးကြောင်း ကနဦးတွေ့ရှိထားတာဖြစ်ပြီး လက်ရှိတွေ့ရှိထားတဲ့ ရုပ်အလောင်းတွေထဲ အမျိုးသမီး ၁၃ဦးနဲ့ အမျိုး သား၆ဦးပါဝင်တယ်လို့ မီးသတ်ဦးစီး ဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီရုပ်အလောင်းတွေကို နေပြည်တော်ကောင်စီနယ်မြေအတွင်းမြို့နယ်တွေနဲ့ ရမည်းသင်းမြို့နယ်တို့ကနေ ရှာဖွေ တွေ့ရှိထားတာဖြစ်ပါတယ်။ တခြားရေဘေးသင့် မြို့နယ်တွေက သေဆုံးမှုနဲ့ ပျောက်ဆုံးမှုအချက်အလက်တွေကိုတော့မသိရသေးဘဲ မြေပြင်မှာတော့ သေဆုံးသူဦးရေ အခုထက် အများအပြား ထပ်ရှိနေနိုင်သေးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ ရေဘေးသင့်ဒေသတွေက ဒေသခံတွေကပြောပါတယ်။

ရေနစ်မြုပ်ခဲ့တဲ့ကျေးရွာတချို့မှာ လက်ရှိရေပြန်လည်ကျဆင်းသွားတာတွေရှိပေမယ့် ကူညီကယ်ဆယ်ရေးလိုအပ် နေဆဲနေရာတွေလည်းဆက်ရှိနေပြီး ရေစီးနဲ့မျောပါပျောက်ဆုံးသွားသူတွေကို ကျန်ရစ်တဲ့မိသားစုဝင်တွေက အသိပေးရှာဖွေရေးသားတဲ့ ပို့စ်တွေလည်းလူမှုကွန်ရက်မှာ ဆက်တိုက်တွေ့နေရပြီးပျောက်ဆုံးသူတွေထဲ ကလေးတွေလည်းပါဝင်ပါတယ်။

 Source – Delta News Agency

သံတွဲဒေသခံ အမျိုးသမီးတစ်ဦး စစ်ကျန်ဗုံးထုရာမှ ခြေလက်ဆုံးရှုံး

ရခိုင်ပြည်၊ သံတွဲမြို့နယ် ​ဒေါ်မြကျေးရွာမှ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦးက စစ်ကျန်ဗုံးသီး ၁ လုံးကိုထုခွဲရာမှ ပေါက်ကွဲမှုဖြစ်ပြီး ခြေထောက်နဲ့ လက် နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က အသက် ၅၆ နှစ်အရွယ်အမျိုးသမီးတစ်ဦးတောထဲသို့သွားစဥ်တွေ့ရှိလာတဲ့ ဗုံးသီး ကိုနေအိမ်သို့ ယူဆောင်လာပြီး ထုခွဲကြည့်ရာမှ ဒူးဆစ်နှင့် တံတောင်ဆစ်အောက်ပိုင်း ပြတ်ခဲ့ရခြင်းဖြစ်ပါတယ်။

ခြေလက်ဆုံးရှုံးခဲ့တဲ့ အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်ပြီး နီးစပ်ရာတွင် ဆေးကုသမှုခံယူနေပါတယ်။  UNOCHA-Myanmar အစီရင်ခံစာအရ နိုင်ငံတဝှမ်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် အရပ်သားထိခိုက်သေဆုံးသူဦးရေ ၁,၀၀၀ ကျော်ရှိတယ်လို့သိရပါတယ်။ Source – သံလွင်ခက်

Author:

Related Articles