Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

စက်တင်ဘာ ၂ရက်ကနေ စက်တင်ဘာ ၇ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

အာဏာသိမ်းကာလအတွင်း အမျိုးသမီး တစ်ထောင်ကျော် သတ်ဖြတ်ခံရ

စစ်အာဏာသိမ်းမှုသုံးနှစ်တာ ကာလအတွင်း နိုင်ငံတစ်ဝန်းကအမျိုးသမီး (၁၁၃၂)ဦးသတ်ဖြတ်ခံရပြီး (၅၆၄၉ )ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ပါတယ်။

“နွေဦးတိုက်ပွဲအတွင်းမှ အကျဉ်းစံအမျိုးသမီးများ” ခေါင်းစဉ်နဲ့ စက်တင်ဘာလ ၁ ရက် ဒီနေ့ ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေထဲမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရပြီးနောက် အကျဥ်းထောင်၊ ရဲစခန်းနဲ့ စစ်ကြောရေးစခန်းတွေမှာ သတ်ဖြတ်ခံရတာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ရဲ့ တရားလက်လွတ် ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေကို ဆိုးဆိုးရွားရွား ရင်ဆုံကြုံတွေ့ရပေမဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးမှာနောက်မဆုတ်တမ်း ရဲရဲဝံ့ဝံ့ပါဝင်ခဲ့တဲ့အပေါ် ဂုဏ်ပြုအသိအမှတ်ပြုကြောင်း AAPP ရဲ့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။

Source – RFA

အာဏာသိမ်းကာလအတွင်း ကလေးခြောက်ရာကျော် သေဆုံး

စစ်အာဏာသိမ်းမှုသုံးနှစ်ကျော်ကာလအတွင်း ကလေး (၆၁၄)ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူ ညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ကလေး(၅၅၉)ဦးဖမ်းဆီးခံခဲ့ရတယ်လို့ AAPP က ဖော်ပြထားပါတယ်။

Source – RFA

မဲဆောက်တွင် ဆယ်ကျော်သက် မြန်မာမိန်းကလေးနှင့် ဖခင်တို့ အသတ်ခံရ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးတယောက်နဲ့ ဖခင်ဖြစ်သူတို့ အသတ်ခံရတယ်လို့ Thairath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ သေဆုံးသူတွေဟာခိုင်မုတ်ခေါ် ဒေါဝ်း (အသက် ၁၃ နှစ်)နဲ့သူ့ဖခင် ဦးမောင်အေး (၅၅ နှစ်) တို့ ဖြစ်ပါတယ်။

မိန်းကလေးရဲ့ ချစ်သူ မြန်မာနိုင်ငံသား ကိုစိုး (၂၄ နှစ်) ဆိုသူက သူတို့အိမ်ကိုရောက်လာပြီး စကားများ ရန်ဖြစ်ခဲ့ကြကာ သားအဖနှစ်ဦးဒဏ်ရာရခဲ့တာဖြစ်တယ်လို့  အိမ်နီးနားချင်းတွေကပြောပါတယ်။ အိမ်ဝင်းထဲကနေ ကိုစိုး ဆိုသူရဲ့  ဦးထုပ်အနီနဲ့ မျက်မှန်တလက်ကို သက်သေခံအဖြစ်ရရှိခဲ့ပြီး စီစီကင်မရာပြန်စစ်ဆေးကာ စက်တင်ဘာ ၂ ရက်ညပိုင်းမှာ ဖရထတ်ပါဒဲန်ရပ်ကွက် နယ်မြေ ၃ ရှိ အိမ်တအိမ်မှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ကိုးစိုးက သူ့အနေနဲ့ လူသတ်ဖို့မရည်ရွယ်ကြောင်း၊ မိန်းကလေးနဲ့တွဲနေတာကို သူ့အဖေက သဘောမကျကြောင်း၊ အဲဒီနေ့က သော့တွဲလာပေးရင်းနဲ့ စကားများကြတာ မိန်းကလေးဖခင်က သူ့ကို အရင်ဓားနဲ့ထိုးမလို့ လုပ်တဲ့အတွက် သူက ဓားကိုလုပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့အနေနဲ့ ပြန်ထိုးရတာလို့ ဝန်ခံခဲ့ပါတယ်။

Source – DVB

လက်ပံတန်းတွင် ကလေးမိခင်အမျိုးသမီး ၁ ဦးကို စစ်သားများ အဓမ္မပြုကျင့်၊ ကယ်ရန်ကြိုးစားသူကို ပစ်သတ်

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က ဒေသခံအမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဓမ္မပြုကျင့်ခဲ့ကြပြီး ဝင်ရောက်ကူညီတဲ့အမျိုးသားတယောက်ကိုတော့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေငံရွာကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ မတိမ်းရှောင်ဘဲ ရွာထဲမှာ ကျန်ခဲ့တဲ့ အိမ်ကယောကျ်ားဖြစ်သူကို ဖမ်းဆီးပြီး အမျိုးသမီးကိုတော့ မုဒိမ်းကျင့်ခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီအမျိုးသမီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မုဒိမ်းကျင့်ဖို့ ကြိုးစားနေချိန် ဝင်ရောက်ကူညီပေးခဲ့တဲ့ အမျိုးသားတစ်ဦးကိုတော့ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့  ဒေသခံတယောက်ကပြောပါတယ်။

Source – DVB

မင်းလှတွင် စစ်တပ်က အမျိုးသမီး ၁ ဦးကို ရိုက်နှက်ပြီး အုပ်စုဖွဲ့အဓမ္မကျင့်

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ စစ်ပြန်ကွင်းကျေးရွာက အမျိုးသမီးတစ်ဦးကို စစ်ကာင်စီတပ်ဖွဲ့ ဝင်သုံးဦးက ဩဂုတ်လ (၃၁)ရက်ကအဓမ္မပြုကျင့်ခဲ့ပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးဟာ အသက် ၃၀ အရွယ်ခန့်ရှိပြီး စစ်ပြန်ကွင်းကျေးရွာ အရှေ့ဘက်ကိုးထစ် (ဂဝံ) ကျောက်တောင် ဘုန်းကြီးကျောင်းမှာ ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်က ရိုက်နှက်ပြီး ပြုကျင့်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်‌ကောင်စီတပ်ဖွဲ့ဝင်တွေ ရိုက်နှက်ခဲ့တာကြောင့် အမျိုးသမီးဟာ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ဒေသခံကပြောပါတယ်။

Source – DVB

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ဩဂုတ်လအတွင်း အမျိုးသမီး ၇၀ သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဩဂုတ်လအတွင်း မြန်မာနိုင်ငံတဝှမ်းက အမျိုးသမီး၇၀ ဦးသေဆုံးပြီး ၅၉ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)ကစက်တင်ဘာလ ၄ရက်က ထုတ်ပြန်ပါ တယ်။

စစ်ကောင်စီက အရပ်သားပြည်သူနေထိုင်ရာရပ်ရွာနဲ့လူနေအိမ်တွေကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ၃၀ဦး သေ ဆုံးပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၆ဦး ၊ သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် ခြောက်ဦး၊ အကြောင်းမဲ့ သတ်ဖြတ်ခံရမှုကြောင်းလေးဦး၊ တိုက်ပွဲအတွင်းကျည်ထိမှန်မှုနဲ့ မြေမြှုပ်မိုင်းကြောင့်လေးဦး သေဆုံးခဲ့တယ်လို့ BWUက ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေဟာ စစ်ကိုင်းတိုင်းမှ ၁၄ဦး၊ရှမ်းပြည်နယ်မှ ၁၂ဦး ၊ရခိုင်ပြည်နယ်မှ ၁၁ဦး၊ မကွေးတိုင်းမှ ၁၀ဦး ၊ မန္တ လေးတိုင်းမှကိုးဦး ၊ မွန်ပြည်နယ်မှငါးဦးနဲ့ ချင်းပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှ သုံးဦးစီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Source – Mizzima

ဂန့်ဂေါတွင် အမျိုးသမီးများကို အဓမ္မပြုကျင့်ရန် စစ်ကောင်စီတပ်လှုံ့ဆော်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့လက်အောက်ခံ ပြည်သူ့စစ်တွေက အဲ့ဒီရွာမှာရှိတဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ရန် အချင်းချင်းတိုက်တွန်း လှုံ့ဆော်နေတဲ့ ရုပ်သံဖိုင်တစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တစ်ခုမှတစ်ဆင့် ထွက်ပေါ်လာပါတယ်။

၄ မိနစ်နီးပါး ကြာမြင့်တဲ့  ရုပ်သံဖိုင်မှာ ယူနီဖောင်းဝတ် စစ်ကောင်စီတပ်သားများက ရွာအနီးသို့ ချဉ်းကပ်စဉ် တစ်ဦးက “ဟိုနားမှာ ကောင်မလေးတွေ …. ရှိတယ်” လို့ပြောဆိုပါတယ်။

သူကပင် ဆက်ပြီး မြန်မာစကားတွင် ရိုင်းပြသည့် လိင်ပိုင်းဆိုင်ရာအသုံးအနှုန်းတွေနဲ့ပြောဆိုနေပါတယ်။

အဲ့ဒီရုပ်သံဖိုင်ဟာ ဩဂုတ် ၂၈ ရက်နေ့က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တစ်ခုမှ စတင်ထွက်ပေါ် လာတာ ဖြစ်ပြီး မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ စစ်တပ်ပူးပေါင်းပြီး တော်လှန်ရေးအဖွဲ့တွေကို ရှင်းလင်းသုတ်သင်တဲ့ ရုပ်သံဖိုင်လို့ဖော်ပြထားပါတယ်။

Source – Myanmar Now

Author:

Related Articles