Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

သြဂုတ်လ ၂၆ ရက်မှ စက်တင်ဘာလ ၂ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။  

ဂန့်ဂေါမှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ဖို့ စစ်ကောင်စီ လှုံ့ဆော်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေနဲ့လက်အောက်ခံ ပြည်သူ့စစ်တွေက ရွာခံအမျိုးသမီးတွေကို အဓမ္မပြုကျင့်ဖို့ အချင်းချင်းတိုက်တွန်း လှုံ့ဆော်နေတဲ့ရုပ်သံဖိုင်တစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်တစ်ခုမှတစ်ဆင့် ထွက်ပေါ် လာပါတယ်။

၄ မိနစ်နီးပါး ကြာမြင့်တဲ့ ဒီရုပ်သံဖိုင်မှာ ယူနီဖောင်းဝတ် စစ်သားတွေက ရွာအနီးသို့ ချဉ်းကပ်စဉ် တစ်ဦးက “ဟို နားမှာ ကောင်မလေးတွေ …. ရှိတယ်”လို့ ဆိုပါတယ်။

သူတို့က ဆက်ပြီး မြန်မာစကားတွင် ရိုင်းပြသည့် လိင်ပိုင်းဆိုင်ရာအသုံးအနှုန်းဖြင့် “ XXX မှာလား သွား။ ကောင်မလေး ၁၀ ယောက်လောက်ရှိတယ်။ လုံးမယ်။”လို့ ပြောဆိုပါတယ်။

ဒီရုပ်သံဖိုင်မှာ ဩဂုတ် ၂၈ ရက်က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တစ်ခုမှ စတင်ထွက်ပေါ်လာတာဖြစ်ပြီး မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ စစ်တပ်ပူးပေါင်းပြီး တော်လှန်ရေးအဖွဲ့တွေကို ရှင်းလင်းသုတ်သင်တဲ့ ရုပ်သံဖိုင်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဒီရုပ်သံဖိုင်အရ အများစုမှာ ပြည်သူ့စစ်တံဆိပ်တပ် စစ်ကောင်စီယူနီဖောင်းတွေဝတ်ဆင်ထားပြီး တချို့က လည်ပင်းမှာ ပဝါနီတွေ ချည်ထားတာကို တွေ့ရပါတယ်။

ရုပ်သံဖိုင်ပါ အဆောက်အအုံပုံစံအရ အဲ့ဒီနေရာက ဂန့်ဂေါမြို့နယ်မြောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ အခိုင်အမာအထိုင်ချထားတဲ့ မြောက်ခင်ရန်းရွာနဲ့ သုံးမိုင်ခန့်အကွာရှိ ရွှေဘိုကျေးရွာအနီး ဖြစ်နိုင်ကြောင်းဒေသခံတွေက ဆို ပါတယ်။

မြောက်ခင်ရန်းရွာမှ အနီးဝန်းကျင်ကျေးရွာများသို့ ဩဂုတ်ဒုတိယပတ်က စစ်ကြောင်းထိုးခဲ့ပေမယ့် စခန်းသိမ်း နိုင်မှုမရှိပါလို့ ဒေသခံတော်လှန်ရေးအင်အားစုတွေက ဆိုထားပါတယ်။

Source – Myanmar Now          

နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)က သုံးနှစ်ပြည့် လှုပ်ရှားမှုပြုလုပ်

နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ(ထားဝယ်)က ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှုကို သြဂုတ်လ ၂၈ ရက်က ပြုလုပ်ခဲ့ပါတယ်။ 

နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်) သုံးနှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့”နီရဲတဲ့နှင်းဆီ ငါ တို့အားလုံး နီရဲတဲ့နှင်းဆီ” ခေါင်းစဉ်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်(ဖက်ဆစ်တော်လှန်ရေးနေ့)မှာ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)ကို စတင်ဖွဲ့ စည်းလိုက်ပြီး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို စတင်ခဲ့တဲ့ဩဂုတ်လ ၂၈ ရက်ကို နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Source – Dawei Watch

ဒိုက်ဦးထောင်မှ အမျိုးသမီးနိုင်ကျဉ်း ၇ ဦး ရိုက်နှက်ခံရ

ဩဂုတ် ၁၉ နံနက်ပိုင်းက ပဲခူးတိုင်း၊ ဒိုက်ဦးမြို့အကျဉ်းထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသူတွေကို ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။ ဧည်သည်တွေ့ချိန်မှာ နိုင်ကျဉ်းအမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်အနှံ့ ရှာဖွေရာမှပြသာနာစတင်ခဲ့တာ ဖြစ်ပါတယ်။

“ပါဆယ်လာတွေ့တဲ့သူတွေကို ရှာတာ။ ခန္ဓာကိုယ်တွေကို ရှာတယ်။ တစ်ကိုယ်လုံးကို နှိုက်ချွတ်ပြီး ရှာတယ်။ CCTV တွေလဲ ရှိတာပဲ၊ အဲ့လိုမျိုးမရှာပါနဲ့လို့ ပြောတာကို ပါးရိုက်တာ။ ဆံပင်ကို ဆွဲပြီး အားကုန်ရိုက်တာ”လို့ဆို ပါတယ်။

ရိုက်နှက်ခံရသူဟာ မကြာသေးမီက ကျိုက်မရောအကျဉ်းထောင်မှ ပြောင်းရွှေ့လာသူလို့ သိရပါတယ်။ ညနေပိုင်းမှာထောင်ဝင်စာဌာန တာဝန်ခံ စန်းနွယ်ဦးက အမျိုးသားထောင်ဝန်ထမ်းတွေကို ခေါ်လာပြီး အမျိုးသမီးအဆောင်သို့လေးခွနဲ့ ပစ်တယ်။ ရာဘာတုတ်နဲ့လည်း သွားရောက်ရိုက်နှက်ခဲ့တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

“ယောကျ်ားတွေ အင်အားသုံးပြီးတော့မှ အခန်းထဲကို ဝင်လာပြီး ထောင်ပြောင်း ၇ ယောက်ကို ဆွဲထုတ်ပြီးတော့ ရိုက်တာ။ အဲဒီ ၇ ယောက်က တစ်ယောက်က နဖူးထိထားတယ်၊ လေးခွမှန်တာ။ တစ်ယောက်က မျက်လုံးနဲ့ ဗိုက် ချုပ်ရိုးထိတယ်။ ခြေထောက်နဲ့ လက်တွေကို ထိတယ်။ ဆံပင်တွေဆွဲပြီးတော့ တရွတ်တိုက် ဆွဲသွားတာတွေရော ရှိတယ်”လို့ သူက ဆိုပါတယ်။

အခုလိုရိုက်နှက်မှုကြောင့် ကျိုက်မရောအကျဉ်းထောင်မှ ပြောင်းရွှေ့လာသူ နိုင်ကျဉ်း ၃ ဦး အပါအဝင် ၇ ဦး ဒဏ်ရာတွေရရှိ ခဲ့ပါတယ်။

ရိုက်နှက်မှုတွင် အဓိကဦးဆောင်ခဲ့သူ ထောင်အရာရှိ စန်းနွယ်ဦးကို အရေးယူမည်၊ ထောင်တွင်းအခြေအနေ တည်ငြိမ်နေပြီလို့သိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ပြောခွင့်ရ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

Source – Myanmar Now    

တနင်္သာရီ ၆ မိုင်ရွာ တိုက်ပွဲမှာ အမျိုးသမီးတွေအပါအဝင် အရပ်သားတချို့ကို စစ်တပ်မှဖမ်းဆီး

တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စုရှိ၊ ၆ မိုင်ကျေးရွာတွင် စစ်တပ်နဲ့ ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အမျိုးသမီးတွေအပါအဝင် အရပ်သားတွေကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

“၆ မိုင်ရွာသားတချို့ရယ်၊ တနင်္သာရီမြို့ပေါ်ကနေ ဈေးလာရောင်းတဲ့ လူငယ်တွေကို ဖမ်းထားတာမျိုးရှိတယ်။ အမျိုးသမီးတွေလည်းပါတယ်။ ဖုန်းတွေသိမ်းထားပြီး လက်နောက်ပြန်ကြိုးတုပ်ထားတယ်လို့သိရတယ်” ဟု မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။

ဩဂုတ်လ ၂၅ ရက်က ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်း အင်အား ၁၀၀ ခန့်ပါတဲ့စစ်ကြောင်းက ဘန်လောကျေးရွာအုပ်စုရှိ ထုံတော်ရွာဘက်ကို စတင်စစ်ကြောင်းထိုးလာပြီး တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်တဲ့နေ့က စစ်တပ်နေရာယူထားတဲ့နေရာအနီးမှာ ဒေသခံတချို့ပိတ်မိနေခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်မှ  အရပ်သားတချို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒေသခံအချို့ကမူ စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ ငါးဦးရှိသည်ဟု ပြောဆိုကြပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် တွေရဲ့ အဆိုအရ ဖမ်းဆီးခံထားရသူ ရှစ်ဦးရှိတယ်လို့ သိရပါတယ်။

စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ ဗောဓိကမ်းတံတားကို စစ်တပ်က ပိတ်ထားတဲ့အတွက် လက်ရှိအချိန်ထိ ခရီးသွားကားတွေ ပိတ်မိနေတာဖြစ်ပါတယ်။

Source – Dawei Watch

စစ်ကောင်စီကို အရေးယူဖို့ ပြည်တွင်းပြည်ပ အလုပ်သမားတွေ ILO ထံ တောင်းဆို

မြန်မာနိုင်ငံက စက်ရုံအလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီက တဆင့် ကောက်ခံနေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ ပြည်တွင်းပြည်ပ အလုပ်သမားတွေက အပြည်ပြည်ဆိုင် ရာအလုပ်သမား ရေးရာအဖွဲ့(ILO)ထံ သြဂုတ်လ ၂၉ ရက်က တောင်းဆိုလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် (CTUM)က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပြီး ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန်ခြောက်ခုထဲက စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်သမား ရှစ်သောင်းကျော်ရဲ့ကိုယ်ရေးအချက်အလက်တွေကို စစ်ကောင်စီက ကောက်ယူခဲ့တာဖြစ်ပါတယ်။

အလုပ်သမားတွေအပေါ် အမျိုးမျိုးဖိနှိပ်ပြီး သတင်းအချက်အလက်တွေ ကောက်ယူနေသလို အဓမ္မ စစ်မှုထမ်း ခိုင်းဖို့ပါ ဖမ်းဆီးခေါ်ဆောင်နေတာကြောင့် ILO ကို တောင်းဆိုရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမားတပ် ပေါင်းစု (MLA) အဖွဲ့ရဲ့နိုင်ငံရေးအကျဉ်းသူဟောင်း မဖောင်ရိုးက ပြောပါတယ်။

စစ်ကောင်စီက လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မခိုင်းစေမှုဆိုင်ရာအချက်တွေကို ချိုးဖောက်နေတာ ကို ILO အနေနဲ့ သက်သေအထောက်အထားတွေနဲ့တကွ အတည်ပြုထားပြီးဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူ တွေက ဆိုပါတယ်။

Source – RFA           

ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးတွေ ထိခိုက်သေဆုံးမှုရှိလာ

နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတဲ့ ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် အမျိုးသမီးတွေသေဆုံးမှုရှိလာတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၇ ရက် မနက်ပိုင်းက မင်းတပ်မြို့ လျှပ်စစ်ရုံးထဲ ပိန္နဲသီးခူးဖို့သွားတဲ့ အသက် ၆၀ အရွယ်အမျိုး သမီးတစ်ဦးဟာ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ပါတယ်။ မတူပီမြို့နယ်မှာလည်း ထင်းကောက်တဲ့အမျိုးသမီးတစ်ဦး မိုင်းထိကာ သေဆုံးခဲ့ရပါတယ်။

ဩဂုတ်လ ၂၃ ရက်ကလည်း တီးတိန်မြို့က ဒေသခံတစ်ဦး မိုင်းနင်မိလို့ ခြေတစ်ဖက်ပြတ်သွားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း မင်းတပ်နဲ့ မတူပီမြို့နယ်တွေမှာ မြေမြှုပ်မိုင်းကြောင့် လေးဦးထိခိုက်ခဲ့ပါတယ်။

ချင်းပြည်နယ်မှာ တိုက်ပွဲအတွင်းကျန်ခဲ့တဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ထိခိုက်သူတွေများလာပြီး  စိုးရမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် လူ ၃၆ ဦး သေဆုံးပြီး ၆၆ ဦး ထိခိုက်ဒဏ်ရာ ရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။

Source – RFA           

စစ်ရှောင်ရာကနေ အိမ်အခြေအနေပြန်ကြည့်တဲ့ အမျိုးသမီး မိုင်းထိလို့သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့၊ ဒိုးတန်းကျေးရွာမှာ စစ်ရှောင်နေရာကနေ အိမ်အခြေအနေ ပြန်ကြည့်တဲ့ အမျိုးသမီး မိုင်းထိလို့ သေဆုံးတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၂၅ ရက် မနက်ပိုင်းမှာ ဒိုးတန်းကျေးရွာနေ ဒေါ်နှင်းရီ အသက် ၅၀ နှစ်ခန့်ဟာ စစ်ရှောင်နေတဲ့ ဇရပ်ကြီး မြို့ကနေ ဒိုးတန်းကျေးရွာကို ခေတ္တပြန်ချိန်မှာ မိုင်းထိခဲ့တာဖြစ်ပါတယ်။ မိုင်းထိတဲ့အမျိုးသမီးဟာ ဒဏ်ရာပြင်းထန်ရပြီးနောက် တောင်ငူဆေးရုံကို ပို့ဆောင်ချိန်မှာ သေဆုံးသွားပါတယ်။

ကျေးရွာတွေမှာ ထောင်ထားတဲ့မိုင်းတွေက ဘယ်အဖွဲ့တွေကထောင်ထားတယ်ဆိုတာ အတိအကျပြောဆိုဖို့ ခက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ ကင်မွန်းခြုံ၊ ဒိုးတန်း၊ ပုဂံကွဲ၊ ရွှေပုဂံ၊ ရှမ်းစုရွာတွေထဲမှာ မြေမြှုပ်မိုင်းတွေရှိနေတာကြောင့် ဒေသခံတွေက နေရပ်မပြန်ရဲသေးပါ။  လတ်တလောမှာတော့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားတာမျိုး မရှိပေမယ့် နှစ်ဖက်စစ်ရေး အခြေအနေကတော့ တင်းမာနေဆဲဖြစ်ပါတယ်။

Source – Myanmar Now          

စစ်တပ်လက်ချက်နဲ့ သီပေါမှာ တစ်လအတွင်း အမျိုးသမီး ၇ ဦးအပါအဝင် အရပ်သား ၁၉ ဦးသေဆုံး

စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနဲ့ပါ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ မြို့နယ်မှာ တစ်လအတွင်း အမျိုးသမီး ၇ ဦးအပါအဝင် အရပ်သား ၁၉ ဦးသေဆုံးခဲ့ကြောင်း ရှမ်းလူ့အခွင့် အရေး မဏ္ဍိုင်က ဩဂုတ် ၂၆ ရက်က သတင်းထုတ်ထားပါတယ်။

ဇူလိုင်လ ၁၉ ရက်မှ ဩဂုတ် ၁၉ ရက်အတွင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး သံဃာ နှစ်ပါး၊ အသက် ၁၈ နှစ်အောက် ကလေး တစ်ဦးအပါအဝင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၇ ဦး သေဆုံးခဲ့ပြီး သံဃာတစ်ပါး ၊ သီလရှင်တစ်ပါး အပါအဝင် ၁၉ ဦးထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနားက အဆောက်အဦတွေအပါအဝင် နေအိမ်အဆောက်အ ဦး ၁၁၀ လည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကိုးကန့်တပ်မတော် (MNDAA) က သီပေါ-မိုင်းရယ်လမ်းတစ်လျောက်က ကျေးရွာတွေကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်တပ်က ဇူလိုင် ၁၉ ရက်မှာ ဆောင်ကြဲကျေးရွာကို လေကြောင်းကနေ စတင်ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ် ပါတယ်။

Source – RFA           

ခင်ဦးမှာ တပတ်အတွင်း ကျေးရွာ ၃ ရွာ ဗုံးကြဲခံရလို့ အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်တပ်က တစ်ပတ်အတွင်း ကျေးရွာ ၃ ရွာကို လေကြောင်းကနေဗုံးကြဲ တိုက် ခိုက်တာကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၆ ဦးထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

သြဂုတ် ၁၉ ရက်မှာ ဗအိုးရွာ၊ ၂၁ ရက်မှာ ရှားလွင်ရွာ၊ ၂၅ ရက်မှာ မုံလှရွာတို့ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဗအိုးရွာ ဗုံးကြဲမှုမှာ ကိုမင်းသူ ၃၀ နှစ်သေဆုံးကာ နောက်ထပ်အမျိုးသားနဲ့ အမျိုးသမီး ၂ ဦးဒဏ်ရာရရှိခဲ့သလို ရှားလွင် ကျေးရွာ ဗုံးကြဲခံရမှုမှာတော့ အသက် ၄၀ ကျော်အရွယ်ရှိကြတဲ့ လယ်သမားအမျိုးသား ၃ ဦး ဒဏ်ရာရ ရှိခဲ့ပြီး လယ်တဲ တစ်ဆောင်ပျက်စီးခဲ့ပါတယ်။

ယမန်နေ့ ည ၈ နာရီကျော် မုံလှကျေးရွာ ဗုံးကြဲခံရမှုမှာတော့ အသက် ၂၀ ကျော်အရွယ် PDF ရဲဘော်  ၁ ဦး ထိ ခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မုံလှကျေးရွာကို ဗုံးကြဲခဲ့တာဟာ ရွာထဲမှာ PDF တပ်ရင်းတွေ နေခဲ့တဲ့နေရာတွေကို စစ်တပ်မှ သတင်းရပြီး တိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်လို့ ပကဖတာဝန်ရှိသူက ပြောပါတယ်။

Source – မြေလတ်အသံ

ရသေ့တောင်မှာ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား သုံးဦးသေဆုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က ဆားပြင်ကြီးရွာကို သြဂုတ်လ ၂၈ ရက်က စစ်ရေယာဉ်ပေါ်ကနေ လက် နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားသုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ် ရာရတယ်လို့ သိရပါတယ်။

မေယုမြစ်ထဲမှာရှိနေတဲ့ စစ်ရေယာဉ်ပေါ်ကနေ ဆားပြင်ကြီးရွာကို လက်နက်ကြီးတစ်လုံး ပစ်ခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

စစ်တပ်ဟာ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်မှာ စိုးရိမ်တာကြောင့် ခံစစ် အခိုင်အမာ ပြင်ဆင်ထားပြီး မေယုမြစ်ထဲမှာလည်း စစ်ရေယာဉ်တွေက စောင့်ကြည့်နေတာဖြစ်ပါတယ်။

Source – RFA       

Author:

Related Articles