ဒေဝီ
ကျေးလက်ဒေသတွေမှာ အစပြုခဲ့တဲ့ စစ်ဘေးက မြို့ပြတွေဆီ တစ်ချိန်မဟုတ် တစ်ချိန် ကြုံရလာနိုင်တယ်လို့ တွေးထားပေမယ့် တကယ်တမ်းသူတို့မြို့မှာ ကြုံလာရတဲ့အခါတွေးထင်ထားတာထက်ဆိုးရွားခဲ့သလို ဘာမှလည်း ပြင်ဆင်ချိန်မရလိုက်။
သူတို့နေထိုင်ရာမြို့မှာ စစ်မက်အရိပ်အယောင်တွေ ကြုံရတာတွေရှိပေမယ့် ခဏနဲ့ပြီးသွားမှာလို့ထင်ခဲ့ကြပြီး အခုလိုမြို့ပျက်သဖွယ် ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့သလို၊ သူတို့ကိုယ်တိုင်လည်း ပိုင်ဆိုင်သမျှ အကုန်ထားခဲ့ပြီး စစ်ဘေးရှောင်ရမယ်လို့ မတွေးမိခဲ့ဘူးလို့ လားရှို့မြို့ကနေ စစ်ဘေးရှောင်လာတဲ့ မစန္ဒီ(အမည်လွှဲ) ကပြောပါတယ်။
“ကလေးလေးမွေးဖို့သာမရှိခဲ့ရင် စစ်ရှောင်ပြီး လားရှိုးကနေထွက်လာမိမှာမဟုတ်ဘူး၊ တစ်လမ်းလုံးဒုက္ခတွေနဲ့ချည်းပဲ မနည်းအားတင်းထားရတယ်။” လို့မစန္ဒီကပြောပါတယ်။
ကျေးလက်နဲ့နယ်ဒေသတွေကနေအစပြုခဲ့တဲ့ စစ်မီးက တဖြည်းဖြည်းကျယ်ပြန့်လာပြီး မြို့ပြတွေအထိပါ ပျံ့နှံ့ကူးစက်လာပြီ ဖြစ်ပါတယ်။ စစ်ဘောင်ကျယ်လာတာနဲ့အမျှ မြို့တွင်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲတွေလည်း ခပ်စိတ်စိတ်ဖြစ်လာသလို မြို့ပြစစ်ရှောင်သူဦးရေလည်းတိုးလာပါတယ်။
စစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှု၊ နှစ်ဖက်တပ်ဖွဲ့တွေရဲ့ထိတွေ့တိုက်ပွဲတွေကြောင့် နယ်မြို့တွေနဲ့ကျေးလက်နေပြည်သူတွေမှာ အိုးအိမ်ထိခိုက်ပျက်စီးပြီး နီးစပ်ရာရွာတွေနဲ့တောတောင်တွေထဲ တိမ်းရှောင်ကြရသလို မြို့ပြစစ်ရှောင်တွေမှာလည်းအိုးပစ်အိမ်ပစ်နဲ့ အခြားအရပ်ဒေသတွေကို အခက်အခဲတွေကြားကနေ စစ်ဘေးရှောင်လာရပါတော့တယ်။
အဲ့ဒီထဲမခွာညိုတို့မိသားစုတွေလည်း အပါအဝင်ပါ။ သူတို့ဒေသဖြစ်တဲ့လားရှိုးမြို့ကတိုက်ပွဲတွေကြောင့် အခြားအရပ်ဒေသကို တိမ်းရှောင်လာရပြီး၊ စစ်ပွဲနဲ့ဝေးရာတိမ်းရှောင်လာရတဲ့သူတို့အတွက် လမ်းခရီးတစ်လျှောက်အခက်အခဲတွေအပြည့်ပဲလို့သူက ဆိုပါတယ်။
လားရှိုးမြို့ဝန်းကျင်မှာဇွန်လနောက်ဆုံးပတ်ကတည်းက လက်နက်ကြီးသံတွေကြားပေမယ့် သတင်းတွေမှာ နမ့်ပေါင်ဘက်မှာစစ်ဖြစ်လို့ ပစ်ကူတယ်ဆိုတဲ့အတွက် ဒေသခံတွေက ပုံမှန်အတိုင်းပဲနေခဲ့ကြပြီး နောက်ရက်တွေမှာလာရှိုးမြို့ထဲရှော့တိုက်ဒုံးတွေကျပြီး လူတွေသေဆုံးတဲ့အခါ ငွေကြေးတက်နိုင်သူတွေကစတင်ရှောင်ရှားကြပေမယ့် အများစုကတော့ စားနပ်ရိက္ခာတွေ ဝယ်ယူပြီးအိမ်မှာပဲနေကြပါသေးတယ်။
တဖြည်းဖြည်းနဲ့ လက်နက်ကြီးသံတွေရက်ဆက်ကြားရပြီး အရပ်သားတွေသေဆုံးလာတဲ့အခါ ပြည်သူတွေကစစ်ရှောင်ဖို့ ပြင်လာကြပေမယ့်၊ တချို့က စစ်ရှောင်စခန်းတွေ ဘုန်းကြီးကျောင်းတွေ သွားရောက်ခိုလှုံကြသလို အချို့ကလည်း အခြားဒေသကို ထွက်ဖို့ပြင်ကြပါတယ်။ သူတို့ မိသားစုလည်း ဇူလိုင် ၉ရက်နေ့မှာ အခြားမြို့ကို စစ်ရှောင်ထွက်လာခဲ့ကြတာလို့ဆိုပါတယ်။
“တော်တော်များများဆိုင်ကယ်နဲ့ ကောကားတွေနဲ့ကောထွက်လာခဲ့ရတယ်။ ငွေကြေးမတတ်နိုင်တဲ့သက်ကြီးရွယ်အိုတွေလည်း ဆိုင်ကယ်တွေနဲ့ထွက်ကြသလို တချို့ဆို မွေးကင်းစ ကလေးလေးကို ရင်မှာပိုက်ပီး ဆိုင်ကယ်တွေနဲ့ ထွက်ခဲ့ကြရတာ “လို့ မစန္ဒီက ပြောပါတယ်။
စစ်ရှောင်ဖို့ထွက်လာစဉ်က မိသားစု ၈ဦး၊ ဆိုင်ကယ်၄စီး၊ အင်္ကျီသုံးလေးစုံစီ၊ လမ်းမှာစားဖို့ ထမင်းတအိုး၊ ကြက်ဥပြုတ်နဲ့ အထုတ်အပိုးတွေသယ်ဆောင်ပြီးထွက်ခွာလာခဲ့ကြပါတယ်။ သူကိုယ်တိုင်ကကိုယ်ဝန်ဆောင်ဖြစ်တဲ့အပြင် သူ့ဖခင်ကလည်း မျက်စိကွယ်နေသူဖြစ်ပြီး အသက်ကြီးသူတွေလည်းပါဝင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
လာရှိုးမြို့ကနေထွက်ခွာရာလမ်းတလျှောက် သူတို့လိုကားတွေဆိုင်ကယ်တွေနဲ့ တန်းစီစောင့်ဆိုင်းနေသူတွေ၊ ဆိုင်ကယ်ပျက် ကားပျက်လို့အခက်အခဲဖြစ်နေတဲ့သူတွေလည်း တပုံတပင်ပါ။ သူတို့မိသားစုကတော့ လမ်းတလျှောက်လှူဒါန်းတဲ့အလှုရှင်တွေရဲ့ထမင်းကိုစားပြီး လမ်းကြမ်းကြမ်းကိုဖြတ်ကာစစ်ဘေးရှောင်ခဲ့ရတဲ့အတွက် လမ်းတလျှောက်ကူညီလှုဒါန်းသူတွေကို ကျေးဇူးတင်မိတယ်လို့ဆိုပါတယ်။
“ရပ်စောက်က လှူပေးနေတဲ့ အလှူရှင်တွေက ကိုယ်ဝန်သည်ကမျက်မမြင် အဖိုးနဲ့ အဖွားနဲ့အတူ ဆိုင်ကယ်နဲ့ ထွက်လာရလို့ဆိုပြီး ဝိုင်းသနားကြတယ် ရပ်စောက်မှာနေထိုင်ဖို့ စီစဥ်ပေးမယ်လို့လည်း ဖေးမကြတယ် “လို့ မစန္ဒီကပြောပါတယ်။
စစ်ကိုင်းကဆွေမျိုးတွေဆီယာယီနေထိုင်ဖို့သွားရောက်ခဲ့ပေမယ့် အဆင်မပြေတာကြောင့် တောင်ကြီးမြို့မှာစစ်ရှောင်နေထိုင်ခဲ့ကြပါတယ်။
သူတို့ထွက်လာပြီးတဲ့နောက်ပိုင်း လားရှိုးမြို့အခြေအနေက တွေ့မြင်ရတာစိတ်မသက်မသာဖြစ်ရတဲ့အခြေအနေဖြစ်လာပြီး တိုက်ပွဲတွေပြင်းသထက်ပြင်းလာခဲ့သလို အသိမိတ်ဆွေအချို့လည်း ကျည်ထိမှန်လို့ သေဆုံးတာ၊ ဗုံးကြဲခံရ၊ လက်နက်ကြီးကျလို့သေဆုံးတာ၊ စစ်ရှောင်ဖို့ထွက်လာတဲ့လမ်းမှာယာဉ်တိုက်မှုဖြစ်လို့သေဆုံးတာနဲ့ အမျိုးမျိုးကြားသိရတယ်လို့ဆိုပါတယ်။
“ရပ်ကွက်တော်တော်များများလက်နက်ကြီးကျလို့ မီးလောင်တယ် လူသေတယ်တဲ့ မြို့တွင်းထဲထိတောင် လက်နက်ငယ် လက်နက်ကြီးသံတွေကြားရတယ် လုံးဝ မထွက်လာဘူးဆိုတဲ့ လူတွေတောင် ထွက်ခဲ့ရပြီ “လို့ သူကဆိုပါတယ်။
သူတို့မိသားစုလည်း ခဏတာစစ်ရှောင်ရမယ်လို့ ထင်ခဲ့ပေမယ့် မြို့ပျက်ကြီးလိုဖြစ်ကျန်နေတဲ့ မြို့လေးကို ကြည့်ရင်း စိတ်မကောင်း ဖြစ်ရသလိုလားရှိုးမြို့က ရှေ့အကြိမ်တွေမှာလည်း စစ်ရိပ်သန်းတဲ့အခြေအနေတွေရှိခဲ့ပေမယ့် ခဏတာပဲဖြစ်ခဲ့တော့ တော်တော်များများက ပြင်ဆင်ချိန်မရှိခဲ့ကြ၊ အခုလိုဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့အတွက် ဘယ်လိုအခြေအနေဆက် ဖြစ်လာမလဲဆိုတာ မခန့်မှန်းနိုင်ဘူးလို့ သူကဆက်ပြောပါတယ်။
ကိုးကန့်တပ်မတော် (MNDAA)က လားရှို့မြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို တစ်လကျော်တိုက်ခိုက်ခဲ့ပြီး သြဂုတ်လ ၃ ရက်နေ့မှာအရှေ့မြောက်တိုင်းစစ်ဌာချုပ်ကို သိမ်းပိုက်ပြီး လားရှို့မြို့ကိုထိန်းချုပ်ခဲ့တာပါ။ တိုက်ပွဲကာလအတွင်းမှာ အရပ်သား တစ်ရာကျော်သေဆုံးပြီး နှစ်ရာကျော်ဝန်းကျင်ဒဏ်ရာရခဲ့သလို လူဦးရေ နှစ်သိန်းကျော်နေရပ်စွန့်ခွာခဲ့ကြရပါတယ်။
စစ်ပွဲဖြစ်နေစဉ် အခြားမြို့ရောက်နေတာကြောင့် ကိုယ်တိုင်စစ်ပွဲနဲ့မကြုံလိုက်ရပေမယ့် မိသားစုဝင်တွေ မြို့မှာပိတ်မိပြီး ရက်အနည်းငယ်အဆက်အသွယ်ပြတ်ခဲ့တာကြောင့် ပိုပင်ပန်းစိတ်ပူရတယ်လို့ လားရှိုးဒေသခံ မခွာညို(အမည်လွှဲ)ကပြောပါတယ်။
မခွာညိုက ရန်ကုန်မှာသင်တန်းတက်ရောက်ဖို့ရှိတဲ့အတွက် လားရှိုးကနေ ရန်ကုန်ကို ဇွန် ၁၉ ကတည်းကရောက်နေတာပါ။ အဲ့ဒီအချိန်ကတည်းက လားရှိုးမြို့အခြေအနေကမငြိမ်မသက်ဖြစ်နေတော့သူလည်း အရေးတကြီးသယ်ရမယ့်ပစ္စည်းတွေကိုထုတ်ပိုးပြင်ဆင်ပြီး သူမရှိတဲ့အချိန် စစ်ပွဲကြုံလို့တိမ်းရှောင်ရရင် တပါတည်း ယူဆောင်ပေးသွားဖို့ မိသားစုကိုမှာခဲ့ပါတယ်။
ဇူလိုင်ပထမပတ်မှာ စစ်ရိပ်စစ်ခြေ သိသိသာသာပြလာတဲ့အတွက် သူလည်းသတင်းတွေကြည့်ပြီး မိသားစုကို မြို့ကနေ ထွက်ခွာရှောင်တိမ်းဖို့ပြောကြားခဲ့ပေမယ့် မိသားစုကလည်းအကြောင်းအမျိုးမျိုးကြောင့် မတိမ်းရှောင်ခဲ့ဘဲနေရာပြောင်းရွှေ့ပြီးတော့နေခဲ့ကြတယ်လို့ ဆိုပါတယ်။
သူတို့နေအိမ်က စစ်တပ် ၅၀၇ တပ်ရင်းအနီးနားမှာရှိပြီး၊ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်တပ်တပ်ရင်းကို တိုက်ခိုက်ခဲ့တာကြောင့် အခြေအနေတွေက ပြင်းထန်လာတဲ့အပြင် မခွာညိုယောင်းမဖြစ်သူရဲ့ဆိုင်အနီး လက်နက်ကြီးကျလို့ ယောင်းမ ဖြစ်သူရဲ့ မောင်သေဆုံးခဲ့တဲ့အခါ မိသားစုဝင်တွေ မဖြစ်မနေထွက်ဖို့ လုပ်ဆောင်ခဲ့ကြတာပါ။
“သူတိုနဲ့အဆက်အသွယ်ရဖို့ နေ့တိုင်းဖုန်းကြီးပဲကြည့်နေတာကိုယ့်မှာဘာမှလည်းမစားနိုင်မသောက်နိုင် မလုပ်နိုင် ဖုန်းနဲ့ မျက်နှာနဲ့သတင်းတွေကြည့်လိုက် သူတို့ကိုပြန်ပို့ပေးလိုက်။ နင်တို့ မထွက်လာသေးဘူးလား မြန်မြန်လုပ်ပြောရတာ။ တကယ်တမ်းကျတော့လည်း သူတို့ကသူတို့အခက်အခဲနဲ့သူတို့ထွက်လာဖို့အရမ်းအဆင်မပြေဘူးဖြစ်နေတာ”လို့မခွာညိုကဆက်ပြောပါတယ်။
သူတို့မိသားစုက ၁၆ယောက်ရှိတဲ့အပြင် မိသားစုများတော့ အားလုံးတစုတစည်းတည်းထွက်လာဖို့ဆိုတာ မလွယ်ကူခဲ့သလို စစ်မဖြစ်ခင်က ဆန်ဆီစားနပ်ရိက္ခာ အချို့စုဆောင်းထားခဲ့ပေမယ့် တိမ်းရှောင်ရတဲ့အခါ ထားခဲ့ရတယ်လို့ဆိုပါတယ်။
“တကယ်ဖြစ်လာရော ဝယ်ထားတဲ့ ဆန်တွေရော ဆီတွေရော အကုန်ထားခဲ့ရတာသတိလည်းမရနိုင်တော့ဘူး၊ ကိုယ့်အသက်ကလွတ်ဖို့ပဲ အရေးကြီးတယ်ဆိုပြီး အမေဆိုရင် သူ့အင်္ကျီနှစ်စုံလောက်နဲ့ပဲ ထွက်ပြေးလာရတာမျိုး တခြားဘာမှတောင်မစဉ်းစားနိုင်တော့ဘူး”လို့ သူကပြောပါတယ်။
သူတို့အိမ်ကစစ်တပ်တပ်ရင်းနဲ့ နီးတော့ တိုက်ပွဲတွေဖြစ်ပွားလို့ တော်လှန်ရေးတပ်ဖွဲ့တွေ တပ်ရင်းကို တိုက်ခိုက်သိမ်း ပိုက်ချိန်ဆို သူတို့လည်းဆက်နေထိုင်လို့မရမှန်းသဘောပေါက်တာကြောင့် စစ်ပွဲအတွက်ကြိုပြင်ပြီး ဗုံးခိုကျင်းတူးထားပေမယ့်လည်း သူတို့မိသားစုအားလုံးအတွက်အဆင်မပြေနိုင်သလို၊ လေယာဉ်နဲ့ဗုံးကြဲမှုတွေကိုကြောက်ရွံ့တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ မလုပ်မိတာလည်းဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
“ဒါတော်လှန်ရေးသမားတွေကြောင့် ဒုက္ခရောက်မှာမဟုတ်ဘူး၊ တော်လှန်ရေးသမားတွေကို လိုက်သတ်တဲ့ လေယာဉ်ပျံ ဗုံးကျဲတာကြောင့်ပဲ အားလုံးဖွတ်ဖွတ်ကျေမှာပဲ၊ လေယာဉ် ဗုံးတွေကျလာပြီဆိုရင် ဘယ်မှာကျလို့ကျမှန်းမသိ အရိပ်မြင်တာနဲ့ကို ပစ်သတ်မယ်ဆိုတဲ့အနေအထားမျိုးရှိတဲ့အတွက် တော်လှန်ရေးအဖွဲ့တွေက စစ်တပ်ကို အနိုင်ရလိုက်ပြီဆိုတာနဲ့ ကျမတို့ ဘယ်လို မှနေလို့မရတာသိတယ်ပေါ့၊ အဓိကလေယာဉ်ဗုံးတွေကြောက်လို့ပါ”လို့ ”မခွာညိုကပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ကမြို့တော်တော်များများကိုလက်လွှတ်ဆုံးရှုံးနေရပြီး တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့မြို့တွေကိုလည်း လေကြောင်းကနေတိုက်ခိုက်ဖျက်စီးလေ့ရှိပါတယ် ။
ဒါကြောင့်တော်လှန်ရေးတပ်ဖွဲတွေအနိုင်ရပြီး မြို့တွေသိမ်းပိုက်နိုင်ပေမယ့် ပြည်သူတွေမှာအပြည့်အဝမပျော်ရွင်ရဲသလို ဘယ်အချိန်မြို့ကိုဖျက်စီးတိုက်ခိုက်ဖို့လာမလဲဆိုတာ စိုးရိမ်နေကြရပါတယ်။
မခွာညိုတို့လည်း လားရှိုးမြို့ကိုတော်လှန်ရေးတပ်ဖွဲ့တွေသိပ်ပိုက်နိုင်ပြီးနောက် ဒေသခံတချို့ပြန်ကြတာရှိတဲ့အတွက် သူ့မိသားစုတွေလည်းအိမ်ပြန်ဖို့ မျှော်တလင့်လင့်နဲ့ရှိနေပါတယ်။ ဒါပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့မြို့တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်တာ ရှေ့မှာလည်းသာဓကရှိထားတော့ လုံခြုံရေးစိတ်ချရမှာမဟုတ်ဘူးလို့ ထင်ကြောင်းပြောပါတယ်။
“ပြန်သွားပါပြီတဲ့ လေယာဉ်နဲ့ပြန်လာဗုံးကြဲမှာကိုကြောက်တယ်၊ အနည်းဆုံးက တလလောက်တော့ ရှောင်နေရဦးမယ်ထင်တယ်။ အိမ်က ခွေးတွေကြောင်တွေ ကြက်ကလေးတွေ ကိုတော့သတိရပါတယ်။ ကိုယ်အနှစ်နှစ်အလလ စုထားတဲ့ ပစ္စည်း တွေကိုလည်း သတိရတယ်။ဒါတွေကို သွားကြည့်ချင်တယ် ပြန်ယူချင်တယ်၊”လို့ မခွာညိုကပြောပါတယ်။
မတရားတဲ့အာဏာရှင်စနစ်ကိုတော်လှန်နေတဲ့ တော်လှန်ရေးကြီးဟာ တောတွင်းကနေ မြို့ပြဆီကို တဖြည်းဖြည်း ရောက်ရှိလာနေတာကြောင့် စစ်ပွဲနဲ့နီးစပ်မူ မရှိခဲ့တဲ့မြို့ပြနေလူထုအနေနဲ့ အရေးကြီးဆုံးကတော့ စစ်ရေးပစ်မှတ်တွေနဲ့ ဝေးရာနေရာ မှာနေကြဖို့ အဓိကမှာချင်တယ်လို့ မြို့ပြစစ်ဆင်ရေးတွေလုပ်ဆောင်နေတဲ့ UG တစ်ဦးကပြောပါတယ်။
ကိုယ့်ဒေသမှာ တိုက်ပွဲတွေ ဖြစ်တဲ့အခါ ထိခိုက်မှုအနည်းနဲ့အများဆိုသလိုကြုံရမှာဖြစ်ပြီး ဒီဒဏ်တွေကို တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်းများစွာခံစားနေခဲ့ရတာဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေ မြို့ပြလူထုဆီရောက်လာတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
စစ်အာဏာရှင်တွေအနေနဲ့ မြို့ပြတွေမှာ သူတို့စနစ်လည်ပတ်နေနိုင်သမျှ သက်ဆိုးရှည်နေမှာဖြစ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက မြို့ပြအထိစစ်ပွဲတွေဖော်ဆောင်ပြီး မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်နေကြရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ပြည်သူအချို့က တကယ့်ကို ပြောင်းလဲတာ မြင်ချင်တဲ့အတွက် မြို့နေပြည်သူတွေကလည်း အမြန်ဆုံးမြို့ထဲကို တော်လှန်ရေး အဖွဲ့တွေ ရောက်စေချင်တာလည်းရှိသလို အခြားဘက်ကနေရပ်တည်တဲ့သူတွေကလည်း မရောက်လာစေချင်ကြတာလည်း ရှိပါတယ်”လို့ မြို့ပြစစ်ဆင်ရေးတွေလုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။
အတတ်နိုင်ဆုံး မြို့ပြစစ်ပွဲတွေမဖြစ်အောင် စစ်ကောင်စီရဲ့ ရေသောက်မြစ်တွေကို ဖြတ်တောက်ပြီး ပိတ်ဆို့ဖိအားပေးနေကြပေမယ့် စစ်ကောင်စီကတော့ နောက်ဆုံးထိ ပြည်သူကို ဒုက္ခပေးမယ့်လမ်းကိုရွေးနေတဲ့အတွက် မြို့သိမ်းစစ်ပွဲတွေဖြစ်လာရတာလို့သူကဆိုပါတယ်။
ဒါ့အပြင် နောက်ဆုံးအနေအထားနဲ့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက တော်လှန်ရေးသမားတွေ သိမ်းလိုက်တဲ့မြို့တွေကို အကြမ်းတမ်းဆုံး ဗုံးကြဲမှုတွေလုပ်ဆောင်တာဟာ အရပ်သားပြည်သူကိုဦးတည်ပြီး ဒါမှသာလျှင် ပြည်သူက ထိခိုက် ငြိုငြင်ကာ တော်လှန်ရေး အင်အားစုတွေကို မုန်းတီးလာအောင်ဖန်တီးမူဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ဒီအတွက်ကြောင့်မြို့ပြစစ်ပွဲတွေက အမှန်တကယ်အောင်ပွဲဖြစ်စေမလားဆိုတာက ညီညွတ်မှုနဲ့မြို့နေ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုအရေးကြီးပြီး လူထုအနေနဲ့ကတော့ ဆုံးရှုံးရလို့ စိတ်ဓါတ်ကျနေပေမယ့် အမှန်တကယ် ပြောင်းလဲလာမယ့် အနာ ဂတ်အတွက် အားတင်းထားပြီး မျှော်လင့်နေကြမယ်လို့ ယုံကြည်ကြောင်း သူကဆိုပါတယ်။
“လေယာဉ်ဗုံးကြဲခံရမယ်ဆိုတာ သိရဲ့နဲ့ ကြိုဆိုတဲ့ မြို့နေပြည်သူတွေကိုပဲ ကြည့်ပါ။ နောက်ဆုံးအနေနဲ့ မပျော်ပဲ အဆက် မပျက်လက်ခုပ်တီးပြီး ကြောက်စိတ်နဲ့ နေနေရတဲ့ မြောက်ကိုရီယားစနစ်ကိုသွားမလား မကြိုက်တာကို ဆန္ဒရှိစွာ ထုတ်ဖော် နိုင်တဲ့ တိုးတတ်တဲ့ စနစ်တည်ဆောက်ကြမလား ဆိုတဲ့အပေါ်မှာ ပြည်သူတွေ စဉ်းစားတွေးမြင်ကြည့်ကြဖို့ လိုပါတယ်လို့ UG တစ်ဦးဆိုပါတယ်။
ဒီတော့စစ်ဘေးမကြုံရသေးတဲ့ မြို့ပြကပြည်သူတွေအနေနဲ့လည်း ကြိုတင်ပြင်ဆင်မူအနေနဲ့ အသက်အရွယ် အလိုက် ဆေးဝါးရိက္ခာစုဆောင်းတာ ရာသီဥတုအလိုက်ကာကွယ်နိုင်မယ့်အသုံးဆောင်ပစ္စည်းအချို့နဲ့ အရေးကြီး စာရွက်စာတမ်းများ၊ ငွေ ကြေးဥစ္စာများကို လုံခြုံစွာ သိမ်းဆည်း ထုပ်ပို့ထားဖို့ လိုအပ်သလို မိသားစုလိုက်ရှောင်တိမ်းရမည့် နေရာဒေသတွေကိုလည်း ရွေးချယ်ပြီးလိုအပ်တဲ့ပစ္စည်းပစ္စယတွေကို ကြိုတင်ပို့ဆောင်ထားရှိသင့်တယ်လို့သူကအကြံပြုပါတယ်။
ရှောင်တိမ်းဖို့လုံးဝအဆင်မပြေတဲ့အခြေအနေမျိုးမှာဆိုရင်တော့ မိမိခြံဝန်းနေအိမ်ကိုလုံခြုံစွာပြုလုပ်ထားပြီး အုတ်နဲ့လုံခြုံတဲ့ နေရာတစ်ခုတော့ရွေးထားသင့်တယ်လို့ သူကဆိုပါတယ်။
“နိုင်ငံအဝှမ်းမှာရှိနေတဲ့ စစ်ဘေးရှောင်တွေရဲ့ အတွေ့အကြုံနဲ့ဖြစ်ရပ်တွေကို အခြေခံပြီးကြိုတင်ပြင်ဆင်သင့်ပါတယ်။ အချိန် မရွေးရောက်လာနိုင်တာဖြစ်တဲ့အတွက်ပြင်ဆင်ထားတာမမှားဘူးပေါ့ “လို့ယင်းကဆက်ပြောပါတယ်။
မြို့သိမ်းစစ်ပွဲတွေက ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေ မှာဖြစ်ပွားရင် ဒီထက်ဆိုးရွားနိုင်သလို ပြည်သူတွေလည်း ပိုဒုက္ခများမယ် အဲ့ဒီအတွက် ကိုယ့်မြို့မှာ စစ်ပွဲအရိပ်အယောင်ဖြစ်လာပြီဆို အရေးကြီးတဲ့ ပစ္စည်း၊ အသုံး အဆောင်တွေ၊ ဆိုလာ၊ ပါ ဝါဘန့် လိုလျှပ်စစ်ပစ္စည်းအချို့နဲ့ စားစရာအနည်းအကျဉ်းကို အရေးပေါ်အိတ်အနေနဲ့ ပြင်ဆင်ထားသင့်တယ်လို့ မခွာညိုကလည်း ပြောပါတယ်။
“ဆန်တွေဆီတွေဝယ်ထားလို့ရတယ်ဆိုပေမယ့် အများကြီးသိုလှောင်ဖို့အဆင်မပြေဘူး၊ ကိုယ့်ရဲ့အရေးကြီးမယ်ထင်တဲ့အသုံး အဆောင်တွေ အစားစာတွေအတွက်အိတ်တခုကတော့ရှိထားသင့်တယ် “လို့ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း မြို့ပြစစ်ပွဲတွေမှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်မှုလျော့ပါးသက်သာစေရန် အရေးပေါ် ခိုလှုံရာပြုလုပ်နည်း၊ တကိုယ်ရေစာ အရေးပေါ်အိတ်အတွက် ကြိုတင်စုဆောင်းပြင်ဆင်ထားသင့်တဲ့ပစ္စည်း စသဖြင့် ပဋိပက္ခများအတွင်း ပြည်သူများဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်နိုင်မယ့် နည်းလမ်းတွေကို ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော်လှန်ရေးတပ်ဖွဲ့တွေက ပြင်ဦးလွင်၊ မန္တလေးစတဲ့အခြားသော မြို့ကြီးတွေကိုတိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်းတွေပျံ့နှံ့နေတာကြောင့် ယင်းမြို့ကြီးတွေကပြည်သူတွေလည်း အခြားအရပ်တွေကို စစ်ဘေးကနေကြိုတင်ရှောင်ရှားဖို့ ထွက်လာကြသူတွေလည်း အများအပြားပါ။
စစ်ဘေးကြောင့် ကြိုတင်ရှောင်ရှားတာ ကောင်းပေမယ့် ဘယ်နေရာကိုမှ ရှောင်တိမ်းလို့မဖြစ်တဲ့ အခြေအနေရှိတဲ့သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို အဓိကထားပြင်ဆင်ထားသင့်တယ်လို့ မိုးကုတ်ဒေသခံ မသူသူကပြောပါတယ်။
မသူသူက မိုးကုတ်မြို့ကိုတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ပြီးနောက်ပိုင်းမှ နောက်ဆက်တွဲကြုံနိုင်တဲ့ လုံခြုံရေးနဲ့ မိသားစုရဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် ရန်ကုန်မှာယာယီနေထိုင်ဖို့ ရှောင်တိမ်းလာခဲ့တာပါ။
မိုးကုတ်မြို့ တိုက်ပွဲတွေဖြစ်တော့ အသိမိတ်ဆွေတွေက ထွက်ခွာဖို့ပြောကြပေမယ့် ထွက်ခွာဖို့အဆင်မပြေနိုင်ခဲ့ဘဲ တော်လှန်ရေးတပ်ဖွဲ့တွေ မိုးကုတ်မြို့ကိုသိမ်းပိုက်ပြီးနောက်ရက်အနည်းငယ်ကြာမှ ဆွေမျိုးတွေရှိတဲ့ရန်ကုန်ကို ကလေးငယ်တွေနဲ့အ သက်ကြီးသူတွေကို ပြောင်းရွှေ့နေထိုင်တာဖြစ်တယ်လို့သူပြောတယ်။
“သိမ်းလိုက်ပြီဆိုတာသိတော့ပျော်ပေမယ့် အပြည့်အဝမပျော်နိုင်သေးဘူး။ ဗုံးလာကြဲတော့မလားပူနေရသေးတယ်၊ ဆက်နေဖို့ကအဖေတို့က ကျန်းမာရေးမကောင်းတော့ တခုခုဖြစ်ရင် ဆေကုသဖို့လွယ်အောင်သာ ရန်ကုန်ရွှေ့လာတာ ကျန်မိသားစုဝင် တွေကျန်ခဲ့သေးတယ်၊ထွက်လာတဲ့သူတွေ အများစုကလည်းကျန်းမာရေးကြောင့်သာ ထွက်လာကြသူတွေများတယ်” လို့သူ ကပြောပါတယ်။
နယ်ကနေရန်ကုန်အထိစစ်ရှောင်နေထိုင်ရတဲ့သူတွေမှာ ပိုင်ဆိုင်သမျှဆုံးရှုံးခဲ့ရတဲ့အပြင် ရန်ကုန်လိုနေရာမှာနေထိုင်စားသောက်ဖို့၊ အိမ်ငှားနေထိုင်ဖို့၊ ကလေးကျောင်းပြောင်းထားဖို့အတွက် အစစအရာရာ ခက်ခဲကြတယ်လို့ ဆိုပါတယ်။
“ရန်ကုန်မှာ စစ်ရှောင်နေရတာမလွယ်ဘူး၊ အိမ်ငှားခတွေ စျေးကြီးတဲ့အပြင် အိမ်ငှားဖို့ကလည်း သုံးလချုပ်တောင်မငှားချင်ကြဘူး၊ စစ်ရှောင်တွေဖြစ်လို့လည်းမလျှော့ပေးပါဘူး၊ ကလေးတွေလည်းကျောင်းပြန်ထားဖို့ကိစ္စလည်း လုပ်ရဦးမယ်”လို့ သူက ပြောပါတယ်။
ပိုင်ဆိုင်မှုတွေအကုန်ထားပြီးစစ်ရှောင်ခဲ့ရပေမယ့် ဒီဒုက္ခကြုံတွေ့ရသူက သူတစ်ဦးတည်းမဟုတ်ဘဲ၊ တတိုင်းပြည်လုံး အခက်အခဲတွေဆုံးရှုံးမှုတွေနဲ့ကြုံနေရတာဖြစ်ပြီး ကိုယ့်အိမ်ကိုယ်ယာကိုပြန်နေနိုင်ဖို့က စစ်တပ်ကျရှုံးမှသာဖြစ်နိုင်တဲ့အတွက် အမြန်ဆုံး ပြီးဆုံးဖို့တော့ မျှော်လင့်တယ်လိုဆိုပါတယ်။
မစန္ဒီတို့မိသားစုလည်း လားရှို့မြို့ကပြည်သူတွေ နေအိမ်တွေကိုပြန်နေထိုင်ကြတာသိတဲ့အခါ အိမ်ပြန်ချင်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ အခြားမြို့တွေမှာ ကြုံခဲ့သလို ဗမာမဝင်ရဆိုပြီး ကန့်သတ်တာတွေလုပ်မှာကိုတော့ စိုးရိမ် မိတယ်လို့ဆိုပါတယ်။
“လောက်ကိုင်လို ဗမာမဝင်ရဆိုပီး ပေးမဝင်မှာကြောက်တယ်။ အိမ်ဆိုလို့လားရှိုးမှာပဲ ရှိတာလေ၊ အိမ်ဗုံးထိရင်တောင် မြေလေးပဲကျန်နေပါစေအုံးတော့ လားရှိုးပဲ ပြန်ချင်ပါတယ်”လိုသူကဆိုပါတယ်။