Home ဆောင်းပါး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများတရားမျှတမှုရသည့်အထိပူးပေါင်းဆောင်ရွက်ကြရန် အမျိုးသမီးအဖွဲ့များတိုက်တွန်း

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများတရားမျှတမှုရသည့်အထိပူးပေါင်းဆောင်ရွက်ကြရန် အမျိုးသမီးအဖွဲ့များတိုက်တွန်း

ဒေဝီ

လိင်ပိုင်းဆိုင်ရာကျူးလွန်သူ ဆလိုင်းအိုက်ဇက်ခင်ကို လက်ရှိတာဝန်တွေကနေ ရပ်နားထုတ်ပယ်တာက  PSHEA မူဝါဒအရ အမြင့်ဆုံးပေးနိုင်တဲ့ ပြစ်ဒဏ်ဖြစ်တယ်လို့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့်မဖွယ်မရာ ပြုမှုခြင်းဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒ ဗဟိုကော်မတီ၊  ဥက္ကဌနော်စူဇန်နာလှလှစိုးကပြောပါတယ်။

မူဝါဒမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်လို့ စစ်ဆေးတွေ့ရှိရရင် ပထမအကြိမ် သတိပေးတာ၊ ဒုတိယအဆင့်အနေနဲ့ စာထုတ်သတိပေးတာ၊ နောက်ဆုံးအဆင့် ရာထူးတာဝန်တွေကနေ ထုတ်ပယ်ရမယ်လို့ပါရှိတဲ့အတွက် မူဝါဒအတိုင်းအရေးယူမှုပြုလုပ်တာဖြစ်ပြီး၊ ဆုံးဖြတ်ချက်အပေါ် ကာယကံရှင်က ကျေနပ်မှုမရှိရင် ဥပဒေကြောင်းအရဆက်လက်လုပ်ဆောင်နိုင်တယ်လို့ဆိုပါတယ်။

“ကော်မတီကတော့အရေးယူမှုအဆင့်က အဲ့ဒါဖြစ်ပါတယ်၊ ဒီအရေးယူမှုကိုလည်း ကာယကံရှင်က အရမ်းကို ကျေနပ်တယ်။ တရားမျှတမှုခံစားရတယ်လို့အကြောင်းကြားတယ်။” လို့ နော်စူဇန်နာလှလှစိုးကပြောပါတယ်။

ဒါ့အပြင်ဆလိုင်းအိုက်ဇက်ခင်က လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန်ရာထူးနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးအကြံပေးရာထူးယူထားပြီး၊ ယင်းတာဝန်တွေကနေ အရေးယူမှုပြုမပြုဆိုတာကိုလည်း သူက လူဝင်မှုကြီးကြပ်ရေးဌာန တွဲဖက်အတွင်းဝန်ရာထူးက ထွက်ထားတာကြာပြီဖြစ်ပေမယ့် ပြည်ထောင်စုရုံးဝန်ကြီးချုပ်ရုံး အကြံပေးရာထူးကတော့ ယူထားခြင်းမရှိဘူးလို့  ပြန်လည်ဖြေကြားခဲ့ပါတယ်။

“လူဝင်မှုကြီးကြပ်ရေးဌာန တွဲဖက်အတွင်းဝန်ကတော့ သူတောင်းထွက်ထားတာကြာပါပြီ။ အလုပ်တွေမနိုင်လို့ အတွက်ကြောင့် ထွက်ထားတယ်ဆိုတော့ သူ့ရဲ့ထွက်စာကိုတော့လက်ခံပြီးသားလို့သိရပါတယ်၊ ပြည်ထောင်စုရုံး ဝန်ကြီးချုပ်ရုံး အကြံပေးကတော့ တခါမှမရှိခဲ့ဘူးပါဘူး။ ကျွန်မလည်း confirm ထားပြီးပါပြီ၊ ဒီရာထူးမျိုး တစ်ခါမှ မရှိခဲ့ဘူး”လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် နစ်နာသူနဲ့ သက်သေတွေကို အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာရိုဒင်းက တွေ့ဆုံမေးမြန်းနေပြီး ကာယကံရှင်ရဲ့ တောင်းဆိုမှုလိုလားမှုပေါ်မူတည်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ နော်စူဇန်နာလှလှစိုးကပြောပါတယ်။

ဓာတ်ပုံ – Salai Isaac Khen (Facebook)

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့်မဖွယ်မရာပြုမှုခြင်းဆိုင်ရာအကာအကွယ်ပေးရေး မူဝါဒ – PSHEAနဲ့အရေးယူမှု

NUG အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံး၊ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ဆလိုင်းအိုက်ဇက်ခင်ကသူ့ရဲ့ ရုံး အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ချင်းတိုင်းရင်းသူအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာစိတ်အနှောင့်အယှက် ဖြစ်စေမှု၊ လုပ်ငန်းခွင် အတွင်းအထက်လူကြီးမပီသစွာ ဝန်ထမ်းများအပေါ် နှိမ့်ချပြောဆိုမှုတွေကြောင့် ဝန်ထမ်းအမျိုးသမီးက NUG နိုင်ငံခြားရေး ဝန်ကြီးဌာနကိုတိုင်ကြားခဲ့ရာမှာ ကျူးလွန်သူကိုအလားတူဆက်မဖြစ်ဖို့ နှုတ်ဖြင့်သတိပေးခဲ့ပြီးနစ်နာသူနဲ့အခြားဝန်ထမ်းတစ်ဦးကို ဧပြီလ၃၀ရက်နေ့စွဲနဲ့ရာထူးမှရပ်နားစာထုတ်ပြန်ခဲ့တဲ့အတွက် ကျူးလွန်ခံရသူက အလုပ်မှနုတ်ထွက်ခဲ့ပါတယ်။

အမျိုးသမီးရဲ့နုတ်ထွက်စာကလူမှုကွန်ယက်မှာပျံ့နှံ့လာပြီး ကျူးလွန်သူနဲ့သက်ဆိုင်ရာဝန်ကြီးဌာနရဲ့အရေးယူမှုဖြစ်စဉ်ကိုဝေဖန်ခဲ့ကြသလို အဖွဲ့အစည်းအသီးသီးရဲ့ကန့်ကွက်ရှုတ်ချမှုတွေ၊ အပြစ်ပေးအရေးယူဖို့တောင်းဆိုမှုတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။

ဒီဖြစ်ရပ်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပြီးတဲ့နောက် အိန္ဒိယကိုယ်စားလှယ်ရုံးနဲ့ပတ်သက်တဲ့တိုင်ကြားစာပါအကြောင်းအရာကို ဌာနတွင်းစစ်ဆေးအရေးယူဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၁ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။

စစ်ဆေးချက်တွေကို “လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့မှကာကွယ်ခြင်းဆိုင်ရာ မူဝါဒအကောင်အထည်ဖော်ရေးကော်မတီ”ကို လွှဲပြောင်းပေးထားပြီး ဌာနတွင်း စစ်ဆေးနေစဉ်ကာလအတွင်း ဆလိုင်းအိုက်ဇက်ခင်ကိုတာဝန်ယာယီရပ်ဆိုင်းထားပြီးဖြစ်တယ်လို့ ဇွန်လ၂၅ရက်နေ့မှာထပ်မံထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ မြန်မာအမျိုးသမီးမဟာမိတ်အဖွဲ့(WAC-M)အပါအဝင် အမျိုးသမီးအရေးလုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေနဲ့အရပ်ဘက်အဖွဲ့အစည်းတွေကရှုတ်ချကြောင်းနဲ့ ကျူးလွန်သူကိုထိရောက်စွာအပြစ်ပေးပြီးကျူးလွန်ခံရတဲ့အမျိုးသမီးတွေအတွက်တရားမျှတမှုဖော်ဆောင်ပေးဖို့တောင်း ဆိုခဲ့ကြပါတယ်။

“ကိုယ့်မှာရှိနေတဲ့အခွင့်အရေး၊ ရာထူးနဲ့အာဏာတွေကို အလွဲသုံးစားလုပ်ပြီး လုပ်ငန်းခွင်အတွင်းပဲဖြစ်ဖြစ်ပဋိပက္ခ ဖြစ်နေတဲ့နေရာဒေသတွေမှာဖြစ်ဖြစ်၊ လွတ်မြောက်နယ်မြေတွေမှာဖြစ်ဖြစ်အမျိုးသမီးတွေကိုခုလိုလိင်ပိုင်းဆိုင်ရာကျူးလွန်မှုမျိုးကိုကျူးလွန်တဲ့ဘယ်သူဘယ်၀ါ၊ ဘယ်အစုအဖွဲ့ကဖြစ်ဖြစ်ကျမတို့ကတော့ ဒီလုပ်ရပ်တွေအတွက်ရှုတ်ချတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ၊ အထွေထွေအတွင်းရေးမှုး နော်ခင်စန်းထွေးကပြောပါတယ်။

NUG ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံး၊ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို သူတာဝန်ယူထားတဲ့ရာထူးတွေကနေရပ်နားထုတ်ပယ်လိုက်တဲ့ပြစ်ဒဏ်က PSHEA မူဝါဒအရ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ချမှတ်လိုက်တယ်ဆိုပေမယ့် အမျိုးသမီးအဖွဲ့အနေနဲ့ရော အမျိုးသမီးတစ်ဦးအနေနဲ့ရော မှတ်ချက်ပြုရရင် ဒီထက်ပိုတဲ့ ပြစ်ဒဏ်မျိုး ချမှတ်စေချင်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အတွင်းရေးမှုးနာင်းမို့မို့ကပြောပါတယ်။

ဒါ့အပြင်သူကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု  ဖြစ်စဉ်က ပြည်ပနိုင်ငံတခုမှာ ဖြစ်ပွားတာ ဖြစ်တဲ့ အတွက်အဆိုပါနိုင်ငံရဲ့ဥပဒေအတိုင်းအပြစ်ပေးအရေးယူတာက ပိုပြီး တရားမျှတမှုရှိတယ်လို့ သူကဆိုပါတယ်။

“မူဝါဒအရဆိုတော့ အရေးယူမှုကလုံလောက်ပြည့်ဝလားဆိုတော့ အရမ်းမပြည့်ဝနေဘူးလို့တော့ခံစားရတယ်။ ဒါပေမယ့်ဘယ်လိုပဲဖြစ်ဖြစ် တရားမျှတမှုတစိတ်တပိုင်းရတယ်လို့ပြောရမှာပေါ့”လို့ နာင်းမို့မို့ကထောက်ပြပြောဆိုခဲ့ ပါတယ်။

အစိုးရဌာနဆိုင်ရာမှာ ကိုယ်စားလှယ်တာဝန်ယူထားတဲ့သူတစ်ဦးကို အလုပ်ထုတ်ပယ်တဲ့ ပြစ်ဒဏ်‌ပေးမှုက စစ်တပ်အသိုင်းအဝိုင်းမှာထက် တော်လှန်ရေးအသိုင်းအဝိုင်းမှာပဲမြင်ရတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပြီး ဒီလိုပြစ်ဒဏ်ချခဲ့ခြင်းက တာဝန်ယူမှုတာဝန်ခံမှုရှိရှိနဲ့ လုပ်ဆောင်တာကိုမြင်ရတယ်လိုSisters to Sisters ကသဉ္ဇာရွှန်းလဲရည် ကဆိုပါတယ်။

“ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုအဆုံးသတ်ဖို့တိုက်နေတဲ့ တော်လှန်ရေးမှာ ခြေမမကောင်းရင်ခြေမ၊ လက်မ မကောင်းရင်လက်မ၊ ဘယ်‌လောက်ပဲကိုယ်နဲ့ရင်းနှီးသူဖြစ်ပါစေ အမှားကိုကျူးလွန်ရင်တာဝန်ခံရမယ်ဆိုတဲ့ အလေ့အထကိုအခုကတည်းကစတင်ဖို့လိုတယ်၊” လို့ သူကဆက်ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုကိုပြစ်မှုထင်ရှားတယ်လို့ တရားရုံးတွေမှာ စီရင်ချက်ချမှတ်တဲ့အခါ အလုပ်ထုတ်ပယ်တာထက်ပိုတဲ့ ပြစ်ဒဏ်တွေရှိနိုင်ပေမယ့် လက်ရှိအချိန်ကာလမှာတော့ တရားစီရင်ရေးစနစ် ပီပီပြင်ပြင်မလုပ်ဆောင်နိုင်သေးတာက စိန်ခေါ်မှုတစ်ခုဖြစ်တာကြောင့် တိကျခိုင်မာ အရေးယူနိုင်တဲ့စနစ်တခုအထိ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ပြောပါတယ်။

“ကိုယ်တိုင်ကိုယ်ကျ အရေးယူနိုင်တဲ့နိုင်ငံရေးစနစ်၊ တရားရုံးတွေ ထောင်တွေ ဒါမျိုးတွေကို သေချာတည်ဆောက်ပြီးတော့ အရေးယူနိုင်တဲ့အနေအထားထိ ရောက်အောင်သွားဖို့လိုတယ်လို့ သဉ္ဇာရွှန်းလဲရည်ကထောက်ပြပြောဆိုခဲ့ပါတယ်။

ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ ကျူးလွန်သူတွေ

ငွေကြေး၊ အာဏာနဲ့ ရာထူးရာခံအသိုင်းအဝိုင်းရှိသူတွေကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ဝိုင်းဝန်းဖုံးဖိပေးမှုတွေကြောင့် ကျူးလွန်သူတွေမှာအရေးယူမခံရဘဲပြစ်ဒဏ်ကနေကင်းလွတ်ခွင့်ရနေတဲ့ဖြစ်ရပ်တွေလည်း တပုံတပင်ပါ။

ပြီးခဲ့တဲ့နှစ်၂၀၂၃ခုနှစ်ကထိုင်းနိုင်ငံမဲဆောက်မှာ NLDပါတီမြို့နယ်အလုပ်အမှုဆောင်ရဲ့သက်ငယ်မုဒိမ်းမှုမှာ အမျိုးသားညီညွတ်ရေးအစိုးရကို တိုင်ကြားခဲ့ပေမယ့် ကျူးလွန်သူမှာ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရနေပြီး နစ်နာသူမှာ ယနေ့အချိန်ထိတရားမျှ တမှုမရရှိ‌သေးဘူးလို့ အမျိုးသမီးအရေးလုပ်ဆောင်နေသူတွေက ဆိုပါတယ်။

အများအားဖြင့် အာဏာ၊ ရာထူးရာခံရှိတဲ့အသိုင်းအဝိုင်းက သူတွေရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ထုတ်ဖော်ပြောဆိုမှုက ယဉ်ကျေးမှုအရရော နိုင်ငံရေးစနစ်အရရော ခက်ခဲပြီး လက်အောက်ဝန်ထမ်းတစ်ဦးအနေနဲ့ ကိုယ့် ထက် ရာထူး အာဏာ ကြီးသူတစ်ယောက်ကိုနာမည်ဂုဏ်သိက္ခာ အထိခိုက်ခံပြီးပြောဆိုလာတဲ့ ကိစ္စကို အလေးထားဖို့လိုတယ်လို့ သဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

မြန်မာနိုင်ငံကဖိုဝါဒကြီးစိုးတဲ့စနစ်နဲ့ အတွေးအခေါ်တွေ မပြောင်းလဲတဲ့အပြင် ရိုးရာယဉ်ကျေးမှုဓ‌လေ့တွေအရ အမျိုးသမီးတွေကိုပဲအပြစ်တင်တဲ့အလေ့အထကနေရုန်းမထွက်နိုင်သရွှေ့ အမျိုးသမီးတွေပဲနစ်နာပြီးရင်းနစ်နာနေမှာဖြစ်တယ်လို့ နော်ခင်စန်းထွေးကလည်းသတိပေးခဲ့ပါတယ်။

ဒီလို စိန်ခေါ်မှုခြိမ်းခြောက်မှုတွေပဲ ထပ်ဖန်တလဲလဲ ဖြစ်စေမယ်ဆိုရင်နေရာဒေသအနှံ့အပြားက ကိုယ်ထက်ရာ ထူးရာခံကြီးသူတွေဆီကနေ နည်လမ်းပေါင်းစုံနဲ့ကျူးလွန်ခံနေရတဲ့၊ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့အမျိုးသမီးတွေအပေါ် ထပ်မံကျူးလွန်ခွင့်ပေးလိုက်သလိုဖြစ်တာကြောင့် စနစ်တကျဘက်မလိုက်တဲ့စစ်ဆေးမှုတွေလုပ်ဆောင် ပြီး ကျူးလွန်ထားတဲ့ပြစ်ဒဏ်အလျောက် ထိုက်သင့်တဲ့ပြစ်ဒဏ်ကိုကျခံရမှာဖြစ်တယ်လို့ဆိုပါတယ်။

 “ရာထူးမျက်နှာတွေကြည့်ပြီး ပြစ်မှု ပြစ်ဒဏ်တွေကနေ ကင်းလွတ်ခွင့်ကို ကျမတို့တော်လှန်ရေးအင်အား  လက်ခံကျင့်သုံးနေတဲ့ အလေ့အထတွေ ထပ်မရှိတော့ဖို့လိုပါတယ်”လို့ နော်ခင်စန်းထွေး ကဆက်ပြောပါတယ်။

ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာတွေက တိုင်ကြားသူမရှိတာ၊ တိုင်ကြားတဲ့အခါမှာလည်းအမှုကို သေသေချာချာ တည်ဆောက်ဖို့ မူဝါဒကောင်းကောင်းမရှိတာ၊ လာဘ်စားမှုတွေကြောင့် အမှုကို သေချာစစ်ဆေးမေးမြန်းပြီး ဖြေရှင်းဆောင်ရွက်တာမရှိတာကြောင့်လို့ အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့မဟေမာန်ကမှတ်ချက်ပြုခဲ့ပါတယ်။

အမျိုးသမီးတွေကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေ

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကို အမျိုးသမီးကြီး၊ ငယ်တိုင်း ငယ်စဉ်အရွယ်ကတည်းက ကြုံတွေခံစားကြရတာတွေရှိပေမယ့် ရှက်ရွံ့တာ၊ တိုင်ကြားရမယ်ဆိုတာမသိတာ၊ ဘယ်ကိုတိုင်ကြားရမယ်ဆိုတာ မသိတာတွေကြောင့် မသိလိုက်ဘာသာနဲ့ရေငုံနှုတ်ပိတ်ပြီး အဆုံးသတ်သွားလေ့ရှိကြပါတယ်။

ဒီလိုမတိုင်ကြားတာကကျုးလွန်ခံရသူကိုယ်တိုင်က လက်ခံသဘောတူလို့ နှုတ်ဆိတ်နေတာမျိုးမဟုတ်ဘဲနစ်နာ သူကအမြဲတမ်းနစ်နာနေတဲ့အခြေအနေတွေကြောင့်သာတိုင်ကြားဖို့အလှမ်းဝေးနေတာလို့အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်ခွန်ဂျာကဆိုပါတယ်။

“Sexual harassment လို့ ပြောတဲ့အခါ Rape case လိုဒဏ်ရာတွေရှာလို့မရပါဘူး၊ မလိုလားအပ်တဲ့ထိတွေ့မှု ကိုင်တွယ်မှု ပွတ်တိုက်မှုတွေ ဒါတွေပါတာဖြစ်တယ်” လို့သူကဆက်ပြောပါတယ်။

ဒါ့အပြင်လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ ကျူးလွန်မှုတွေမှာ နစ်နာသူတွေက  အသက်ငယ်ရွယ်တာရာထူး အသိုင်းအဝိုင်းနဲ့ နောက်ခံအင်အားသေးငယ်တဲ့အတွက် အကြောင်းအမျိုးမျိုးနဲ့တိုင်ကြားဖို့ မဝံမရဲဖြစ်ကြတာတွေ ရှိပါတယ်။ သူတို့အတွက် ရဲရဲ ဝံ့ဝံ့တိုင်ကြားနိုင်တဲ့အခြေအနေကိုမဖန်တီးပေးနိုင်သ၍ ဒီလိုဖြစ်စဉ်တွေကြုံဦးမှာဖြစ်တယ်လို့ ဒေါ်ခွန်ဂျာကဆက်ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို တိုင်ကြားဖို့လို

အမျိုးသမီးတွေ ကလေးသူငယ်တွေလိင်စိတ်ကွဲပြားခံယူသူတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ ဖြစ်ဖြစ် လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့အခါဖြစ်ဖြစ် တိုင်ကြားနိုင်တဲ့ယန္တရားရှိတယ်ဆိုတာကိုသိဖို့ အရေးကြီးသလို ဒီလိုတိုင်ကြားမှု တွေ ကိုလည်းအမျိုးသမီးအခွင့်အရေး ဆောင်ရွက်နေသူတွေအရပ်ဘက် အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ဆောင်ရွက်ဖို့လိုတယ်လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မဟေမာန်က အကြံပြုပါတယ်။

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကရာဇဝတ်မှုဖြစ်ပြီး ကျူးလွန်သူတွေက ကိုယ်ကျင့်တရားဖောက်ပြန်တဲ့ မကောင်းမှုကျူးလွန်သူတွေဖြစ်တယ်လို့ သတ်မှတ်ပြီး ဖော်ထုတ်ရမှာဖြစ်သလို ဒီလိုကျူးလွန်မှုတွေကိုလည်း မှေးမှိန် ပျောက်ကွယ်မှုမရှိအောင် ဖြစ်စဉ်ပြီးဆုံးတဲ့အထိဝန်းရံပြီး တရားမျှတမှုရှိအောင် ဖော်ဆောင်ရမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့ နစ်နာသူကို ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအရကာကွယ်ထောက်ပံ့ပေးဖို့လိုသလို ကျူးလွန်သူကိုလည်း ပြစ်ဒဏ်မချမှတ်ခင်စပ်ကြားမှာထွက်ပြေးတိမ်းရှောင်တာတွေမပြုလုပ်နိုင်အောင် စောင့်ကြည့်ထိန်းသိမ်း ထားဖို့လိုတယ်လို့ ဆိုပါတယ်။

“အမျိုးသမီးတိုင်းဖြစ်စေ ကလေးသူငယ်ဖြစ်‌စေ လိင်ပိုင်းဆိုင်ရာကွဲပြားသူလို့ ယူဆထားသူဖြစ်စေ ဘယ်သူမဆိုကိုယ့်အပေါ်  လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မယ် အကြမ်းဖက်မယ်ဆိုလို့ရှိရင် အချိန်မရွေးတိုင်ကြားနိုင်တဲ့သူတွေရှိတယ် ကိုယ်စားဆောင်ရွက်ပေးနိုင်သူတွေကိုချိတ်ဆက်ပြီး ဆောင်ရွက်ပါလို့ပြောချင်ပါတယ်”လို့ မဟေမာန်ကဆက်ပြောပါတယ်။

ရာထူးအာဏာတွေကိုအသုံးချပြီးတော့ အမျိုးသမီးတွေကို လူမသိသူမသိ ကျူးလွန်နေတဲ့ မဟာဖို၀ါဒကြီးစိုးနေတဲ့သူတွေ အောက်မှာ အခြေအနေအမျိုးမျိုးကြောင့် ရုန်းမထွက်နိုင်ကြသေးတာ၊ ဒါမှမဟုတ် ရုန်းထွက်ဖို့ ကြိုးစားနေတဲ့အမျိုးသမီးတွေကရဲဝံစွာထုတ်ဖော်ပြောဆိုခြင်းအားဖြင့်အခြားသူတွေအပေါ်ဆက်ပြီး ကျူးလွန်နေတာတွေကို ရပ်တံ့နိုင်မှာဖြစ်သလို အလားတူ ဖြစ်စဉ်ကြုံနေရတဲ့ အခြားအမျိုးသမီးတွေကိုလည်း ကယ်တင်နိုင်မှာဖြစ်တယ်လို့ နော်ခင်စန်းထွေးကထောက်ပြပါတယ်။

“ဒီနွေဦးတော်လှန်ရေးမှာ အရင်ခေတ်အခါက အမြစ်တွယ်လာတဲ့ အတွေးအခေါ်တွေ၊ အာဏာအလွဲသုံးစားမှုနဲ့ ဒီလိုလိင်အမြတ်ထုတ်မှုတွေအတွက်ဆက်လက်ကျူးလွန်ခွင့်တွေရနေမှာ ပေးနေမှာမဟုတ်တဲ့အတွက် ကျွန်မတို့ အမျိုးသမီးအဖွဲ့အစည်းအနေနဲ့ကတော့ ကျူးလွန်သူတွေဖက်ကနေ မားမားမတ်မတ်ရပ်တည်သွားမှာဖြစ်သလို အပြစ်ပေး အရေးယူမှုတွေ ဖြစ်လာဖို့ကိုလည်းသက်ဆိုင်ရာအစုအဖွဲ့တွေနဲ့တိုင်ပင်တာ စောင့်ကြည့်တာ ထောက် ပြတာမျိုးကို လုပ်ဆောင်သွားမှာဖြစ်တယ်”လို့ နော်ခင်စန်းထွေးကပြောပါတယ်။
Author:

Related Articles