Home ဆောင်းပါး ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်လာပြီးစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ

ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်လာပြီးစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ

ဒေဝီ

နိုင်ငံရေးနဲ့ စီးပွားရေးအကြပ်အတည်းတွေကြောင့် ထိုင်းနိုင်ငံကိုရောက်လာတာ ၆လကျော်လာပြီဖြစ်ပေမယ့် အခုချိန်ထိ အလုပ်အကိုင်အတိတကျမရှိသေးတော့ မသူဇာ စိတ်ဓာတ်ကျမိနေပါတယ်။

ကိုယ့်ဒေသမှာအလုပ်အကိုင်မကောင်းတာကြောင့် ပြည်ပထွက်အလုပ်လုပ်ရင်မိသားစုကို ပြန်ထောက်ပံ့ပေးနိုင်မယ်လို့မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းရောက်တဲ့အခါ ကိုယ့်တကိုယ်ရေစာအတွက်တောင်မနည်း ရုန်းကန်နေရတာပါ။

 “အစိုးရအေဂျင်စီနဲ့လာတဲ့သူတွေတောင်အလုပ်ပြုတ်ပြီးပြန်ရှာမရဖြစ်နေတာ အောက်လမ်းကလာတဲ့သူတွေဆိုပိုဆိုးတယ်၊ တရားဝင်မဟုတ်တော့ အလုပ်လည်းအလွယ်တကူမရ၊ အိမ်ပြန်ထောက်ဖို့နေနေသာသာ နေဖို့စားဖို့တောင် အနိုင်နိုင် ဖြစ် နေတာလို့  “အသက်၂၈နှစ်အရွယ်မြန်မာနိုင်ငံကနေ ရွေ့ပြောင်းလာတဲ့မသူဇာကပြောပါတယ်။

နိုင်ငံရေးနဲ့စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံကနေထိုင်းနိုင်ငံကို တရားဝင်ရော၊ တရားမဝင်လမ်းကြောင်းတွေကနေ လာရောက်သူတွေအများအပြားရှိလာခဲ့ပြီး၊ တရားမဝင်လမ်းကြောင်းကနေလာရောက်သူတွေ ဖမ်းဆီးခံရတဲ့သတင်းတွေလည်း ခပ်စိတ်စိတ်တွေ့လာရပါတယ်။

တရားမဝင်လမ်းတွေကနေလာတဲ့လမ်းတလျှောက် အခက်အခဲ၊ အဖမ်းအဆီး အစစ်အဆေးတွေ‌ကြောင့် စိုးထိတ်နေရသလို၊ လိုရာခရီးရောက်လာပေမယ့်အလုပ်အကိုင်ရပြီးအဆင်ပြေပြေနေရဖို့ဆိုတဲ့စိန်ခေါ်မှုက စောင့်ကြိုနေပြန်တယ်လို့ဆိုပါတယ်။

အရင်ရောက်နှင့်ပြီးသားလူတွေ၊ အေဂျင်စီနဲ့တရားဝင်လာတဲ့သူတွေတောင် အလုပ်ရှာဖွေရခက်ခဲလာချိန်၊ တရားမဝင်လာတဲ့သူတွေမှာ ဒုက္ခတွေပိုလို့ရင်ဆိုင်ရတယ်လို့ မသူဇာကဆိုပါတယ်။

 ပဲခူးတိုင်းဒေသကြီးမှာနေထိုင်တဲ့ သူမနဲ့ မောင်ဖြစ်သူတို့ ထိုင်းနိုင်ငံကို အောက်လမ်းကနေရောက်လာတာ ယခုနှစ်ဇန်နဝါရီလ ကတည်းကပါ။ စီးပွားရေးအကြပ်အတည်းကြောင့် အမဝမ်းကွဲရှိရာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ထွက်လာပေမယ့် လက်ရှိ အချိန်ထိအလုပ်အကိုင်အတည်တကျရယ်လို့မရှိသေးဘူးလို့ဆက်ပြောပါတယ်။

 “တရားဝင်မဟုတ်တော့အလုပ်မခန့်ချင်ကြဘူး၊ ရောက်ကတည်းကအဆင်ပြေဖို့နေနေသာသာ ဘယ်နေ့ထပ်အဖမ်းခံရမလဲဆိုတာ တွေးကြောက်နေရတယ်” လို့ မသူဇာကပြောပါတယ်။

ရောက်စကအမဖြစ်သူရဲ့ အကူအညီနဲ့ စက်ရုံတခုမှာ ဝင်လုပ်ခဲ့ပေမယ့် တပတ်အကြာမှာ ဖမ်းဆီးခံရတာကြောင့် စက်ရုံမှာ အလုပ်ဆက်မလုပ်ဖြစ်တော့ပဲ အခြားအလုပ်ခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်ရာမှာလည်း အဖမ်းအဆီးတွေကြောင့် အဆင် မ‌ပြေခဲ့ဘူးသလိုမောင်ဖြစ်သူမှာလည်း  စက်ရုံမှာရော အပြင်မှာပါ နှစ်ကြိမ် အဖမ်းအဆီးခံရတော့ အသွားအလာ အနေအထိုင်ကအစ သတိထားသွားလာနေရတယ်လို့ဆိုပါတယ်။

 အဓိကအခက်အခဲက တရားဝင်အထောက်အထား မရှိတာကြောင့် အလုပ်အကိုင်ရဖို့ ခက်ခဲနေတာလို့ဆိုပါတယ်၊ သူတို့နဲ့ အတူနေထိုင်တဲ့သူတွေလည်းဖမ်းဆီးခံရတာ၊ အလုပ်မရတာတွေကြုံနေရသူအများအပြားပဲရှိနေတယ်လို့ မသူဇာကဆက်ပြောပါတယ်။

“စက်ရုံမှာ အလုပ်ခေါ်တယ်ဟေ့ဆို လုပ်မယ့်သူတွေက တပုံကြီး၊ ကိုယ်တွေက တရားဝင်မဟုတ်တော့ မခန့်ချင်ကြတာများတယ်၊ အဆင်မပြေလို့ ပြန်ဖို့ကြတော့လည်း ကိုယ့်နိုင်ငံအခြေအနေကပိုဆိုးနေတော့ ရတာလုပ်ပြီးနေရတယ်လို့”ဆိုပါတယ်။

ဓာတ်ပုံ – Social Media

မသူဇာလိုပဲ ထိုင်းနိုင်ငံကိုတရားမဝင်လမ်းကနေရောက်လာရင်း ကြုံရာကျပန်းလုပ်လို့ဖြတ်သန်းနေရသူကတော့CDM ဆရာ မကြီးတစ်ဦးဖြစ်တဲ့ဒေါ်မို့မို့ပါ။

ဒေါ်မို့မို့ကနိုင်ငံရေးအခြေအနေတွေကြောင့် တိမ်းရှောင်ဖို့နဲ့  ပြည်တွင်းမှာတော်လှန်ရေး လုပ်ဆောင်နေတဲ့ ခင်ပွန်းနဲ့ သားကြီးဖြစ်သူကိုထောက်ပံ့နိုင်ဖို့အထက်တန်းကျောင်းသားသားငယ်နဲ့အတူထိုင်းနိုင်ငံကို၂၀၂၂ခုနှစ်ဒီဇင်ဘာလမှာစရောက်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံကိုသွားဖို့တစ်ဦးကို ပွဲစားခဘတ် ၁၅၀၀၀ ပေးခဲ့ရပြီးထားဝယ်-ထီးခီးလမ်းကနေသူတို့ကိုပို့ဆောင်ပေးခဲ့ရာလမ်းတလျှောက် အစစ်အဆေးတွေအများကြီးပဲကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

ထားဝယ်မှာတစ်ညအိပ်ပြီး ထိုင်းဘက်ကိုတောလမ်းကနေသွားခဲ့ရတယ်။ လမ်းခရီးတလျှောက်တောလမ်းတွေလျှောက်ရ တတောင်တက်တတောင်ဆင်းနဲ့လျှောက်ရတာ ဘယ်နေရာ ရောက်လို့ရောက်မှန်းလဲ မသိခဲ့သလို သားဖြစ်သူနဲ့လည်း ကားတစ်စီးစီဖြစ်တာကြောင့် လူစုကွဲသွားခဲ့ပါတယ်။

လမ်းတလျှောက်လည်းတချို့နေရာတွေမှာစားစရာလာပို့လို့စားရပေမယ့် တချို့နေရာတွေမှာကိုယ်တိုင်ချက်ပြုတ်စားရတယ်၊ ဒါ့အပြင်ထမင်းမစားရတဲ့ အချိန်တွေလည်းကြုံခဲ့ရတယ်လို့ဆက်ပြောပါတယ်။

 ညဘက်ဆိုလည်းနားချိန်ရယ်လို့သီးသန့်မရှိဘဲ လမ်းပြကသွားမယ်ဆိုထသွားရပါတယ်။ သွားနေရင်း အဝေးကမီးရောင်တွေ့ လို့ အပေါ်ကဒရုန်းတွေဝဲလို့ ပုန်းရတာ ပြေးရတာတွေလည်း ကြုံရတယ်လို့ဆိုပါတယ်။

“ညခင်းနှစ်ချက်ထိုးလောက်ကြီးလည်း သူတို့ကထထ၊ ထသွားမယ်ဆိုရင်ထသွားရတာပဲ၊ နားမယ်ဆိုနားရတာပဲ။ ကိုယ်နားချင်တိုင်းမနားရဘူး၊ ဖိနပ်ပါးတော့ ခြေထောက်တွေလည်း ကွဲပြဲသွေးတွေထွက်နဲ့  လမ်းတောင်မလျှောက်နိုင်ဘူးလို့ ဒေါ် မို့မို့ ကပြောတယ်။

နောက်ဆုံးထိုင်းဘက်အခြမ်းရောက်တဲ့နေရာရောက်တဲ့အခါ လာခေါ်တဲ့ကားမရောက်ခင်အထိ ကားလမ်းဘေးကချုံပုတ်တွေ ထဲပုန်းခိုနေရတယ်၊ ကားရောက်တဲ့အခါလည်းနေရာကျဉ်းကျဉ်းလေးထဲ လူတွေစုပြုံတိုးကျိတ်ထည့်ပြီးသွားရတယ်။

“တောင်ဘက်သွားလားမြောက်ဘက်သွားလားလည်းမသိဘူး၊ အိမ်တအိမ်ကိုပို့ခဲ့တာ အဲ့ဒီမှာ ခဏတဖြုတ်အိပ်ပြီး ပွဲစားဆီ ဆက်သွားရဦးမယ်ဆိုပြီး ကားနဲ့တဆင့်ထပ်သွားရတယ်လို့သူကပြောပါတယ်။

သူထွက်ခွာလာချိန်က ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းဆိုတော့ နိုင်ငံရေးကြောင့်တိမ်းရှောင်လိုသူတွေနဲ့စီးပွားရေးကြပ်တည်းလို့ လာကြသူတွေများပါတယ်၊ စစ်ဆေးရေးအဖွဲ့တွေရှိပေမယ့် သူတို့ကတော့ဂိတ်တွေကိုရှောင်ရှားနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ထိုင်းဘက်ရောက်တော့ လိုရာခရီးမရောက်ခင်အထိဖမ်းဆီးခံရမှာစိုးထိတ်နေရပေမယ့် မြန်မာဘက်အခြမ်းမှာစစ်တပ်နဲ့ ရဲတွေ လက်ကဖမ်းဆီးခံရမှာကိုပိုစိုးရိမ်မိတယ်လို့ဆိုပါတယ်။

“အရမ်ပင်ပန်းတယ် အသက်တောင်မှ ပါတော့မလား အောက်မေ့တယ်။ ဆရာမကြီးလာတုန်းက အမျိုးသမီးနဲ့ ကလေးတွေ၊ အသက်ကြီးတာတွေလည်း တွေ့တယ်၊ ကလေးဆို ၇-၈နှစ်အရွယ်လေးတွေ” လို့ ဒေါ်မို့ မို့ကပြောပါတယ်။

မောင်ဖြစ်သူရှိရာထိုင်းနိုင်ငံဖစ်ဘူရီခရိုင်ကို သားအမိနှစ်ယောက်လုံးရောက်လာခဲ့ပြီး အသိအကျွမ်းရှိလို့နေဖို့စားဖို့ရှိပေမယ့် ရေရှည်နေထိုင်ဖို့နဲ့ အလုပ်အကိုင်ရဖို့အခက်အခဲတွေကရှိနေပါသေးတယ်။

ဆရာမအဖြစ်နဲ့ အသက်မွေးဝမ်းကြောင့်ပြုခဲ့တာကြောင့် မြန်မာလူမျိုးကလေးတွေကို စာသင်ကြားပေးပေမယ့် တရားဝင်မဟုတ်တဲ့အတွက် အဖမ်းခံရပြီး ကူညီသူတွေကြောင့် ဒဏ်ကြေးပေးဆောင်ပြီးလွတ်မြောက်ခဲ့ပါ‌တယ်။

“ဆရာမကြီးရောက်ပြီးမှရောက်လာတဲ့ ကလေးတွေဆို သူငယ်ချင်းတွေရှိတဲ့ဆီမှာပုန်းခိုနေရတယ်၊ ဒုက္ခတွေရောက် အခန်းတွေထဲအောင်းနေရတယ်။ အခန်းတွေထဲစစ်လို့မိရင် ဒဏ်ငွေတောင်းသလောက်ပေးရတယ်”လို့ဒေါ်မို့မို့ကဆက်ပြောပါတယ်။

လက်ရှိမှာမြန်မာရွှေ့ပြောင်းလုပ်သားတွေအများအပြားရှိရာ ထိုင်းနိုင်ငံမှာ တရားမဝင်လုပ်သားများဖမ်းဆီးနှိမ်နင်းရေး စီမံချက်အဖြစ်ရက်ပေါင်း ၁၂၀ သတ်မှတ်ပြီး ဖမ်းဆီးမှုပြုလုပ်နေရာ ရက်ပေါင်း ၃၆ ရက်အတွင်း ဖမ်းဆီးရမိတဲ့ လုပ်သား တစ်သိန်းကျော်မှာ မြန်မာလုပ်သား ရှစ်သောင်းကျော် (၈၀၉၁၃) ဦးပါဝင်နေတယ်လို့ ထိုင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။

ဓာတ်ပုံ – Social Media

ထိုင်းနိုင်ငံကိုတရားမဝင်လာတဲ့သူတွေမှာ လမ်းခရီးအစစ်အဆေးတွေကြောင့်အဖမ်းခံရတာ၊ လုပ်ငန်းခွင်နဲ့နေအိမ်တွေထဲအထိဝင်ရောက်ဖမ်းဆီးခံရတာ၊ အလုပ်အကိုင်မရတာတွေကြုံရတဲ့အပြင်၊ တရားဝင်လာတဲ့သူတွေမှာလည်း အလုပ်အ ကိုင်မရတာ၊ အလုပ်ထုတ်ခံရတာ၊ စာချုပ်ပါအလုပ်နဲ့ လုပ်ကိုင်ရတဲ့အလုပ်မတူတာတွေကြုံနေရတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားအရေးလုပ်ဆောင်နေသူတွေကပြောပါတယ်။

နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်ပနိုင်ငံကို အမြန်ရောက်ရင်ပြီးရောဆိုတဲ့စိတ်နဲ့ထွက်လာခဲ့ပေမယ့် ဒီလိုဒုက္ခအခက်အခဲတွေကြုံရမယ်လို့ မတွေးမိဘူးလို့ အသက်၂၆နှစ်အရွယ် ကိုမင်းမင်းကပြောပါတယ်။

သူကစစ်မှုထမ်းဥပဒေကြောင့်ပြည်တွင်းမှာဆက်နေဖို့မဖြစ်တော့တဲ့အတွက် ထိုင်းနိုင်ငံကို MOU နဲ့ ထွက်မယ်ဆိုပြီးစီစဉ်ရာကနေ အသက်  ၂၃ကနေ ၃၂ နှစ်အထိ PJ စာအုပ်ကိုင်ထားတဲ့ လူငယ်တွေနိုင်ငံခြားထွက်ခွင့်မပြုတော့တာကြောင့် ပွဲစားနဲ့ တရားမဝင်လမ်းကြောင်းကနေ ထွက်လာခဲ့တာဖြစ်ပါတယ်။

ထိုင်းဘက်ကိုကားနဲ့ပဲသွားရမှာဖြစ်ပြီး လမ်းလျှောက်စရာမလိုဘူးဆိုတာကြောင့် ပွဲစားကို ဘတ်၁၈၀၀၀ ပေးပြီးလာခဲ့ရတယ်။ ဒါပေမယ့်လည်း မြဝတီကနေထိုင်းဘက်ရောက်ဖို့၄ရက်ကြာမြင့်ခဲ့ပြီးတောလမ်းတောင်လမ်းတွေကနေလမ်းလျှောက်လာခဲ့ ရတယ်လို့ဆိုပါတယ်။

“ခေါ်တဲ့ သူကမှောင်ကြီးမဲကြီးထဲ ဘယ်သူလာခေါ်မှန်းလဲမသိ၊ ရဲလားလည်းမသိ၊ ခေါ်ရင် တက်ဆိုတဲ့ကားပေါ် တက်သွားတယ်၊ တနေရာမှာ ချပေးသွားတယ်၊ ထိုင်ဆိုထိုင်၊ ဒီမှာအိပ်ဆိုအိပ်ရတယ်။ လျှောက်ဆိုလျှောက်ရတယ်၊ အဲ့လိုနဲ့ဒီကို ရောက် လာတယ်”လို့ ကိုမင်းမင်းကပြောပါတယ်။

သူ့လိုပဲ ထိုင်းကိုတရားမဝင်လာတဲ့သူတွေ အများအပြားရှိခဲ့ပြီး သူတို့အုပ်စုမှာတင် အယောက်၃၀ကျော်ရှိကာ အမျိုးသမီး ဦးရေထက်ဝက်နဲ့  အများစုက လူငယ်တွေဖြစ်တယ်လို့ဆိုပါတယ်။

“ပင်ပန်းလွန်းလို့ မိန်းကလေးတွေဆို ပြန်တော့မယ်တောင်လုပ်တာ၊ တောင်တွေက ခုနှစ်လုံးရှစ်လုံးတက်ရတာ ညဘက် ကြီးမမြင်ရဘူး၊ ချော်ကြမှာစိုးရိမ်ရ အထုတ်တွေအပိုးတွေနဲ့ တယောက်နဲ့တယောက်ကူညီပြီးသွားရတာပဲလို့ သူကဆက် ပြောပါတယ်။

ထိုင်းဘက်ကိုရောက်လာတဲ့အခါမှာလည်း တရားမဝင်ဖြစ်တဲ့သူ့အတွက် အလုပ်ရဖို့ကခက်ပြန်တယ်။ အလုပ်လိုချင်တဲ့ မြန်မာ လူမျိုးတွေကများနေပြီး အလုပ်ကနည်းတော့ မလွယ်ကူဘူးလို့ဆိုပါတယ်။

စမတ်ကြေး(အလုပ်ရှာဖို့အေးဂျင့်ခပေးရခြင်း)နဲ့ ပွဲစားခပေးပြီး အလုပ်ရခဲ့ပေမယ့် ကံမကောင်းစွာနဲ့ အလုပ်ဆင်းပြီး ၂ရက် အကြာမှာ အဖမ်းခံခဲ့ရပြန်ပါတယ်။

“အဖမ်းခံရတော့ အလုပ်သမားခေါင်းဆောင်တွေ ပွဲစားတွေကို ဖုန်းဆက်ပြောတယ်။ သူတို့လာလည်းမရှင်းပေးဘူး  ကိုယ့်ဘာသာပဲ တောင်းပန်ရ၊ ဒဏ်ကြေးဆောင်ပြီး ပြန်လာရတယ်”လို့ကိုမင်းမင်းကဆက်ပြောပါတယ်။

ယခင်အချိန်တွေကတည်းကလုပ်အားခနည်းပါးမှု၊ အလုပ်အကိုင်ရှားပါးမှု၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံကနေထိုင်းနိုင်ငံကို လာရောက်တဲ့ ရွှေ့ပြောင်းလုပ်သားတွေရှိပေမယ့် သူတို့ရဲ့ ကလေးတွေအမျိုးသမီးတွေကတော့ ပြည်တွင်းမှာပဲကျန်ရစ်ခဲ့ပါတယ်။

 ၂၀၂၁အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေကြောင့် မိသားစုလိုက်ဝင်ရောက်လာကြတာများလာတယ်လို့ ထိုင်းနိုင်ငံအခြေစိုက်ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)အမှုဆောင်ဒါရိုက်တာဦးထူးချစ်က ပြောပါတယ်။

“ရွှေ့ပြောင်းအလုပ်သမားကျောင်းတွေမှာကလေးတွေ နှစ်ဆ သုံးဆဖြစ်လာတာက လက်တွေ့ပဲ၊”လိုသူကဆိုပါတယ်

လက်ရှိမှာ နိုင်ငံရေးအခြေအနေတွေကြောင့် ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံသားတွေက နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်လာနေပြီး နေ့စဉ်နဲ့အမျှဖမ်းဆီးခံရမှုတွေရှိနေတဲ့အပြင် မြန်မာအစိုးရကထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့MOUလုပ်သားတွေက မိသားစုထံဝင်ငွေရဲ့ ၂၅ရာခိုင်နှုန်းပြန်လွှဲပို့ပြီးကြောင်းအထောက်အထားပြရမယ်ဆိုတဲ့ ကြေညာချက်ကြောင့်လည်း တရားမဝင်လုပ်သားတွေ ပိုများလာမှာစိုးရိမ်တယ်လို့ ဦးထူးချစ်ကဆက်ပြောပါတယ်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေမှာ  လုပ်ငန်းခွင်ပြသနာအခက်အခဲတွေကို အမျိုးသမီးရော အမျိုးသားရော ကြုံရပေမယ့် အမျိုးသမီးတွေကတော့ ပိုအခက်အခဲကြုံရတာတွေရှိတယ်လို့သူကဆိုပါတယ်။

 “အမျိုးသမီးမလို့ အလုပ်တူရင်တောင်  လစာလျော့ပေးတာ၊ အမျိုးသမီးမလို့ အလုပ်မခန့်တဲ့အချို့အလုပ်တွေ ရှိနေတာမျိုးတွေတော့ကြုံရတယ်” လို့ ဦးထူးချစ်ကပြောပါတယ်။

ဒီအတွက် အမျိုးသမီး၊ အမျိုးသား မည်သူမဆို ထိုင်းနိုင်ငံကိုဘယ်လိုနည်းလမ်းနဲ့ရောက်လာသည်ဖြစ်စေ တရားဝင်လက်မှတ် အထောက်အထားမရှိရင် ပန်းရောင်ကဒ် (တရားမဝင်ရွှေ့ပြောင်းလာတဲ့ နိုင်ငံခြားသားအလုပ်သမား တွေကို တရားဝင်အဖြစ် နေထိုင်ခွင့်ရအောင် ထိုင်းအစိုးရကထုတ်ပေးတဲ့ သက်သေခံကဒ်) ကိုလျှောက်စေချင်တယ်လို့သူကဆက်ပြောပါတယ်။

ဒါ့အပြင်အမျိုးသမီးတွေအနေနဲ့တရားဝင်လက်မှတ်အထောက်အထားရပြီးနောက် လူမှုဖူလှုံရေးရန်ပုံ‌ငွေလုပ်ဆောင်ထားသင့်ပါတယ်။ ဒါမှသာနာမကျန်းတာ၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်တွေမှာ သတ်မှတ်ထားတဲ့ အကျိုးခံစားခွင့်ရရှိမှာ ဖြစ်တယ်လို့ဆိုပါတယ်။

 “မြန်မာရွှေ့ပြောင်းအလုပ်သမတွေကို အကြံပေးချင်တာက လူမှုဖူလှုံရေးရန်ပုံငွေကိုထည့်ဝင်ပါ၊ ဒါကိုယ့်အတွက် အကျိုးရှိပါတယ်၊ ကိုယ့်ရဲ့ကျန်းမာရေးမကောင်းတာလုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရတာဖြစ်ဖြစ်ဒါက တစုံတရာထိုက်တန်တဲ့လျော်ကြေးရရှိ မှာဖြစ်တယ်”လို့ ဦးထူးချစ်ကပြောပါတယ်။

 ထိုင်းနိုင်ငံမှာနေပြီး အလုပ်အကိုင်ရဖို့အတွက်က ထိုင်းအစိုးရအသိအမှတ်ပြုတဲ့ အထောက်အထားတခုခုရှိဖို့လိုအပ်တဲ့အတွက် ပန်းရောင်ကဒ်ပြုလုပ်ပေးဖို့မျှော်လင့်နေပြီး၊ အထောက်အထားရရင်တော့ အလုပ်ရဖို့ကြိုးပမ်းရမယ်လို့ ရွှေ့ပြောင်း လုပ်သားတွေကပြောပါတယ်။  

 “ဘတ်(ပန်းရောင်ကတ်ဒ်)မရိုက်ရသေးတော့  အသွားအလာအနေအထိုင်အဆင်မပြေဘူး၊ ဖမ်းမိရင်လည်းမလွယ်ဘူး၊ တရားဝင်အထောက် အထားရပြီးရင်တော့ အဆင်ပြေနိုင်ကောင်းပါတယ်”လို့ မသူဇာကဆိုပါတယ်။

အကြောင်းအမျိုးမျိုးနဲ့ထိုင်းကိုလာမယ့်သူတွေအနေနဲ့လည်း တရားမဝင်လာတာထက် ပါ့စ်ပို့နဲ့တရားဝင်လာဖို့ ကြိုးစားစေချင်ပြီး တရားမဝင်လာတဲ့အခါ လမ်းခရီးကအစ ခက်ခဲသလို ရောက်ပြန်တော့လည်း နေရေးထိုင်ရေး အလုပ်အကိုင်ရရှိရေး ကအစခက်ခဲပြီးစိန်ခေါ်မှုတွေများတာကြောင့် တရားမဝင်လာဖို့မရွေးချယ်စေချင်ဘူးလို့ ရွှေ့ပြောင်းလုပ်သားတွေကထောက်ပြပြောဆိုပါတယ်။

Author:

Related Articles