Home ဆောင်းပါး တိုက်ပွဲများကြောင့်ဘေးလွတ်ရာတိမ်းရှောင်ရင်း မောင်တောကရိုဟင်ဂျာတွေအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရ

တိုက်ပွဲများကြောင့်ဘေးလွတ်ရာတိမ်းရှောင်ရင်း မောင်တောကရိုဟင်ဂျာတွေအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရ

သန့်ရှင်းထွန်း

စစ်ကောင်စီတပ်နှင့်အာရက္ခတပ်တော်(AA)တို့ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း ထွက်ပေါက်ပိတ်နေတဲ့မတော်စ်မီ(အမည်လွှဲ)ဟာ ဘေးလွတ်ရာကိုတိမ်းရှောင်လို့ရမယ့်သတင်းစကားတခုကို ရပ်ကွက်နေသူတွေတဆင့်ကြားသိခဲ့ရတယ်လို့ပြောပါတယ်။

မတော်စ်မီဟာ မောင်တောမြို့ပေါ်ရပ်ကွက်တခုမှာ မိသားစုငါးဦးနှင့်အတူနေထိုင်သူဖြစ်ပြီး စစ်ကောင်စီတပ်နှင့် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်(ARSA)တပ်သားတွေက မြို့ပေါ်ထွက်ပေါက်တွေ အားလုံးကို ပိတ်ဆို့ထားတာကြောင့် ထွက်ပေါက်မရှိဘဲ ဇွန်လလယ်ပိုင်းကနေ နှစ်လခန့် ပိတ်မိနေခဲ့တာပါ။

ရပ်ကွက်နေသူတွေဆီကသူကြားသိခဲ့ရတဲ့ သတင်းကတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးနားကနေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ကူးဖို့အတွက်လှေတွေစီစဉ်ပေးမယ်ဆိုတဲ့ သတင်းစကားလို့ပြောပါတယ်။

“လှေအစီးငါးဆယ်မှာထားတယ်။ သွားမယ့်သူတွေ နယ်စပ်ခြံစည်းရိုးနားကို သွားရမယ်။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားဖို့ လှေစီစဉ်သူတွေကပြောတယ်”လို့ မတော်စ်မီက ပြောပြပါတယ်။

တိုက်ပွဲကလည်း ပြင်းထန်လာတာကြောင့် အသက်ဘေးကလွတ်ဖို့သူတို့ မိသားစုဟာတခြား ရိုဟင်ဂျာတွေနှင့်အတူ ဩဂုတ်လ ၅ ရက်နေ့မှာ နယ်စပ်ခြံစည်းရိုးအနီးကို ထွက်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်သူနှင့်အတူ တခြားရိုဟင်ဂျာတွေဟာ ကံမကောင်းစွာပဲ လက်နက်ကြီးနှင့် ဒရော့ဗုံးတွေ ပစ်ခတ်တာကို ခံခဲ့ရပြီး နယ်စပ်ခြံစည်းရိုးအနီးမှာပဲ ရိုဟင်ဂျာအမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင်အမျိုးသားတချို့ သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။

မောင်တောနယ်စပ်ခြံစည်းရိုးအနီးက ရိုဟင်ဂျာများ၊ ဓာတ်ပုံ-CJ

“ကျမတို့ အညာခံလိုက်ရတာပါ။ လှေစီစဉ်သူက ပြည်သူတွေကို ခုတုံးလုပ်သွားတာပါ။ လှေစီစဉ်သူက ARSA တပ်သားတွေထွက်လို့ရအောင် ပြည်သူတွေနှင့်ရောပြီး လုပ်လိုက်တာပါ။ သူတို့ပြောတဲ့ လှေအစီးငါးဆယ်လည်း မရောက်ပါဘူး။ ရောက်လာတဲ့လှေတစ်စီးကို လှေစီစဉ်သူနှင့် သူ့တပည့် ARSA တပ်သားတွေတက်လိုက်သွားကြပါတယ်။”လို့ ဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေမှာ တက်လာတဲ့ ဗီဒီယိုဖိုင်အရ မောင်တောမြို့ နယ်စပ်ခြံစည်းရိုးအနီးမှာ ပြန့်ကြဲနေတဲ့ အထုပ်အပိုးတွေနှင့် သေဆုံးနေတဲ့ အမျိုးသမီးနဲ့ကလေးငယ်တွေရဲ့အလောင်းကို အများဆုံးတွေ့ရပြီး မျက်မြင်တွေရဲ့ ပြောကြားချက်အရ သေဆုံးသူ ခုနစ်ဆယ်ခန့်ရှိတယ်လို့ ဆိုပါတယ်။

အခုလို နယ်စပ်ခြံစည်းရိုးအနီးမှာ ရိုဟင်ဂျာတွေ သေဆုံးရတာဟာ အာရက္ခတပ်တော်(AA)က ပစ်လိုက်တဲ့ ဒရော့ဗုံးကြောင့်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဖက်ကမ်းကို ရောက်သွားတဲ့ ရိုဟင်ဂျာတချို့က ပြောနေပေမယ့် မောင်တောဖက်ကမ်းမှာ ကျန်ခဲ့ရတဲ့ ရိုဟင်ဂျာတွေကတော့ စစ်ကောင်စီတပ်နေဗီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သေဆုံးရတာလို့ ပြောကြပါတယ်။

နယ်စပ်ခြံစည်းရိုးအနီးမှာ ရိုဟင်ဂျာတွေ သေဆုံးမှုနှင့် ပတ်သက်လို့ အာရက္ခတပ်တော်(AA)က သူတို့နှင့်သက်ဆိုင်ခြင်းမရှိဘဲ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

နယ်စည်ခြံစည်းရိုးအနီးကို ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဖက်ကမ်းကို မရောက်သွားတဲ့ မတော်စ်မီကတော့ ရိုဟင်ဂျာတွေအခုလိုသေဆုံးရတဲ့အဓိကတရားခံဟာ မောင်တောမြို့မြို့အဝင်တံတားအနီးကနှစ်ထပ်တိုက်ပိုင်ရှင် ဒီလ်မာမတ်ရဲ့ လုပ်ရပ်ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

ဒီလ်မာမတ်ဟာ မောင်တောမြို့ မြို့သူကြီးနယ်ခြားစောင့်စခန်းမှာ ကွပ်ကဲနေတဲ့ တပ်မမှူးနှင့် ပနာသင့်သူဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်ထဲကို သွင်းပေးခဲ့သူဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ မြို့ပေါ်ရပ်ကွက်မှာ ပိတ်မိနေချိန်က ဒီလ်မာမတ်ဟာ မြို့ပေါ်မှာရှိတဲ့ ရိုဟင်ဂျာသူဌေးတွေကို သူနေတဲ့အိမ်ကို ဆင့်ခေါ်ပြီး ရွှေ၊ ငွေတွေ အတင်းအဓမ္မတောင်းယူခဲ့ပြီး စစ်ကောင်စီတပ်ကအကြောင်းမဲ့ ဖမ်းဆီးထားတဲ့ ရခိုင်တွေကိုလည်း သူနေတဲ့ အိမ်မှာ ချုပ်နှောင်ထားခဲ့တယ်လို့ ပြောပါတယ်။

“မြို့ပေါ်လမ်းမတွေကို ကျမတို့မထွက်ရဲဘူး။ ဒီလ်မာမတ်တပည့်တွေက လမ်းပေါ်မှာရှိတဲ့သူတွေဆီက အကုန်လုယူတယ်။ ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ ကြိုးစားပေမယ့် ထွက်လမ်းကမရှိခဲ့ဘူး”လို့ မတော်စ်မီကဆက်ပြောပါတယ်။

အာရက္ခတပ်တော်(AA)က ထိုးစစ် မြှင့်လိုက်တဲ့ ဩဂုတ်လဆန်းပိုင်းမှာ ဒီလ်မာမတ်နှင့် အပေါင်းအပါတွေဖြစ်တဲ့ ARSA၊ RSO တပ်သားတွေဟာ ဟန်ချက်မညီတော့ဘဲ ထွက်ပြေးဖို့ လမ်းစရှာခဲ့တယ်လို့ မောင်တောမြို့ပေါ်က လွတ်မြောက်လာတဲ့ ရိုဟင်ဂျာ အမျိုးသားတစ်ဦးကဆိုပါတယ်။

“ဒီလ်မာမတ်တို့ သီးသန့်ထွက်ရင် အတိုက်ခံရမှာ အသေချာပဲ။ အဲဒါကြောင့် သူတို့က ပြည်သူတွေနဲ့ရောပြီး ထွက်ပေါက်ရအောင် ဖန်တီးတယ်။ ဘေးလွတ်ရာကို ထွက်ချင်ကြတဲ့ ပြည်သူတွေကလည်း ဒီလ်မာမတ်ရဲ့ အလိမ်အညာကိုမိသွားတယ်။”လို့ သူကပြောပါတယ်။

တကယ်လို့ ဒီလ်မာမတ်နှင့် အပေါင်းအပါတွေရဲ့ အလိမ်အညာကို မမိခဲ့ရင် အပြစ်မဲ့ရိုဟင်ဂျာပြည်သူတွေဟာ အသက်မဆုံးရှုံးဘဲ ဘေးလွတ်ရာကို တိမ်းရှောင်နိုင်ခဲ့မယ်လို့ အာရက္ခတပ်တော်(AA)က ကယ်ထုတ်လာတဲ့ ရိုဟင်ဂျာ အမျိုးသမီး ဒေါ်ဟာဆီးနာ ကဆိုပါတယ်။

“တိုက်ပွဲဖြစ်ရင် အများဆုံးသေတာက အမျိုးသမီးနဲ့ ကလေးတွေပါ။ လှေနစ်ရင်လည်း အမျိုးသမီးနှင့် ကလေးသေဆုံးတာများတယ်။ ဒီအမျိုးသမီးတွေနှင့် ကလေးတွေက တခြားသူတွေထက် အကာအကွယ်မဲ့နေရတယ်။”လို့ ဒေါ်ဟာဆီးနာ ပြောပါတယ်။

မောင်တောနယ်စပ်ခြံစည်းရိုးအနီးမှာ ရိုဟင်ဂျာတွေသေဆုံးမှုဖြစ်ပွားခဲ့တဲ့ ဩဂုတ်လ ၅ ရက်နောက်ပိုင်း ဩဂုတ်လ ၇ ရက်၊ ၈ ရက်မှာ အာရက္ခတပ်တော်(AA)က မောင်တောမြို့ပေါ်မှာ ပိတ်မိနေတဲ့ ရခိုင်နှင့် ရိုဟင်ဂျာတွေအပါအဝင် မျိုးနွယ်စုတွေအားလုံးကို ဘေးလွတ်ရာကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

အာရက္ခတပ်တော်(AA)ရဲ့ ထုတ်ပြန်ချက်တွေအရ ဩဂုတ် ၇ ရက်ကနေ ၉ ရက်အတွင်းမှာ မောင်တောမြို့ပေါ်မှာ ပိတ်မိနေတဲ့ ပြည်သူ ၁၂,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြောပြထားပါတယ်။ အဲဒီအထဲမှာ အများစုဟာ ရိုဟင်ဂျာတွေဖြစ်ကြပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ မောင်တောမြို့မကျစေဖို့ ကြည်း၊ ရေ၊ လေ ပူးပေါင်းတပ်တွေနှင့် ခုခံနေပြီး ဂျက်လေယာဉ်တွေ၊ Y-12 အမျိုးအစား လေယာဉ်တွေနဲ့ အကြိမ်ကြိမ်လာရောက် ဗုံးချခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီလို လေယာဉ်တွေနဲ့ လာရောက် ဗုံးကြဲတဲ့အတွက် မြို့ပေါ်မှာနေထိုင်နေကြတဲ့ ရိုဟင်ဂျာနေအိမ်တွေကို ကျပြီး ရိုဟင်ဂျာအမျိုးသမီးတွေ၊ ကလေးငယ်တွေ သေဆုံးတာရှိခဲ့ပြီး စစ်ကောင်စီတပ်ဟာ ဘယ်သူဘယ်ဝါလို့ မခွဲခြားဘဲ ပစ်ခတ်နေတာလို့ဆိုပါတယ်။

ဒီကြားထဲ ARSA၊ RSO အပါအဝင် မွတ်စလင်မ်လက်နက်ကိုင်တွေ ဝင်ရောက်ပစ်ခတ်မှုတွေကြောင့် မောင်တောပြည်သူအများစု အထိနာခဲ့ရတယ်လို့ ဆိုကြပါတယ်။

“လက်နက်ကြီးကျလို့ ဆုံးသွားတဲ့ ကျောင်းဆရာတစ်ဦးကို သဂြိုလ်ဖို့ အပြင်မထွက်ရဲလို့ အသုဘချတဲ့သူတစ်ယောက်တည်းကိုခေါ်ပြီး အလောင်းကိုပေးလိုက်ရတယ်။ အဲလောက်ထိ ARSA၊ RSO တွေ သောင်းကျန်းခဲ့တာ”လို့ သေဆုံးသူရဲ့ မိသားစုဝင်တစ်ဦးကလည်း ပြောပါတယ်။

မျက်စိရှေ့မှာတင် မမြင်ချင်တဲ့ အနိဌာရုံမြင်ကွင်းတွေကို မြင်တွေ့ခဲ့ရတဲ့ မတော်စ်မီတို့ မိသားစုကတော့ လက်ရှိမှာ လုံခြုံတဲ့နေရာတခုကို ရောက်ရှိနေပေမယ့် မြို့ပေါ်ရပ်ကွက်ထဲက အတူထွက်လာပြီး နယ်စပ်ခြံစည်းရိုးအနီးမှာ သေဆုံးခဲ့ရတဲ့ မိတ်ဆွေတွေအတွက် စိတ်မကောင်းဖြစ်နေသေးတယ်လို့ ဆိုပါတယ်။

ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြားထဲ မတော်စ်မီကသူရလိုက်တဲ့ သင်ခန်းစာကို အခုလိုပြောပြပါတယ်။

Author:

Related Articles