Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

သြဂုတ် ၁၈ရက်ကနေ သြဂုတ် ၂၄ရက်အတွင်း တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

ဘန်ကောက်တွင် အိမ်အကူကရင်မိန်းကလေးတစ်ဦး နှစ်ထပ်တိုက်ပေါ်က ပြုတ်ကျသေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြိုမှာ အိမ်အကူလုပ်ကိုင်နေတဲ့ အသက် ၁၉ နှစ်အရွယ် ကရင်မိန်းကလေးငယ်တစ်ဦး သန့်ရှင်ရေး လုပ်ဆောင်နေစဉ် နှစ်ထပ်တိုက်ပေါ်က မတော်တဆ ပြုတ်ကျသေဆုံးသွားတယ်လို့ ဆွေမျိုးနီးစပ်တော်သူ တစ်ဦးက ပြော ပါ တယ်။

သေဆုံးသူမှာ ကောကရိတ်မြို့နယ်၊ ကော့ဝါးလယ် ကျေးရွာဇာတိမှ နော်မူးမူး ဆိုသူဖြစ်ပြီး၊ ဘန်ကောက်မှာ တရားဝင် အထောက်အထားပတ်စပို့ဖြင့် တစ်နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေသူဖြစ်ကာ ဩဂုတ် ၁၆ ရက်နေ့က နှစ်ထပ်တိုက် အပြင်ဘက်ရှိ မှန်များကို သန့်ရှင်းရေး တက်လုပ်စဉ် ခြေချော်ပြီး ပြုတ်ကျသေဆုံးသွားတာဖြစ်တယ်လို့  အတူအလုပ်လုပ်နေသူများက ပြောပါတယ်။

 အိမ်အကူသေဆုံးမှုနဲ့ပတ်သက်၍ ဆေးရုံတက်စရိတ်နှင့်သဂြိုလ်စရိတ်များကို အလုပ်ရှင်သူဌေးကိုယ်စားလှယ်ကလာရောက်ပေးအပ်ခဲ့သလို ကျန်သည့်လျော်ကြေးများကိုမပေးသေးတာကြောင့် ရမယ့်အချိန်ကိုစောင့်နေတယ်လို့ သေဆုံးသူရဲ့အဒေါ် ဖြစ်သူကပြောပါတယ်။

Source – KIC

စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးစာရင်းများ စစ်တပ်က ကောက်ယူနေ

စစ်ကောင်စီရဲ့ တပ်ရင်းတပ်ဖွဲ့တွေအပါအဝင် နိုင်ငံတစ်ဝန်း စစ်မှုထမ်းရန် အကျုံးဝင်တဲ့ အမျိုးသမီးများစာရင်းကို ကောက်ယူနေတယ်လို့ တပ်သတင်းရင်းမြစ် တချို့ကပြောပါတယ်။

အမျိုးသမီးများကို လတ်တလော မခေါ်ယူသေးဟု စစ်ကောင်စီက ကြေညာထားပေမယ့် စစ်ကောင်စီက စစ်မှုထမ်းရန် အကျုံးဝင်တဲ့ အမျိုးသမီးများစာရင်းကို တောက်လျှောက်ဆိုသလို ကောက်ယူလျှက်ရှိရာမှ ယခုနောက်ဆုံးတွင် စစ်တပ်၊ တပ်ရင်းတပ်ဖွဲ့များတွင်ပါ စာရင်းကောက်ယူလာခြင်းဖြစ်တယ်လို့သိရပါတယ်။

အမျိုးသမီးများကို ၅ ကြိမ်​မြောက် စစ်မှုထမ်းသင်တန်းများတွင် တပ်သားသစ်များအဖြစ် စစ်မှုထမ်းရန် ခေါ်ယူသွားမည်ဆိုသောသတင်းများကြောင့် UMFCCI ကလည်း စက်ရုံ၊ အလုပ်ရုံများတွင် အမျိုးသမီး အလုပ်သမားအပေါ် ထိခိုက်မှု မရှိ စေရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေပြီး ဇွန်လ ၂၀ ရက်နေ့မှာ UMFCCI ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကျင်းပခဲ့ရာ ဗဟိုအလုပ်အမှုဆောင် ဦးအေးသောင်းက စစ်မှုထမ်းဥပဒေအရ ၅ ကြိမ်မြောက်တွင် အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူမည်ဟု သိရှိထားတဲ့အတွက် UMFCCI အနေဖြင့် ပြဿနာများမရှိအောင် ကြိုတင်ဖြေရှင်းဆောင်ရွက်လျှက်ရှိတယ်လို့ ယင်းအစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့ပါတယ်။

စစ်တပ်က ထုတ်ပြန်ထားသော စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားနဲ့ အသက် ၁၈ နှစ်မှအသက် ၂၇ နှစ်အတွင်း အမျိုးသမီးများစစ်မှုထမ်းရမည်ဖြစ်ပြီး အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ သားသမီးရှိတဲ့ အမျိုးသမီးများကိုမူ စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ပြုထားတယ်လို့သိရပါတယ်။

Source –Khit Thit

ဖူးခက်တွင် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေး သေနတ်ပစ်ခံရ၍ သေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်မှာ တိုယိုတာပစ်ကပ်ကားပေါ် လိုက်ပါလာတဲ့ အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေးတဦးဩဂုတ် ၁၈ ရက် နံနက်ပိုင်းမှာသေနတ်ဖြင့် ပစ်ခတ်ခံရ၍သေဆုံးသွားတယ်လို့ ထိုင်းသတင်းဌာနမှာဖော်ပြထားပါ တယ်။

အဆိုပါ မြန်မာ မိန်းကလေးမှာ တိုယိုတာပစ်ကပ်ကား အရှေ့ခန်း၌ ထိုင်းနိုင်ငံသားနှစ်ဦးနှင့်အတူ လိုက်ပါလာခဲ့ခြင်းဖြစ်ပြီး ပါတွန်မှတဆင့် ဖူးခက်မြို့အတွင်းသို့သွားနေစဉ် မီးပွိုင့်တစ်ခုအရောက် ဆိုင်ကယ်စီးလာသူ ၂ ဦးအနက် ၁ ဦး ဆင်းလာပြီး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်တာကြောင့် ကျည်ဆန်ကမြန်မာမိန်းကလေးရဲ့ ခေါင်းကိုထိမှန်ပြီး ဆေးရုံသို့ ပို့ဆောင်နေစဉ် သေဆုံးသွားတာဖြစ်ပါတယ်။

သေဆုံးသူ မြန်မာမိန်းကလေးငယ်မှာ နမ်ဖောင်းဆိုသူဖြစ်ပြီး ဖခင်မှာ ထိုင်းနိုင်ငံသားနှင့် မိခင်မှာ မြန်မာနိုင်ငံသား ဖြစ်ကြောင်း၊ ၎င်းသည်အလုပ်လုပ်ရန် ကျောင်းထွက်ထားသူတဦး ဖြစ်တယ်လို့သိရပါတယ်။

 Source –Irrawaddy

ကျိုက်ထိုမြို့မှာ ရှေ့နေအမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတယောက်ကို PDF တွေနဲ့ ပတ်သက်တယ်လို့ဆိုကာ စစ်ကောင်စီ တပ်ဖမ်းဆီး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ အောင်သပြေပိုင်းမှာနေတဲ့ ရှေ့နေ မစံပယ်ကို ဩဂုတ် ၁၈ ရက် ည ၈ နာရီမှာ စစ်ကောင်စီတပ်သားတွေက နေအိမ်မှာ လာရောက် ဖမ်းဆီးခဲ့သလို၊ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ပန်းကမ္ဘာစားသောက်ဆိုင်ပိုင်ရှင် ဦးကျော်ဝင်းခိုင်ကို ဩဂုတ် ၁၈ ရက် နေ့လယ် ၁၂ နာရီခွဲမှာ စစ်ကောင်စီတပ်သားတွေက PDF တွေနဲ့ ပတ်သတ်တယ်ဆိုပြီး ဆိုင်မှာပဲ ဖမ်းဆီးခဲ့ပါတယ်။

ရှေ့နေမစံပယ်ဟာ စစ်အာဏာသိမ်းပြီးပြီးချင်း ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရတဲ့ ကျိုက်ထိုမြို့သားတွေကို အခမဲ့ရှေ့နေလိုက်ပေးသူဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လမှာ စစ်ကောင်စီက ‌သူ့ကို ရှေ့နေလုပ်ပိုင်ခွင့် လိုင်စင်ပိတ်ခဲ့ပါတယ်။

ဖမ်ဆီးခံရတဲ့ ရှေ့နေ မစံပယ်နဲ့ ဦးကျော်ဝင်းခိုင်တို့ကို တပ်မ ၄၄ ခြေမြန်တပ်ရင်း ဌာနချုပ်မှာရှိတဲ့ စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်ကလည်း ကျိုက်ထိုမြို့မရဲစခန်းက ရဲအုပ် တစ်ယောက်ကို PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးသွားတဲ့အပြင် ဒေသခံ ၇ ယောက်ထက်မနည်းကိုလည်း စစ်မှုထမ်းဖို့ ဖမ်းဆီးခဲ့ပါတယ်။

 Source –  DVB

မန္တလေးတွင် ဓါးပြတိုက်လူသတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

အောင်မြေသာစံမြို့နယ်၊ ညောင်ပင်စျေးအနီးရှိ ဈေးဆိုင်တဆိုင်ကို ဩဂုတ် (၁၉ရက်)ညနေ ၅နာရီခန့်တွင် လူလေးဦးက ဓားပြတိုက်ပြီး ယင်းဆိုင်မှ အမျိုးသမီးအားသတ်ကာ ရွှေထည်များယူဆောင်သွားတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

အောင်မြေသာစံမြို့နယ်၊ ၁၈လမ်းနှင့် ၁၉လမ်းကြား၊ ၈၆(E)လမ်း၊ညောင်ပင်စျေးအနီးရှိ စာချုပ်နှင့် တံဆိပ်ခေါင်း အရောင်းဆိုင်ကို အသက် ၂၀ ဝန်းကျင် အမျိုးသမီးနှစ်ဦးနဲ့အမျိုးသားနှစ်ဦးက ဈေးဝယ်ချင်ယောင်ဆောင်ကာ ဝင်ရောက်လာပြီးဆိုင်ရှင်ဒေါ်ခင်မာကြည်က စာချုပ်နှင့်တံဆိပ်ခေါင်းများ ပြသနေချိန် လူလေးဦးက ထိုးကြိတ်ရိုက်နှက်ကာ ဓားဖြင့်ထိုးပြီး ဒေါ်ခင်မာကြည်ဝတ်ဆင်ထားသည့် ရွှေထည်များယူ‌ဆောင်သွားတာပဲဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်၌ရွှေဆွဲကြိုးတကုံး၊ ရွှေနားကပ်တရံ၊ ငါးမူးသားခန့်ရွှေလက်စွပ်တကွင်း၊ သုံးကျပ်ခွဲသားခန့်ရှိ ရွှေလက်ကောက်တကွင်း၊ တစ်ကျပ်ခွဲသားခန့်ရှိ ဟန်းချိန်းတခုတို့ကို လုယက်ယူဆောင်သွားပြီး ဒေါ်ခင်မာကြည်လည်း ရရှိတဲ့ဒဏ် ရာများကြောင့် သေဆုံးသွားကြောင်းစစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်များ၌ ဖော်ပြထားသည်။

Source –Mizzima News

ဒိုက်ဦးထောင်အတွင်း နိုင်ငံရေးအကျဥ်းသူများမတရားရိုက်နှက်ခံရ၍ ဒဏ်ရာရ

ပဲခူးတိုင်း ၊ ဒိုက်ဦးအကျဉ်းထောင်မှာ  နိုင်ငံရေးအကျဥ်းသူတွေကို မတရားစွပ်စွဲပြီး ထောင်အာဏာပိုင်များက ရိုက်နှက်ခဲ့တာ ကြောင့်နိုင်ငံရေးအကျဉ်းသူတွေမှာဒဏ်ရာတွေရရှိထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ဩဂုတ်လ ၁၉ရက်နေ့တွင် ထုတ်ပြန်ပါတယ်။

ကျိုက်မရောထောင်မှ ပြောင်းရွှေ့လာပြီး ဒိုက်ဦးထောင်မှာ အကျဥ်းကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသူတဦး မိသားစု ဧည့်သည် တွေ့ဆုံရာမှတရားမဝင်ပစ္စည်းပါလာတယ်ဆိုကာခေါ်ထုတ်အပြစ်ပေးရန်ဆောင်ရွက်စဥ် ကျန်နိုင်ငံရေးအကျဥ်းသူများကကန့် ကွက်ခဲ့သဖြင့်အကျဥ်းဦးစီးဝန်ထမ်း အမျိုးသား ၅၀ဦး နဲ့ အမျိုးသမီးဝန်ထမ်း ခုနစ်ဦးတို့က ဩဂုတ်လ ၁၉ရက် ညနေ ၃နာရီ အချိန်မှာ ရိုက်နှက်ခဲ့တာပဲဖြစ်ပါတယ်။

တရားမဝင်ပစ္စည်းတင်သွင်းတယ်လို့ အကြောင်းပြကာ ဒုဗိုလ် (နှစ်ပွင့်)နဲ့  ထောင်အရာရှိ ဒေါ်စန်းနွယ်ဦး ဦးစီးတဲ့ ထောင်ဝန် ထမ်းတွေက နိုင်ကျဥ်းအမျိုးသမီးကို ဆံပင်ဆွဲ၍ ရိုက်နှက်ခေါ်ဆောင်ရာ ယင်းသို့ ဥပဒေမဲ့ လုပ်ရပ်ကို အခြားနိုင်ငံရေး အ ကျဥ်းသူများက ဝိုင်းဝန်းကာကွယ်ပေးခဲ့သဖြင့် ရိုက်နှက်ခံရခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ရိုက်နှက်ခံရတာကြောင့် အမျိုးသမီးရောဂါဖြင့်ဆေးဝါးကုသခံယူနေရပြီး ဝမ်းဗိုက်နာကျင်မှု ဝေဒနာခံစားနေရတဲ့ အမျိုးသမီးအပါအဝင် ကန်ကျောက်၊ ရိုက်နှက်၊ လေးခွဖြင့်ပစ်ခံရသူ အမျိုးသမီးခုနစ်ဦးမှာ ဝမ်းဗိုက်၊ ရင်ဘက်နဲ့ ဦးခေါင်းတဝိုက် တွင် ညိုမဲဒဏ်ရာ ရရှိထားကာ၊ ခေါ်ထုတ်ခံရမည်စိုးသဖြင့် နိုင်ငံရေးအကျဥ်းသူများ စုစုစည်းစည်းနဲ့ အခန်းတွင်း၌သာနေကြတာကြောင့် ညပိုင်းအချိန်ထိ ဆေးဝါးကုသခွင့် မရရှိသေးဘူးလို့သိရပါတယ်။

ဒိုက်ဦးထောင်မှာ ဇွန်လ၁၈ရက်နေ့ကလည်း  အမျိုးသမီးများကို ရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီး ယခုအကြိမ်အပါအဝင် နှစ်ကြိမ်ရှိ ပြီဖြစ်ကာ အမျိုးသမီး အခွင့်အရေး ၊ နိုင်ငံရေးအကျဥ်းသူ အခွင့်အရေးများဆုံးရှုံးနေမှုကို အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာမှ လျစ်လျူရှုမနေဘဲ စစ်ကောင်စီနဲ့ အကျဥ်းဦးစီးကို ဖိအားပေးပြီး လက်တွေ့ကျတဲ့ အရေးယူမှုများပြုလုပ်ကြရန် မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်က တိုက်တွန်းထားပါတယ်။

Source – Mizzima News

အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီ အတင်းအကျပ်စုဆောင်းနေ

ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်ဖို့ မွန်ပြည်နယ်အတွင်းက အမျိုးသမီးတွေကို စစ်ကောင်စီက အတင်းအကျပ်ဖိအားပေးစုဆောင်းခံနေရတယ်လို့ မွန်ပြည်နယ်တွင်း လူ့အခွင့်အရေး စောင့်ကြည့်လုပ်ကိုင်နေသူတွေက ပြောပါတယ်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာမှာရှိတဲ့ အမှတ်(၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ တက်ရောက်ဖို့ အုပ်ချုပ်ရေးမှူးတွေက ကျေးရွာတွေထဲ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ အမျိုးသမီးတွေရဲ့ စာရင်းတွေ ကောက်ယူ ပြီး ဩဂုတ်လအတွင်းမှာ သင်တန်းပို့ဆောင်နေတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ဆိုပါတယ်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့စစ်တမ်းအရ မွန်ပြည်နယ် ဆယ်မြို့နယ်သာမက ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက လူငယ်အမျိုးသမီးတွေပါ စစ်မှုထမ်းဖို့ စုဆောင်းခံနေရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ စစ်သားစုဆောင်းတာ တွေကို အရှိန်မြှင့်လာနေတဲ့အတွက် အမျိုးသမီးငယ်အများစုဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မွန်ပြည်နယ် ဒေသခံတွေထံက သိရပါတယ်။

စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ အသက်အရွယ်သတ်မှတ်ချက်အတွင်း အကျုံးဝင်တဲ့ အမျိုးသမီးတွေကို စစ်မှုထမ်းသင်တန်း အပတ်စဉ် (၅) ကစပြီးခေါ်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အဲဒီထုတ်ပြန်ချက်အပြီး နိုင်ငံတဝန်းက မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ အမျိုးသမီးတွေကို စာရင်းကောက်ယူနေပါတယ်။

 Source –RFA

ရွှေဘိုတွင်စစ်တပ်လော်ဘီများ၏ သတင်းအမှားဖြင့် လှုံ့ဆော်မှုကြောင့် Hello Fashion အထည်ဆိုင်ပိုင်ရှင် မိသားစုဝင် ၃ ဦးကို စစ်တပ်ကဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်တပ်လော်ဘီများ၏ သတင်းအမှားဖြင့် လှုံ့ဆော်မှုကြောင့် Hello Fashion အထည်ဆိုင်ပိုင်ရှင်ရဲ့ ဇနီးနဲ့ သမီးအပါမိသားစုဝင် ၃ ဦးကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။

စစ်ကောင်စီလော်ဘီဖြစ်သည့် သဇင်ဦးတယ်လီဂရမ်ချန်နယ်က Hello Fashion အထည်ဆိုင်မှ မခြူးမွန်သက်သည် PDF သတင်းများကို အင်တာနက်တွင် ရှယ်ထားသဖြင့် PDF ထောက်ပို့ဖြစ်သည်ဆိုသော သတင်းအမှားများဖြင့် ဖမ်းဆီးရန် လှုံ့ ဆော်တာကြောင့် စစ်တပ်က လာရောက်ဖမ်းဆီးစဉ် မခြူးသက်မွန်ကိုမတွေတာကြောင့် အထည်ဆိုင် စပ်တူဖွင့်ထားသူတွေ ဖြစ်တဲ့ဦးထွန်းဝေ၊ ဇနီးနှင့်သမီး မအိဖြူသိန်းတို့ကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။

စစ်တပ်က ဖမ်းဆီးထားသော ဦးထွန်းဝေ၊ ဇနီးနှင့် သမီးမအိဖြူသိန်းတို့သည် ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာ ဇာတိဖြစ်ပြီး ကျေးရွာများတွင် စစ်ကြောင်းထိုးမှုများရှိလာခြင်းကြောင့် မြို့ပေါ်သို့ ပြောင်းရွှေ့ တိမ်းရှောင်နေထိုင်ရင်း ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

Source – Khit Thit

တောင်ကုတ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာကို  သြဂုတ် ၂၂ ရက် နေ့လယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့  ဒေသခံ တွေထံက သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ တောင်ကုတ်မြို့နယ်ထဲက မီးကျောင်းထိုး၊ မိုးတောင်၊ ဇိမ်ခံထွေ၊ ရွှေကွမ်းစမ်းစတဲ့ကျေးရွာအနီးကို စစ်တပ်က သြဂုတ် ၂၂ ရက် နေ့လယ် ၁ နာရီခွဲက တိုက်လေယာဉ်နဲ့  ဗုံးလာကြဲခဲ့တာကြောင့် တောင်ကုတ်မြို့နယ် မီးချောင်း ထိုးကျေးရွာက အသက် ၃၀ အရွယ် ဒေါ်ခင်ယုနန္ဒာထွန်း(ခ)အချေမကြီးမှာ ဗုံးစထိမှန်သေဆုံးခဲ့ကာ  ဦးရွှေနုမောင်၊ ဦးမောင်ဝင်း၊ ဒေါ်အုန်းကြည်နဲ့ ဒေါ်မနုကြည်တို့ရဲ့ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရခိုင်တိုက်ပွဲ ၉ လကျော်အတွင်း အာရက္ခတပ်တော်က မြို့နယ် ၁၀ ခု သိမ်းပိုက်ထားပြီး လက်ရှိမှာ မောင်တော၊ သံတွဲနဲ့ ဂွမြို့ နယ်တို့မှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပါတယ်။

 Source –DVB

ကျွန်းစုမြို့နယ်မှာ ရာအိမ်မှုးနဲ့ ရွာသားတစ်ဦးသတ်ခံရတဲ့အတွက် အမျိုးသမီးနှစ်ဦးအပါအဝင် လူသုံးဦးကို စစ်တပ် ဖမ်းဆီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မင်းခေါင်းဆေးကျေးရွာမှာ လူ ၂ ဦးအသတ်ခံရပြီးနောက်  အုပ်ချုပ်ရေးမှူး လင် မယား ၂ ဦးနဲ့ အမျိုးသမီးတဦးတို့အား စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ကျေးရွာနေပြည်သူတွေဆီက သိရပါတယ်။

တောပြားကြီးကျေးရွာအုပ်စု၊ မင်းခေါင်းဆေးရွာမှာ သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ ရာအိမ်မှူးတစ်ဦးနဲ့ ရွာ သားတစ်ဦးတို့ အသတ်ခံရပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမိုးဇော်နဲ့ဇနီးသည်အပါအဝင် ရွာခံအမျိုးသမီးတဦး တို့အား ဖမ်းဆီးလိုက်တာပဲဖြစ်ပါတယ်။

အဆိုပါလူ ၂ ဦး အသတ်ခံရတဲ့နေ့မှာပဲ ရွာထဲအလောင်းသယ်ဖို့ ရောက်လာတဲ့ ပန်းဇင်ရွာရဲ့ ပြည်သူ့စစ်အဖွဲ့တွေကနေ ည အချိန်မှာ ရွာခံအမျိုးသမီးတဦးဖြစ်တဲ့ မမီးမဲဆိုသူအား ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွာခံအမျိုးသားတဦးက ပြောပါ တယ်။

မင်းခေါင်းဆေးရွာခံတွေဖြစ်ကြတဲ့ ရာအိမ်မှူးဦးနောင်မေးနဲ့ ကြယ်စင်အောင်တို့အား ပျူစောထီးဖွဲ့ဖို့ လုပ်ဆောင်နေတဲ့အတွက်ကြောင့် နေအိမ်မှာပဲ သွားရောက်ဖမ်းဆီးရာမှာ ပြန်လည်ခုခံဖို့လုပ်တဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ကျွန်းစု ပကဖအဖွဲ့က သြဂုတ် ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ အုပ်ချုပ်ရေးမှူးလင်မယားနဲ့ အမျိုးသမီးတဦးတို့အား စစ်ကောင်စီက ပြန်လွတ် မပေးသေးပေမဲ့  မြိတ်မြို့က စစ်ကြောရေးတခုမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

 Source –DVB

ဖူးကက်မှာ မြေပြိုမှုကြောင့် မြန်မာအမျိုးသမီးနှစ်ဦးသေဆုံး

ထိုင်းတောင်ပိုင်း၊ ဖူးကက်မြို့ထဲမှာ ဩဂုတ် ၂၃ ရက်မနက်ပိုင်းက မြေပြိုမှုဖြစ်တာကြောင့် မြန်မာအမျိုးသမီး ၂ ဦးသေဆုံး၊ ၄ ယောက် ဒဏ်ရာရကာ ၇ ယောက် ပျောက်ဆုံးနေတယ်လို့  မတ်တီချွန်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

 ဖူးကက်မြို့ ကရွန်ရပ်ကွက် ပဒတ် – ၂ လမ်းရှိ အပန်းဖြေ villa အိမ်ရာမှာ မြေပြိုမှုဖြစ်ပွားကြောင်း သတင်းပေးချက် ရတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ အခင်းဖြစ်တဲ့နေရာ သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်တဲ့နေရာမှာ အပန်းဖြေ ဇိမ်ခံတိုက်ကြီးတလုံးနဲ့ အနောက်က အလုပ်သမား တန်းလျားတွေဖြစ်ပြီး တောင်စောင်းမှာ တည်ဆောက်ထားတဲ့အတွက် တောင်စောင်းက မြေတွေဟာ အဆိုပါအိမ်တွေပေါ် ပြိုကျလာတာလို့ ဆိုပါတယ်။

တာဝန်ရှိသူနဲ့ ကယ်ဆယ်ရေးအဖွဲ့က မြေပြိုမှုနဲ့ အပျက်အစီးပုံကြား လူတွေလိုက်ရှာတာမှာ သေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာ ရသူ ၃-၄ ယောက်တွေ့တဲ့အတွက်  ချလောင်ဆေးရုံပို့ထားပြီး သေဆုံးသူ ၂ ယောက်မှာ အဲဒီမှာ အလုပ်လုပ်နေတဲ့ မြန်မာ အမျိုးသမီး ၂ ယောက်လို့ ဆိုပါတယ်။

ဒါ့အပြင် ပျောက်ဆုံးနေသူ ၇ ယောက်ရှိပြီး အဲဒီထဲမှာ ရုရှားနိုင်ငံသား ဇနီးမောင်နှံလည်း ပါရှိကြောင်း၊ အပျက်အစီးပုံထဲမှာ သူတို့ဓာတ်ပုံတွေပဲတွေ့ပြီး လူကိုတော့ မတွေ့သေးဘူးလို့ ဆိုပါတယ်။

 Amarin  TV က မြေပြိုနောက်ဆက်တွဲ သတင်းမှာတော့ ဒီနေ့ညနေပိုင်းမှာ ပျောက်ဆုံးသူ ၇ ယောက်ထဲက ၅ ယောက် အလောင်းတွေ့ရှိပြီး ၂ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်၊ ဘယ်သူဘယ်ဝါ အတည်ပြုလို့မရသေး၊ ဒီမြေပြိုမှုမှာ နေအိမ် ၄ လုံး ပျက်စီးတယ်လို့ ဖော်ပြသွားပါတယ်။

Source – DVB

ကျောက်ပန်းတောင်းက အမျိုးသမီး ဒုရဲအုပ် ၁ ဦး CDF – KKG တပ်ဖွဲ့ထံ အလင်းဝင်လာ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှ ရဲတပ်ဖွဲဝင် အမျိုးသမီးဒုရဲအုပ် ၁ ဦး မှာ CDF-KKG ထံ အလင်းဝင်လာတယ်လို့ Chinland Defense Force – Kalay Kabaw Gangaw တပ်ရင်းဆီက သိရပါတယ်။

ကျောက်ပန်းတောင်းမြို့၊ မြို့မရဲစခန်းမှ ရဲဝန်ထမ်းလုပ်သက် ၁၀ နှစ်ကျော်၊ အသက် ၃၄ နှစ်အရွယ်၊ ဒုရဲအုပ် အဆင့်ရှိ အမျိုး သမီးရဲမေ ၁ ဦးက သြဂုတ် ၁၈ ရက်က နားခွင့်ရတဲ့အချိန်မှာ ထွက်ပြေးလာပြီး အလင်းဝင်ရောက်ခဲ့တာပါ။

အခုလို အလင်းဝင်တဲ့ ဒုရဲအုပ်မှာ လက်နက်ခဲယမ်း မပါတဲ့အတွက် ဆုငွေပေးခဲ့တာမျိုး မရှိဘဲ၊ သွားလာနေထိုင်စားသောက်ရေးအတွက် ကူညီပေးခဲ့ပြီး သူရဲ့သဘောဆန္ဒအတိုင်း လွတ်မြောက်နယ်မြေတခုကို ပို့ဆောင်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်ခွဲကျော်ကာလအတွင်း CDF – KKG ထံအလင်း ဝင်လာသူများမှာ စစ်သား ၄ ဦး၊ ရဲ ၆ ဦး၊ ပျူစောထီး ၁ ဦး စုစုပေါင်း ၁၁ ဦးရှိပြီး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာသူတွေလည်း ရှိတယ်လို့ သိရ ပါတယ်။

Source – မြေလတ်အသံ

ချောင်းဦးမှာ CDM ဆရာမတစ်ဦး အပါအဝင် နှစ်ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်တဲ့ ကိုယ်ဝန်ဆောင် ဆရာမ တစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို ဩဂုတ်လ ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြော ပါတယ်။

နွယ်ခွေရွာကနေ ချောင်းဦးမြို့မဈေးကို ဈေးဝယ်လာတဲ့ အသက် ၂၄ နှစ်အရွယ် CDM ဆရာမ ကိုယ်ဝန်ဆောင် မဇာခြည်ဦး ကချောင်းဦးမြို့မ ရဲစခန်းနဲ့ မီတာတစ်ရာခန့်အကွာမှာရှိတဲ့ ချောင်းဦးမြို့မဈေးရဲ့ တောင်ဘက်မှာ နေလယ်ခင်း လူရှင်းချိန် ပစ်သတ်ခံလိုက်ရတာဖြစ်ပြီး သူ့အမျိုးသားဖြစ်သူက တော်လှန်ရေးတပ်ဖွဲ့ထဲပါနေလို့ အငြိုးနဲ့ သတ်လိုက်တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

အဲဒီနေ့တစ်ရက်တည်းမှာပဲ အသက် ၂၅ နှစ်ဝန်းကျင်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးကို လက်ပြန်ကြိုးတုပ်အနေအထားနဲ့ စစ်ကောင်စီတပ်သားတွေက ပစ်သတ်ပြီး ချောင်းဦး-ပခုက္ကူလမ်းဆုံ ကားလမ်းဘေးမှာ စွန့်ပစ်ထားခဲ့ပြီး ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေး၀န်ကြီး ဦးညွန့်၀င်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာတော့ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးကို သတ်ဖြတ်တယ်ဆိုတာ သတင်းမှားသာဖြစ်တယ်လို့ ဩဂုတ်လ ၂၄ ရက်နေ့မှာ ဖော်ပြထားပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၂၃ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီ အရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၅၅၄၃ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

Source –RFA

Author:

Related Articles