Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇူလိုင် ၂၈ရက်ကနေ သြဂုတ် ၃ရက်အတွင်း တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

ဇူလိုင်လအတွင်း စစ်အာဏာရှင်ဆန့်ကျင်သူ အမျိုးသမီး ၁၇ ဦးအပါအဝင် လေးဆယ်ကျော် ဖမ်းဆီးခံရ

ဇူလိုင်လ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တလအတွင်း စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ နိုင်ငံတစ်ဝန်းက အမျိုးသမီး ၁၇ ဦးနဲ့ အမျိုးသား ၂၅ ဦး စုစုပေါင်း ၄၂ ဦးကိုစစ်ကောင်စီက ဖမ်းဆီးခဲ့ရာ ရန်ကုန်နဲ့ မန္တလေးတိုင်းတွေကပြည်သူဆယ်ဦး စီနဲ့အများဆုံးဖမ်းဆီးခံရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကဩဂုတ်လ ၁ ရက် နေ့မှာထုတ်ပြန်ပါတယ်။

ဒီကာလအတွင်းမှာပဲ နိုင်ငံတဝန်း စစ်ကောင်စီလက်အောက် တရားရုံးတွေကနေ မတရားပုဒ်မတွေနဲ့ ၁၇ ဦးကို ထောင်ဒဏ်ချမှတ်ခံရပြီး အများစုက အကြမ်းဖက်မှုတိုက်ဖျက်‌ရေးဥပဒေပုဒ်မတွေနဲ့ ချမှတ်ခဲ့တယ်လို့လည်း AAPP က ဆိုပါတယ်။

ဒီထောင်ဒဏ်ချမှတ်ခံရတဲ့အထဲမှာ စစ်ကိုင်းတိုင်းကရှစ်ဦးနဲ့ အများဆုံးဖြစ်ပြီး ထောင်ဒဏ်ဆယ်နှစ်နဲ့ ဆယ်နှစ်အထက် ချမှတ်ခံရသူရှစ်ဦး ပါဝင်နေပါတယ်၊ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ဩဂုတ်လ ၁ ရက်နေ့အထိ သုံးနှစ်ကျော်အတွင်း AAPP စာရင်းတွေအရစစ်ကောင်စီကြောင့် ဖမ်းဆီးခံရသူ ၂၇၀၀၀ကျော် (၂၇,၁၃၁)ရှိပြီး သေဆုံးတဲ့အရပ်သား ငါးထောင်ကျော် (၅,၄၇၂) ရှိပါတယ်။

 Source-RFA

စစ်ကောင်စီလက်ချက်ကြောင့် ၂ ရက်အတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အရပ်သား ၉ဦးသေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် ၂ ရက်အတွင်း ကိုယ်ဝန်ဆောင် အမျိုး သမီး ၁ ဦးအပါအဝင် အရပ်သား ၉ ဦးသေဆုံးကာ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  KNU က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ ၂၂ ရက် နေ့လည်ပိုင်းမှာ  သိမ်ဇရပ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံရဲစခန်းကို တော်လှန်ရေး အင်အားစု တွေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်အမှတ်- ၃၁၀ အမြောက်တပ်ရင်းစခန်းမှ သိမ်ဇရပ်မြို့ရှိ ရပ်ကွက် များထဲသို့ လက်နက်ကြီး (၁၀) လုံးပစ်ခတ်ခဲ့ရာ သိပ်ဇရပ်ရွာလေးရပ်ကွက် ၇ လမ်းနေ အသက်၄၇နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အ သက်၄၅နှစ်အရွယ် ကိုယ်ဝန်ဆောင်  အမျိုးသမီးတို့ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရပြီး အသက်၄၁နှစ်အရွယ် အမျိုးသမီး တစ်ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။

ဒါ့အပြင် ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းမှာ ကျိုက်ထိုမြို့နယ်၊ ကျောက်တန်းလေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ကျိုက်ထိုမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်အမှတ်- ၆၀၂ ဒုံးတပ်ရင်းမှ ပျဥ်းကတိုးကုန်းရွာထဲသို့ ဟောင်ဝစ်ဇာ (၄)လုံး ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ  ၇ ဦးသေဆုံးပြီး၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

ထိခိုက်သေဆုံးသူတွေကရွှေလုပ်သားတွေဖြစ်ပြီး ကျောက်တန်းလေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာကြောင့် မြို့သို့တိမ်းရှောင်ရန်ထွက်လာစဥ် ပျဥ်းကတိုးကုန်းရွာအရောက်တွင် ၎င်းတို့အနီး လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

Source-သံလွင်ခက်

လားရှိုးအထက(၁)မှ စစ်ရှောင်ကျောင်းဆရာမတစ်ဦး နှလုံးဖောက်ပြီးသေဆုံး

တိုက်ပွဲတွေပြင်းထန်နေတဲ့ လားရှိုးမြို့မှာ ဇူလိုင် ၃၀ရက် နေ့က စစ်ဘေးရှောင်လာတဲ့ ကျောင်းဆရာမတစ်ဦး ပင်ပန်းမှုနဲ့ထိတ်လန့်မှုကြောင့် လမ်းခုလပ်မှာ နှလုံးဖောက်ပြီး သေဆုံးသွားတယ် မိသားစုဝင်တွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။  

လားရှိုးမြို့ အထက(၁)မှ ကျောင်းဆရာမ ဒေါ်သီတာအောင်ကို မိသားစုဝင်တစ်ဦးက မြို့ပေါ်မှ စစ်ဘေးရှောင်ရန် ကားဖြင့် ခေါ် ဆောင်လာစဥ် လမ်းမှာနှလုံးဖောက်တာကြောင့် ပင်လုံဆေးရုံသို့ ပို့ဆောင်ခဲ့ပေမယ့်အသက်ဆုံးရှုံးခဲ့ပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ဒေသခံအများအပြား ဘေးလွတ်ရာထွက်ပြေးနေရပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက် ခိုက်တာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူ ဒါဇင်ထက်မနည်း အသက်ဆုံးရှုံး ခဲ့ရ ပါ တယ်။

 Source- People’s Spring

အိန္ဒိယ – မြန်မာနယ်စပ်မှာ မြေမြှုပ်မိုင်းကြောင့် စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးအပါအဝင် နှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အိန္ဒိယ – မြန်မာနယ်စပ်အနီးမှာ မြေမြှုပ်မိုင်းနင်းမိလို့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 သေဆုံးသူတွေဟာ အသက် ၂၀ ဝန်းကျင် လူငယ်တွေဖြစ်ပြီး တမူးမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ ပြည်နယ်ဘက်က ကျေးရွာတွေမှာ စစ်ဘေးဒုက္ခသည်အဖြစ် တိမ်းရှောင်နေကြတာဖြစ်ပါတယ်။ ဇူလိုင်လ ၂၈ ရက်နေ့က မြန်မာဘက်အခြမ်းက နေအိမ်ကို ခဏပြန်သွားခဲ့ရာက အိန္ဒိယ – မြန်မာနယ်စပ် မိုင်တိုင်အမှတ် ၉၁ နဲ့ ၉၂ အကြားမှာ မြေ မြှုပ် မိုင်းနင်းမိတာခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အစီရင်ခံစာတွေအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၄ ခုနှစ် မတ်လ အထိ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းပေါက်ကွဲမှု ၁၂၁၄ ကြိမ်ဖြစ်ခဲ့ပြီး ၄၂၂ ဦး သေဆုံးကာ ၁၆၄၃ ဦး ဒဏ်ရာရ ခဲ့ပါတယ်။

 Source-RFA

နိုင်ငံရေးအကျဉ်းသူတွေ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရ

နိုင်ငံရေးအကျဉ်းသူတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတာနဲ့ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန် မှု တွေကို မီးမောင်းထိုးပြနိုင်ဖို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေ၊ မတရား ပြစ်ဒဏ်ချမှတ် ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကျဉ်းသူတွေရဲ့ ရှေ့နေတွေနဲ့ တွေ့ဆုံမေးမြန်းပြီး ရရှိထားတဲ့ အချက်အလက်တွေကို ပြုစုထားတဲ့ အစီရင်ခံစာတစ်စောင်ကို အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင်က ဇူလိုင် ၃၁ ရက်ကထုတ်ပြန်ပါတယ်။

အာဏာသိမ်းမှုဆန့်ကျင်ပြီး နိုင်ငံရေးမှာပါဝင်လှုပ်ရှားလို့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာ စတင်ထိန်းသိမ်းခံရချိန်ကစပြီး စစ်ကြောရေးမှာ နှိပ်စက်ခံရတဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးအချို့ ကိုယ်ဝန်ပျက်ကျတဲ့ ဖြစ်ရပ်တွေ ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် ဥပဒေသုတေသီကပြောပါတယ်။

အကျဉ်းထောင်ထဲမှာ ဆေးဝါးမရတာ၊ အရေးပေါ် အခြေအနေမျိုးမှာတောင် ပြင်ပဆေးရုံ၊ ဆေးခန်းကို သွားဖို့ ခက်ခဲနေတာ ခန္ဓာကိုယ်ကို စစ်ဆေးရာမှာလည်း မလိုအပ်ဘဲ နှိုက်နှုက်ချွတ်ချွတ် စစ်ဆေးတာမျိုး တွေလုပ်ဆောင်နေတယ်ဆိုတာမျိုးတွေ တွေ့ရပြီး အင်းစိန်၊ ကျိုက်မရော၊ ဒိုက်ဦး၊ အိုးဘို၊ သာယာဝတီစတဲ့ အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသူတွေဟာ သာမန်အကျဉ်းသူတွေထက် လူ့အခွင့်အရေး ပိုချိုးဖောက်ခံရတယ်လို့လည်း ဆိုပါတယ်။

 မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB) က နှစ်စဉ်ကောက်ခံထားတဲ့ စာရင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုး သမီးတွေဟာ အရင်ကထက် လူ့အခွင့်အရေး ၅၀ ရာခိုင်နှုန်း ပိုချိုးဖောက်ခံနေရတာကို ဖော်ပြပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ထိ နိုင်ငံရေးအကြောင်းပြချက်နဲ့ အမျိုးသမီး ၄၀၀၀ ကျော် ဖမ်းဆီးခံရပြီး ဒီထဲနိုင်ငံရေးအကျဉ်းသူ အယောက် ၁၅၆၀ ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားပါတယ်။ Source- RFA

အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း အမျိုးသမီးထောင်ချီနှင့် ကလေးရာချီသေဆုံး

စစ်အာဏာသိမ်းတဲ့ ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝှမ်းမှ အမျိုးသမီး တစ်ထောင်ကျော်နဲ့ ကလေးသူငယ် ၇၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း- AAPP က သြဂုတ် ၁ရက်နေ့က ထုတ်ပြန် ပါတယ်။

 ၂၀၂၁ ခုနှစ်မှ ယခုနှစ်ဇူလိုင်လကုန်အထိ အမျိုးသမီးပေါင်း ၅,၆၁၁ ဖမ်းဆီးခံရပြီး ၄,၀၄၄ ဦး ထိန်းသိမ်းခံရဆဲ ဖြစ်သလို ၃ နှစ် ကျော်ကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၁,၀၈၇ ဦးသေဆုံးခဲ့ရာ စစ်ကိုင်းတိုင်းမှ သေဆုံးမှု အများ ဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်ကလေးသူငယ်၇၄၂ဦးဖမ်းဆီးခံရပြီး၃၄၁ဦးထိန်းသိမ်းခံရဆဲဖြစ်ကာ၊အာဏာသိမ်းစစ်တပ်နဲ့လက်ပါးစေတွေ ကြောင့် ကလေးငယ် ၆၉၃ ဦးသေဆုံးခဲ့ပါတယ်။

Source-သံလွင်ခက်

လောက်ကိုင်ဆေးရုံ လေကြောင်းဗုံးကြဲခံရမှုကြောင့် ကိုယ်ဝန်ဆောင်နှင့် ကလေးများ အပါအဝင် အရပ်သားသေဆုံးမှုများ

 ဩဂုတ်လ ၂ ရက် နံနက် ၁ နာရီခန့်မှာ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ မျှော်စင်နဲ့ပြည့်သူ့ဆေးရုံအနီးကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဆေးရုံရှိ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးများ အပါအဝင် အရပ်သား ၁၀ ဦး ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့  ဒေသခံတွေကပြောပါတယ်။

 လားရှိုး ရမခ တိုင်းရုံးကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိုးစစ်ဆင် တိုက်ခိုက်နေစဉ် လောက်ကိုင်မြို့ ပြည်သူ့ဆေးရုံ လေ ကြောင်းဗုံးကြဲခံရတာကြောင့် အရေးပေါ် ကယ်ဆယ်ရေး အကူအညီများ လိုအပ်လျက်ရှိပြီး အဆောက်အဦး ၁၀ လုံး ထက် မနည်း မီးလောင်ကျွမ်း ပျက်စီးခဲ့တယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်မှ စတင်ပြီး ဩဂုတ်လ ၂ ရက်အထိ နှစ်ပတ်အတွင်း လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က လေ ကြောင်းနဲ့ ၄ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား စုစုပေါင်း (၂၀) နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

 Source- Shan News

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခဲ့သူ NUGရဲ့အိန္ဒိယနိုင်ငံကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင် ကို ရာထူးမှထုတ်ပယ်

 ဝန်ထမ်းအမျိုးသမီးအား လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခဲ့သူ NUGရဲ့အိန္ဒိယနိုင်ငံကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်း ဆိုင်ရာအကာအကွယ်ပေးရေးမူဝါဒ ဗဟို ကော်မတီက စာရွက်စာတမ်းသက်သေ၊ လူသက်သေ၊ မျက်မြင်သက်သေ၊ ထွက်ချက်များ အရ စုံစမ်းစစ်ဆေးပြီးနောက် လိင် ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်းအား အမှန်တကယ် ကျူးလွန်ခဲ့ကြောင်း သုံးသပ်တွေ့ရှိရတဲ့အတွက်ဆလိုင်းအိုက်ဇက်ခင် ကို ဩဂုတ်လ ၁ ရက်နေ့မှစပြီး လက်ရှိတာဝန်နဲ့ ရာထူးမှထုတ်ပယ်ပြီဖြစ်တယ်လို့ ယင်းဗဟိုကော်မတီက သတင်းထုတ်ပြန်ပါတယ်။

 ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တယ်ဆိုတဲ့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး အမျိုး သားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင် ကို တာ ဝန်ကနေ ယာယီရပ်ဆိုင်းထားကြောင်း ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားကာ ဌာနအတွင်း စစ်ဆေးကြားနာမှုလုပ်ခဲ့ပြီး အဲဒီ စစ်ဆေးချက်တွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခြင်း တွေကနေ ကာကွယ်ခြင်းဆိုင်ရာ မူဝါဒ အကောင်အထည်ဖော်ရေးကော်မတီကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

နစ်နာသူအမျိုးသမီးနဲ့ လုပ်ဖော်ကိုင်ဖက်မျက်မြင်သက်သေတွေအတွက် သင့်လျော်တဲ့ အထောက်အပံ့အစီအမံ ကိုနိုင်ငံ ခြား ရေးဝန်ကြီးဌာနမှလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့် ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာအကာအကွယ်ပေးရေးမူဝါဒ ဗဟိုကော်မတီက ထုတ်ပြန်ထား ပါတယ်၊

Source-   Chin World

Author:

Related Articles