ရှင်ငြိမ်း
“တိုင်းရင်းသားဒေသအသီးသီးနဲ့ ပြည်သူ့ကာကွယ်ရေးမှ တော်လှန်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတွေဟာ Sexual Harassment လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးစော်ကားတာတွေကြုံတွေ့နေရတယ်။”လို့ တော်လှန် ရေးတပ်တချို့မှ အမျိုးသမီးရဲမေတွေက မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲမှာဖွင့် ဟပြောဆိုလာပါတယ်။
အမျိုးသားရဲဘော်တွေက အမျိုးသမီးရဲမေတွေကို စသလိုနောက်သလိုနဲ့ ပုခုံးပုတ်လိုက် ကျောပုတ်လိုက် ထိကပါးရိကပါးပြောဆိုတာတွေနဲ့လည်း တွေ့ကြုံနေရတယ်လို့ဆိုပါတယ်။
“ဒါ့အပြင် စားနေကြကြောင်ပါးတွေက သူတို့ကိုအားကိုးလာအောင် သံယောဇဉ်ရှိလာအောင် အမျိုးမျိုးလုပ်တယ်။ နှစ်ဦးသဘောတူဖြစ်သွားပြီးရင် စားပြီးနားမလည်လုပ်တဲ့ဖြစ်စဉ်တွေလည်းရှိတယ်။”လို့ အမျိုးသမီးရဲ မေတွေက ရင်ဖွင့်ခဲ့ကြပါတယ်။
မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့(Myanmar – Women, Peace and Security)က တော်လှန်ရေးတပ်ဖွဲ့မှ အမျိုးသမီးတွေ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ထိရောက်စွာ တားဆီးကာကွယ်နိုင်ရေးယန္တရားပေါ်ထွက်လာဖို့ရည်ရွယ်ကာ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်ဇွန်လ ၁၄ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံရှိတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ၊ နွေဦးတော်လှန်ရေးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေ စုစုပေါင်း ၁၇ဖွဲ့မှ အမျိုးသမီး ၄၅ဦးတက်ရောက်ခဲ့ပါတယ်။
ဆွေးနွေးပွဲတက်ရောက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတွေအနေနဲ့ အများဆုံးကြုံတွေ့နေရတာက Sexual Harassment လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးစော်ကားတာတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဝန်ခံထွက်ဆိုခဲ့ကြတာဖြစ်ပါတယ်။
အကြမ်းဖက်မှုကျူးလွန်တဲ့သူတွေကတော့ တပ်သားအချင်းချင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် လွတ်မြောက်နယ်မြေမှာ လာရောက်ခိုလှုံနေကြတဲ့နေရပ်စွန့်ခွာတိမ်းရှောင်သူတွေလည်း ကျူးလွန်တာတွေရှိတယ်လို့ ကျုးလွန်ခံနေရတဲ့အမျိုးသမီးရဲမေတွေကဆိုပါတယ်။
သူတို့အနေနဲ့ လိင်အကြမ်းဖက်မှုတွေကို တိုင်ကြားတာမျိုးရှိပေမယ့် တိုင်ကြားမှုယန္တရားအားနည်းတာ၊ လက်လှမ်းမမီတာတွေကြောင့် ကျူးလွန်သူတွေပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာဟာ အမျိုးသမီးတွေအတွက် လွန်စွာကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နေတယ်လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေကလည်း ထောက်ပြနေကြပါတယ်။
ဒါ့ကြောင့် ပဋိပက္ခဒေသရှိ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေထိရောက်စွာ တားဆီးကာကွယ်ဖြေရှင်းနိုင်ဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့အသီးသီးမှ ခေါင်းဆောင်တွေကို အမျိုးသမီးရဲမေတွေက အချက် ၇ ချက်ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။
အချက် ၇ ချက်ထဲမှာ ပဋိပက္ခဒေသတွေမှာ လိင်အကြမ်းဖက်တာတွေ ကျူးလွန်မှုမရှိစေဖို့ သက်ဆိုင်ရာခေါင်းဆောင်တွေက မူဝါဒချမှတ်ပြီး လိုက်နာဆောင်ရွက်ကြဖို့၊ အကြမ်းဖက်မှုတိုင်ကြားရေးကို လုပ်ဆောင်ပေးပြီး ပြည်သူတွေသိရှိအောင်ဆောင်ရွက်ပေးဖို့၊ သက်ဆိုင်ရာအဖွဲ့အစည်းထဲမှာ ဘယ်လိုအကြမ်းဖက်တဲ့လုပ်ရပ်ကိုမဆိုလုံးဝလက်သင့်မခံရေးနဲ့ ဒီမူတွေကိုကျင့်သုံးမှုရှိစေဖို့ အလေးထားဆောင်ရွက်ပေးဖို့စတဲ့အချက်တွေလည်းပါဝင်ပါတယ်။
ဒါနဲ့ပတ်သက်လို့မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့(M-WPS)မှ တာဝန်ရှိသူ နန်းအွမ်ခမ်းက ပဋိပက္ခဖြစ်ပွားတာအချိန်ကြာလာလေ အမျိုးသမီးတွေဟာလည်း နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံရတာတွေလည်းများလာလေလို့ ထောက်ပြခဲ့ပါတယ်။
“လက်နက်ကိုင်ဆောင်သူတွေများလာတာဟာလည်း အကြမ်းခံရသူတွေအတွက်ပိုစိုးရိမ်စရာဖြစ်ပါတယ်။ လက်နက်အားကိုးနဲ့အနိုင်ကျင့်မှာကိုစိုးရိမ်နေရတော့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုတွေနည်းပါးလာတယ်။”လို့ သူကပြောပါတယ်။
သက်သေပြရမယ်ဆိုရင် စစ်ကိုင်းတိုင်းထဲက လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ဒေသကာကွယ်ရေးတပ်(PDF) တစ်ခုမှာဆေးမှူးတာဝန်ယူထားတဲ့ မခိုင်(အမည်လွှဲ)ဆိုလည်း တပ်ဖွဲ့ခေါင်းဆောင်အမျိုးသားတစ်ဦးရဲ့ လိင်အမြတ်ထုတ်တာကို ခံခဲ့ရသူဖြစ်ပါတယ်။
“အဲ့နေ့ကခေါင်းဆောင်ဖျားနေလို့ ဆေးထိုးဆေးပေးပြီး ပြန်မယ်ဆိုမှဆေးလိမ်းပေးပါအုန်းလို့ဆိုပြီး ပြောပြောဆိုဆိုနဲ့ သူ့ အဝတ်တွေအကုန်ချွတ်ပစ်လိုက်တယ်။ အောက်ခံဘောင်းဘီပဲဝတ်ထားတဲ့သူ့ကျောကို ဆေးလိမ်းပေးတော့လည်း ဟိုနား၊ ဒီနား.. အဲ့လိုနဲ့ ကျနော့်လက်ကိုကိုင်ပြီး အရသာခံပွတ်သပ်နေတာ။”လို့ မခိုင်က ပြောပါတယ်။
နောက်နေ့မှာ သူ့အထက်အရာရှိ ဆရာဝန်ကို ဖြစ်စဉ်ပြောပြတဲ့အခါ တိုင်ကြားသင့်တယ်လို့ အကြံပေးပေမယ့် ဘယ်ကို ဘယ်လိုတိုင်ကြားရမလဲဆိုတာ မသိဘူးလို့ ဆိုပါတယ်။
အဲ့ဒီအချိန်က စစ်ကိုင်းတိုင်းဟာ စစ်ရေးပြင်းထန်နေတဲ့အတွက် စစ်တပ်က ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ် တောက်ထားသလို ယခင်က အကူအညီပေးနေတဲ့အမျိုးသမီးအဖွဲ့တွေကလည်း ရှောင်တိမ်းနေရတဲ့ အခြေအနေဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် မခိုင်ရဲ့မွေးဇာတိဟာ စစ်ကိုင်းတိုင်းဖြစ်ပြီး အာဏာမသိမ်းမီက မန္တလေးဆေးရုံကြီးမှာ သူ နာပြုလုပ်ကိုင်ခဲ့သူပါ။ အာဏာသိမ်းပြီးတော့ စစ်တပ်က အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး(CDM)မှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားဖမ်းဆီးနေတာကြောင့် မခိုင်လည်း သူငယ်ချင်းတွေရဲ့ အဆက်အသွယ်နဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ဒီဒေသကာကွယ်ရေးတပ်ထဲ ရောက်လာခဲ့တာဖြစ်ပါတယ်။
“ကိုယ့်ခေါင်းဆောင်ဆိုတော့ အဲ့လိုလုပ်လိမ့်မယ်လို့မထင်ထားဘူး။ နောက်နေ့တွေကျတော့ ဆရာဝန်ရှိတော့ သူပဲသွားတယ်။ ကျမလည်း အဲ့နေ့ကစလို့ အဖော်တွေမရှိဘဲ ဘယ်မှမသွားရဲ၊ မလာရဲနဲ့ မနေရဲတော့ဘူး။”လို့ မခိုင်က ပြောပါတယ်။
မခိုင်အနေနဲ့ သူဒီလိုဖြစ်ခဲ့ပြီးနောက်ပိုင်း အမျိုးသမီးလေးတွေကို ခေါင်းဆောင်ရဲ့အဆောင်တစ်ယောက်ထဲမသွားဖို့ သတိပေးခဲ့တဲ့အတွက် အပြစ်ပေးခံခဲ့ရပါတယ်။ အခုဆိုရင် မခိုင်ဟာ ရှေ့တန်းစစ်မြေပြင်တွေလိုက်ရပြီး ဖုန်းအသုံးပြုခွင့်လည်း ကန့်သတ်ခံထားရတာဖြစ်ပါတယ်။
“အိမ်နဲ့ဖုန်းပြောရင် သူတို့ရှေ့မှာပြောရတယ်။ အချိန်ကလည်း ဆယ်မိနစ်လောက်ပဲပေးတာ။ ကျမအတွက်ကတော့ ဖုန်းမပြောရလည်းကိစ္စမရှိပါဘူး။ ရှေ့တန်းလိုက်ရတော့လည်း သူနဲ့မျက်နှာချင်းမဆိုင်ရတော့ကောင်းတာပေါ့။ အဲ့ဒါတွေကလေ ကျမတိုင်မှာစိုးလို့လုပ်တာ။”လို့ မခိုင်က ဆိုပါတယ်။
သူ့အနေနဲ့ ဒီလိုအဖြစ်အပျက်တွေ ပြောခွင့်ရဖို့ကိုလည်း ဆရာဝန်အကူအညီကြောင့် ဖုန်းခိုးပြောခွင့်ရခဲ့တာ ဖြစ်ပါတယ်။
မခိုင်လိုပဲ စစ်ရေးသင်တန်းဆရာက အမျိုးသမီးရဲမေတွေကို စနောက်သလို မတော်တဆပုံစံနဲ့ လိင်အမြတ်ထုတ်မှုတွေရှိနေတာကတော့ ပဲခူးတိုင်းထဲက ဒေသကာကွယ်ရေးတပ်တစ်ခုမှာပါ။
“သင်တန်းဆရာက ကျမတို့တွေလေ့ကျင့်ခန်းလုပ်ရင် တင်ပါး၊ ရင်သားတွေကို မတော်တဆလိုကိုင်တာ၊ စနောက်သလိုလှမ်းရိုက်တယ်။ သေနတ်ပစ်ကျင့်ရင်လည်း နောက်ကနေအသားယူပြီး ဖက်တာရှိတယ်။ အမြဲသတိထားနေမှ မဟုတ်ရင်လစ်တာနဲ့ တခုခုလုပ်သွားတာ။”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မမေသော်(အမည်လွှဲ) က ပြောပါတယ်။
မေသော်တို့တပ်ဖွဲ့မှာ အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၇ ဦးရှိသာရှိတဲ့ဒေသကာကွယ်ရေး တပ်တစ်ခုရဲ့အဖွဲ့ခွဲငယ် တစ်ခုဖြစ်ပါတယ်။ ရှေ့တန်းထွက်ရင် အမျိုးသမီးနှစ်ဦးအလှည့်ကျလိုက်ရတဲ့အတွက် အမျိုးသားတွေနဲ့တန်းတူ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ရပါတယ်။
ဒီလိုစစ်ရေးလေ့ကျင့်တာတွေလုပ်တဲ့အခါ အမျိုးသားသင်တန်းဆရာက အမျိုးသမီးရဲမေတွေအပေါ် အခုလိုလိင် အမြတ်ထုတ်တာတွေ ကျူးလွန်နေတာဖြစ်ပါတယ်။
“အဲ့လိုလုပ်သွားလို့ ပြန်ကြည့်လိုက်ရင် သူကဘာလဲ။ ဘာဖြစ်လို့လဲဆိုပြီး ရိုက်နှက်တော့မလိုပုံစံပြန်ဟောက်တယ်။ သူမကျေနပ်ရင်လေ့ကျင့်ခန်းအချိန်တွေမှာ အသေမောင်းခံရတယ်။”လို့လည်း မမေသော်က ဆိုပါတယ်။
ဒါတွေကိုသည်းမခံနိုင်တဲ့အတွက် ဌာနချုပ်ဖြစ်တဲ့ဒေသကာကွယ်ရေးတပ်ထံ စာရေးတိုင်ကြားတော့ သင်တန်းဆရာနဲ့ အမျိုးသမီးရဲမေတွေကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
“ခေါင်းဆောင်တွေပြောတာက တပ်ထဲမှာလူနည်းတော့ အကျဉ်းချထားတာတို့ဘာတို့လုပ်လို့မရဘူး။ နောက်သင်ပေးဖို့ကသူကလွဲရင်မရှိတော့ အပြစ်ပေးဖို့ခက်တယ်။”လို့ ပြန်ပြောကြောင်းမမေသော်က ရှင်းပြပါတယ်။
ဒါပေမဲ့ လက်ရှိမှာ သင်တန်းဆရာက အမျိုးသမီးရဲမေတွေကို သင်တန်းမပေးရတော့ပေမယ့် စခန်းတစ်ခုထဲ အတူနေထိုင်ရပြီး ခြိမ်းခြောက်ခံရတာတွေကြောင့် စိတ်မလုံခြုံတာတွေခံစားနေကြရတာဖြစ်ပါတယ်။
မေသော်က“ရွံ့လွန်းလို့ သူ့မျက်နှာကို မကြည့်ချင်ဘူး။ စခန်းတခုထဲအတူနေရတော့ ဘယ်လိုမှစိတ်အဆင်မပြေဘူး။ နောက်ကျမတို့ကြောင့် သူ့အပြစ်ပေးခံရတော့ပြန်ပြီးရန်ရှာတယ်။ သူအပြစ်ခံရတဲ့နေ့ကဆို ကျမတို့ကိုအထိ မခံဖြစ်နေလား သတိထားနေ။”လို့ ခြိမ်းခြောက်ခဲ့ကြောင်း ပြောပါတယ်။
အခုလိုအခြေအနေတွေကြောင့် မေသော်တို့ အမျိုးသမီးတွေအနေနဲ့ အိမ်ပြန်ချင်တဲ့ဆန္ဒရှိပေမယ့် စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရမှာကိုလည်း စိုးရိမ်ရတာကြောင့် အိမ်မပြန်နိုင်သေးတာဖြစ်ပါတယ်။
အလားတူ စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေး(PDF)တပ်တစ်ခုမှာ ရှေ့တန်းထောက်ပို့တာဝန်ယူထားရတဲ့ မဖြိုးအိဆိုလည်း အမျိုးသားတပ်သားရဲ့လိင်ပိုင်းဆိုင်ရာစော်ကားမှုကိုခံခဲ့ရသူပါ။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးမဖြိုးအိက အမျိုးသားရဲဘော် ၃ ဦးနဲ့အတူ ရှေ့တန်းမှာ လိုအပ်တဲ့ပစ္စည်းတွေနဲ့ စားစရာတွေသွားရောက်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ယခင်ကလည်း အခုလိုအမျိုးသားတွေနဲ့ တန်း တူသွားပို့နေကြပါ။
“အပြန်ကျတော့ ရဲဘော်တယောက်ပဲပြန်ပါလာတယ်။ ကျန်တဲ့သူတွေကနေရစ်ခဲ့တာ။ အဲ့မှာလမ်းနားတော့ သူက ချစ်ကြိုက်ကြောင်းပြောတယ်။ ငါတပ်မှူးကိုပြောပြီး လက်ထပ်ယူမှာပါတဲ့။ ကျမက စိတ်မဝင်စားဘူးပြောတော့။ နင့်က ဘာအထာကိုင်တာလဲတဲ့။ မဟုတ်လည်း နင်တို့တွေက တပ်မှူးအပျော်မယားဖြစ်မှာပဲဟာတဲ့။”လို့ မဖြိုးအိ ကို ပြောခဲ့ပါတယ်။
“အပျော်မယားဘာလို့ဖြစ်ရမှာလဲ၊ ဘာလဲနဲ့စကားများနေတုန်း သူက နေရာကနေ ရုတ်တရက်ထလာပြီး ကျမကို အတင်းဖက်နမ်းဖို့လုပ်တယ်။ အဲ့ဒီမှာရုန်းကန်းရင်း နှစ်ယောက်လုံးထွေးသွားတယ်။ အားမတူတော့ ကျမက ငိုပြီးတောင်းပန်တော့မှလွှတ်ပေးတယ်။”လို့ သူက ဆက်ပြောပါတယ်။
ဒီအခြေအနေတွေကို တပ်ဖွဲ့ခေါင်းဆောင်ထံ တိုင်ကြားခဲ့ပေမယ့် အပြစ်ပေးအရေးယူတာမရှိဘဲ နောက်မှစစ်ဆေးပေးမယ်။ လက်ရှိတိုက်ပွဲက အရေးကြီးနေတယ်ဆိုတဲ့အဖြေသာရခဲ့တာဖြစ်ပါတယ်။
“အဲ့လိုအရေးမယူတော့ ကျမက လိမ်တိုင်တာလားလို့ အများကထင်ရော။ နောက်အဲ့ဒီရဲဘော်က ကျမကို ဘာပြောလဲဆို တိုင်လည်းမထူးဘူးမလား။ နင်ပဲအရှက်ကွဲတာလေ။ ငါ မုဒိမ်းကျင့်ရင်တောင် အပြစ်ပေးမယ့်သူမရှိ ဘူး။”လို့ ပြောခဲ့ကြောင်း သူကဆက်ပြောပါတယ်။
တိုင်ကြားတာရဲ့နောက်ဆက်တွဲကတော့ အဲဒီရဲဘော်နဲ့အတူ မသွားရပေမယ့် အပြစ်ပေးမခံရတာကြောင့် တခြားရဲဘော်တွေကလည်း သူ့ကိုမထိတထိနဲ့စနောက်တာတွေရှိလာခဲ့တာဖြစ်ပါတယ်။
သူ့အနေနဲ့ ဒီမှာဆက်မနေလိုပေမယ့် ပြန်စရာအိမ်လည်းမရှိသလို မိသားစုကလည်း စစ်ရှောင်နေရတာ ဖြစ်တဲ့အတွက်အဆက်အသွယ်ပြတ်နေတာကြောင့် ကူကယ်ရာမဲ့ဖြစ်နေပါတယ်။
“အဲ့လိုခြိမ်းခြောက်ခံထားရတယ်။ သူနဲ့လည်း တစ်နေရာထဲနေရတော့ ညဆိုလည်း သေချာမအိပ်ရဲဘူး။ တစ်ယောက်ထဲလည်း ဘယ်မှမသွားရဲ၊ မနေရဲဘူး။ နေ့တိုင်းအဲ့ဒီကြောက်လန့်မှုနဲ့နေရတာပင်ပန်းတယ်။”လို့ မဖြိုးအိကဆိုပါတယ်။
လက်ရှိမှာတော့ သူ့အနေနဲ့ ကျရောက်လာနိုင်တဲ့အန္တရာယ်ကိုအလိမ္မာသုံးကာရှောင်ရှားရင်းနေထိုင်နေရတာဖြစ်ပါတယ်။
စစ်အာဏာသိမ်းတာ သုံးနှစ်ကျော်လာတဲ့အချိန်မှာ အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကစစ်တပ်အပြင် စစ်အာဏာရှင်ကို တွန်းလှန်သူတွေကပါ ကျူးလွန်လာတာဖြစ်ပါတယ်။
ဒီလိုကျူးလွန်မှုတွေကို သက်ဆိုင်ရာခေါင်းဆောင်တွေကို တိုင်ကြားတဲ့အခါ တော်လှန်ရေးနှောင့်နှေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပြစ်ဒဏ်ကင်းလွတ်နေကြတာပါ။
တိုင်ကြားဖို့အဟန့်အတားဆိုတာထက် ပြစ်မှုကျူးလွန်သူကို ထိရောက်ပြင်းထန်တဲ့ပြစ်ဒဏ်ပေးဖို့ အခက်အခဲတစ်ခုကတော့ ပြစ်မှုကျူးလွန်သူကိုအကျဉ်းချထားဖို့၊ ရေရှည်ထားလို့ရတဲ့အကျဉ်းထောင်က ရှိမနေပါဘူး။
ဒါ့အပြင် ပဋိပက္ခဒေသဖြစ်လို့ ခြေကျင်းခတ်ထားရင်တောင် ဗုံးကြဲလေယာဉ်လာလို့ အားလုံးရဲ့အသက်ဘေးအတွက်စဉ်းစားပြီး ဖြုတ်ပေးလိုက်ရတာတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲမေတွေကဆိုပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ဇွန်လမှာ ထုတ်ပြန်ထားတဲ့“နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ အမျိုးသမီးများ ရင် ဆိုင်နေရတဲ့လိင်အကြမ်းဖက်မှုများ”သုံးသပ်ချက်စာတမ်းမှာလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၃၆ မှု၊ အိမ် တွင်းအကြမ်းဖက်မှုနဲ့ ကာမလိမ်လည်မှု ၂၃ မှု စုစုပေါင်း ၅၉ မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုထားပါတယ်။
ဒီ ၅၉ မှုမှာ စစ်တပ်ကကျူးလွန်တာက ၉ မှု၊ တော်လှန်ရေးတပ်ဖွဲ့တွေမှ ကျူးလွန်မှု ၄ မှုနဲ့ အရပ်သားအချင်းချင်း ကျူးလွန်မှုက ၄၆မှုရှိတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။