Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇူလိုင်လ (၂၂)ရက်မှ(၂၇)ရက် အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြပေးလိုက်ပါတယ်။

အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသူ နှစ်ဆယ်ခန့် ရိုက်နှက်ခံရ

အသက်ရှူလမ်းကြောင်းရောဂါခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦးကို တိုက်ပိတ်တာကြောင့် ပြန်ထုတ်ပေးဖို့နဲ့ ဆေးကုသခွင့်တောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူနှစ်ဆယ်ခန့်ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့ (WOPP) ရဲ့တာန်ခံ မဇူးဇူးမေယွန်းက ပြောပါတယ်။

အသက်ရှူလမ်းကြောင်းရောဂါခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦးဟာ အခြားအကျဉ်းသူတွေဆီက ဆေးဝါးအကူအညီတောင်းခံခဲ့တာကြောင့် တိုက်ပိတ်ခံလိုက်ရပါတယ်။

အဲဒီနောက် တိုက်ပိတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသူကို ပြန်ထုတ်ပေးဖို့နဲ့ ဆေးကုသခွင့်ရဖို့တောင်းဆိုခဲ့တာကြောင့် ရိုက်နှက်ခံခဲ့ရတာလို့ မဇူးဇူးမေယွန်းက RFA ကို ပြောပါတယ်။

Source – RFA Burmese

KNU ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ကွယ်လွန်

ကရင်အမျိုးသားအစည်းအရုံးဒုဥက္ကဋ္ဌဟောင်း၊ ကရင်အမျိုးသမီးအစည်းအရုံးရဲ့အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း နော်စီဖိုးရာစိန်ဟာဇူလိုင်လ ၂၄ရက်နေ့ထိုင်းနိုင်ငံမဲစရင်းမြို့နေအိမ်မှာ သားအိမ်ကင်ဆာနဲ့ကွယ်လွန်ခဲ့တာပါ။

သူမဟာ ၂၀၂၃ခုနှစ်ကစပြီး ကင်ဆာရောဂါဖြစ်တာကိုစတင်သိရှိခဲ့ရပြီး တနှစ်ခွဲကျော်အတွင်းကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပဒိုနော်စီဖိုးရာစိန်ဟာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်စစ်ဦးစီးချုပ်ဟောင်းနဲ့ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောတာမလာဘောရဲ့ သမီးဖြစ်ပြီး မွေးချင်း ၈ဦးအနက် ၄ဦးမြောက်ဖြစ်ပါတယ်။ ပဒိုနော်စီဖိုးရာစိန်ဟာ ပညာရေး အမျိုးသမီး နဲ့ကလေးသူငယ်ရေးစတဲ့လုပ်ငန်းတွေအပြင် ကရင်အမျိုးသား အစည်း အရုံး KNU ထိပ်တန်းခေါင်းဆောင်နေရာတွေကိုတာဝန်ယူခဲ့သူဖြစ်တယ်လို့လည်းဆိုပါတယ်။

Source – VOA

စစ်ကောင်စီ စကားယုံပြီး လုပ်ငန်းခွင်ဝင်သည့် CDM ဝန်ထမ်းအချို့ ဖမ်းဆီးခံရအမျိုးသမီးတွေလည်းပါဝင်

စစ်ကောင်စီက Black Lists ကနေ ပယ်ဖျက်ပေးမယ်ဆိုပြီး ပြန်ခေါ်လို့ လုပ်ငန်းခွင်ဝင်ခဲ့တဲ့ CDM ဝန်ထမ်းအချို့ကို စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးကာ စစ်ကြောရေးကို ပို့လိုက်တယ်လို့  ဝန်ထမ်းအသိုက်အဝန်းက သိရပါတယ်။ အာဏာသိမ်းခဲ့တဲ့ စစ်တပ်လုပ်ရပ်ကို မကြိုက်လို့ CDM လုပ်ခဲ့တဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီက ဇူလိုင် ၁၂ ရက်က Black Lists ကနေပယ်ဖျက်ပေးမယ်ဆိုပြီး ထုတ်ပြန်ကြေညာခဲ့တာပါ။

ဌာနဆိုင်ရာရောက်မှ စစ်တပ်နဲ့ထောက်လှမ်းရေးက ခေါ်ဆောင်သွားတာရှိသလို မိခင်ဌာန မရောက်ခင် လမ်းတဝက်ကနေ ဖမ်းဆီးသွားတာလည်းရှိတယ်လို့ သိရပါတယ်။  သူနာပြု CDM လုပ်ထားပြီးကြေညာချက်ကိုယုံကာ ပြန်လာတဲ့ အမျိုးသမီးတဦးကိုလည်းဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့စကားကို ယုံပြီး လုပ်ငန်းခွင်ပြန်ဝင်လာတဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ပဲခူးက CDM ၆ ဦးရှိပြီး လက်ရှိအခြေအနေမှာတော့ စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

Source – DVB

၁၀၂၇ စစ်ဆင် ရေး ၁ လအတွင်း စစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သား ၁၂၈ ဦးသေဆုံး

လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကလေးတွေအပါအဝင် အရပ်သား ၁၂၈ ယောက် သေဆုံးပြီး အယောက် ၁၇၀ လောက်ဒဏ်ရာရနေတယ်လို့ တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ပါတယ်။

စစ်ဆင်ရေး ၁ လအတွင်း မိုးကုတ်မြို့နယ်မှာ အမျိုးသမီး ၈ ယောက်၊ အမျိုးသား ၁၄ ယောက်၊ ကလေး ၉ ယောက် သေဆုံးခဲ့သလို ကလေး ၁၀ ယောက် အပါအဝင် ၅၉ ယောက် ဒဏ်ရာရပြီး လူနေအိမ် ၂၉ အိမ်နဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်မဲမြို့နယ်မှာတော့ အမျိုးသမီး ၁၄ ယောက်၊ အမျိုးသား ၂၄ ယောက် သေဆုံး၊ ကလေး ၄ ယောက်အပါ အဝင် အယောက် ၄၀ ဒဏ်ရာရပြီး အိမ် ၃၇ အိမ်၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နောင်ချိုမြို့နယ်မှာ အမျိုးသား ၁၀ ယောက်၊ အမျိုးသမီး ၈ ယောက် သေဆုံး၊ ၄ ယောက် ဒဏ်ရာရပြီး အိမ် ၁၃ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်း ပျက်စီးသွားခဲ့ပါတယ်။

မိုးမိတ်မြို့နယ်မှာ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်သေဆုံး၊ ၁၂ ယောက် ဒဏ်ရာရပြီး အိမ် ၅ လုံးနဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့သလို သီပေါမြို့မှာတော့ အရပ်သား ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လားရှိုးမြို့မှာတော့ အမျိုးသား ၂၁ ယောက်၊ အမျိုးသမီး ၁၂ ယောက်၊ ကလေး ၅ ယောက် သေဆုံး၊ ၄၈ ယောက် ဒဏ်ရာရပြီး အိမ် ၉ လုံး၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Source – DVB

Dawei LGBT community ထားဝယ်သပိတ်ကော်မတီဝင်၏နေအိမ်ကို စစ်ကောင်စီတပ်မီးရှို့ 

လောင်းလုံးမြို့နယ် ပြင်‌ကျောင်းရွာက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ  Dawei LGBT community ရဲ့ ကိုယ်စားလှယ်ဖြစ်သူ ရဲဘော် ဆူနာမီရဲ့နေအိမ်ကို  စစ်ကောင်စီတပ်က မီးရှို့လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကဒက်ကြီးကျေးရွာမှာရှိတဲ့လေကြောင်းရန်ကာကွယ်ရေးစခန်းကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်က ဇူလိုင်လ ၂၂ ရက်မွန်းလွဲပိုင်းမှာ ပြင်ကျောင်းရွာသို့ ရောက်ရှိလာပြီး နေအိမ်ကိုမီးရှို့ခြင်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ရဲဘော်ဆူနာမီရဲ့ နေအိမ်ကို နှစ်ကြိမ်ဝင်ရောက်ရှာဖွေဖျက်ဆီးခဲ့ဖူးပြီး တတိယအကြိမ်မှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးမိတဲ့ လူငယ်ပိုင်းအရွယ် အမျိုးသမီးနှစ်ဦး၊ အမျိုးသား သုံးဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

Source – Dawei Watch

Author:

Related Articles