Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇူလိုင်လ (၁)ရက်မှ(၆)ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြပေးလိုက်ပါတယ်။

သံတွဲမှာ လေကြောင်းက ဗုံးကြဲလို့ အမျိုးသမီး လေးဦးဒဏ်ရာရ

စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇူလိုင်လ(၂)ရက်နေ့က ရခိုင်ပြည်နယ် သံတွဲ မြို့ နယ် မြုံပြင်ရွာမှာနေထိုင်တဲ့ အမျိုးသမီးလေးဦးဒဏ်ရာရပြီးနေအိမ်နှစ်လုံးပျက်စီးခဲ့ပါတယ်။

အသက်(၇၀)အရွယ်၊အသက်(၅၀)အရွယ်၊အသက်(၄၀)အရွယ်နဲ့အသက် (၂၀)အရွယ်အမျိုးသမီး တွေဒဏ်ရာရခဲ့တာဖြစ်ပြီး အသက်(၇၀)နဲ့အသက် (၄၀)ဝန်းကျင်နှစ်ဦးကတော့ ဦးခေါင်းကိုထိသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်ရှိလာမှာ စိုးရိမ်တာကြောင့် ရွာသားအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သူက ပြောပါတယ်။

Source- RFA

အာဏာရှင်လက်အောက် ကျား- မတန်းတူညီမျှမှုရရှိရေး အခြေအနေဆိုးဝါးလာ

မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုကြောင့် Gender Equality လို့ ခေါ်တဲ့ ကျား-မတန်းတူညီမျှမှုရရေး ကြိုးပမ်းချက်တွေ နောက်ပြန်ရောက်သွားစေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ဇူလိုင်လ ၂ ရက် မနေ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ခွဲခြားဆက်ဆံတာ၊ အကြမ်းဖက်တိုက်ခိုက်တာ၊ အမြတ်ထုတ်တာ စတဲ့ မတရားမှုမျိုးစုံကို အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေနဲ့ လိင်တူချစ်သူ LGBT တွေဟာ ကျူးလွန်ခံနေရတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာနိုင်ငံက အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေနဲ့ လိင်တူချစ်သူ LGBT တွေအတွက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေး အခွင့်အလမ်းတွေ ပုံစံအမျိုးမျိုးနဲ့ ဆုံးရှုံးနေကြရတယ်လို့လည်းဆိုပါတယ်။

ရိုဟင်ဂျာအမျိုးသမီးတွေဟာဆိုရင်လည်း ခွဲခြားဆက်ဆံတာနဲ့ လုံခြုံမှုမရှိတဲ့ အခြေအနေတွေအပြင် နိုင်ငံသား ဖြစ်ခွင့် ငြင်းပယ်ခံထားရတာ၊ အခြေခံလူ့အခွင့်အရေးမရှိတာတွေ ကြုံနေရပြီး၊ ရိုဟင်ဂျာ အသိုက်အဝန်းထဲမှာတင် အစဉ်အလာတွေအရ ခွဲခြားဆက်ဆံခံရတဲ့ဒဏ်ကို ခံစားနေရတယ်လို့လည်း ဆိုပါတယ်။

Source- RFA

ဖားကန့်ရေဘေးသင့်ပြည်သူ သုံးထောင်ခန့်ရှိ၊ အမျိုးသမီးတစ်ဦး ရေစီးမျောပါပျောက်ဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာမိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူသုံးထောင်နီးပါးဘေးလွတ်ရာ တိမ်းရှောင်နေရပြီး အမျိုးသမီးတစ်ဦးရေစီးနဲ့အတူမျောပါပျောက်ဆုံးနေတယ်လို့သိရပါတယ်။

ဖားကန့်မြို့နယ်မှာ ရေဘေးရှောင်ပြည်သူသုံးထောင်နီးပါးရှိနေပြီး နီးစပ်ရာ နေအိမ်တွေနဲ့ ဘုန်းကြီး ကျောင်းအချို့ မှာ  တိမ်းရှောင်နေကြရပါတယ်။

မိုးသည်းထန်စွာရွာသွန်းနေတဲ့ ကချင်ပြည်နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်နေပြီး ဖားကန့်၊ မြစ်ကြီးနားမြို့၊ ဝိုင်း မော်မြို့၊ ဆွမ်ပရာဘွမ်၊ ချီဖွေမြို့တို့မှာရေဘေးကြုံတွေ့နေရတာဖြစ်ပါတယ်။

Source – People’s Spring

သံတွဲစစ်ဘေးရှောင်အမျိုးသမီးများ လစဥ်သုံးပစ္စည်းများ အရေးပေါ် လိုအပ်

ရခိုင်ပြည်၊ သံတွဲမြို့နယ်မှာ စစ်ဘေးရှောင်နေတဲ့အမျိုးသမီးတွေအတွက် လစဥ်သုံးပစ္စည်းတွေအရေးပေါ် လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်အရေးကူညီသူတွေထံက သိရပါတယ်။

သံတွဲမြို့နယ်မှာ စစ်ဘေးရှောင်စခန်း ၁၆ ခုရှိပြီး လူဦးရေ ၂,၀၀၀ ကျော်ရှိကာ အဲ့ဒီအထဲက ၆၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပါတယ်။

နေအိမ်တွေကိုလက်နက်ကြီးတွေကျရောက်တဲ့အတွက် အမျိုးသမီးတွေဟာ ကိုယ်လွတ်ရုန်းပြီး ထွက်လာရတာဖြစ်တာကြောင့်  မည့်သည့်ပစ္စည်းမှ ပါမလာတဲ့အတွက် ပိုမိုခက်ခဲနေတာဖြစ်ပါတယ်။

လက်ရှိမှာ သံတွဲမြို့နယ်မှာ အမျိုးသမီးလစဥ်သုံး ၁၂ ခုပါ ပတ်ဒ်ထုတ် တစ်ထုတ်ကို ၄,၀၀၀ ကျပ် အထိရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Source – Development Media Group

စစ်ခေါင်းဆောင်ဇနီး ကြူကြူလှ ဦးဆောင်ပြီး စစ်တပ်ဝါဒဖြန့်သရုပ်ဆောင်အများအပြားနဲ့ မြန်မာအမျိုးသမီးနေ့ အကြိုပွဲကျင်းပ

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်ရှိ MICC 2 မှာ ဇူလိုင် ၂ ရက်က စစ် ကောင် စီလက်အောက်အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယကအဖြစ်တာဝန်ယူထားသူ စစ်ခေါင်းဆောင်ရဲ့ဇနီး ဦးဆောင်ပြီး မြန်မာအမျိုးသမီးများနေ့အကြိုဂုဏ်ပြုပွဲပြုလုပ်ခဲ့တယ်လို့ စစ်တပ်ပိုင်မီဒီယာတွေက ထုတ်ပြန်ပါတယ်။

အဆိုပါပွဲမှာ ဒီဇိုင်နာတွေအဖြစ် မျိုးမင်းစိုး၊ ထွန်းထွန်းလင်းနဲ့ DJ သော်သော်၊ မိတ်ကပ်ကိုတော့ မေမိုး (ကျော်မိုး)၊ မေဦးမောင်(တော်ဝင်သူ)တို့က တာဝန်ယူထားပြီး John Lwin ဦးစီးတဲ့ STARS & MODELS INT’L က မော်ဒယ်တွေက ဝတ်စားဆင်ယင်မှုပြပွဲမှာ ပါဝင်ကူညီခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထုတ်ပြန်လာတဲ့မြန်မာ့အသံသတင်းရုပ်သံတွေမှာ စစ်တပ်ဝါဒဖြန့်ဇာတ်ကားတွေမှာ ပင်တိုင်ရိုက်ကူးနေတဲ့ အေးမြတ်သူ၊ မေသဉ္ဇာဦး၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ယဉ်လတ်တို့အပါအဝင် ဝါဝါအောင်၊ မေသန်းနု၊ ဆုပန် ထွာ၊ မမဆောင်း၊ ယွန်းရွှေရည်၊ ကျော်ကျော်၊ အောင်ခိုင်၊ မိုးယံဇွန်၊ ဇင်မျိုး၊ စိုးသူ၊ ဟန်ထူးဈာန်၊ ဂျင်းနီ၊ Lဆိုင်းဇီ၊ မြန်မာပြည်သိန်းတန်၊ နန်းခင်ဇေယျာ၊ ငှက်ပျောကြော်၊ ဒိန်းဒေါင်၊ ကြာစိ၊ ရဲလေးမ၊ မျောက်ရှုံးတို့ကို တွေ့ရပါတယ်။

Source – မြေလတ်အသံ

စစ်ဘေးက တိမ်းရှောင်လာတဲ့ ဆရာမတွေကို လစ်လပ်နေရာမှာ တာဝန်ထမ်းရမယ်လို့ စစ်ကောင်စီပြော

တိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ်၊ ဒေသတွေကနေ စစ်ဘေးရှောင်လာတဲ့ ပညာရေးဝန်ထမ်း ဆရာ/ဆရာမတွေကို လစ်လပ်နေရာတွေမှာ ပြောင်းရွှေ့တာဝန် ထမ်းဆောင်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ ပညာရေး ဝန်ကြီးဌာနကနေ သိရပါတယ်။

စစ်ဘေးရှောင်လာတဲ့ ဆရာ/ဆရာမတွေ တွဲဘက် တာဝန်မထမ်းဆောင်ဘူးဆိုရင် ဇူလိုင်ကစပြီး လစာစာရင်း ပေးဆွဲမှာမဟုတ်ဘူးဆိုတာတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် သတင်းမီဒီယာတွေက မေးမြန်းတာကို ပညာ ရေးဝန်ကြီးဌာနက ဖြေတာဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဆရာ၊ဆရာမတွေ စစ်ဘေးရှောင်နေကြတာဖြစ်ပါတယ်။

Source – BBC

နိုင်ငံရေးအကျဥ်းသူတွေ ထောင်တွင်းဖိနှိပ်ခံရတာများနေ

နိုင်ငံရေးအကျဥ်းသူတွေ ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေ၊ နိုင်ငံရေးအကျဥ်းသားအရေး ကူညီတဲ့အဖွဲ့တွေက ပြောပါတယ်။

လက်ရှိမှာ အင်းစိန်၊ ကျိုက်မရော၊ ဒိုက်ဦးနဲ့ သာယာဝတီ အကျဥ်းထောင်တွေမှာရှိနေတဲ့ နိုင်ငံရေး အကျဥ်းသူတွေဟာ သာမာန်အကျဥ်းသူတွေထက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပိုများနေတယ်လို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့ (WOPP) တာန်ခံမဇူးဇူးမေယွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့က မွန်ပြည်နယ် ကျိုက်မရောထောင်ကနေ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်ကို ပြောင်းလိုက်တဲ့ နိုင်ငံရေးအကျဥ်းသူ ရှစ်ဆယ်ကျော်ကို ထောင်အာဏာပိုင်တွေ ရိုက်နှက်ခဲ့တာကြောင့် အကျဥ်းသူငါးဦး ဒဏ်ရာရခဲ့ပြီး သုံးဆယ်ကျော် တိုက်ပိတ်ခံခဲ့ရပါတယ်။

ဒီလိုဒဏ်ရာနဲ့ တိုက်ပိတ်ခံနေရတဲ့သူတွေထဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ တောင်သူ လယ်သမားရေးရာဌာန ကလေးသူငယ်ရေးရာတာဝန်ခံ မနုနုအောင်လည်းပါတဲ့အတွက် မိသားစုတွေ စိုးရိမ်နေတယ်လို့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသူတွေကို မိသားစုနဲ့တွေ့ခွင့်ပေးဖို့၊ ဆေးကုခွင့်ပေးဖို့၊ ထောင်ဝင်စာလက်ခံဖို့တွေကို နိုင်ငံရေးအကျဥ်းသားအရေး ကူညီပေးနေတဲ့အဖွဲ့ ရှစ်ဖွဲ့က ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့မှာ ကြေညာချက်ထုတ်တောင်းဆိုခဲ့ပါတယ်။

အရင်ကဆိုရင် အမျိုးသား နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်နှက်ညှဥ်းပန်းနှိပ်စက်တာ ပိုများပေမဲ့ အခုနောက်ပိုင်း အမျိုးသမီး နိုင်ငံရေးအကျဥ်းသူတွေပါ နှိပ်စက်ခံလာရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများကွန်ရက် တာဝန်ရှိသူကိုသိုက်ထွန်းဦးက ဆိုပါတယ်။

Source- RFA

သရက်ချောင်းမြို့နယ်က Non CDM ဆရာမ ငါးဦးကို ပကဖ အဖွဲ့တခုဖမ်းဆီးထား

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဆိတ်ချောင်းရွာက Non CDM ဆရာမ ငါးဦးကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)အဖွဲ့ဝင်ဖြစ်တဲ့ ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပကဖ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

CDM လှုပ်ရှားမှုမှာ မပါဝင်ဘဲ လက်ရှိအချိန်ထိ စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်တာကြောင့် အခုလို ဖမ်းဆီးထိန်းသိမ်းရတာလို့လည်း သူက ပြောပါတယ်။

အဲဒီဆရာမ ငါးဦးကို သူတို့ရဲ့ နေအိမ်အသီးသီးမှာပဲ ဇွန်လ ၂၆ ရက်နေ့မှာ ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့ကနေ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ကိုးရက်အကြာ ဒီကနေ့ ဇူလိုင် ၅ ရက်၊ မနက်ပိုင်းအထိ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။

ဒေသတွင်း သတင်းဌာနတခုဖြစ်တဲ့ Dawei Watch ရဲ့ သတင်းမှာတော့ အဲဒီဆရာမ ငါးဦးဟာ ရွာမှာ စာသင်ကျောင်း ဖွင့်လှစ်သင်ကြားနေတာမဟုတ်ဘဲ ကျူရှင်၊ စာသင်ဝိုင်းပုံစံနဲ့ ရွာက ကလေးတွေကို စာသင်ပေးနေတာလို့ ဒေသခံတွေ ပြောဆိုထားတာကို တွေ့ရပါတယ်။

အဖမ်းခံထားရတဲ့ ငါးဦးထဲ ကိုယ်ဝန် ခုနစ်လ ရှိတဲ့ ဆရာမတဦးလဲ ပါဝင်ပြီး ငါးဦးစလုံးရဲ့ ကျန်းမာရေး၊ လုံခြုံရေး အတွက်တော့ တတ်နိုင်သမျှ ပံ့ပိုးပေးထားတယ်လို့လည်း သရက်ချောင်းမြို့နယ် ပကဖ တာဝန်ခံက ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီ ဆရာမ ငါးဦးနဲ့ ဆွေးနွေးနေဆဲဖြစ်ပြီး CDM မလုပ်ပါက နယ်နှင်ဒဏ်ပေးတာမျိုး လုပ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

တနင်္သာရီတိုင်း ပကဖ တာဝန်ခံ ကိုစတားကတော့ အဲဒီ ဆရာမ ငါးဦးကို ဖမ်းဆီးတာဟာ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ မူဝါဒအတိုင်းဆောင်ရွက်ချက်သာဖြစ်တယ်လို့ ဆိုပါတယ်။

Source – Delta News Agency

အမျိုးသမီးများအား  အကြမ်းဖက်မှု ထိရောက်စွာ အရေးယူရန်  စစ်ခေါင်းဆောင်ပြော

အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေနဲ့ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေကို အပြည့်အဝ ကာကွယ်စောင့် ရှောက်ပေးဖို့နဲ အကြမ်းဖက်ကျူးလွန်သူကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ဖို့အတွက် တည်ဆဲဥပဒေတွေနဲ့ အညီ အလေးထားဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်လ ၃ ရက်မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားမှာပြောဆိုလိုက်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ စွမ်းဆောင်နိုင်မှုနဲ့ ကျား မ တန်းတူညီမျှရေး လေ့လာဆန်းစစ်ချက် အစီရင်ခံစာ အရ မြန်မာအမျိုးသမီးများ စွမ်းဆောင်နိုင်မှု အညွှန်းကိန်းမှာ အလယ်အလတ်အဆင့်ရဲ့ အောက်နားမှာရှိ နေတာ ကြောင့် အမျိုးသမီးတွေကို ကဏ္ဍအသီးသီးမှာစွမ်းဆောင်ရည်ပြည့်ဝပြီး ကျား၊ မ တန်းတူရည်တူပါဝင်နိုင်မှု ပိုမို တိုးတက်မြင့်မားရေး အလေးထားပြီး ဆောင်ရွက်ပေးကြရမှာ ဖြစ်တယ်လို့ဆိုပါတယ်။

စစ်ခေါင်းဆောင်က ဒီလို ပြောဆိုနေပေမယ့် ပြီးခဲ့တဲ့ဇွန်လအတွင်းက ပဲခူး ဒိုက်ဦးထောင်တွင် နိုင်ငံရေး အကျဉ်းသူ တွေ အပါအဝင် အကျဉ်းသူ ၈၀ ကျော်ကို ဆူပူမှု အကြောင်းပြချက်နဲ့ ရိုက်နှက်တိုက်ပိတ်ခြင်းတွေကို စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်တွေက ပြုလုပ်ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသူများအဖွဲ့ (Women’s Organization of Political Prisoners- WOPP)က ဧရာဝတီကိုပြောဆိုထားပါတယ်။

Source – The Irrawaddy Burmese

တီးတိန်တွင် ၁၂ နှစ်အရွယ်မိန်းကလေးငယ်ကို စစ်သား ၂ ဦးက မုဒိမ်းကျင့်

စစ်ကောင်စီတပ်သားနှစ်ဦးဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်းဒေသ၊ မွောလ်ပီးရွာက အသက် ၁၂ နှစ် အ ရွယ် မိန်းကလေးငယ်ကို အဓမ္မကျင့်ခဲ့ပြီး နောက်ထပ် မိန်းကလေး ၂ ယောက်ကိုလည်း အဓမ္မကျင့်ဖို့ ကြံစည်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၅ ရက်နေ့ မနက် ၆ နာရီအချိန်က မွောလ်ပီးရွာကအိမ်ထဲမှာ ထမင်းချက်နေတဲ့ မိန်းကလေးငယ်ကို စစ်ကောင်စီတပ်သား ၂ ယောက်က အဓမ္မကျင့်မှုဖြစ်ခဲ့တာပါ။

ကျူးလွန်ခဲ့တဲ့ စစ်သား ၂ ယောက်ဟာ ကလေးမြို့ကနေ ချင်းတောင်ကို ကား ၆ စီးနဲ့ စစ်ကြောင်းထိုး လာတဲ့အထဲက စစ်သားတွေဖြစ်ပြီး သူတို့မှာ ဘက်တံဆိပ်တွေမပါတဲ့အတွက် ဘယ်တပ်ကဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။

ဖြစ်စဉ်ကို ရွာလူကြီးတွေက စစ်ကောင်စီစစ်ကြောင်းမှူးကို တိုင်ကြားခဲ့ပြီး စစ်သားတွေဘက်က ငွေကြေးနဲ့ ညှိနှိုင်း ပြီးနောက် စစ်ကြောင်းကလည်း ကလေးမြို့ဘက်ကို ပြန်လှည့်သွားတယ်လို့ သိရပါတယ်။

Source – DVB

Author:

Related Articles