Home ဆောင်းပါး ကရင်နီ ထောက်ပို့အမျိုးသမီးငယ်လေးတစ်ဦးရဲ့တော်လှန်ခရီးလမ်း

ကရင်နီ ထောက်ပို့အမျိုးသမီးငယ်လေးတစ်ဦးရဲ့တော်လှန်ခရီးလမ်း

ခင်ဘုန်းမို့

“ဆုတောင်းပေးတဲ့ပါးစပ်တွေထက် အကူအညီပေးတဲ့လက်တွေကပိုထိရောက်ပါတယ်လို့”ခံယူထားသူကတော့ အသက်(၂၂)အရွယ် မိထော်လို့ခေါ်တဲ့ထောက်ပို့အမျိုးသမီးငယ်တစ်ဦးပါ။

သူကလက်ရှိမှာကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့အမှတ်(၄)ဗျူဟာမှာ ထောက်ပို့အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

စစ်အာဏာမသိမ်းခင်ကကျောင်းသူတစ်ဦးဖြစ်ခဲ့တဲ့မိထော်ဟာ ပညာသင်ကြားရင်းဘဝကိုအေးချမ်းစွာဖြတ်သန်းနေခဲ့သူပါ။ စစ်တပ်အာဏာသိမ်းလိုက်တဲ့အခါမှာတော့ လူငယ်ဘဝပျော်ရွှင်မှု၊ အိပ်မက်တွေ၊ ပညာသင်ခွင့်တွေပျက်စီးသွားပါတော့တယ်။

မိထော်တစ်ယောက် အာဏာရှင်စနစ်ကိုမကြိုက်တဲ့အတွက် အာဏာသိမ်းမှုစတင်တဲ့ဖေဖော်ဝါရီလကတည်းက သပိတ်တွေမှာပါဝင်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ မြေပြင်အခြေအနေတွေဆိုးဝါးလာတဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

မိထော်ဟာ လက်နက်ကိုင်လမ်းစဉ်ကိုအစောဆုံးရွေးချယ်ခဲ့တဲ့အမျိုးသမီးတွေထဲမှာလည်းပါဝင်ပါတယ်။ ၂၀၂၁ ခုနှစ် နှစ်လယ်လောက်မှာပဲမိထော်တစ်ယောက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ထဲဝင်ရောက်ခဲ့တယ်။

“အဓိက KNDFရဲ့မူကိုကြိုက်လို့ပေါ့။ သူ့ရဲ့မူက အမျိုးသားတန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်‌ထောင်စုပေါ်ပေါက်ရေးအတွက် အဲ့ဒါတွေဦးတည်ထားတဲ့အတွက် အဲ့ဒါတွေကတွန်းအားဖြစ်စေတယ်”လို့ မိထော်ကပြောပါတယ်။

သူ့ရဲ့ရွေးချယ်မှုကို မိဘတွေကလည်းကြည်ကြည်ဖြူဖြူခွင့်ပြုပါတယ်။ မိဘတွေကိုယ်တိုင်ကလည်း စစ်တပ်နဲ့ပတ်သက်ရင် နာကြည်းချက်တွေရှိပြီးသားဖြစ်တဲ့အတွက် မိထော်ရဲ့ရွေးချယ်မှုကို အားပေးခဲ့ကြတာဖြစ်ပါတယ်။

အရင်ကျောင်းသူဘဝတုန်းက အိမ်မှာနေ၊ ကျောင်းသွား၊ ကျူရှင်သွားနဲ့ ပင်ပန်းမှုမရှိနေထိုင်ခဲ့ရတာပါ။

သင်တန်းတက်တဲ့အခါမှာလည်း လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်သူတိုင်းကြုံတွေ့ကြရတဲ့ အနေအထိုင်၊ အစား အသောက်ဆင်းရဲမှုကိုခါးစည်းခံခဲ့ရပါတယ်။ စစ်သင်တန်းရောက်တဲ့အခါမှတော့ စည်းကမ်းစနစ်တကျနဲ့နေထိုင်ခဲ့ရပါတယ်။ သူစစ်သင်တန်းတက်တဲ့ကာလကလည်းမိုးတွင်းဖြစ်တော့ တခြားကာလတွေထက်ပိုပြီးပင်ပန်းခဲ့ပါတယ်။

မိထော်အတွက်ပထမဆုံးယူနီဖောင်းရတဲ့နေ့တုန်းကတော့ သင်တန်းကာလတစ်လျှောက်မှာအပျော်ရွှင်ရဆုံး အခိုက်အတံ့ပါပဲ။ တစ်ပတ်လုံးအပြင်ထွက်တိုင်းယူနီဖောင်းပဲဝတ်ခဲ့တယ်လို့ဆိုပါတယ်။

စစ်သင်တန်းပြီးတဲ့အခါမှာတော့ တပ်ဖွဲ့ကတာဝန်ပေးတဲ့အတိုင်း ထောက်ပို့တာဝန်တွေကိုထမ်းဆောင်နေပါတယ်။

တပ်အတွက်လိုအပ်တဲ့ စားနပ်ရိက္ခာတွေ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ လက်နက်ခဲယမ်းတွေ၊ ဆေးတွေဝယ်ယူနိုင်ဖို့လူမှုကွန်ရက်ကနေကမ်ပိန်းတွေလုပ်တာ၊ ပြည်သူတွေရဲ့ထောက်ပံ့မှုရှာဖွေတာစတာတွေပြုလုပ်ရပါတယ်။

ပြည်သူတွေစိတ်ဝင်စားမယ့်ကမ်ပိန်းတွေဖြစ်အောင် စိတ်ကူးအကြံဉာဏ်တွေကိုလည်းကိုယ်တိုင်စဉ်းစားရပါတယ်။

ကမ်ပိန်းအတွက်ရည်မှန်းထားတဲ့ သတ်မှတ်ချက်(target) မပြည့်မှာ၊ လိုအပ်တာတွေကို အချိန်မီမဖြည့်ဆည်းပေးနိုင်မှာ စတာတွေစိတ်ပူရပါတယ်။ ဒါ့အပြင် မိထော်ရဲ့ပုံတွေကိုယူသုံးကာ အလှူခံတဲ့လူလိမ်တွေရဲ့ အန္တရာယ်ကလည်းရှိပါသေးတယ်။ ထောက်ပို့လုပ်ငန်းတွေကိုဆောင်ရွက်ရင်းကြုံတွေရတဲ့အခက်အခဲများစွာကို အတက်နိုင်ဆုံး အကောင်းဆုံးကြိုးစားနေပါတယ်။

“ကိုယ်တတ်နိုင်တဲ့အားနဲ့အကောင်းဆုံးလုပ်သွားပေးတာ။ ဒါပေမယ့် ရဲဘော်တွေကိုအကူအညီပေးနိုင်တဲ့အခါတော့ ပီတိဖြစ်မိတာပေါ့”လို့မိထော်ကဖွင့်ဟပါတယ်။

စစ်သင်တန်းတက်တဲ့အချိန်နဲ့ ထောက်ပို့အဖြစ်တာဝန်ယူတဲ့အချိန်တွေမှာ အမျိုးသမီးဖြစ်တဲ့အတွက် အမျိုးသားတွေနဲ့မတူတဲ့အခက်အခဲတချို့ရှိပေမယ့်အခက်အခဲတွေကိုတကူးတကမတွေးဖြစ်ဘူးလို့ဆိုပါတယ်။ အမျိုးသားတွေလုပ်နိုင်တာကို အမျိုးသမီးတွေလည်းလုပ်နိုင်တယ်ဆိုတဲ့စိတ်မျိုးနဲ့ အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းခဲ့တယ်လို့ ဆက်ပြောပါတယ်။

စစ်အာဏာသိမ်းမှုကြောင့်လူငယ်ဘဝ၊ ပုံမှန်ဘဝကိုဆုံးရှုံးလိုက်ရတဲ့မိထော်အတွက် အကြီးမားဆုံးဆုံးရှုံးမှုကတော့ ပညာ‌ရေးပါပဲ။

ငယ်ငယ်ကတည်းက ပညာရေးနဲ့ပတ်သက်ပြီးအလေးထားဦးစားပေးသူဖြစ်တဲ့ မိထော်ဟာ လက်နက်ကိုင်လမ်းစဉ်ကို ချယ်လိုက်တဲ့အခါမှာ ပညာရေးလမ်းကြောင်းဟာ အများကြီးနှောင့်နှေးသွားပါတယ်။

ထောက်ပို့အဖြစ်ဆောင်ရွက်တာအပြင် Karenni’s Arts Creation ကရိုက်ကူးထားတဲ့ Lose and Hope တော်လှန် ရေးရုပ်ရှင်မှာလည်းပါဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်ဟာ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ ကရင်နီပြည်နယ်ကတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ရုန်းကန်လှုပ်ရှားမှုတွေအကြောင်းကိုအခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။

ကရင်နီပြည်ရဲ့မှတ်တိုင်တစ်ခုအဖြစ်ဖန်တီးထားကြတဲ့ Lose and Hope မှာတစ်‌ထောင့် တစ်နေရာကနေ ပါဝင်ချင်တဲ့အတွက် ဝင်ပြီးအားဖြည့်ပေးခဲ့တာလို့ဆိုပါတယ်။ အနုပညာနဲ့ပတ်သက်ပြီး ထူးထူးခြားခြားဝါသနာပါတာမျိုးမဟုတ်ပေမယ့် လုပ်သင့်တယ်လို့စဉ်းစားမိတဲ့အတွက် ပါဝင်ဖြစ်တာလို့မိထော်ကဆိုပါတယ်။

“ကိုယ့်ရဲ့  အားသာတဲ့အရာတစ်ခုကို ရှာဖွေချင်လို့အများကြီးလုပ်ဖြစ်တာပါ”လို့သူကဆက်ပြောပါတယ်။

တော်လှန်ရေးခရီးလမ်းကိုလျှောက်လှမ်းသူတိုင်းကြုံတွေ့ရတဲ့စိတ်ဓာတ်ကျတဲ့အချိန်တွေကို မိထော်တစ်ယောက်လည်းကြုံတွေ့ရပါတယ်။

“ကျနေလည်းဘာမှမထူးဘူး။ ဒါကိုပုံမှန်လုပ်နေကျ။ ညီမရဲ့ normal life ညီမရဲ့သာမာန်ဘဝအဖြစ်ခံယူလိုက်တာ၊ ဒီနေ့မှာဒါလုပ်ရမယ်။ မနက်ဖြန်မှာဒါလုပ်ရမယ်စိတ်ဓာတ်ကျလိုက်လို့ဒီနေ့အလုပ်မပြီးရင်မနက်ဖြန်မှာပိုလုပ်ရမယ်ဆိုတဲ့စိတ်နဲ့ပဲ ကျော်ဖြတ်သွားတာပေါ့”လို့မိထော်ကသူ့ခံယူချက်ကိုပြောပါတယ်။

သူ့ရဲ့ငယ်ဘဝအိပ်မက်ကတော့ဆရာဝန်ဖြစ်ချင်ခဲ့တာပါ။ စာတွေအများကြီးလေ့လာပြီး ကျန်းမာရေးစောင့်ရှောက်မှု အလှမ်းဝေးတဲ့မဖွံဖြိုးသေးတဲ့ဒေသတွေကိုလမ်းဖွင့်ပေးချင်ခဲ့တာပါ။

ဆရာဝန်ဖြစ်ချင်တဲ့အိပ်မက်ကြောင့်ပဲ ပညာရေးကိုဦးစားပေးကာ ငယ်ဘဝတလျှောက်လုံးမှာ စာကိုပဲအာရုံစိုက်ခဲ့ပါတယ်။ တခြားကလေးတွေဆော့နေချိန်မှာတောင် စာပဲကျက်နေခဲ့တယ်။

ပန်းချီဆွဲတာ အနည်းငယ်တော့ဝါသနာပါပေမယ့် ပညာရေးကိုပဲအားစိုက်ဖြစ်ခဲ့တော့‌ နောက်ပိုင်းမှာ ပန်းချီတောင် မဆွဲဖြစ်ခဲ့ဘူး။

မြန်မာနိုင်ငံမှာနေထိုင်တဲ့အတွက် ကိုယ်တိုင်‌ရှေးရိုးဆွဲအယူအဆတွေနဲ့ပတ်သက်ပြီးကြုံတွေ့ရပါတယ်။ တချို့အခန်း ကဏ္ဏတွေမှာ အမျိုးသမီးတွေဦးဆောင်ရင်သိပ်ပြီး လိုက်မလုပ်ချင်ကြတာမျိုးတွေလည်းရှိတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံအပြင်တခြားနိုင်ငံတွေမှာလည်း ဖိုဝါဒကြီးစိုးမှုတွေကရှိနေပါသေးတယ်။ အမျိုးသမီးတွေကိုနေရာမပေးတာက ဖိုဝါဒကြီးစိုးမှုတွေကြောင့်ဖြစ်ပါတယ်လို့ မိထော်ကပြောပါတယ်။

တော်လှန်ရေးအောင်တဲ့အခါ မိထော်အနေနဲ့မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်ကာပညာသင်ခွင့်ရချင်တာကတော့ အဖြစ်ချင်ဆုံးဆန္ဒပါပဲ။

လက်ရှိတော်လှန်ရေးခရီးလမ်းမှာလျှောက်လှမ်းနေရတဲ့အတွက် အနာဂတ်နဲ့ပတ်သက်ပြီးသေချာမှုတွေမရှိတဲ့အတွက် အကောင်းဆုံးရှင်သန်ဖို့ကသာ အရေးကြီးဆုံးလို့ဆိုပါတယ်။

“ဘယ်နေ့ဘယ်အချိန်ဘာဖြစ်သွားမလဲဆိုတာလည်းမသေချာဘူး။ ညီမရဲ့ ရည်မှန်းချက်က အကောင်းဆုံးရှင်သန်ဖို့ပါပဲ။ ဘယ်အလုပ်ကိုဘယ်နေရာမှာပဲဖြစ်ဖြစ် ဝါသနာပါရာလုပ်ရသည်ဖြစ်စေ၊ ဝါသနာမပါရာလုပ်ရသည်ဖြစ်စေ အကောင်းဆုံးရှင်သန်နိုင်ဖို့ပဲ။ မနေ့ကငါထက် ဒီနေ့ငါက ပိုပြီးကောင်းလာတာလား မနက်ဖြန်ကျရင် ဒီထက်ပိုကောင်းတဲ့လူဖြစ်အောင်ကြိုးစားရမယ်ဆိုတော့ တရက်တရက် ဘယ်သူနဲ့မှ မနှိုင်းယှဉ်ဖြစ်ဘူး။ မနေ့က ငါထက် ဒီနေ့ငါကပိုပြီးကောင်းရမယ်။ ဒီနေ့ငါထက် မနက်ဖြန်ငါကပိုပြီးကောင်းရမယ်။ ရှေ့ဆက်ဖြတ်သန်းသွားမယ့်တလျှောက်လုံးအဲ့လိုစိတ်ပဲရှိပါတယ်”လို့မိထော်ကဆိုပါတော့တယ်။

Author:

Related Articles