ခင်ဘုန်းမို့
လက်လက်ဆတ်ဆတ် ကြော်ပြီးခါစ အာလူးတွေကို အအေးခံထားတဲ့ ဗန်းကြီးဘေးမှာ အာလူးကြော်ထည့်မယ့် အိတ်တွေထုတ်ပိုးသူက ထုတ်ပိုး၊ တံဆိပ်ကပ်သူက ကပ်နဲ့တက်ညီလက်ညီလုပ်ကိုင်နေကြပါတယ်။ ဒီလိုလုပ် ကိုင် နေသူတွေထဲ ရွှင်ရွှင်လန်းလန်းတက်တက်ကြွကြွလုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ရပါတယ်။
သူကတော့ အသက်(၃၅)နှစ်အရွယ်ရှိတဲ့ ဒေါ်ပန်းအိကိုကိုလို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးပါပဲ။ သူဟာ CMD မူလ တန်းကျောင်းအုပ် ဆရာမတစ်ဦးဖြစ်ပါတယ်။
၂၀၂၀ရွေးကောက်ပွဲမှာ တာဝန်ကျကြတဲ့ ပညာရေးအသိုင်းအဝိုင်းကို မဲမသမာမှုလုပ်တယ်လို့စွပ်စွဲတာကို မခံနိုင် တာကြောင့်ရယ်၊ အာဏာရှင်လက်အောက်ဒူးမထောက်ချင်တာရယ်ကြောင့် ဆရာမပန်းအိကိုကိုတစ်ယောက် CDM လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ(၅)ရက်နေ့မှာပညာရေးအင်အားစုတွေစုစည်းပြီးမအူပင်မြို့နယ်အနှံသပိတ်တွေစထွက်ခဲ့ကြပါတယ်။ သူကအာဏာမသိမ်းခင်တုန်းကကျောင်းဆရာမ အလုပ်အပြင် အထည်တွေ၊စားသောက်ကုန် တွေရောင်းခဲ့သူတစ် ဦးလည်း ဖြစ်ပါတယ်။ သပိတ်ထွက်ပြီး နာမည်စာရင်းပေါက်လို့ ရှောင်တိမ်းပြေးရတဲ့အခါ စီးပွားရေးတွေ လည်း ဆုံး ရှုံးသလို အသက်မွေးဝမ်းကျောင်းအလုပ်လည်းစွန့်လွှတ်ခဲ့ရတယ်။
ဆရာမပန်းအိကိုကို ကိုယ်တိုင် ပုဒ်မ ၅၀၅ နဲ့ဖမ်းဝရမ်းထုတ်ခံရတယ်။ သူအလုပ်လုပ် ကိုင်ခဲ့တဲ့ ပန်းတနော်မြို့ နယ် ကပညာရေးမှူးတွေ အစစ်ဆေးခံရတာ၊မိဘအိမ်တွေကို ဝင်ရောက်ရှာ ဖွေတာ၊တာဝန်ကျတဲ့ ရွာကိုဝင်ရောက် ရှာ ဖွေတာစတာတွေရှိခဲ့ပါတယ်။ ဆရာမကတော့ သပိတ်တွေမှာဦး ဆောင်ခဲ့ပြီးနောက် တိမ်းရှောင်နေခဲ့လို့အဖမ်း ဆီး မခံခဲ့ရတာဖြစ်ပါတယ်။ အဖမ်းဆီးခံရလုနီးပါးအခြေအနေ တွေနဲ့လည်းကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။
“တိမ်းရှောင်တဲ့အိမ်နားစစ်ကားတွေဝင်လာလို့ ညဘက်ကြီးနေကြားခင်းထဲပုန်းခဲ့ရတာတွေ၊ချောင်းကူးဖို့ လှေမရှိလို့ လက်ပစ်ကူးခဲ့ရတာတွေ၊ဧရာဝတီကနေ ရန်ကုန်ကိုပြေးလာတော့ မှတ်မှတ်ရရဖိနပ်မပါဘဲ ပြေးခဲ့ရတာ၊ လှိုင်သာယာရောက်မှ ဖိနပ်ဝယ်စီးရတဲ့အဖြစ်တွေ၊ အခက်အခဲတွေအများကြီးကြုံခဲ့ရတယ်”လို့ ဆရာမပန်း အိကိုကိုက သူ့ အတွေ့အကြုံကိုပြောပြပါတယ်။
အဲ့ဒီလိုရှောင်တိမ်းရင်း ရန်ကုန်ကနေ မြဝတီ၊ မြဝတီကနေ ကရင်ပြည်နယ်၊တပ်မဟာ(၆)၊ လေးကေ့ကော်လွတ် မြောက်နယ်မြေကို ရောက်လာခဲ့တာပါ။
လွတ်မြောက်နယ်မြေက စာသင်ကျောင်းမှာအားဖြည့်သင်ကြားရင်း တိုက်ပွဲတွေဖြစ်တော့ စစ်ရှောင်ဘဝကိုလည်း ဖြတ်သန်းခဲ့ရတယ်။တိုက်ပွဲတွေရပ်ချိန်မှာတော့ ထိုင်းနိုင်ငံမဲဆောက်ကိုကူးလာခဲ့ပါတယ်။
ထိုင်းဘက်ကိုရောက်တဲ့အချိန်မှာလည်းစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ထိုင်းဘက်ကိုစရောက်ချိန်မှာ ရွေ့ ပြောင်း ကျောင်းတွေမှာ volunteer အနေနဲ့စာဝင်သင်ခဲ့တယ်။ နေထိုင်ရေးအတွက် အထောက် အထားခိုင်လုံမှုရှိမှ အဆင်ပြေမှာဖြစ်တဲ့အတွက် (၁၀)နှစ်ခံဘတ်ရိုက်ဖို့အတွက် ပွဲစားကနေတစ်ဆင့် ဖောင်တွေ ဖြည့်ထားခဲ့ပါတယ်။
တရက် အပြင်သွားရင်း ရဲစစ်တဲ့အခါ ဖြည့်ထားတဲ့စာရွက်စာတမ်းတွေကိုထုတ်ပြတော့ ဖောင်စာရွက် တွေကအတု ဖြစ်နေတာကြောင့်ထိုင်း လဝကရုံးက တရားစွဲတာကိုခံရပြီးထောင်ကျခဲ့တယ်။ CDM ပညာရေးအသိုင်းအဝိုင်းရဲ့ ကူညီပေးမှုကြောင့် ထောင်ထဲမှာ(၁၅)ရက်ပဲနေရပြီး အာမခံနဲ့ပြန်လွတ်လာခဲ့တာပါ။ မဲဆောက်တရားရုံးမှာ တရားမဝင် ခိုးမှု၊ တရားမဝင်စာရွက်၊ မှတ်ပုံတင်ကိုင်မှုတွေနဲ့ တရားစွဲခံရပြီးထောင်ချခံရမယ့်အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
မြန်မာငွေသိန်း(၁၅၀)လောက်ကုန်တဲ့အပြင် ထောင်ကျနိုင်မှာဖြစ်တော့ အမှုကိုထပ်ဖြေရှင်းစရာပိုက်ဆံလည်း မရှိတော့တဲ့အခါ မဲဆောက်ကနေ ကရင်ပြည်နယ်ထဲကိုပြန်ထွက်ပြေးလာခဲ့ရပါတယ်။ တရားရုံးမှာ အမှုကိုပြီးဆုံး အောင် မဖြေရှင်းနိုင်တဲ့အတွက် ဝရမ်းထုတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။
“အဲ့အချိန်ကစပြီး ကျွန်မထိုင်းနိုင်ငံမှာလူသိရှင်ကြားနေလို့မရ၊ သွားလာလို့မရတဲ့အခြေအနေတွေဖြစ်လာခဲ့ရတယ်။ အခုနေတာကလည်း မြန်မာနဲ့ထိုင်းနယ်နိမိတ်ရွာလေးတစ်နေရာမှာ ခိုလှုံနေထိုင်ရုန်းကန်နေပါတယ်” လို့ဆရာမ ကပြောပါတယ်။
လက်ရှိမှာ ဘဝတူ CDM ဆရာမတွေနဲ့အတူနေထိုင်ပြီး ဖက်ဒရယ် ကျောင်းတွေမှာ Online ကနေစာသင်တာ၊ မြေ ပြင်မှာလည်းရွေ့ပြောင်းနဲ့စစ်ဘေးရှောင်ကလေးတွေကိုစာသင်ပေးနေတာတွေပြုလုပ်နေပါတယ်ဒါ့အပြင် CDM ဆ ရာမတွေနဲ့အတူအာလူးကြော်၊ငှက်ပျော်ကြော်၊ငါးခြောက်ကြော်၊ပုဇွန်ခြောက်ကြော်၊သရက်သီးသနပ်တွေကို“ဟီး ရိုး”အမှတ်တံဆိပ်နဲ့ရောင်းချနေပါတယ်။ရတဲ့အမြတ်တွေကိုစားဝတ်နေရေးအတွက်အသုံးပြုသလိုတဖက်မှာလည်းတော်လှန်ရေးအတွက် လှူဒါန်းနေပါတယ်။
“ကိုယ့်နိုင်ငံ၊ကိုယ့်နေရာ၊ကိုယ့်ဒေသမဟုတ်တော့ အစစအရာရာအဆင်မပြေဘူးပေါ့။ ခက်ခဲမှုတွေရှိပါတယ်။ ကိုယ့် ရပ်ရွာဒေသမှာ ဘယ်လောက်ပဲဈေးရောင်းကျွမ်းကျင်ပါစေ၊နေရာအသစ်မှာ လူသစ်၊လူပေါင်းစုံနဲ့ကာလံ ဒေသံ ကို ကြည့်ပြီး အလျင်းသင့်သလိုလုပ်ကိုင် စားသောက်နေထိုင်နေရပါတယ်”လို့ ဆရာမပန်းအိကိုကိုကဆိုပါတယ်။
အရင်ကဆိုကိုယ့်ရာထူးကိုယ့်ဘဝ မိသားစုနဲ့အတူ စားချင်ရာစား စိတ်လွတ်ကိုယ်လွတ်ပေါ့ပေါ့ပါးပါးနေရတဲ့ ဘဝကနေ အာဏာသိမ်းမှုကြောင့် သူများနိုင်ငံထဲမှာ ကျီးလန့်စာစား ပုန်းလျှိုးကွယ်လျှိုးလုပ်ကိုင် စားသောက်နေ ရတဲ့ ဘဝက အဆပေါင်းများစွာပင်ပန်းပါတယ်။
“ကိုယ့်ဘဝကိုယ်ဒီလိုဖြစ်မယ်လည်းမထင်ခဲ့ဘူး။တွေးတိုင်းဝမ်းနည်းအားငယ်စိတ်ခံစားရတယ်။ အရင်ကဆို ကား၊ ဆိုင်ကယ်စီးပြီးနေလာခဲ့တဲ့ဘဝကနေ အခုလိုဆင်းရဲစုတ်ပြတ်နုံချာတဲ့ဘဝဆိုတော့၊ facebook ကသူငယ်ချင်း တွေ ဘဝမြင်ရင် ကိုယ့်ဘဝကို သိမ်ငယ်မိသလိုခံစားနေရတယ်”လို့သူကဆက်ပြောပါတယ်။
ဒါပေမယ့် ဒီလိုအဖြစ်တွေနဲ့ရင်ဆိုင်ရလည်း CDM လုပ်ခဲ့တဲ့အပေါ်နောင်တမရခဲ့ပါဘူး။
“ကျွန်မလိပ်ပြာလုံချင်တယ်။ကျွန်မ ဘဝမလှပေမယ့်ကျွန်မသမိုင်းလှခဲ့ပါတယ်။အဲ့အတွက်ကြောင့် တခါတရံ စိတ်မကောင်းရုံကလွဲပြီး ကျန်တာတော့ ဘာမှမခံစားရပါဘူး”လို့ ဆရာမ ပန်းအိကိုကိုကပြောပါတယ်။
CDM သာမလုပ်ခဲ့ရင် အခုအချိန်လောက်ဆို မြို့ကျောင်းတစ်ခုမှာ ရာထူးတစ်ခုရောက်နေလောက်မယ့် အခြေအနေပါ။
သူဟာအာဏာမသိမ်းခင်ကာလတွေထဲကအိမ်တွင်းအကြမ်းဖက်မှုတွေ၊အမျိုးသမီးတွေအပေါ်ခွဲခြားမှုတွေမှာအမျိုးသမီးတွေဘက်ကရပ်တည်ခဲ့ပြီး ကျား၊မတန်းတူရေးအတွက် တက်ကြွစွာပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ဆရာမရဲ့ ပတ်ဝန်းကျင်က တပည့်လေးတွေကိုလည်း လိင်စိတ်ခံယူမှုအပေါ်မှာမခွဲခြားဖို့အမြဲလမ်းညွှန်ပေးခဲ့တယ်လို့ဆိုပါ တယ်။
ကိုယ်တိုင်လည်း အမျိုးသမီးဖြစ်တဲ့အတွက် တော်လှန်ရေးခရီးလမ်းကိုခြေချချိန်မှာ အခက် အခဲတွေ စိန်ခေါ် မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ စစ်ဘေးရှောင်တဲ့အချိန်တုန်းက နေရေး၊ထိုင်ရေး၊သွား ရေးလာရေး တွေမှာ အမျိုးသမီးဖြစ်တဲ့ အတွက် အခက်အခဲတွေရင်ဆိုင်ခဲ့ရပါတယ်။
သူရဲ့ငယ်ဘဝအိပ်မက်ကတော့ ဆရာဝန်၊ အဆိုတော်ဖြစ်ချင်ခဲ့တာပါ။ ဖခင်ဖြစ်သူက စန္ဒယား ဆရာဆိုတော့ အနုပညာသွေးကပါနေခဲ့တယ်။ ဒါပေမယ့် မိခင်ဖြစ်သူရဲ့ကျောင်းဆရာမဖြစ်စေချင်တဲ့ဆန္ဒကြောင့် ကျောင်းဆရာမအလုပ်ကိုပဲ ရွေးချယ်ခဲ့တာလို့ပြောပါတယ်။
ကျောင်းဆရာမ ဘဝရောက်တော့လည်း အလုပ်အပေါ်တန်ဖိုးထားကာ ဧရာဝတီတိုင်းကရွာလေးတစ်ခုက မူလ တန်း ကျောင်းမှာတာဝန်ထမ်းရာက မူလတန်းကျောင်းလေးကနေ အလယ်တန်းအဆင့်ထိ ရောက်အောင်ကြိုးစားပေးခဲ့တဲ့ သမိုင်းမှတ်တိုင်တွေလည်းရှိခဲ့ပါတယ်။
“ဒီရွာကလူတွေကကိုယ့်နာမည်ကြားလိုက်တာနဲ့ကိုယ့်ကိုသတိရနေပြီးတော့ လေးစားနေတဲ့ပုံစံမျိုးဖြစ်ခဲ့တယ်”လို့ ဆိုပါတယ်။
သူဟာကျောင်းဆရာမ မဖြစ်ခင် တက္ကသိုလ်ကျောင်းသူဘဝတုန်းကတည်းက မတရားမှုကို မမြင်ကွယ် မပြု တက် တဲ့စိတ်နဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာပါဝင်ခဲ့တယ်။ဆရာများသမဂ္ဂမှာပါဝင်ခဲ့ပြီး ပညာရေး အသိုင်းအဝိုင်း အတွက် ဆောင်ရွက်ခဲ့တယ်။ပရဟိတအသင်းတစ်ခုမှာလည်း အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ကာ လူမှုကူညီရေးတွေကိုဆောင်ရွက်ခဲ့ပါသေးတယ်။
ဒီလိုမျိုးမတရားမှုတွေကို တွန်းလှန်ကာ လူမှုရေးလုပ်ငန်းတွေမှာတက်ကြွတဲ့ ကျောင်းဆရာမ အမျိုးသမီးဟာ တော် လှန်ရေးခရီးကြမ်းကိုရှေ့ဆက်လျှောက်လှမ်းရင်း အိမ်ပြန်ရမယ့်နေ့ကို စောင့်ဆိုင်းနေပါတယ်။
“အဖြစ်ချင်ဆုံးက တော်လှန်ရေးအမြန်အောင်ဖို့ပဲဆုတောင်းတယ်။တော်လှန်ရေးအောင်မှပဲ အိမ်ကိုပြန်ရမှာ ဖြစ် တယ်။တော်လှန်ရေးအောင်မှပဲ ကိုယ်လုပ်ချင်တာတွေလုပ်ခွင့်ရမယ်။ ကိုယ့်နိုင်ငံကို ကိုယ်ပြန်ဝင်လို့ ရမယ် ဆိုတဲ့ အတွက်ကြောင့်မို့လို့အခုအဖြစ်ချင်ဆုံးကတော်လှန်ရေးအမြန်အောင်ပြီးတော့ ကိုယ့်ရပ်ကိုယ့်ဌာနီကိုယ့်မိဘ ကိုယ့် မိသားစုဆီကိုပြန်ချင်တဲ့ကိစ္စ အဓိက နိုင်ငံရေးအောင်မှပြန်လို့ရမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်မရဲ့ဆန္ဒက တော် လှန်ရေးအမြန်အောင်ဖို့ပဲဆန္ဒရှိတယ်”လို့ဆရာမ ပန်းအိကိုကိုက ဆိုပါတယ်။
အာဏာသိမ်းမှုကြောင့် တဖက်နိုင်ငံကိုထွက်ပြေးတိမ်းရှောင်နေရတဲ့ CDM ကျောင်းဆရာမတွေဟာ စက်ချုပ် တာ ၊သိုးမွှေးထိုးတာ စတဲ့လက်မှုပညာတွေနဲ့အသက်မွေးဝမ်းကျောင်းပြုနေကြသလို စားသောက်ကုန်တွေ ရောင်း ချပြီး လည်း အသက်မွေးဝမ်းကျောင်းပြုနေကြပါတယ်။
ပြည်တွင်မှာလည်း ဖမ်းဆီးထိန်းသိမ်းခံရတဲ့ CDM ကျောင်းဆရာမတွေဟာ စစ်ကောင်စီရဲ့ ထောင်ဒဏ်နှစ်ရှည် ချ မှတ်တာတွေကိုခံနေကြရပါတယ်။
စစ်ကောင်စီဘက်ကတော့ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ဆရာ၊ဆရာမတွေအနက် (၅၀)ကျော်ရှိတယ်လို့ နေပြည် တော်မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ဒါ့အပြင်စစ်ကောင်စီလက်အောက်မှာ အလုပ်ပြန်ဝင်ဖို့သတင်းပို့ဆက်သွယ်လာတဲ့ ဆရာ၊ဆရာမ (၂၄၈၂)ဦးရှိ တယ် လို့ နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့်ထုတ်ပြန်ထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပြီး CDM လှုပ်ရှားမှာမှာပါဝင်တဲ့ ဆရာ၊ဆရာမ လေးသိန်းကျော်ရှိတယ်လို့ အမျိုး သားညီညွှတ်ရေးအစိုးရက ပြောဆိုထားပါတယ်။
ဆရာမပန်းအိကိုကိုကတော့“စိတ်ညစ်စရာ၊စိတ်ဓာတ်ကျစရာတွေရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။စိုးရိမ်ကြောက်လန့်မှုတွေ၊ သေချင်လောက် အောင်စိတ် ဒဏ်ရာတွေရခဲ့တယ်။ ဒါပေမယ့် ဒီဒုက္ခတွေဟာခဏပါပဲ၊ ရောင်နီလာမယ့် အောင် မြင်မယ့်တစ်နေ့ ကို မျှော်လင့်ရင်း အသက်ရှင်အောင်ကြိုးစားရုန်းကန်နေပါတယ်””လို့ပြောပါတယ်။