Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇွန်လ(၁၀)ရက်မှ(၁၅)ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြပေးလိုက်ပါတယ်။

အမျိုးသမီးများကိုပါ စစ်သားစုဆောင်းနေ၍ ကန့်ဘလူနှင့်ကျွန်းလှဒေသခံများ ထွက်ပြေးတိမ်းရှောင်

စစ်ကိုင်းတိုင်း၊ကန့်ဘလူနဲ့ကျွန်းလှမြို့နယ်မှာ အမျိုးသမီးတွေကိုပါစစ်မှုထမ်းဖို့ ခြိမ်းခြောက်ခံနေရတဲ့အတွက် ထွက် ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံအမျိုးသမီးတွေနဲ့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

ပျူစောထီးခေါင်းဆောင် ဆရာတော်ဦးဝါသဝနဲ့ သစ်ရာမြိုင်ရွာရပ်ကျေးအုပ်ချုပ်ရေးမှုးက ဦးဆောင်ပြီးစစ်သားစု ဆောင်းနေကာ အမျိုးသမီးတွေကိုပါစစ်မှုထမ်းဖို့ ဖိအားပေးနေတာဖြစ်ပါတယ်။

“အမျိုးသားမရှိရင် အမျိုးသမီးဝင်ရမယ်လို့ ခြိမ်းခြောက်တာတွေရှိတယ်။ ကျွန်မတို့ တရွာလုံးက တစ်ယောက်မှမဲ မနှိုက်ကြဘူး။ မနှိုက်ရဲကြလို့ တရွာလုံးနီးနီးကို အကုန်စွန့်ထွက်ပြေးကြရတာ”လို့ ထွက်ပြေးလာတဲ့ အမျိုး သမီး တစ်ဦးကပြောပါတယ်။

ဒီလိုဖိအားပေးခံနေရတာကြောင့်ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အရှေ့ဘက်ခြမ်းရှိ ကျောက်အိုင်၊‌ တပေါင်၊ ငှက် ပျောတော၊ ငါးဘတ်အိုင်၊ သံဘို၊ ဘိုကုန်း၊ စံပြ၊ ကျီကုန်း၊ ရွာသီ၊ ဇီး‌တောနဲ့ ချောင်းကွေ့ရွာတို့က ပြည်သူ ၁၀,၀၀၀ ခန့် ‌ထွက်ပြေးတိမ်း‌ရှောင်နေကြရတယ်လို့သိရပါတယ်။

Source – Mizzima

ILO အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ်ဒေါ်ဖြိုးစန္ဒာစိုးရွေးချယ်ခံရ

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ရဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး ရွေးချယ်ခံ ခဲ့ရပါတယ်။

၂၀၂၄ခုနှစ်မှ  -၂၀၂၇ခုနှစ် သက်တမ်းအတွက် ILOရဲ့ အုပ်ချုပ်ရေးအဖွဲ့ (Governing Body) အဖွဲ့ဝင်များ ရွေးချယ် မှုကို ဇွန် ၁၀ ရက်က   မဲပေးဆုံးဖြတ်ခဲ့တာဖြစ်ပြီး အလုပ်သမား ကိုယ်စားလှယ် စုစုပေါင်း ၁၂၆ဦးမှ မဲခွဲဆုံးဖြတ်ရာ  ၉၃မဲဖြင့် CTUM ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ရွေးချယ်ခံရတာဖြစ်ပါတယ်။

ဒေါ်ဖြိုးစန္ဒာစိုးဟာ NUG ဦးဆောင်သော  သုံးပွင့်ဆိုင်(အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား) မှ ကိုယ်စားပြု အမည်စာရင်း တင်သွင်းကာ မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့အစည်းကိုယ်စားပြုအဖြစ် တတ်ရောက်နေတာ ဖြစ် ပါတယ်။

Source – People’s Spring

နိုင်ငံတကာအလုပ်သမားသမဂ္ဂ အခွင့်အရေးဆု (Arthur Svensson’s International Prize) ဒေါ်ခိုင်ဇာအောင်ရရှိ

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံ (ILC)မှာ နော်ဝေနိုင်ငံ အလုပ်သမားသမဂ္ဂက ၂၀၂၄ ခုနှစ် နိုင်ငံတကာအလုပ်သမားသမဂ္ဂ အခွင့်အရေးဆု (Arthur Svensson’s International Prize) ဆုကို ဒေါ်ခိုင်ဇာအောင်ကို ပေးအပ် ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ဒေါ်ခိုင်ဇာအောင်ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) အဖွဲ့ဝင် မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်(IWFM)  ဥက္ကဋ္ဌ ဖြစ်ပါတယ်။ 

စစ်အာဏာရှင် လက်အောက်က မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်နဲ့  အလုပ်သမား အခွင့်အရေး  ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး  နိုင်ငံတကာက အလုပ်သမား သမဂ္ဂအဖွဲ့အစည်းတွေအကြား သွေးစည်း  ညီညွတ်မှုနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်လာရေး ကြိုးပမ်းမှုတွေအတွက် နော်ဝေနိုင်ငံ အလုပ်သမားသမဂ္ဂ က နိုင်ငံတကာအလုပ်သမားသမဂ္ဂ အခွင့်အရေးဆု (Arthur Svensson’s International Prize for Trade Union Rights-2024) ကို ၂၀၂၄ ခုနှစ်၊ ဧပြီလက  ချီးမြှင့်ခဲ့တာလို့ သိရပါတယ်။ 

Source – MyanmarLabourNews

ရန်ကုန်မှာ အမျိုးသမီးများ စစ်မှုထမ်းဖို့ နာမည်စာရင်းမပေးပါက ဖမ်းဝရမ်းထုတ်မည်ဟု စစ်တပ် ခြိမ်းခြောက်

ရန်ကုန်မြို့မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အမျိူးသမီးတွေကို စတင်ပြီး အဓမ္မ စာရင်းကောက်ယူနေတယ်လို့သိရှိ ရပါတယ်။

အမျိုးသမီးတွေအနေနဲ့ရပ်ကွက်ရုံးကို မဖြစ်မနေလာရမယ်လို့ဆိုကာ ရပ်ကွက်အာဏာပိုင်တွေကလာ ရောက်ခေါ် ယူနေပါတယ်။အိမ်ထောင်ရှင်အမျိုးသမီးလည်း နာမည်စာရင်းပေးရမည်ဖြစ်ပြီး နာမည်စာရင်းလာမပေးရင် ဖမ်း ဝရမ်းထုတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုကာ နာမည်စာရင်းကောက်သွားတယ်လို့ရန်ကုန်မြို့မှာနေထိုင်တဲ့ သတင်း အရင်း အမြစ်ကပြောပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းအပါတ်စဉ် (၅)မှ အမျိုးသမီးများကိုစတင်ခေါ်ယူမည်ဟုပြောဆိုသော်လည်း မြေပြင်မှာ တော့ အမျိုးသမီးတွေကို အဓမ္မနာမည်စာရင်းကောက်ပြီး ခြိမ်းခြောက်ပြောဆိုနေပါတယ်။

Source – AAMIJ

ရှင်ဒေဝီ အမျိုးသမီးသတင်းသမားစွမ်းဆောင်ရည်ဆုချီးမြှင့်ခံရ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် နိုင်ငံတကာ အမျိုးသမီးသတင်းမီဒီယာဖောင်ဒေးရှင်းက ပေး အပ်တဲ့ ထောင်တွင်း မတရားအကျဉ်းချခံနေရတဲ့ အမျိုးသမီးသတင်းသမားတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ Wallis Annenberg လို့ခေါ်တဲ့ ဆုကိုရှင်ဒေဝီက ရရှိသွားပါတယ်။

မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာရှင်ဒေဝီဟာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ထောင်ဒဏ်တစ်သက် တစ် ကျွန်း ချခံထားရတာဖြစ်ပါတယ်။

ရှင်ဒေဝီဟာ မြန်မာနိုင်ငံက မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ အမျိုးသမီးတွေထဲမှာ ရှေ့ဆောင်လမ်းပြ တစ်ဦး လည်း ဖြစ် တယ်လို့ နိုင်ငံတကာ အမျိုးသမီးသတင်းမီဒီယာဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်မှာ ရိုက်ကူးရေးလုပ်ဖို့ အွန်လိုင်းကမှာထားတဲ့ ဒရုန်းတစ်ခုကို သွားယူချိန် လမ်းမှာစစ်ကောင်စီ တပ်သားတွေရဲ့ ဖမ်းဆီးတာခံလိုက်ရပါတယ်။အဲဒီနောက်အင်းစိန်ထောင်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် တစ်သက်တစ်ကျွန်းထောင်ဒဏ် ချမှတ်ခံထားရတာပါ။

Source – RFA

စဉ့်ကူးတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးမိခင် CDM ဆရာမသေဆုံး

မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် CDM ကျောင်းဆရာမ တစ်ဦး သေဆုံးခဲ့ပြီးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်။

ဇွန်လ ၁၁ ရက်နေ့ နံနက် ပိုင်းက        စဉ့်ကူးမြို့၊ ထိုးကြီးကျေးရွာမှ စစ်ကောင်စီတပ်က ၈၁ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ထီးကုန်းကျေးရွာမှ အသက် ၄၀ နှစ်အရွယ် CDM ကျောင်းဆရာမဒေါ်ဇင်မေဝင်းရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ခွဲတာဖြစ်ပြီး ကျောင်းဆရာမရဲ့ဖခင်ဖြစ်သူဒဏ်ရာရကာ လသားအရွယ်ကလေးငယ် တစ်ဦးကျန်ခဲ့ ပါတယ်။

ဒဏ်ရာရရှိသူနှစ်ဦးကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ဒေသခံ တွေကပြောပါတယ်။

Source – Mizzima

ဧရာဝတီတိုင်း၌ လူမှုကွန်ရက်ပေါ် လှုံ့ဆော်စာရေးမှုဖြင့် အမျိုးသမီးတွေဖမ်းဆီးခံရ

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မေလအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ် နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်တဲ့စာတွေ ရေးတင်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက ဒေသခံ ၁၉  ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရ ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အမျိုးသား ၁၇ ယောက်နဲ့ အမျိုးသမီး ၂ ယောက် စုစုပေါင်း ၁၉ ယောက်ဖြစ်ပြီး ဟင်္သာတနဲ့ မြောင်းမြခရိုင်ထဲက မြို့နယ်တွေထဲကနေ အများဆုံး ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

မေ ၁ ရက်မှ ၃၁ ရက်အထိ တလအတွင်း ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ မအူပင်၊ ဖျာပုံ၊ လပွတ္တာ စတဲ့မြို့နယ်တွေက ဒေသခံ ၁၉ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်စာတွေ ရေးတင်တာကြောင့်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

Source – DVB

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်လုံးကျွတ် သံမဏိနှင်းဆီသပိတ်ဆင်နွှဲကြရန် နှိုးဆော်

ဇွန်လ(၁၉)ရက်နေ့မှာကျရောက်မယ့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့ မှာ ပြည်လုံးကျွတ် သံမဏိနှင်းဆီသပိတ်ဆင်နွှဲကြဖို့  အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) က နှိုးဆော်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း အာဏာရှင်အဆက်ဆက်ရဲ့ အဓမ္မ ဖိနှိပ်၊ အကျဉ်းချမှုကို နှစ်ပေါင်းများစွာ ခံခဲ့ရပြီးတော့ အခုအချိန်မှာလည်း အာဏာသိမ်း ဖက်ဆစ်တပ်ရဲ့ အဓမ္မ ဖမ်းဆီး အကျဉ်းချ ခံထား ရကာ ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားတွေထဲက တစ်ဦးဖြစ်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်မို့ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံ ရေးအကျဉ်းသား သူရဲ ကောင်းများစွာရဲ့ ဝိသေသ လက္ခဏာက စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုန့်ပြန်” ခဲ့ကြတာပဲဖြစ်ပြီးတော့ အာဏာ ရှင်စနစ် ဆန့်ကျင်ရေး ယုံကြည်ချက်အပေါ်မှာ မယိမ်းမယိုင် မြဲမြံစွာ စွဲကိုင်ခဲ့သလို ပန်းနဲ့ အမြဲတွဲမြင်ရလေ့ရှိတဲ့ ဒေါ် အောင်ဆန်းစုကြည်ကို “သံမဏိ နှင်းဆီ” လို့ ကမ္ဘာက ဂုဏ်ပြုညွှန်းဆိုလေ့ရှိတယ်လို့လည်း GSCB က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့ စွဲချက်တင်ခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ကျခံနေရတာာ ဖြစ်ပါတယ်။

Source –  DVB

Author:

Related Articles