Home သတင်း စစ်တွေမြို့ ဗျိုင်းဖြူရွာကအမျိုးသမီး ၃ဦးကိုစစ်ကောင်စီတပ်အဓမ္မပြုကျင့်ပြီး ၁ဦးကိုသတ်ခဲ့

စစ်တွေမြို့ ဗျိုင်းဖြူရွာကအမျိုးသမီး ၃ဦးကိုစစ်ကောင်စီတပ်အဓမ္မပြုကျင့်ပြီး ၁ဦးကိုသတ်ခဲ့

စစ်တွေမြို့ ဗျိုင်းဖြူရွာက အမျိုးသမီး၃ဦးကို စစ်ကောင်စီတပ်က အဓမ္မပြုကျင့်ပြီးနှစ်ဦးကိုပြန်လွှတ်ပေးခဲ့ပြီး အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မေလ ၂၉ ရက်နေ့မှာ စစ်တွေမြို့ ဗျိုင်းဖြူရွာကို ဝိုင်းဝန်းပိတ်ဆို့ထားပြီး ရွာရှိအမျိုးသား တွေအားလုံးကို ဖမ်းဆီးခဲ့ပြီးတော့ အမျိုးသမီးသုံးဦးကို ထမင်းချက်ဖို့ ခေါ်ဆောင်သွားခဲ့တယ်လို့ အမျိုးသမီး တစ်ဦးက ဆိုပါတယ်။

“ထမင်းချက်ခိုင်းဖို့ဆိုပြီး ခေါ်သွားတယ်။ ပြီးတော့ မုဒိမ်းကျင့်ပြီးနှစ်ယောက်ကို ပြန်လွတ်လိုက်တယ်။ ကျန်တဲ့ တစ်ယောက်ကိုတော့ သတ်ပစ်လိုက်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးမှာ ကလေးတစ်ယောက်မိခင် အိမ်ထောင်သည် ဖြစ်ပြီး ပြန်လွတ်လာသူနှစ်ဦးကတော့ အပျိုတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဗျိုင်းဖြူရွာက ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီးနောက် ရွာကနေအိမ်တွေကိုလည်း မီးရှို့ခဲ့ပြီး ရွာကအမျိုး သမီး၊ သက်ကြီးရွယ်အိုတချို့နှင့် ကလေးငယ်တွေကို မေလ ၃၁ ရက်မှာ စစ်တွေမြို့ထဲဝင်္ကဘာကွင်းကို ပို့ခဲ့တယ် လို့ ဗျိုင်းဖြူရွာက အမျိုးသမီးတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်ကလည်း  ရခိုင်ပြည်နယ် မင်းပြားမြို့နယ် င/တန်ပျင်းကျေးရွာက အမျိုးသမီး တစ် ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးက အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့ကြောင်း မုဒိမ်းကျင့်ရာမှာ ပါဝင်ခဲ့တဲ့ စစ် ကောင်စီတပ်ဖွဲ့ဝင် တပ်သား ကိုကိုအောင် က ဝန်ခံထားပါတယ်။

ရခိုင်မှာဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကာလအတွင်း အမျိုးသမီးတွေဟာ မည်သည့်အကာကွယ်မှ မရရှိဖြစ်နေကြပြီး ဒုက္ခမျိုးစုံကို ခံစားနေကြရတယ်လို့ စစ်ရှောင်အမျိုးသမီးတွေက ဆိုပါတယ်။

Author:

Related Articles