Home သတင်း ပုံးဖာမှောက်ဆင် ပဲ့ကိုင်ရှင်

ပုံးဖာမှောက်ဆင် ပဲ့ကိုင်ရှင်

ဒေဝီ။ ။

 ပုံး ဖာ မှောက်ဆင်

 တို့ လှတုန်းကို မြင်ပတဲ့အောင်၊

ငါးမျိုးဆင် ပုဝါပြောက်မှာ၊

အဖာတွေ တရာလောက်ကို၊

ဟော-မြှောက်လို့ ပြစမ်း။……။

      ဒသမတန်းဖတ်စာမှာသင်ခဲ့ရတဲ့ “အကျွန်တို့လယ်ကောက်စိုက်တုန်းက” အမည်ရှိ ဟန်ချင်းကဗျာ မှာအမည်မသိရှေးစာဆိုတစ်ဦးက ကောက်စိုက်သမလေးတွေ  ရှိသမျှပစ္စည်းနဲ့လှပအောင်ဆင်ယင်ပုံကို ဖော်ကျုး ရေးသားထားတယ်။

    မိန်းကလေးတွေက ရှိသမျှနဲ့လှအောင်အစွမ်းကုန်ပြင်ဆင်တယ်လို့ ဆိုတဲ့အခါ “ပုံးဖာမှောက်ဆင်”လို့ တင်စား ခေါ်ဝေါ်လေ့ရှိကြတယ် ။    

     “ပုံးဖာမှောက်ဆင်” ဆိုတဲ့ စကားကြားတိုင်း  မသူဇာတစ်ယောက် ဖျင်အပိုင်းအစတွေနဲ့ ဟိုတစ်ကွက် ဒီတစ်ကွက် စပ်ချုပ်ထားတဲ့   Patchwork လို့ခေါ်တဲ့ စပ်အင်္ကျီအဝတ်အထည်တွေ ကိုမျက်စိထဲမြင်မိတယ်။

     အရင်ခေတ်အမျိုးသမီးတွေက အဝတ်အစားချုပ်ပြီးတဲ့အခါပိုတဲ့ ဖျင်စ အပိုင်းအစတွေကို သိမ်းဆည်းထားပြီး စပ်ထဘီ စပ်အင်္ကျီတွေချုပ်လုပ်ဝတ်ဆင်လေ့ရှိကြပါတယ်။ဒါပေမယ်ခေတ်ကာလ တဖြည်းဖြည်း ပြောင်းလာတဲ့ နောက်  စပ်ထဘီ၊ စပ်အင်္ကျီတွေ ကို ဝတ်ဆင်တာမရှိသလောက်ဖြစ်လာကြတယ်။

     ငယ်စဉ်ကတည်းက အချုပ်အလုပ်ဝါသနာပါပြီး ဆန်းဆန်းပြားပြားဆိုဝတ်ချင် တီထွင်ချင်တဲ့ မသူဇာက အသုံးမလိုတော့ဘဲ ပစ်ရမယ့် ဖျင်စတွေကို လှလှပပ ပြန်လည်ချုပ်လုပ်ဝတ်ဆင်ဖို့ စိတ်ကူးရှိခဲ့တယ်။

     “ရှိသမျှနှင့်လှအောင်ပြင်ဆင်သည်တဲ့ အဓိပ္ပါယ်ကိုက Patchwork (စပ်အင်္ကျီအဝတ်အထည်) ကိုရည်ညွှန်းနေ သလိုပဲ” လို့ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့မှာ နေထိုင်တဲ့ အသက်၂၆နှစ်အရွယ် မသူဇာကပြောတယ်။

   ကိုယ်တိုင်စက်ချုပ်လုပ်ငန်းလုပ်ကိုင်တဲ့အခါမှာတော့ မသူဇာက သူ့ဆီမှာ အထည်လာအပ်လို့ ချုပ်လုပ်ပြီး ပိုတဲ့ ဖျင်စတွေကို သိမ်းဆည်းပြီး အမျိုးအစားတူရာဖျင်စလေးတွေတွဲစပ်ကာ အင်္ကျီ၊စကပ်လေးတွေ ချုပ်ဝတ်သ လို၊လိုက်ကာအခင်းလေးတွေလည်း ချုပ်လုပ်လေ့ရှိပါတယ်။

     အထည်လာအပ်သူတွေလိုချင်တဲ့ဒီဇိုင်းတွေကိုချုပ်လုပ်ပေးရင်း ၂၀၂၀မှာ ပုံးဖာမှောက်ဆင်အမည်နဲ့ ပြည်တွင်း ဖြစ် အဝတ်အထည် Local Brand တစ်ခုထုတ်လုပ်ရောင်းချခဲ့တယ် ။

       ပုံးဖာမှောက်ဆင်အမည်နဲ့အဝတ်အထည်တွေချုပ်လုပ်ရောင်းချပေမယ့် Patchwork (စပ်အင်္ကျီအဝတ် အထည်)တွေကိုတော့ မချုပ်ဖြစ်သေးပါဘူး။သူ့အဝတ်အစားထုတ်ကုန်ထဲက ဘောင်းဘီကိုကြေငြာတဲ့အခါမှာ အပေါ်က စပ်အင်္ကျီလေး တထည် ကိုတွဲဖတ်ဝတ်ဆင်ပြီး လူမှုကွန်ယက်ပေါ်တင်ခဲ့တယ်။

     သူ့ဝတ်ဆင်ထားတဲ့ စပ်အင်္ကျီလေးကို သတိထားမိလာကြပြီး မေးမြန်းမှုတွေရှိလာတဲ့အခါ  Patchwork (စပ်အင်္ကျီ  အဝတ်အထည်)တွေကို ချုပ်လုပ်ရောင်းချဖို့ စိတ်ကူးရလာခဲ့ပြီး စျေးကွက်ဝင်အောင် ကြိုးစားခဲ့တယ်။

   ဒါပေမယ့် သူချုပ်လုပ်ခဲ့တဲ့ စပ်အင်္ကျီအဝတ်အထည်တွေက ဟိုတကွက်ဒီတကွက်နဲ့တွဲစပ်ချုပ်ထားတော့ အမြင် တမျိုးဖြစ်နေတဲ့အတွက်  မကြိုက်သူတွေလည်းရှိကြပါတယ်။သူ့စပ်အင်္ကျီတွေအဝတ်အထည် တွေကို မလှဘူး မကြိုက်ဘူးလို့ ဝေဖန်မှုတွေရှိပေမယ့် လက်မလျှော့ပဲ ဆက်လက်လုပ်ဆောင်တဲ့အခါ တဖြည်းဖြည်းနဲ့ လူကြိုက် များ လာတယ်။

    “ဈေးကွက်ထဲရောက်စကတော့ ကိုယ်နဲ့ ရင်းနှီးသူတွေကတောင် ဒါမျိုးမကြိုက်ဘူးလို့ ပြောတာခံရတော့ စိတ်မကောင်းဖြစ်ရတယ်၊ နောက်ပိုင်းမှ ကြိုက်နှစ်သက်သူ ရင်ဘတ်တူသူတွေက တူရာစုလာကြတယ်” မသူဇာက ပြောပါတယ်။

      နောက်ပိုင်းမှာ တဖြည်းဖြည်း လူကြိုက်များလာပြီး အသင့်ချုပ်လုပ်ထားတဲ့ စပ်အင်္ကျီ  အဝတ်အထည် တွေအပြင် ဝယ်သူတွေစိတ်ကြိုက်စပ်ပြီးချုပ်လုပ်ဖို့‌ အပ်နှံတာတွေရှိလာတယ်လို့ဆိုတယ်။

    Patchwork(စပ်အင်္ကျီအဝတ်အထည်)တွေက အရောင်မတူ ၊ပုံစံမတူ ၊အရွယ်အစားမတူတဲ့ ဖျင်စတွေကို တွဲစပ်ပြီး ချုပ်လိုက် တဲ့အခါ အရောင်အသွေးစုံလင်ပြီး ခပ်မိုက်မိုက်ဒီဇိုင်းနဲ့ အထည်လေး ဖြစ်လာတာကြောင့် အများစုက ခရီးသွားရင် ဝတ်ဖို့ လာအပ် ကြသလို သူတို့ပုံလေးတွေပြန်ပို့ပေးတဲ့အခါ သူ့အတွက် ခွန်အား တစ်ခု ဖြစ်စေ တယ်လို့ဆိုတယ်။

     Patchwork(စပ်အင်္ကျီအဝတ်အထည်)တွေက ခန္ဓာကိုယ်နဲ့ကွက်တိကျကျမဟုတ်ဘဲ ပေါ့ပါးတဲ့ ခပ်ပွပွ ဒီဇိုင်း တွေကိုမှ အစပ်အဟပ် အသားပေးချုပ်လုပ်တဲ့အပြင် အပ်နှံသူတွေသဘောကျ အရောင်ပြောင်းတာ ပုံစံပြောင်း တာမျိုးပြုလုပ်ပေးတဲ့ အတွက်  ဝယ်သူတွေဆီက ကောင်းမွန်တဲ့မှတ်ချက်တွေ ပြန်ရရှိခဲ့တယ်လို့ မသူဇာက ပြောတယ်။

    Patchwork (စပ်အင်္ကျီအဝတ် အထည်)တွေက ပိတ်စသေးသေးလေးကျန်ပါစေ အလေအလွင့်မရှိဘဲ စိတ်ကူး ရှိသလောက် ဖန်တီးချုပ်လုပ်ရတာကြောင့်  အမှိုက်ကနေ လှပတဲ့အဝတ် အထည်လေးဖြစ်လာစေတဲ့အတွက် ကုန်ကျစရိတ် ချွေတာပြီး သားဖြစ်တယ်လို့ဆိုတယ်။

      “ဒီဇိုင်းက သေးသေးလေးချည်းသုံးရမယ် ဆိုလဲ သူက အသုံးဝင်နေဦးမှာပါ။အဲ့ဒီအတွက် လက်ဝင်မယ်၊ အချိန် ပိုပေးရမှာပေါ့”လို့ မသူဇာကပြောတယ်။

    Patchwork ထည်တွေက ဝတ်တဲ့သူ ဖက်ရှင်ကျသလို အလေအလွှင့်နည်းစေတဲ့အတွက် သဘာဝပတ်ဝန်း ကျင်ကိုလဲထိန်းသိမ်းရာရောက်ပါတယ်၊တွင်တွင်ကျယ်ကျယ်ဝတ်ဆင်ကြမယ်ဆိုရင် ဆွေးမြှေ့ဖို့ကြာရှည်တဲ့ အဝတ်စတွေဟာ အဖန်ဖန်ပြန်လည်အသုံးဝင်ပြီး zero waste ဖြစ်လာမယ်လို့ ဆိုတယ်။

     ပုံးဖာမှောက်ဆင်မှာ စပ်အင်္ကျီအဝတ်အထည်တွေစတင်ရောင်းချစဉ်က ဝေဖန်မှုတွေရှိခဲ့ပေမယ့် တဖြည်းဖြည်း ကြိုက်နှစ်သက်သူများလာတဲ့အတွက် ပြည်တွင်းထုတ်ကုန် တစ်ခုအနေနဲ့ စျေးကွက်မှာ တွင်တွင် ကျယ်ကျယ် ရောင်းချနိုင်‌အောင် လုပ်ဆောင်နေပါတယ်။

    မသူဇာကိုယ်တိုင်လည်း patchwork(စပ်အင်္ကျီအဝတ် အထည်) ဒီဇိုင်းတွေကို ကြိုက်နှစ်သက်ရူးသွပ်သူမို့ ဒီထက်ဆန်းသစ်တဲ့ စပ်အင်္ကျီအဝတ်အထည်တွေကို ဖန်တီးနိုင်ဖို့ လေ့လာလုပ်ဆောင်သွားမယ်လို့ဆိုတယ်။

    မသူဇာက Patchwork တွေကို အဝတ်ချုပ်နေတာထက် အနုပညာတစ်ခုလို ခံယူထားတဲ့အတွက် ဖန်တီး ရတာဂုဏ်ယူပြီး ပျော်ရွှင်ရတယ်လို့ဆိုတယ်။ဝမ်းရေးအတွက် အခြားသော အဝတ်အထည်ဒီဇိုင်း တွေကိုပါ ထုတ်လုပ်နေရတာ ဖြစ်ပေမယ့် အချိန်ရတဲ့အခါတိုင်း စပ်အင်္ကျီအဝတ် အထည် ဒီဇိုင်း တွေကို ဆန်းသစ်သွားမယ် လို့ဆိုတယ်။

   ဒါ့အပြင် Patchwork တွေကို အဝတ်အထည်တင်မကဘဲ   လိုက်ကာတွေ အိမ်အလှဆင် နေရာတွေမှာပါ ခမ်းခမ်းနားနားသုံးနိုင်ဖို့ စိတ်ကူးရှိတဲ့အတွက် ကြိုးစားပြီး အကောင်အထည်ဖော်လုပ်ဆောင်သွားမယ်လို့ မသူဇာကပြောပါတယ်။

Author:

Related Articles