ဒေဝီ
အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းတက်တယ်ဆိုတဲ့စကားက ပြည်သူတွေအတွက်မထူးဆန်းတော့တဲ့ စကားပါ ။
ဆန်ဆီစျေးတက်တယ်။ အသားငါးနဲ့ဟင်းသီးဟင်းရွက်တွေ စျေးတက်တယ် စတဲ့ မီးဖိုချောင်စားနပ်ရိက္ခာတွေကအစ မဖြစ် မနေ သုံးစွဲရတဲ့ တကိုယ်ရေတကာယပစ္စည်းတွေအထိပါပဲ။
တဖြည်းဖြည်းမြင့်တက်လာတဲ့ ကုန်စျေးနှုန်းကြား သာမန်ဝင်ငွေရှိတဲ့သူတွေအတွက် မသိသာပေမယ့် ဝင်ငွေနည်းလူတန်းစား တွေမှာတော့ ဝမ်းဝဖို့အတွက် ဦးစားပေးပြီး အခြားနေရာတွေမှာ ခြိုးခြံလို့ ရသလောက် ချွေတာသုံးစွဲကြရတယ် ။
အစစအရာရာ စျေးနှုန်းကြီးမြင့်လာတဲ့အထဲ အမျိုးသမီးတွေ လစဉ်ဓမ္မတာကာလမှာသုံးစွဲရတဲ့ လစဉ်သုံးပစ္စည်းတွေလည်း အပါအဝင်ပါ။ အရင်ကာလတွေတုန်းက တစ်ထောင်ဝန်းကျင်ရှိတဲ့ ပြည်တွင်းထုတ်အမျိုးသမီး လစဉ်သုံးပစ္စည်းတွေမှာလည်း နှစ်ထောင်နဲ့အထက်ရှိလာတော့ လစာဝင်ငွေနည်းပါးတဲ့ အမျိုးသမီးတွေအတွက် ဦးစားပေး ဝယ်ယူသုံးစွဲဖို့ စဉ်းစားရတဲ့ အခြေ အနေဖြစ်လာတယ်။
ပဋိပက္ခဒေသတွေက အမျိုးသမီးတွေက ဝင်ငွေကြောင့်ရော လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဝယ်ယူရခက် တဲ့ အတွက် လစဉ်သုံးပစ္စည်းပုံမှန်အသုံးပြုဖို့ ဒုက္ခရောက်ရသလို မြို့ပြက အမျိုးသမီးအချို့မှာလည်း စျေးနှုန်းကြီးမြင့်တာကြောင့် အခက်အခဲဖြစ်နေရတာပါ။
“ အရင်လိုတံဆိပ်အသစ်တွေ ချည်သားတွေ ရွေးဝယ်လို့မရတော့ဘူး။ စျေးသင့်တာပဲ ဝယ်တော့တယ်။ ကိုယ်သုံးနေကျ တံဆိပ်တောင် လေးထောင်ကျော်လို့ တခြားကောင်းတဲ့ထဲက စျေးသင့်တာလေးဝယ်ရတယ်။”လို့ ဆင်ခြေဖုံးရပ်ကွက်က အလှပြင်ဆိုင် တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မစန္ဒီက ပြောပါတယ်။
သူရတဲ့လစာက တစ်သိန်းရှစ်သောင်းဝန်းကျင်နဲ့ဧည့်သည်ပေါ်မူတည်ပြီး ရာခိုင်နှုန်းရတဲ့အတွက် နှစ်သိန်းခွဲ၊ သုံးသိန်းဝန်းကျင် သာ ရှိပါတယ်။ မိသားစုအတွက် အိမ်စရိတ်ပေးပြီးကျန်တာက သူ့အတွက် တကိုယ်ရေတကာယ သုံးစွဲဖို့ လောက်ငရုံသာရှိတဲ့ အခါ အဝတ်အစားအလှပြင်ပစ္စည်းကစလို့ အမျိုးသမီးလစဉ်သုံးပစ္စည်းအထိ အရင်လို ဖောဖောသီသီ မသုံးနိုင်တော့ဘူးလို့ ဆိုတယ်။
သုံးစွဲနေကျ ပြည်တွင်းထုတ် အမျိုးသမီးသုံးလစဉ်သုံးဂွမ်းထုတ်တွေက ကျပ်တစ်ထောင်ကျော်ကနေ သုံးထောင်ကျော် လေး ထောင်အထိ စျေးတက်လာတဲ့အခါ စျေးနည်းတဲ့တံဆိပ်ကို ပြောင်းသုံးရသလို အရင်ထက် အခုရေလျှော့သုံးတာမျိုးနဲ့ ဖြေရှင်း ရတယ်လို့ သူကဆိုတယ်။
“တစ်လတစ်ခါဆိုပေမယ့် အရင်လို ငါးနာရီခြောက်နာရီခြား မလဲတော့ဘဲ နေလို့အဆင်မပြေတော့မှ အသစ်လဲလိုက်တယ် ။ နည်းတဲ့နေ့တွေဆို ညပိုင်းမသုံးတော့ဘဲ ထဘီနှစ်ထပ်ခံပြီး အိပ်တော့ မသိသာတော့ဘူး။”လို့ သူက ဆိုတယ်။
အမျိုးသမီးသုံးပစ္စည်းကို မလဲဘဲ အချိန်ကြာကြာသုံးမိတဲ့နေ့တွေမှာဆို မိန်းမကိုယ်တဝိုက်အပူလောင်တာမျိုးတွေ ဖြစ်ပေမယ့် ရက်ပိုင်းသာ ဖြစ်ပြီး ပျောက်သွားတော့ သိပ်အလေးမထားမိဘူး လို့ဆိုတယ်။
သူတို့အလှပြင်ဆိုင်ကလည်း အရင်နှစ်တွေတုန်းကဝန်ထမ်းတွေအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေနဲ့ ရာသီလာချိန် ဗိုက် နာဗိုက်အောင့်အတွက် အကိုက်အခဲပျောက်ဆေးတွေ အခမဲ့ထားပေးပေမယ့် ကိုဗစ်နောက်ပိုင်းကတည်းက စီးပွားရေး မကောင်းတော့တဲ့အတွက် အခမဲ့ထားပေးတာမရှိတော့ဘူးလို့ဆိုတယ်။
“အခုကတော့ ပိုဆိုးတယ်။ Pad စျေးတွေတက် ဆိုင်မှာလည်းလူဝင်နည်းတော့ ဝန်ထမ်းတိုင်းလိုလို ရာခိုင်နှုန်းရတာနည်းတော့ သူတို့လည်း ချွေတာရတယ်။ အရေးပေါ်လိုရင်တောင် အချင်းချင်းမပေးချင်ကြဘူး။”လို့ မစန္ဒီက ပြောပါတယ်။
အမျိုးသမီးလစဉ်သုံးပစ္စည်းတွေက ပြည်တွင်းထုတ်တာနဲ့ ပြည်ပကတင်သွင်းတဲ့ တံဆိပ်မျိုးစုံရှိပြီး အရည်အသွေး၊ ထုတ်ပိုးမှုနဲ့ အခုရေပါဝင်မှုပေါ်မူတည်ပြီး နှစ်ထောင်ကျော်ကနေ နှစ်သောင်းကျော်အထိ စျေးနှုန်းရှိပါတယ်။
ငွေကြေး နှစ်ထောင်သုံးထောင်က ဝင်ငွေရှိလူတန်းစားတွေနဲ့ သာမန်လူတန်းစားတွေအတွက် ပြသနာမရှိတဲ့ ပမာဏပေမယ့် ဝင်ငွေနည်းလူတန်းစားတွေမှာ ချွေတာရတဲ့အနေအထားလို့ ရွှေပြည်သာမြို့နယ်က အထည်ချုပ်ဝန်ထမ်းတစ်ဦးဖြစ်သူ မချိုမာ (အမည်လွှဲ)က ဆိုတယ်။
တိုးတက်မလာတဲ့ဝင်ငွေနဲ့ တစစမြင့်တက်လာတဲ့ ကုန်စျေးနှုန်းကြားမှာ ဟန်ချက်ညီအောင် အသုံးအစွဲကိုစီစစ်ရချိန် အမျိုး သမီးလစဉ်သုံးပစ္စည်းတွေကိုလည်း တကူးတက ဝယ်ယူသုံးမစွဲနိုင်ကြတော့ပါဘူး။ အရင်ထက် ဝင်ငွေနည်းပါးသွားတဲ့နောက် အိမ်မီးဖိုချောင်ကအစ တကိုယ်ရေပစ္စည်း အသုံးအစွဲအထိ အစစအရာရာချွေတာသုံးစွဲနေရတယ်လို့ သူကပြောပါတယ်။
အထည်ချုပ်လုပ်ငန်းတွေကလည်း စီးပွားရေးအကျပ်အတည်းကြောင့် အရင်လို အလုပ်အကိုင် မကောင်းတဲ့အခါ အထည်ချုပ် လုပ်သားတွေလည်း ဒီဒဏ်ကိုခံရပါတယ်။ သူလည်းလစာဝင်ငွေက အရင်ကလောက် မရတော့တဲ့အခါ မိသားစုစားလောက်ဖို့ ဘက်ပေါင်းစုံက ချွေတာပေမယ့် တစ်လတစ်လ အလျင်မှီအောင်သုံးစွဲရပြီး မကြာခဏဆိုသလို မိဘဆီက ပြန်အကူညီယူရတဲ့ အနေအထားလို့ဆိုတယ်။
“ ဟင်းချက်ရင် ကြက်သွန်နီကြက်သွန်ဖြူ သုံးရတယ်ဆိုရင် တမျိုးပဲသုံးတော့တယ်။ သိသိသာသာလျှော့ချလိုက်တယ်။ လစဉ် သုံးဆိုလည်းဒီလိုပဲ စျေးအရမ်းနည်းတဲ့ဟာတော့မသုံးဘူး။ အရင်သုံးနေကျကိုပဲသုံးတယ်။အခုရေလျှော့သုံးလိုက်တယ်။ တစ်နေ့ ကို သုံးခုလောက်ကုန်တဲ့နေရာကနေ တစ်ခုနှစ်ခုလောက်ပဲသုံးတော့တယ်။”လို့ မချိုမာကပြောတယ်။
ကိုယ့်အတွက်လိုအပ်တာရော မလိုအပ်တာရောချွေတာသုံးစွဲရတာက သူတစ်ယောက်ထဲမဟုတ်ဘဲ ဘဝတူ အထည်ချုပ် အမျိုး သမီးတွေလည်း ပါတယ်လို့ဆိုတယ်။ အချို့သူတွေဆို လစဉ်သုံးပစ္စည်းတွေကိုတောင် အထုတ်လိုက် မဝယ်သုံးနိုင်ဘဲ တစ်ခုချင်း စီဝယ်သုံးကြသလို အချို့တွေက အဝတ်စတွေချုပ်ပြီး အသုံးပြုကြတာတွေရှိတယ်လို့ ပြောပါတယ်။
“ တချို့ဆို မဝယ်နိုင်တဲ့အနေအထားတွေတောင်ရှိတယ်။ စားဖို့အတွက်တောင် မလောက်ငမှတော့ ဒါတွေအတွက်လည်း သိပ် ဂရုမထားအားတော့ပါဘူး။” လို့ မချိုမာက ပြောပါတယ် ။
မချိုမာလိုပဲ ဝင်ငွေကြောင့် စျေးသက်သာတဲ့ပစ္စည်းတွေကိုပဲဝယ်ယူသုံးစွဲပြီး တချို့အရာတွေကို မဖြစ်မနေမှ ဝယ်ယူတယ်လို့ ဆိုသူက လှိုင်သာယာမြို့နယ်က အထည်ချုပ်ဝန်ထမ်းဖြစ်သူ မပပပါ။
မပပက ရတဲ့လစာသုံးသိန်းဝန်းကျင်နဲ့ မိသားစုနေထိုင်ဖို့စားရိတ်ဖယ်ပြီးရင် တစ်ကိုယ်ရေစာသုံးစွဲဖို့ ခြောက်သောင်းဝန်းကျင်နဲ့ လောက်အောင်သုံးစွဲရပါတယ် ။
ဒီပမာဏက အရင်နှစ်တွေတုန်းက လောက်ငပီး အဝတ်အစားတွေ အလှအပအသုံးအဆောင်ပစ္စည်းတွေ လစဉ် ဝယ်ချမ်းနိုင် ပေမယ့် အခုကတော့ မဝယ်ယူနိုင်တော့ဘဲ စားသောက်စရိတ်ကစလို့ သွားရေးလာရေးစရိတ်စခတွေပါ ကြီးမြင့်လာတဲ့အတွက် မဖြစ်မနေသုံးစွဲရမယ့် အရာတွေလောက်ပဲ သုံးစွဲနိုင်တော့တယ်လို့ဆိုတယ် ။
“ ကားခတွေတောင် နှစ်ရာကနေ ငါးရာဖြစ်နေတာ အရင်က တစ်ထောင်သွားနေရတဲ့ခရီးက နှစ်ထောင်သွားနေပြီ။ အကုန်လုံး က တက်နေတော့ အဝတ်အစားလည်း တစ်လတစ်ခါမပြောနဲ့ ငါးလနေလို့တစ်စုံမဝယ်ဖြစ်တော့ဘူး။ လစဉ်သုံးတွေဆိုလည်း စျေးပေါပေါနဲ့ဝယ်သုံးရတယ်။” လို့မပပက ပြောပါတယ် ။
အရင်တုန်းက ကျန်းမာရေးအတွက်အဆင်ပြေပြီး စျေးနှုန်းလည်းသင့်တဲ့ လစဉ်သုံးပစ္စည်းသုံးစွဲနိုင်ပေမယ့် စျေးတက်တာ ကြောင့် အရင်ထက်သက်သာတဲ့တံဆိပ်ကို ရွေးချယ်သုံးရတယ်လို့ မပပကပြောတယ်။
“ မကောင်းတာတွေဆို ပိုးဝင်မှာလည်းကြောက်တယ်။ နည်းနည်းကောင်းတာလေးလည်း သုံးချင်တယ်ဆိုတော့ သုံးနေတာ တစ်ထောင်၊ ထောင့်ငါးရာပေးရင် နည်းနည်းကောင်းကောင်းသုံးရတာက အခုဆိုအရင်ထက်စျေးနည်းတာပဲ သုံးရတော့ နည်းနည်းတော့ အခက်အခဲဖြစ်တယ်။” လို့ မပပက ဆိုတယ် ။
အမျိုးသမီးလစဉ်သုံးပစ္စည်းတွေက အရည်အသွေးမကောင်းတာတွေသုံးရင် ဓာတ်မတည့်တာမျိုးဖြစ်နိုင်တယ်ဆိုတာ သိရှိ သလို ၊ မလဲမပြုဘဲ အချိန်အကြာကြီးသုံးရင်လည်း ယားယံတာ အဖြူဆင်းတာတွေကြုံရနိုင်တဲ့အတွက်ပုံမှန်လဲလှယ်ဖို့ သူ့ ပတ် ဝန်းကျင်က အမျိုးသမီးတွေကို ရှင်းပြရတယ်လို့သူဆိုတယ် ။
“ မလဲနိုင်လို့ အချိန်ကြာကြာသုံးနေတဲ့ အမျိုးသမီးတွေလည်း အလုပ်ခွင်မှာရှိတယ်။ သူတို့ကိုလည်းပြောတယ်။ မကုန်သင့်တဲ့ နေရာမှာမကုန်အောင် နည်းနည်းပိုသုံးပြီး ကျန်းမာရေးဆိုးတာမဖြစ်အောင်လုပ်သင့်တယ်ဆိုတာ၊ တစ်ခုခုဖြစ်လို့ ဆေးခန်းသွား ရင် ပိုကုန်မယ်လို့ပြောပြတယ်။” လို့ မပပက ပြောပါတယ်။
တစ်ချို့ ဒီထက်ခက်ခဲသူတွေလည်း လစဉ်သုံးတွေကို ဝယ်မသုံးတော့ဘဲ ပိတ်စတွေ ထဘီစတွေချုပ်ပြီးသုံးကြတာတွေလည်း ရှိပြီး ဒီလိုသုံးတာက ကျန်းမာရေးနဲ့မညီညွတ်ကြောင်းပြောပြပေမယ့် ငွေကြေးအဆင်မပြေကြတော့ သုံးစွဲနေကြမြဲပဲလို့ သူက ဆိုတယ် ။
သူ့အနေနဲ့လည်း စျေးသက်သာတဲ့ထဲက ရွေးသုံးနေရတဲ့အတွက် ဒီထက်စျေးတက်ပြီး ဝင်ငွေပိုချွေတာရမယ်ဆိုရင် အသုံးစရိတ် တွေ ဘယ်လိုထပ်လျှော့ချရမလဲ မတွေးတက်တော့ဘူးလို့ဆိုတယ် ။
ဝင်ငွေနည်း အလုပ်သမားတွေဖြစ်တဲ့အလျောက် အစစအရာရာချွေတာရချိန် အမျိုးသမီးတွေလိုအပ်တဲ့ လစဉ်သုံးပစ္စည်းတွေ ဆေးဝါးတွေစတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အလုပ်ရုံတွေက ပြုလုပ်ပေးစေချင်ပေမယ့် အလုပ်သမားအခွင့်အရေး အပြည့် အဝရဖို့ တောင်းဆိုနေရချိန်ဖြစ်တာကြောင့် မလွယ်ကူဘူးလို့ ဆိုတယ် ။
“ အလုပ်ခွင်ထဲမှာ ဘယ်နေရာပဲဖြစ်ဖြစ် ကျန်းမာရေးကို စောင့်ရှောက်ပေးသင့်ပါတယ်။ ညီမတို့ဆိုလည်း တစ်နေကုန် ထိုင်ချုပ် ရ၊ မတ်တပ်ချုပ်ရနဲ့ ရာသီကာလဆို ကိုက်ခဲနာကျင်တာမျိုးရှိတယ်၊ နေမကောင်းဗိုက်အောင့်ရင် ကောင်းကောင်းမွန်မွန် အနား ပေးတာမျိုး ဆေးပေးတာမျိုးလုပ်ပေးစေချင်တယ်။”လို့ မပပကဆိုတယ် ။
အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကမြို့ပြမှာ ဝင်ငွေနည်းတဲ့အမျိုးသမီးအချို့မသုံးစွဲနိုင်သလို ပဋိပက္ခက ဒေသတွေက စစ်ရှောင် အမျိုးသမီးတွေမှာ လမ်းပန်းဆက်သွယ်ရေး အခက်အဲကြောင့်ရော ဝင်ငွေမရှိတာကြောင့် မသုံးစွဲနိုင်တာလည်းတွေ့ရတယ်လို့ ကရင်နီဒေသမှာ လူမှုကူညီရေးတွေလုပ်ဆောင်ခဲ့တဲ့ အဖြူကပြောပါတယ်။
“ Pad(လစဉ်သုံးဂွမ်းထုတ်) မှမဟုတ်ဘူး။ အခြားကုန်စျေးနှုန်းတွေရော အကုန်စျေးတက်တော့ တစ်လတစ်ခါ ရာသီလာတဲ့ အခါမှာ Pad တစ်ထုတ်ကုန်တယ်ဆို အဲ့ဒီအစား အိမ်တွင်းစားရေးသောက်ရေးကိုပဲ ဖြေရှင်းကြတယ်။ စစ်ရှောင်တွေဆို ရာသီ လာရင် Pad မသုံးနိုင်တာကြာပြီ။ ရာသီလာရင် ဒီအတိုင်းထဘီဝတ်ပြီး ထိုင်နေတာဘယ်မှမသွား ဘယ်မှမရွေ့ဘဲ ဖြေရှင်းကြ တာ။” လို့ အဖြူကပြောပါတယ်။
အမျိုးသမီးလစဉ်သုံးပစ္စည်းတွေက တစ်ခါသုံးဂွမ်းထုတ် ၊တစ်ခါသုံးအတွင်းခံဘောင်းဘီ ၊ Tampon (လစဉ်သုံးဂွမ်းတောင့်) ၊ Menstrual Cup (ရာသီခံခွက်) စသဖြင့်ရှိပေမယ့် စျေးနှုန်းအရရော သုံးစွဲမှုနည်းစနစ်ကြောင့်ရော ပြည်တွင်းက အမျိုးသမီး အများစုက တစ်ခါသုံး လစဉ်သုံးပစ္စည်းတွေပဲ သုံးစွဲတာများနေဆဲပဲလို့ ဆိုတယ်။
Menstrual Cup(ရာသီခံခွက်)တွေကလည်း အမျိုးအစားပေါ်မူတည်ပြီး နှစ်သောင်းကျော်ကနေ ငါးသောင်းကျော်အထိ စျေးနှုန်းရှိသလို သက်တမ်းအားဖြင့်လည်း ငါးနှစ်ကနေ ၁၀နှစ်အထိသုံးစွဲနိုင်တဲ့အတွက် တစ်ခါကုန်ကျပြီးရင် ရေရှည်အတွက် ငွေကြေးကုန်ကျမှုလျှော့နည်းစေပါတယ်။
တစ်ခါသုံး ဂွမ်းထုတ်တွေအစား Menstrual Cup(ရာသီခံခွက်)တွေက ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်နဲ့ ရှေရှည် ကုန်ကျစရိတ်အတွက် သင့်တော်တာကြောင့်သုံးစွဲဖို့ တိုက်တွန်းကြပေမယ့် ရာသီခံခွက်တွေကိုသုံးစွဲဖို့ အသိပညာပေးမှုတွေလိုအပ် သေးတာ၊ ဒေသအချို့မှာအသုံးပြုပြီး စနစ်တကျနဲ့ဆေးကြောသန့်ရှင်းဖို့အတွက် ခက်ခဲတာ၊ ဦးဆုံးဝယ်ယူရမယ့် ကုန်ကျစရိတ် ကြောင့် သုံးစွဲဖို့ခက်ခဲနေသေးတယ်လို့သူကပြောတယ်။
“ စစ်ဘေးရှောင်ဒေသတွေကလည်း ရေရှားတော့ စနစ်တကျနဲ့ရေနဲ့ဆေးကြောသန့်စင်ဖို့ မလွယ်ကူဘူး။ မြို့ကြီးပြကြီးတောင် စျေးနှုန်းများတော့ဝယ်ဖို့က အခက်အခဲရှိတယ်။” လို့သူကပြောတယ်။
ဓမ္မတာလာစဉ်ကာလက အမျိုးသမီးတွေအတွက် မိန်းမကိုယ်တွင်းနဲ့ ဆီးလမ်းကြောင်းပိုးဝင်ဖို့ အမြင့်ဆုံးအချိန်အခါဖြစ်တာ ကြောင့် လစဉ်သုံးပစ္စည်းတွေကိုလည်း သွေးဆင်းပမာဏ အနည်းအများပေါ်မူတည် လဲလှယ်သင့်တယ်လို့ CDM ဆရာဝန် တစ်ဦးက အကြံပြုပါတယ်။
မိန်းမကိုယ်တဝိုက်က ရောဂါပိုးမွှားပေါက်ဖွားရာနေရာဒေသဖြစ်တဲ့အတွက် မလဲလှယ်ဘဲ ရေရှည်အသုံးပြုရင် ရောဂါပိုးဝင်ဖို့ အခွင့်အလမ်း ပိုမိုများပြားတယ်လို့ဆိုတယ်။
ဒါ့အပြင် လစဉ်သုံးပစ္စည်းတွေနဲ့ ပြန်လည်အသုံးပြုပိတ်စတွေကြား ကွားခြားချက်ရှိပြီး တစ်ခါသုံးလစဉ်သုံးပစ္စည်းတွေက စတင် ထုတ်စဉ်ကာလကတည်းက စနစ်တကျ ပိုးသတ်ထားတာဖြစ်သလို ပြန်လည်အသုံးပြုနိုင်တဲ့ပိတ်စတွေက လျော်ထားပေမယ့် ပိုးသတ်ထားတဲ့ ဖြစ်စဉ်ကို မဖြတ်သန်းထားတဲ့အတွက် ပြန်အသုံးပြုပိတ်စတွေက ရောဂါပိုးကာကွယ်မှုမှာ အားနည်းချက် များစွာ ရှိနေတယ်လို့ ဆိုတယ်။
အမျိုးသမီးတွေရဲ့ ဓမ္မတာဖြစ်စဉ်က လစဉ်ကြုံတွေ့ရတဲ့အတွက် ပိုးဝင်ရင် ဆီးလမ်းကြောင်းကတဆင့် ဆီးအိတ်ရောင်ယမ်း တာ၊ ကျောက်ကပ်ပြည်တည်ခြင်းများထိဖြစ်နိုင်သလို မိန်းမကိုယ်တွင်းမကြာခဏဆိုသလိုပိုးဝင်ပါက pelvic inflammatory disease လို့ခေါ်တဲ့ ကာလရှည်မိန်းမကိုယ်တွင်း ယောင်ယမ်းနာကျင်ခြင်းများကြုံရနိုင်တယ်လို့ ယင်းဆရာဝန်က ဆိုပါတယ်။
ဓမ္မတာကာလမှာ တစ်ခါသုံးဂွမ်းထုတ် ၊တစ်ခါသုံးဘောင်းဘီ ၊ Tampon(လစဉ်သုံးဂွမ်းတောင့်) ၊ Menstrual Cup (ရာသီခံ ခွက်)စတဲ့ ဘယ်အမျိုးအစားမဆို အချိန်မှန်မှန်လဲပြီး သန့်ရှင်းစင်ကြယ်အောင်ထားမှသာ ကျန်းမာရေးအရဆိုးကျိုးနည်းမှာပါ။
မချိုမာလည်း ချွေတာတဲ့အနေနဲ့ လစဉ်သုံးတစ်ခုကို မလဲဘဲအချိန်ကြာကြာသုံးတဲ့ အခါယားယံတာမျိုးရှိပေမယ့် ရံဖန်ရံခါ ကြုံရ တာဖြစ်လို့ သတိမထားမိဘူးလို့ဆိုတယ်။ အသုံးစရိတ်တွေကို အဖက်ဖက်က ချွေတာတဲ့ကြားကတောင် မလောက်ငတဲ့အခါ ရှေ့လျှောက် ပိုကျပ်တည်းလာရင်တော့ ဒီထက်လျှော့ချဖို့ပဲရှိတော့တယ်လို့ ငြီးတွားတယ်။
“ သူများတွေလည်း မသုံးနိုင်တော့အဝတ်စတွေသုံးကြတာ၊ ကိုယ်တွေလည်းမတတ်နိုင်တော့ရင် အဝတ်စတွေနဲ့ပဲသုံးတော့ မယ်။” လို့ မချိုမာက ပြောပါတယ်။