နွေဦးမောင်
အမျိုးသမီးလေးယောက် နေအိမ်တစ်လုံးရှေ့တွင် စုဝေးထိုင်နေကြသည်။ တချို့က ကော်ခုံပေါ်ထိုင်သူထိုင်၊ တချို့မူ မြေကြီးပေါ် ဖိနပ်ဖင်ခု ထိုင်သူထိုင်ဖြင့် ရှိနေကြခြင်း ဖြစ်သည်။
ထိုအမျိုးသမီးများသည် အရွယ်မျိုးစုံ၊ ပုံစံမျိုးစုံဖြစ်ကြသော်လည်း တူညီသည့်အချက်မှာ တစုံတခုကို စိုးရိမ်မကင်းဖြစ်နေကြ သော မျက်နှာပေးရှိနေကြခြင်း ဖြစ်ပါသည်။
မှန်ပေသည်။ သူတို့သည် မကြာသေးမီက စစ်ကောင်စီပြဌာန်းလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စိတ်သောက ရောက်နေကြခြင်း ဖြစ်သည်။
အကြောင်းမှာ တချို့သူတို့ကိုယ်က ထိုဥပဒေတွင်အကြုံးဝင်နေပြီး တချို့မှာသူတို့၏ခင်ပွန်းသည်များ စစ်မှုထမ်းရမည်ကို စိုးရိမ် ထိတ်လန့်နေကြသည်လည်း ဖြစ်၏။
စစ်ကောင်စီထုတ်ပြန်သော ကိန်းဂဏန်းများအရ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အကြုံးဝင်ပြီး စစ်မှုထမ်းရန် အသက်ပြည့်ပြီး သူ ဦးရေမှာ နိုင်ငံတစ်ဝှမ်း ၁၃ သန်းမျှရှိသည်ဟု ဖော်ပြသည်။ ထိုသူများတွင် အမျိုးသားဦးရေ ၆ ဒ သမ ၃ သန်းပါဝင်ကာ အမျိုး သမီးဦးရေမှာ ၇ ဒသမ ၇ သန်းရှိကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် တစ်နိုင်ငံလုံးရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရောက်ရှိနေသော အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း ရှိနေသော အမျိုးသမီးများမှာ မိမိဆန္ဒမပါဘဲ စစ်မှုထမ်းရမည်ကို စိုးကြောက်နေကြခြင်း ဖြစ်ပါသည်။ ထိုသူများတွင် အထက်ဖော်ပြပါ အမျိုးသမီးလေးဦးလည်း ပါဝင်၏။
အမျိုးသမီးလေးဦးတွင် အသက်အကြီးဆုံးဖြစ်သည့် မကေသွယ်မှာ သမီးသုံးယောက်နှင့် သားတစ်ယောက်ရှိသည်။ စစ်မှုထမ်း ဥပဒေအရ သူနှင့်သူ့အမျိုးသားမှာ အသက်ကန့်သတ်ချက် ကျော်လွန်နေပြီဖြစ်သည်။ အလားတူ သားသမီးလေးဦးမှာလည်း အသက်မပြည့်သေးသော ကျောင်းနေအရွယ် ကလေးများဖြစ်၏။
သို့သော် မကေသွယ်၏ ညီမနှင့်မတ်ဖြစ်သူမှာ စစ်မှုထမ်းဥပဒေ၌ အကြုံးဝင်နေသည့် အသက်အရွယ်များဖြစ်သည်။ ထို့ကြောင့် ညီမနှင့် မတ်ဖြစ်သူတို့၏ “ငါတို့တကယ်ပဲစစ်မှုထမ်းရတော့မှာလား”ဟူသော သောကအပူက မကေသွယ်ထံ ကူးစက်လာတော့ သည်။
သူ့ညီမလေးမှာ မကွေးတိုင်း၊ ပခုက္ကမြို့နယ်ထဲက ကျေးရွာတစ်တွင် အိမ်ထောင်ကျနေသူ ဖြစ်သည်။ သို့ဖြစ်၍ ယခုကာလ ခုခံ တော်လှန်စစ်များနှင့် နယ်မြေမအေးချမ်းသောကြောင့် ဆွေမျိုးများရှိရာ ပဲခူးတိုင်းသို့ အိုး အိမ်စွန့် ထွက်လာရသူများ ဖြစ်သည်။ ယခုမူ စစ်မီးအပူကြောင့် ကိုယ့်အိုးကိုယ့်အိမ်နှင့် နေ ထိုင်ခြင်းမရှိသည့်အထဲ ပြည်သူ့စစ်ဥပဒေဆိုသည်ကြီးက သူ့ညီမ မိသားစု ကို ထပ်မံနှိပ်စက်ပြန်ပြီ။ ဒါသည်ပင် စစ်ကောင်စီပေးသည့် နောက်ထပ်သောကတစ်ခုဖြစ်တော့၏။
ထိုသို့ဖြစ်သောကြောင့် အခြားမိဆွေအမျိုးသမီးသုံးဦးနှင့်ဆုံခိုက် သူ့ညီမလင်မယား၏အဖြစ်ကို မကေသွယ်တစ်ယောက် ရင်ဖွင့်နေမိခြင်း ဖြစ်ပါသည်။
အလားတူ အမျိုးသမီးလေးဦးအနက် ဒုတိယအသက်အကြီးဆုံးဖြစ်သည့် မဝင်းနွယ်သည်လည်း စစ်မှုထမ်းဥပဒေကြောင့် သောကရောက်နေရသည့် သူ့အဖြစ်ကို ယခုလိုဖောက်သည်ချသည်။ မဝင်းနွယ်မှာ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး ဖြစ်သည့် အပြင် အသက် ၃၈ နှစ်ရှိပြီဖြစ်ရာ စစ်မှုထမ်းဥပဒေနှင့် ညိစွန်းခြင်းမရှိပေ။
သို့သော် အိမ်ထောင်ဦးစီးဖြစ်သည့် သူ့အမျိုးသားမှာ အသက် ၃၄ နှစ်အတွင်းသို့ ဝင်ယုံမျှသာ ရှိသေးသည်။ ထိုအခါ ကျောင်းနေ အရွယ် ကလေးသုံးယောက်နှင့် မိသားစုတာဝန်တစ်ဦးတည်းထမ်းနေရသော လင်ယောကျာ်းအတွက် ရတက်မအေး ဖြစ်ရ တော့သည်။
“နေ့နေ့ညည အဲဒီအကြောင်းတွေတွေးမိပြီး စားလို့လည်းမဝင်ဘူး။ အိပ်လို့လည်း မပျော်ဘူး။” ဟု မဝင်းနွယ်က သူ့ဖြစ်အင်ကို ပြောလာသည်။
သူ့အဖို့ မိသားစုအရေးတွေးပူမည်ဆိုလျင်လည်းပူစရာပင်။ မဝင်းနွယ်တို့လင်မယားသည် ယခင်က စက်ရုံစျေးတန်းတွင် ထမင်း ဟင်းရောင်းသည်။ ထိုစဥ်က နှစ်ယောက်လုပ်အားမို့ စားဝတ်နေရေးယခုလောက်မပူပန်ရ။ ယခုမူ သူ့တွင် နို့စို့အရွယ် ကလေး တစ်ယောက်ရှိနေခြင်းကြောင့် ယခင်လို စျေးမရောင်းနိုင်တော့။
အိမ်တွင် ကလေးထိန်း ထမင်းချက်အဝတ်လျှော်လောက်သာ လုပ်နိုင်တော့သည်။ ထို့ကြောင့် သူ့အမျိုးသားမှာလည်း စျေးဆက် မရောင်းနိုင်တော့ဘဲ စက်ရုံလုပ်သားအလုပ်သာ ဝင်လုပ်ရတော့သည်။ သို့ဖြစ်၍ မိသားစုဝင်ငွေမှာ သူ့အမျိုးသား၏ လုပ်စာသာ ရှိလေသည်။ ဆိုရလျင် တစ်ဦးတည်းလုပ်စာကို မိသားစုငါးယောက် မှီခိုနေရခြင်းဖြစ်၏။
မကေသွယ်နှင့် မဝင်းနွယ်အပါအဝင် အထက်ပါအမျိုးသမီးလေး၏ရင်ဖွင့်ချက်များမှ အသက်အငယ်ဆုံးမနွေ၏ အဖြစ်အပျက် မှာ ဤသို့ရှိလေသည်။ မနွေသည် အသက် ၂၄ နှစ်သာရှိသေးပြီး အိမ်ထောင်ရှင်အမျိုးသမီးဖြစ်သော်လည်း ကလေးမရသေးပေ။ သို့သော် သူတို့လင်မယားတွင် မွေးစားထားရသည့် လူမမယ်သားနှစ်ယောက်ရှိသည်။
မနွေ၏ အမျိုးသားမှာ သူ့ထက် ၁၀ နှစ်ကျော်ကြီး၍ စစ်မှုထမ်းဥပဒေပါ အသက် ၃၅ နှစ်အထက် ကျော်လွန်နေပြီ ဖြစ်သည်။ သို့ပေမဲ့ သူ့အမျိုးသားမှာ မိသားစုတွင် အလုပ်လက်မဲ့ လူပိုကြီးလို ဖြစ်နေသည်။
အကြောင်းမှာ မနွေသည် မိသားစုစား ဝတ်နေရေးအတွက် အိမ်ဆိုင်လေးဖွင့်ထားရာ သူ့အမျိုးသားက တောက်တိုမယ်ရသာ ဝင်လုပ်ရ၍ဖြစ်သည်။ အပြင်ထွက်အလုပ်လုပ်မည်ဆိုတော့လည်း ဆိုင်ကတစ်ဖက်၊ မွေးစားသားနှစ်ယောက်က တစ်ဖက် ဆိုတော့ လင်မယားနှစ်ယောက် အလုပ်ကမလည်။ သည်တော့ သူ့အမျိုးသားမှာ ဆိုင်အတွက်လိုတာလေးပြေးဝယ်လိုက်၊ ကလေးနှစ်ယောက်ဝင်ထိန်းလိုက်နှင့်ပင် အပြင်ထွက် အလုပ်မလုပ်နိုင်။
သို့ဖြစ်ရာ စစ်မှုထမ်းဥပဒေအရ အသက်ကန့်သတ်ချက် ကျော်နေပြီဖြစ်သောလည်း လူပိုလိုဖြစ်နေသော သူ့အမျိုးသားအဖို့ မနွေ တစ်ယောက် စိတ်မအေးနိုင်ပါ။ ရပ်ကွက်ထဲ မယ်မယ်ရရအလုပ်မရှိသည့် အမျိုးသားတစ်ယောက်အဖြစ် အများက သိထားလေတော့ ဘယ်နေ့များ စစ်မှုထမ်းဖို့လာခေါ်ခံရမလဲ တွေးပူနေရသည်ဟု မနွေက ရင်ဖွင့်ပါသည်။
ထို့အပြင် သူကိုယ်တိုင်ကလည်း အိမ်ထောင်သည်ဖြစ်နေသည့်တိုင် အသက် ၂၇ နှစ်အောက်ငယ်နေသောကြောင့် မိမိကိုယ် ကိုယ်အတွက် စိတ်မအေးရပေ။
ယခုဆိုလျှင် မကေသွယ်၊ မဝင်းနွယ်နှင့် မနွယ်တို့သာမက နိုင်ငံတစ်ဝှမ်း အသက်ပြည့်ပြီး စစ်မှုထမ်းဥပဒေနှင့်အကြုံးဝင်သည့် အမျိုးသား၊ အမျိုးသမီးတိုင်း စစ်ကောင်စီပေးသည့် ပြည်သူ့စစ်သောကကို ခံစားနေကြရသည်။
သို့ဖြစ်ရာ တချို့သောလူငယ်များမှာ တော်လှန်ရေးတပ်ဖွဲ့များထံ ခိုလှုံ၍ တိုက်ပွဲဝင်ရဲဘော်များအဖြစ် ဝင်ရောက်သွားသူများ ရှိလာသည်။ တချို့မှာ တော်လှန်ရေးအဖွဲ့များအောက်မခိုလှုံဘဲ ပြည်ပထွက် အလုပ်လုပ် ကိုင်ရန် ရွေးချယ်လာကြရသည်။
ထို့ကြောင့် ပြည်သူများကြုံနေရသော ပြည်သူ့စစ်သောကကို ရင်ဆိုင်ဖြေရှင်းရန် စစ်ကောင်စီအခက် ပြည်သူ့အချက်အဖြစ် အ သုံးချရန် တော်လှန်ရေးအင်အားစုများက ဆော်သြလာကြသည်။ အဘက်ဘက်မှ ယိုယွင်းပြိုကျရှုံးနိမ့်လာပြီဖြစ်သော စစ် ကောင်စီကို ပြည်သူ့အားနှင့် စုပေါင်းတွန်းလှန်ရန် အချိန်ကောင်းဖြစ်ပြီဟု ဆိုသူက ဆိုကြသည်။
မကေသွယ်တို့လို သာမန်အရပ်သား အိမ်ထောင်ရှင်အမျိုးသမီး နိုင်ငံရေးတွေ၊ တော်လှန်ရေးတွေ ခြေခြေမြစ်မြစ်မသိ။ သူသိ တာ တစ်တည်းရှိသည်။ ၎င်းမှာ အခြားမဟုတ်ပါ။
“မင်းအောင်လှိုင်ရင်လည်းသေမှ၊ မဟုတ်ရင်လည်း ပြည်သူတွေမြန်မြန်အောင်ပွဲရမှ ဒီသောကတွေအေးမယ်။ “ဟု မကေသွယ် က သူ့ခံစားချက်ကို ပြောလိုက်ပါသည်။