နွေဦးမောင်
အဖွားဖြစ်သူ ဒေါ်ကြည်ဟာ သူ့မြေးကြီးကို ဆူနေတယ်။ သူ့အမေဆီက ဖုန်းလာရင် မကိုင်ဘဲ ချချပစ်လို့တဲ့။
ကလေးရဲ့ အဖေနဲ့အမေဟာ ထိုင်းမှာ အလုပ်သွားလုပ်နေတာ နှစ်အခါလည်ရှိပြီ။ အလုပ်သိမ်းလို့ အဆောင်ပြန်ရောက်တဲ့အခါ သူ့သားဆီ ညဘက်တွေ ဖုန်းခေါ်လေ့ရှိတယ်။
အဖွားနဲ့အတူ ရွာမှာကျန်ခဲ့တဲ့ သူတို့သားကြီးက တက္ကသိုလ်ပထမနှစ်။ သမီးအငယ်လေးကတော့ ခုမှ မူလတန်းပဲ ရှိသေးတယ်။
တစ်ခေါင်းလုံး ဆံပင်တွေ ဖွေးဖွေးဖြူနေပြီး အသက် ၇၀ နားကပ်နေပြီဖြစ်တဲ့ အဖွားဒေါ်ကြည်ဟာ အဲဒီမြေးနှစ်ယောက်ကို ထိန်းကြောင်းရင်း အိမ်စောင့်အဖြစ် ကျန်နေခဲ့တာပါ။
အဖွားဒေါ်ကြည်လိုပဲ အိမ်စောင့်ကျန်ခဲ့ရတဲ့အမျိုးသမီးတွေ အဲဒီဒေသလေးမှာ အများအပြားရှိနေတယ်။ သားတွေ၊ သမီးတွေ ပြည်ပထွက်အလုပ်လုပ်တော့ အိမ်မှာကျန်ခဲ့တဲ့မိဘတွေရှိတယ်။ ဒီလိုပဲ မိဘနှစ်ပါးအလုပ်သွားလို့ အိမ်စောင့်နေရတဲ့ သမီးတွေ လည်း ရှိနေပါတယ်။
အမှန်ဆို ဒီဒေသလေးမှာ လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်ခုအထိ အဲဒီအခြေအနေမျိုးတွေမရှိခဲ့ဘူး။ ရခိုင်ရိုးမကြီးကနေ ယှက်ဖြာလာတဲ့ တောင်စွယ်တောင်တန်းတွေ၊ လျှိုမြောင်စိမ့်စမ်းတွေကို အားကိုးပြုရင်း သက်မွေးဝမ်းကြောင်း ပြုခဲ့ကြတာ။
တချို့ တောင်ယာလုပ်တယ်။ တချို့သစ်ဝါးခုတ်တယ်။ ဒါသည်ပင် ဒီဒေသလေးမှာရှိနေသူတွေရဲ့ စားဝတ်နေရေးဖြေရှင်းရာ လုပ်ငန်းတွေပါပဲ။ ခုဖြင့်တောင်ယာအလုပ်ဟာ ဒီဒေသမှာခေတ်မရှိတော့ဘူး။ တောတောင်တွေမှာ သစ်တောတွေပြုန်းတီး လာတော့ သစ်ဝါးခုတ်ပြီး ဝမ်းစာရှာလို့လည်း အရင်ကလောက်အဆင်မပြေတော့ဘူး။
တခုတော့ရှိရဲ့။ ကျန်နေသေးတဲ့ ရေမြေ၊ တော တောင်လေးမှာ တွယ်ကပ်ပြီး လုပ်ကိုင်စားမယ်ဆိုရင်ဖြင့် တစ်ဝမ်းတစ်ခါးတော့ ရမယ်။ သို့သော် ကြီးပွားမယ့်လမ်းတော့ မရှိဘူးပေါ့။
ပြီးတော့ ပြောင်းလဲလာတဲ့ လူမှုဘဝပုံစံတွေဟာ တစ်မြို့က တစ်မြို့၊ ဒေသတစ်ခုက တစ်ခု ကူးလူးရောက်လာတဲ့အခါ တွေးခေါ် မှုပုံစံတွေလည်း ပြောင်းလာတယ်။ တဆက်တည်းမှာပဲ ပြောင်းလဲသိမြင်လာတဲ့ တွေးခေါ်မြော်မြင်မှုနဲ့အတူ မြို့သားရော၊ တော သူပါ နည်းပညာခေတ်ကြီးဆီ ချီလာကြတယ်။
ဒါကြောင့်လည်း တက္ကသိုလ်တက်နေပြီဖြစ်တဲ့ လူပျိုပေါက်အရွယ် မြေးဖြစ်သူကို အဖွားဒေါ်ကြည် အုပ်ထိန်းလို့မလွယ် ဖြစ်လာ တာပေါ့။ ခုခေတ်က မြို့ပေါ်မှာမဆိုထားနဲ့ ကျေးလက်မှာပါ မိသားစုတစ်ခု အနည်းဆုံး လက်ကိုင်ဖုန်းတစ်လုံး ရှိနေပြီ။
ဒီတော့ ဒေါ်ကြည်ရဲ့မြေးလို လူငယ်လေးတွေဟာ ဖုန်းနဲ့မျက်နှာ မခွာကြတော့ဘူး။ ဂိမ်းဆော့မယ်၊ ဇာတ်ကားကြည့်မယ် ဒါဟာ နေ့စဥ်သူတို့ဘဝ။ ဒါကြောင့် သူ့အမေ လိုင်းပေါ်ကနေဖုန်းခေါ်တော့ ဂိမ်းဆော့နေတဲ့ ဒေါ်ကြည့်မြေးဟာ ဖုန်းကိုချချပစ်တာ ဖြစ် တယ်။
ဒီနေရာမှာ အလျဥ်းသင့်လို့ တစ်ခုပြောရဦးမယ်။ တခြားမဟုတ်ပါဘူး။ နည်းပညာခေတ်ဆိုတာနဲ့ မိသားစုလေးတစ်ခုအကြောင်း ဖြတ်ခနဲ အတွေးထဲပေါ်လာလို့။
အဲဒီမိသားစုက အဖွားဒေါ်ကြည်တို့ရွာကပါပဲ။ သူတို့က ဦးကိုနဲ့ ဒေါ်မြသန်းတဲ့။ သူတို့မှာ သားတစ်ယောက် သမီးတစ်ယောက် ရှိတယ်။ တိုတိုပြောရရင် သားသမီးနှစ်ယောက်လုံး အိမ်ထောင်တွေနဲ့ ဆိုပါတော့။
သူတို့သားကြီး လင်မယား ထိုင်းတက်အလုပ်လုပ်ကြတယ်။ သမီးအငယ်ကတော့ သူ့ယောကျာ်းကိုပဲ ဟိုဘက်လွှတ်ပြီး သူက ကျန်ခဲ့တာပေါ့။ ဒီလိုနဲ့ သားသမီးတွေနဲ့ဆက်သွယ်ဖို့ ဒေါ်မြသန်းဟာ လက်ကိုင်ဖုန်းတွေဝယ်၊ လိုင်းလေးဖွင့်သုံးပြီး နည်းပညာ ကမ္ဘာနဲ့ ချိတ်ဆက်လာကြတယ်။
နောက်တော့ အသက် ၅၀ နားကပ်နေတဲ့ သူတို့လင်မယားဟာ လူငယ်တွေပါးစပ်ဖျားက ဗွီကောပြောမယ်၊ စီဘီပို့လိုက်ဆိုတာ တွေနဲ့ တသားတည်းဖြစ်လာတယ်။ ဒီကတဆင့် အွန်လိုင်းမှာ ပုံတွေတင်၊ မိတ်ဆွေတွေဖွဲ့ရာက သူတို့ကမ္ဘာ ပိုကျယ်လာတယ်။ ဒီလိုကျယ်ပြန့်လာတာ တစ်ဖက်မှာ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေကလည်း ထူနဲ့ဒေး။
ပြောမယ်ဆို သူတို့အရွယ်တွေတောင် ဒီလောက်ဖြစ်ပြီဆိုမှဖြင့် လူငယ်တွေဖြစ်တဲ့ သူတို့သားကြီးနဲ့ ချွေးမဟာ လိုင်းသုံးတယ်။ ဗွီကောပြောတယ်ဆိုတာလောက်ကို စာမဖွဲ့ကြတော့ဘူး။ အလုပ်အားတာနဲ့ လိုင်းသုံးတာဟာ နေ့စဥ်ဘဝပုံစံတောင် ဖြစ်နေပြီ။ ဒီတော့ အားတဲ့အချိန်ဖုန်းသုံးတာ၊ အွန်လိုင်းဖွင့်သုံးကြတာကို ဘယ်သူ့ဘယ်သူမှ ဘာမှမပြောကြဘူး။
သူတို့ပြောကြတာက တခြားတဖက်က ဆန့်ကျင်ဘက်လိင်တွေပဲ။ ယောကျာ်းလုပ်သူက တခြားကောင်မလေးတစ်ယောက်နဲ့ လိုင်းပေါ်မှာကျူတယ်။ ဒီလိုပဲ မယားဖြစ်သူကလည်း တခြားယောကျာ်းလေးတစ်ယောက်နဲ့ ဟိုဟိုဒီဒီ။ နောက်ဆုံး ထိုင်းဘက် မှာတင် လင်မယားချင်း ကွဲသွားကြတယ်။ ပြီးတော့ သူရောကိုယ်ရော နောက်အိမ်ထောင်ကိုယ်စီ ထူပေါ့။
သားနဲ့ချွေးမ အဲလိုတွေဖြစ်တော့ ဦးကိုနဲ့ဒေါ်မြသန်းလည်း သိပ်မကြာဘူး။ သမီးအငယ်ကို မြေးတစ်ယောက်နဲ့ အိမ်စောင့် ထားခဲ့ပြီး ထိုင်းတက်ပြန်တယ်။ ဟော…သူတို့လင်မယားလည်း ထိုင်းရောက်ပြီး ဘာကြာလိုက်လဲ။ မယားဖြစ်တဲ့ ဒေါ်မြသန်း ဟာ ရွာကထွက်မလာခင်ထဲက လိုင်းပေါ်ကတဆင့် နောက်ထပ်အသစ်ရထားပြီ။
အခုထိုင်းတက်တယ်ဆိုတာလည်း အဲဒီတစ်ယောက်နောက် လိုက်လာတာ။ ဦးကိုကတော့ သူ့မယားရဲ့အကြံကိုမသိရှာဘူး။ ဒီတော့ ငွေရှာချင်လို့ပဲလို့ထင်ပြီး လင်မယားနှစ်ယောက် အိုးပစ်အိမ်ပစ် ထွက်လာခဲ့တာ။ ထိုင်းရောက်တော့ သူ့မယားဟာ ဇာတိပြလာတယ်။ နောက်ဆုံး လိုင်းပေါ်ကနေ လူသစ်နဲ့ ဗွီကောခိုးပြောတာ လက်ပူးလက်ကြပ်မိသွားတယ်။
အဲလိုမိတော့ ဦးကိုဟာ မယားကို လက်ပါတော့တာပဲ။ ဒါဟာ သူ့မယားအတွက် အဆင်းကို ဘီးလှိမ့်ပေးသလို ဖြစ်သွားမယ်ဆို တာ သူမသိလိုက်ဘူး။ ရက်ပိုင်းလောက်ကြာတော့ ဒေါ်မြသန်းဟာ လိုင်းပေါ်ကနေချစ်ကြိုက်မိတဲ့ သူနောက်ကို လိုက်သွားပါ တော့တယ်။
အဲဒီသတင်းဟာ အဖွားဒေါ်ကြည်တို့တစ်ရွာလုံးပြန့်သွားတော့ ဦးကိုဟာ ရှက်ပြီး ခုထိရွာပြန်မလာရဲဘူး။ ဗီဇာသက်တမ်း ကုန် တာတောင် သက်တမ်းတိုးပြီး ထိုင်းမှာဆက်နေရှာတယ်။
ပြောရရင် အဖွားဒေါ်ကြည်တို့ဒေသမှာ ဦးကိုနဲ့ဒေါ်မြသန်းတို့ မိသားစုလိုအဖြစ်အပျက်တွေ အများကြီးမှ အများကြီး။ ထိုင်း ဘက်ရောက်ကာမှ လင်ကမယားကိုထားခဲ့တာ၊ မယားက လင်ကို ထားသွားတာ အမျိုးမျိုးကြားရတယ်။
ဒါတောင် အဲဒီဒေသလေးမှာ ထိုင်းသွားတဲ့သူ၊ မလေးသွားတဲ့သူ၊ လာအိုသွားတဲ့သူ စသဖြင့် စုံလို့။ သွားလိုက်ကြတာဟာလည်း ခုထိအရှိန်မသေသေးဘူး။ အဖွားဒေါ်ကြည်တို့ရွာကိုသွားတော့ ကျနော်နဲ့အတူပါလာတဲ့ ဧည့်သည်အမျိုးသမီးတစ်ယောက် ဆိုရင် “ဒီရွာမှာ အသက်ကြီးပိုင်းတွေများတယ်နော်” လို့ ထုတ်ပြောလာတဲ့အထိ။
အမှန်တကယ်လည်း အဲဒီအမျိုးသမီးပြောစကားဟာမမှားပါဘူး။ အဖွားဒေါ်ကြည်တို့ဒေသမှာ ပျိုပျို၊ အိုအို၊ လူငယ်၊ လူလတ်အ များစုဟာ တဖက်နိုင်ငံတွေဆီ အလုပ်သွားလုပ်နေကြတာ များပါတယ်။
အဲဒီအထဲကမှ “တစ်ရွာမပြောင်း သူကောင်းမဖြစ်”ဆိုပြီး စွန့်သွားသူအချို့ စားရတာရှိတယ်။ တချို့ကတော့ “သေချင်တဲ့ကျား တောပြောင်း”ဆိုသလို ဘဝပျက်သွားသူတွေလည်း ထုနဲ့ဒေး။
အဖွားဒေါ်ကြည်ကတော့ အိုဇာတာ ကောင်းတယ်ဆိုရမယ်။ သားနဲ့ချွေးမ ထိုင်းသွားလို့ မြေးနှစ်ယောက်နဲ့နေခဲ့ရပေမဲ့ သူ့အိမ် မှာ ဆန်အပြည့်၊ ဆီအပြည့်။ သားသမီးတွေ ထိုင်းသွားစဥ်က သူများဆီအတိုးနဲ့ချေးထားတဲ့ အကြွေးသိန်း ၇၀ ကျော်လည်း ကျေ သွားပြီ။ လစဥ်မှန်မှန်လည်း အသုံးစရိတ်ပို့ပေးတော့ အဖွားဒေါ်ကြည်အဖို့ ဘာမှမပူပန်ရဘူး။
ပူပန်ရတာက အသက် ၆၀ ကျော် ဒေါ်တင်စမ်း။ သူ့သားလည် ထိုင်းဘက်သွားတာ နှစ်နှစ်ကျော်ပြီ။ ခုထိ ကြွေးမကျေတဲ့အပြင် လစဥ်တောင် သူ့ဆီငွေမပို့နိုင်ဘူး။ သူကတော့ ရွာမှာ မြေးလေးတစ်ယောက်နဲ့ ကျန်ခဲ့တာပေါ့။
ဒေါ်တင်စမ်းဟာ အဖွားဒေါ်ကြည်နဲ့တစ်ရွာထဲပဲ။ ဒေါ်ကြည်ရဲ့မြေးမလေးနဲ့ သူ့မြေးသားဟာ အတန်းတူတွေ။ မြေးတွေသာ သက်တူရွယ်တူ၊ အတန်းတူဖြစ်ကြသလို အိမ်စောင့်ကျန်နေခဲ့ရတဲ့ သက်ကြီးရွယ်အိုတွေဆိုတဲ့ နေရာတွေမှာသာ ဒေါ်ကြည်နဲ့ ဒေါ်တင်စမ်းတို့ တူကြတာ။ ရင်ဆိုင်ရတဲ့ လောကဓံတွေကတော့ မတူကြပါဘူး။
ဒေါ်ကြည်ရဲ့သားမှာက လင်စုံမယားဖက်ရှိတယ်။ ဒေါ်တင်စမ်းရဲ့သားကြတော့ မိန်းမဆုံးသွားတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးဖို ဖြစ်နေတယ်။ ထိုင်းရောက်ပြန်တော့ အောက်လမ်းကလာမိလို့ အလုပ်မကောင်းဘဲ ခဏ ခဏ ပြောင်းရသလို အဖမ်းခံရတာ လည်း အကြိမ်ကြိမ်။
ဒီလိုနဲ့ နောက်ဆုံးတစ်ကြိမ်အဖမ်းခံရစဥ်က မှတ်ပုံတင်၊ ယာဥ်မောင်းလိုင်စင်နဲ့ စာရွက်စာတမ်းအထောက်အထားတွေပါ ပျောက်သွားလို့ ဒေါ်တင်စမ်းရဲ့သားဟာ မြန်မာပြည်ပြန်လာဖို့တောင် ခက်နေပြီ။ ဒါကြောင့် ဒေါ်တင်စမ်းဟာ စားဝတ်နေရေး မပြည့်စုံရတဲ့အထဲ သွားအတွက်ပါ ပူပန်နေရတော့တယ်။
အမှန်ဆို ခုလိုရွှေ့ပြောင်းအလုပ်သမားတွေ၊ ကိုယ့်ဒေသမှာကျန်နေရစ်တဲ့ အဲဒီအလုပ်သမားတွေရဲ့ မိသားစုတွေအကြောင်းကို လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ကျနော် သတင်းလိုက်ခဲ့ဖူးတယ်။ ဒီတုန်းက ဧရာဝတီတိုင်းမှာရှိတဲ့ ခရိုင်မြို့တစ်မြို့ဆီ ကျနော် ကွင်း ဆင်းခဲ့ဖူးတယ်။
အဲဒီအချိန်က ရွှေ့ပြောင်းလုပ်သားလို့ပြောရင် ပြည်ပထိသွားတဲ့သူ ခုခေတ်လောက် မများသေးဘူး။ ကျနော်ရောက်ခဲ့တဲ့ ရွာ တွေဟာဆိုရင် အဓိကအသက်မွေးဝမ်းကြောင်းအနေနဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြတယ်။ သို့ပေမဲ့ ခုအခါ အဖွားဒေါ်ကြည် တို့ဒေသမှာ မိရိုးဖလာလုပ်ငန်းတွေ လုပ်ကိုင်စားဖို့ အခွင့်မသာတော့သလို သူတို့ဒေသမှာလည်း ငါးဖားရှားလာနေပြီ ဖြစ်ပါ တယ်။
ဒါကြောင့် တချို့မိသားစုတွေဟာ ကိုယ့်ဒေသထက် အလုပ်ပိုပေါတဲ့ တိုင်းနဲ့ပြည်နယ်တွေဆီ မိသားစုလိုက် ပြောင်းရွှေ့လုပ်ကိုင် ကြတာကို လေ့လာမှတ်သားခဲ့ရတယ်။ တချို့သောရွာတွေမှာဆို အစောင့်တောင်မချန်ဘဲ တစ်အိမ်လုံး အလုပ်ထွက်လုပ်ကြလို့ အိုးအိမ်တွေဟာ အခွံချည်းသက်သက်။ ပြုပြင်သူမရှိ၊ ယိုယွင်းပျက်စီးနေတာတွေ တွေ့ခဲ့ရတယ်။
အဖွားဒေါ်ကြည်၊ ဦးကိုနဲ့ ဒေါ်တင်စမ်းတို့ ဒေသဟာလည်း လွန်ခဲ့တဲ့ ရှစ်နှစ်က ကျနော်လေ့လာဖူးတဲ့ ဧရာဝတီတိုင်းက မြို့၊ ရွာတချို့လို မိရိုးဖလာ သက်မွေးဝမ်းကြောင်းအလုပ်တွေ တိမ်ကောလာခဲ့ပြီ။
အဲဒီလို သက်မွေးဝမ်းကြောင်းအလုပ်တွေ တိန်ကောလာတာနဲ့အမျှ ရွှေ့ပြောင်းလုပ်သားတွေ ပိုများလာဦးတော့မယ်။ တဆက် တည်း အိမ်စောင့်ပြီးကျန်ခဲ့ရတဲ့ မိခင်တွေ၊ ဇနီးမယားတွေ၊ သမီးသားတွေလည်း ရှိနေဦးမှာပါပဲ။