ခိုင်ရီရေးသည်။
ကယားပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင်တည်ရှိသည့် စစ်ရှောင်ရွာလေးတစ်ရွာမှ အသက် ၂၆ နှစ်အရွယ် တိုင်း ရင်းသူ မလူစီးယာ(အမည်လွှဲ)သည် နို့စို့အရွယ် သူ့ကလေးငယ်ကို ရင်ခွင်ထဲတွင်ထည့်ကာ တစုံတရာကို ချက်ပြုတ်နေသည်။
ကျေးလက်က မီးနေသည်များ လုပ်လေ့ရှိသလို သူ့ခေါင်းပေါ်တွင် ပန်းရောင်အပွင့်ရိုက်ဖလံထည်လေးတစ်ထည်ကို ခေါင်း ပေါင်းအဖြစ် ပေါင်းထားသည်။ အသက် ခုနစ်လ၊ ရှစ်လဝန်းကျင်အရွယ်ကလေးငယ်က သူ့အမေရင်ခွင်ထဲတွင် ဟိုဘက်လှည့် လိုက်၊ သည်ဘက်လှည့်လိုက်၊ မအေကို ချိတ်တက်လိုက်နှင့် အလုပ်ရှုပ်နေသည်။
သူ့အိမ်ကိုရောက်နေသည့် သူစိမ်းတစ်ယောက်က သူ့အား “အခုဘာပြုတ်နေတာလဲ၊ ဘာချက်နေတာလဲ။” ဟု မေးလိုက်ရာ ရင်ခွင်ထဲမှ ကလေးငယ်ကို ငုံကြည့်နေသည့် ထိုအမျိုးသမီးငယ်က ရှက်ရွံ့သလိုမျက်နှာအမူအယာနှင့် တချက်မော့ကြည့်ကာ “ဆန်ပြုတ်၊ မုန်ညှင်းရွက်နဲ့ ရောချက်နေတာ။” ဟု ခပ်ပြုံးပြုံး ပြန်ဖြေသည်။ သူတို့သားအမိဘေးတွင် ထိုင်နေသည့် ကလေး အဖေ အမျိုးသားကလည်း ပြုံးတုံ့တုံ့အမူအယာနှင့်။
စားစရာ ဆန်အလုံအလောက်မရှိသည့်အတွက် သူတို့မိသားစုသုံးယောက်၏ နေ့လယ်စာမှာပုံမှန်မဟုတ်ဘဲ ဆန်ပြုတ်ဖြစ်နေ သည့်အကြောင်းအား သူစိမ်းတစ်ယောက်ကို ပြောပြနေရသည့်အပေါ် ရှက်စိတ်အရိပ်အငွေ့ကလေးက ကလေးမိခင်၏ မျက် နှာတွင် ရိုးတိုးရိပ်တိတ်ကလေး ဖြတ်ပြေးနေသည်။
ကယားပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြားဖြစ်ပွားနေသည့် တိုက်ပွဲပေါင်း များ စွာကြောင့် သူတို့မိသားစုစစ်ဘေးရှောင်ဒုက္ခသည်အဖြစ် ယခုလက်ရှိနေထိုင်ရာနေရာကို ရွေ့ပြောင်းနေထိုင်လာခဲ့ရသည်မှာ နှစ်နှစ်ကျော်ကာလရှိခဲ့ပြီဖြစ်သည်။
မိသားစု စားနပ်ရိက္ခာအတွက် တောင်ယာစပါးအနည်းငယ်စိုက်ပျိုးထားပြီး တဖက်မှာလည်း ဘိန်းစိုက်ခင်းတစ်ခု စိုက်ပျိုး ထားသည်။ ဘိန်းစိုက်သည့်ငွေနှင့် ဆန်ဝယ်၍ မရနိုင်ဘူးလားဆိုသည့် မေးခွန်းအလှည့်တွင် “တစ်ပိသာမပြည့်ဘူး”ဟု အမျိုး သားက ရယ်ရယ်မောမော လှမ်းပြောသည်။ သူတို့ဇနီးမောင်နှံ၏ အတူတူရယ်သံလေးကို ကြားရလိုက်ရသည်။
စိုက်ခင်းမှထွက်သည့် ဘိန်းကို ရောင်းချနိုင်ပါက အဓိကလိုအပ်နေသည့် ဆန်ကို ဝယ်နိုင်မည်ဖြစ်သော်လည်း စိုက်ခင်း စတင် နိုင်ရန် တပါးသူဆီမှာချေးငှားထားသော အရင်းအနှီးငွေ အကြွေးငါးသိန်းကျပ်ကို ပြန်ဆပ်ရဦးမည်ဖြစ်သည်။ ပြီးလျှင်ရရှိ လာမည့် ငွေပမာဏသည် အကြွေးကျေမည်၊ မကြေမည်မသေချာကြောင်း မလူစီးယာက ဆက်ပြောသည်။
“အခုမိုးရွာတော့ ဘိန်းလည်းပျက်ပြီလေ။” ဟု မလူစီးယာက ဝမ်းနည်းခြင်း၊ဝမ်းသာခြင်း ဘာအရိပ်အယောင်မျှ မတွေ့ရသည့် လေသံခပ်ဝဲဝဲဖြင့် စကားဆိုသည်။
ထို့နောက် သူက လေသံခပ်တိုးတိုးနှင့် မပွင့်တပွင့် ဆက်ပြောသည်။
“ကလေးက အစာလည်းမစားဘူး။ ထမင်းလည်းမစားဘူး။ နို့ကောင်းကောင်းလည်းမစို့ဘူး။ ဒါပေမယ့် ဘာမှလည်း မဝယ်ပေး နိုင်ဘူး။” ဟု စစ်ပွဲကာလအတွင်း၌ မွေးဖွားခဲ့သည့် သားငယ်ကလေးကို ထွေးပွေ့လိုက်ရင်း သူကပြောသည်။
သူ့စကားသံခပ်ဝဲဝဲမှာ အားမတန်၊ မာန်လျှော့နေရသည့် လေယူလေသိမ်းမျိုး ရောစွက်နေလေ၏။
ဆန်ကြမ်းနှင့်မုန်ညှင်းရွက်ကို ရောပြုတ်စားကာ နေ့စဉ်ဖြတ်သန်းနေရသည့် ကယားပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်း ရွာလေးတစ်ရွာရှိ စစ်ရှောင်မိသားစုပေါင်းများစွာထဲကမှ မိသားစုလေးတစ်စု၏အကြောင်းမျှသာဖြစ်သည်။
ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဒီဇင်ဘာ ၈ ရက်နေ့တွင် ထုတ်ပြန်သည့် စာရင်းများအရ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ၁၈.၆ သန်းသည် လူသားချင်းစာနာမှုများ လိုအပ်နေသည်ဟုဆိုသည်။ ထိုထဲတွင် ကလေးငယ် ခြောက်သန်းလည်းပါဝင်သည်။
UNOCHA က ထိုလူဦးရေထဲမှ ၅ ဒသမ ၃ သန်းကို စားနပ်ရိက္ခာ၊ ရေ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာကွယ် စောင့်ရှောက်ရေးအကူအညီများပေးရန် လူသားချင်းစာနာမှုလုပ်ဆောင်နေသူတွေက စီစဉ်ထားသည်ဟုဆိုသည်။ သို့သော် အကူအညီများပေးရန် မှတ်ပုံတင်ခြင်း၊ ခရီးသွားလာခြင်း၊ ဘဏ်လုပ်ငန်းနှင့် ပြည်ဝင်ခွင့် ဗီဇာများဆိုင်ရာ အခက်အခဲများလည်း ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေလိုအပ်ချက်သည် ၂၀၂၃ ခုနှစ် အစတွင် အမေရိကန်ဒေါ်လာ ၇၆၄ သန်းမှ ၂၀၂၃ ခုနှစ် မေလတွင် မိုချာ ဆိုင်ကလုန်းမုန်တိုင်းအပြီးတွင် အမေရိကန်ဒေါ်လာ ၈၈၇ သန်း၊ ယခု ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၉၄ သန်းအထိ တိုးမြင့်လာခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းတွင် ဖြစ်ပျက်ခဲ့သည့် စစ်ပွဲများ၊ စီးပွားရေး ကျပ်တည်းမှုများကြောင့် မိမိတို့၏ ကလေးငယ်များကို အာဟာရပြည့်ဝစွာ မကျွေးမွေးနိုင်တော့သည့် မိဘပေါင်းများစွာ ရှိနေသည်။
ထို မိဘပေါင်းများစွာထဲတွင် မလူစီးယာလိုပင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ အသက် ၃၂ နှစ်အရွယ် မောင်စောခင် လည်း အပါအဝင် ဖြစ်သည်။
အာဏာသိမ်းမှုနောက်ပိုင်း ဝင်ငွေနှင့်ကုန်ဈေးနှုန်း လိုက်မမီနိုင်အောင် ကွာဟမှုများကြောင့် စားဝတ်နေရေး၊ အထူးသဖြင့် က လေးများအတွက် လိုအပ်သည့် အစာအာဟာရပြည့်ဝစွာကျွေးမွေးနိုင်ရန်အခက်ကြုံလာခဲ့ကြောင်း မောင်စောခင်က ပြော သည်။
အာဏာသိမ်းမှုမဖြစ်ခင်အထိ မြန်မာကျပ်ငွေမှာတန်ဖိုးရှိခဲ့ပြီး ကလေးနှစ်ဦးအတွက် ထမင်းဝိုင်းတွင် အသားငါးစသည့် အာ ဟာရရှိသော အစားအသောက်များကို စနစ်တကျ ကျွေးမွေးနိုင်ခဲ့ကြောင်း သူကဆိုသည်။
“အခုကတော့ ကလေးတွေကို အာဟာရှိဖို့ထက် အသက်ရှင်ဖို့ပဲ ကျွေးနေရသလို ဖြစ်နေပြီ။” ဟု မောင်စောခင်က ပြောသည်။
မောင်စောခင်ဟာ အသက်ငါးနှစ်အရွယ်နှင့် အသက် တစ်နှစ်အရွယ်နို့စို့ကလေးငယ်၏ ဖခင်တစ်ဦးဖြစ်သည်။
ရခိုင်ပြည်မြောက်ပိုင်းတွင် ၂၀၂၀ မတိုင်ခင်ကတည်းက စစ်ကောင်စီတပ်နှင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အကြား ဖြစ်ပျက်နေခဲ့သည့် စစ်ပွဲများ၊ စစ်ရေးတင်းမာမှုများရှိခဲ့သော်လည်း သူတို့မိသားစုအတွက် နေအိမ်ကို စွန့်ခွာရသည်အထိ အခြေအနေမဆိုးခဲ့ကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း တဖြည်းဖြည်းကျပ်တည်းလာသည့် အခြေအနေများကြောင့် မိသားစုထမင်းဝိုင်းများတွင် အသား ငါးဟင်းက တစ်လလျှင် တစ်ကြိမ်လောက်သာ ပါဝင်နိုင်တော့ကြောင်း သူက နှိုင်းယှဉ်ပြသည်။
နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည်စတင်ခဲ့သည့် တိုက်ပွဲများ၏ ကနဦးအစကတည်းက ရခိုင်ပြည်နယ်နှင့် ပြည်မကို သွားလာ ရသည့် ရိုးမဖြတ်ကျော်အဝေးပြေးလမ်းမကြီးများကို စစ်ကောင်စီက ရုတ်တရက်ပိတ်ချခဲ့သည်။ ပြည်မနှင့် အဆက်အသွယ် ပြတ်တောက်သွားအောင် လုပ်ဆောင်ရုံသာမက ပြည်နယ်အတွင်းရှိ တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာနှင့်တစ်ရွာ ကျေးရွာချင်း ဆက်လမ်းများပါမကျန် ဒေသခံများ ထွက်ခွင့်မရရှိနိုင်အောင် ဆက်သွယ်သွားလာရေး ရုတ်ရက်ပိတ်ဆို့လိုက်ခြင်းဖြစ်သည်။
စစ်ဖြစ်တော့မည့် အခြေအနေတွင် မည်သည့်နေရာကိုမှသွား၍မရဘဲ မြို့ထဲ၌ပိတ်မိနေသည့်အခြေအနေကို မောင်စောခင်က ယခုကဲ့သို့ ပြောပြသည်။
“ကျနော်တို့က ဓားစာခံလိုဖြစ်နေတာ။”
လက်ရှိအချိန်တွင် မောင်စောခင်တို့မိသားစုနေထိုင်ရာ ရသေ့တောင်မြို့တွင်အထိုင်ချနေသည့် စစ်ကောင်စီတပ်နှင့်မြို့ပြင်မှ ဝိုင်းရံထားသည့် ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်သည့် အခြေအနေ နှင့် ကြုံတွေ့နေရသည်။ စစ်ဘေးနှင့် စားဝတ်နေရေး အကျပ်အတည်းဘေးကို တပြိုင်တည်း ရင်ဆိုင်နေရခြင်း ဖြစ်သည်။
“အခု ကြက်ဥတောင်ဝယ်လို့မရတော့ဘူး။ ရသေ့တောင်မှာ ကြက်ဥမရှိတော့ဘူး။” ဟု ကလေးများအား အာဟာရပြည့်ဝစွာ ကျွေးမွေးစောင့်ရှောက်ရေးကို စိတ်ပါဝင်စားသူဖခင်တစ်ဦးဖြစ်သည့် မောင်စောခင်က ပြောပြသည်။
တိုက်ပွဲများဖြစ်လာပါက ယာယီခိုလှုံနိုင်ရန် မောင်စောခင်တစ်ယောက် ဗုံးခိုကျင်းတူးထားသော်လည်း မိုးရွာကာ ရေပြည့်ပြီး ကျင်း၏အနားများ ပြိုကျပျက်စီးကုန်သည်။ မြို့မှရသည့်နည်းနှင့်ထွက်ခွာနိုင်အောင် ကြိုးစားနေသည့် မောင်စောခင်က ဇနီး နှင့် ကလေးငယ် နှစ်ဦးကို လတ်တလော ဘေးကင်းနေသေးသည့် ဆွေမျိုးသားချင်းများရှိရာ ရွာလေးတစ်ရွာဆီသို့ ပို့လိုက်နိုင် သည်။
“စစ်ရှောင်နေရတော့ ဘာမှ၀ယ်စားစရာမရှိဘူး။ မိန်းမနဲ့ကလေးတွေ စစ်ရှောင်တဲ့နေရာကို ကြက်မသုံးကောင်ထည့်ပေး လိုက်တယ်။ ကြက်မကို သားမဖောက်နဲ့တော့ ဥရင် ကလေးတွေကို ကျွေးလို့မှာလိုက်တယ်။” ဟု မောင်စောခင်က ပြောသည်။
မရိတ်သိမ်းရသေးသည့် စပါးစိုက်ခင်း၊ မကြိတ်ခွဲရသေးသဖြင့် အစို့ပေါက်လာသော စပါးများကို စိတ်မချနိုင်သည့်အတွက် အိမ်တွင် တစ်ယောက်တည်း ကျန်နေခဲ့ရသော်လည်း တိုက်ပွဲဖြစ်လာပါက ဘေးလွတ်ရာကို ပြေးမည့်အရေးကို ကြိုတင်စီစဉ် ထားကြောင်း ရှင်းပြသည်။
“ကျနော်တစ်ယောက်တည်းကတော့ စစ်ဖြစ်လာရင် ပလပ်စတစ်ပုံးတစ်လုံးနဲ့ ချောင်းကိုဖြတ်ကူးသွားလို့ရတယ်။ ကလေး တွေနဲ့ဆို ပုန်းနေဖို့မလွယ်ဘူး။” ဟု သူကပြောသည်။
သူသည် ကြုံတွေ့နေရသည့် အခြေအနေများကို ကြိတ်မနိုင်ခဲမရဖြစ်နေသည်။ ကြုံတွေ့နေရသည့် အခြေအနေဆိုးကြီးကနေ အမြန်လွတ်မြောက်လိုသည့်အကြောင်း မောင်စောခင်က “ဒီခေတ်ဆိုးကြီးကနေ အမြန်ဆုံးလွတ်မြောက်စေချင်ပြီ၊ ဒီကောင် တွေသာ အာဏာမသိမ်းခဲ့ရင် ဒီလိုအခြေအနေတွေဖြစ်လာမှာ မဟုတ်ဘူး။” ဟု ဆိုသည်။
နိုင်ငံတကာစားနပ်ရိက္ခာမူဝါဒသုတေသနအဖွဲ့၏ ၂၀၂၀ ဇွန်လတွင် ထုတ်ပြန်ခဲ့သော မူဝါဒမှတ်စု အမှတ်စဉ် ၁၄တွင် ဖော်ပြ ချက်အရ မြန်မာနိုင်ငံတွင် လတ်တလော ပြင်းထန်အာဟာရချို့တဲ့ ကလေးပေါင်း ၆,၅၀၀ ဦး အသစ်ထပ်တိုးလာ နိုင်ပြီး ၂၀၂၀-၂၀၂၁ တွင် နောက်ထပ် ကလေးငယ်ပေါင်း တစ်သိန်းကျော် ပိန်လှီအာဟာရချို့တဲ့မှုများဖြစ်ပွားနိုင်ကြောင်း ဖော်ပြထားသည်။
ယင်းကလေးငယ်များသည် သူတို့၏ အသက် ငါးနှစ်မြောက်မွေးနေ့အထိ အသက်ရှင်သန်နိုင်ရန် အခွင့်အလမ်းနည်းပါး ကြောင်း ဖော်ပြထားသည်။
အလားတူ မျိုးဆက်ပွားနိုင်သည့်အရွယ် အမျိုးသမီးတစ်သိန်းဝန်းကျင်လည်း ကိုယ်အလေးချိန် လျှော့နည်းမှုဖြစ်လာနိုင် ကြောင်း သုတေသနအဖွဲ့ က ခန့်မှန်းထားသည်။
ထို့အပြင် ကိုဗစ်မတိုင်ခင်ကာလကတည်းက မြန်မာနိုင်ငံရှိများစွာသော မိခင်နှင့်ကလေးများသည် အာဟာရနှင့် သက်ဆိုင်ပြီး ထိလွယ်ရှလွယ်ရှိကြောင်းနှင့် မြန်မာနိုင်ငံရှိ ငါးနှစ်အောက်ကလေးများအနက် ၈၅ ရာခိုင်နှုန်းမှာ သွေးအားနည်းခြင်း၊ ၂၉ ရာ ခိုင်နှုန်းမှာပုညှက်ခြင်း၊ ခုနစ်ရာခိုင်နှုန်းမှာ ပိန်လှီခြင်းများဖြစ်ပျက်နေခဲ့ပြီးသားဖြစ်ကြောင်း အဆိုပါမူဝါဒမှတ်စုထဲ၌ ဖော်ပြ ထားသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်မတိုင်ခင် ၁၀ စုနှစ်အတွင်း ကလေးများအာဟာရချို့တဲ့မှုကိုလျှော့ချရေးလုပ်ငန်းများ သိသိသာသာ တိုးတက်လာခဲ့သလို နိုင်ငံအတွင်း၌ ပုံစံမျိုးစုံနှင့် ဖြစ်ပျက်နေသည့် အာဟာရချို့တဲ့မှုနှုန်းမှာလည်း မြင့်တက်နေခြင်းကြောင့် အလွန်ထိခိုက်လွယ်သော လူအုပ်စုမှာလည်း များပြားနေသေးကြောင်းလည်း ဖော်ပြခဲ့ပါသည်။
ကိုဗစ်နောက်ဆက်တွဲ စီးပွားရေးအကျပ်အတည်းများ ကာလကြာရှည်ခဲ့မည်ဆိုပါက နောက်နှစ်အနည်းငယ်အတွင်း ပုညှက် ခြင်းဆိုသည့် အာဟာရချို့တဲ့မှုများ ဖြစ်လာနိုင်ကြောင်း ဖော်ြပထားသည်။
ယင်းအခြေအနေများအပေါ် စောင့်ကြည့်၊ စမ်းသပ်၊ ကာကွယ်၊ ကုသ စသည့် အချက်များအပါအဝင် အသစ်တိုးလာနိုင်သော လတ်တလောပြင်းထန် အာဟာရချို့တဲ့ခြင်းများကို ကိုင်တွယ်ဖြေရှင်းရန် တာဝန်ရှိ အဖွဲ့အစည်းများအားလုံး အရေးတကြီး ပြင်ဆင်ထားရန်လိုအပ်နေကြောင်း အကြံပြုထားသည်။ သို့သော် ထို့သို့အကြံပြုချက်ထုတ်ပြန်ထားပြီး မကြာခင်လပိုင်း အတွင်းမှာပင် စစ်တပ်က တိုင်းပြည်အာဏာကို အဓမ္မအကြမ်းဖက်သိမ်းယူမှုဖြစ်ပွားခဲ့သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာကတည်းက ဆင်းရဲနွမ်းပါးမှုကြောင့်ဖြစ်စေ၊ အစားအသောက်ပုံစံကြောင့်ဖြစ်စေ၊ ကပ် ရောဂါ ဘေးကြောင့်ဖြစ်စေ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၅နှစ်အောက်ကလေးငယ်များအကြား ရှိနေပြီးသား အာဟာ ရချို့တဲ့ မှုများ၊ ထပ်တိုးလာနိုင်သည့် ပြင်းထန်အာဟာရချို့တဲ့ခြင်းများကို ကာကွယ်နိုင်ရန်အတွက် အစိုးရ၊ လွှတ်တော်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများက မဟာဗျူဟာများ၊ ဥပဒေများရေးဆွဲချမှတ်ကာ အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြချိန်တွင် ယခုလို အာဏာသိမ်းလိုက်ခြင်းလည်းဖြစ်သည်။
“ အခုလက်ရှိမှာတော့ မြေပြင်မှာ ဘာတွေဖြစ်နေလဲ၊ ဘယ်လောက်ဆိုးနေပြီလဲဆိုတာ သုတေသနတွေလည်း မလုပ်နိုင်တဲ့ အတွက် ဘယ်သူမှ အတိအကျမသိနိုင်တော့ဘူး။” ဟု အမည်မဖော်လိုသည့် ဝါရင့်အာဟာရပညာရှင်တစ်ဦးကပြောပါတယ်။
၂၀၂၁ နောက်ပိုင်း မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ထွက်လာသည့် လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲ များကြောင့် နိုင်ငံတဝှမ်းတွင်၊ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ပြည်တွင်းစစ်မီးများ တောက်လောင်ခဲ့သည်။ ပြည် တွင်းစစ်များကြောင့် တိုင်းနှင့်ပြည်နယ်အများအပြားတွင် ပြည်သူပေါင်း နှစ်သန်းဝန်းကျင် အိုးမဲ့အိမ်မဲ့ဖြစ်ကာ၊ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း UNOCHA မှ ထုတ်ပြန်သည့် ကိန်းဂဏန်းများက ဆိုသည်။
ထိုမျှမက ၂၀၂၃ အောက်တိုဘာ ၂၆ မှ စတင်ကာ တိုက်ပွဲများ အရှိန်မြင့်လာခြင်းကြောင့် မူလနေရပ်စွန့်ခွာထွက်ပြေးစာရင်း နှစ်သန်းကျော်အပြင် ပြည်သူပေါင်း ငါးသိန်းကျော် အသစ်ထပ်တိုးလာခဲ့ကြောင်း ၂၀၂၃ခု၊ ဒီဇင်ဘာ ၁ရက်တွင် ထုတ်ပြန်သည့် UNOCHA ၏ “အရေးပေါ် သတင်းအချက်အလက် အမှတ်စဉ် ၈” အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှ မလူစီးယာတို့မိသားစု၊ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ မောင်စောခင်တို့လို တိုက်ပွဲတွေအကြားမှာ အကျပ်အတည်းကို ကြုံတွေ့နေကြရသည့် မိသားစုပေါင်း သိန်းသောင်းချီရှိနေသလို၊ တိုက်ပွဲများ မဖြစ်သေးသော်လည်း အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် စီးပွားရေး ကျဆင်းမှုများကြောင့် နေ့စဉ်စားဝတ်နေရေး အခက်အခဲဆုံးအခြေအနေကို ရင်ဆိုင်နေရသည့်မိသားစုများ၏ တညီတညာတည်းထုတ်ပြောကြသည့် စကားတစ်ခွန်းမှာ “ကိုဗစ်နောက်ပိုင်းမှာ အခြေအနေကောင်းသေးတယ်။ အာဏာသိမ်းမှုနောက်ပိုင်းမှာမှ အခုလိုပိုဆိုးလာတာပါ။” ဟူ၍ ဖြစ်သည်။
အာဏာသိမ်းပြီးနောက်ဆက်တွဲဖြစ်ပေါ်လာသည့် စစ်ပွဲများ၊ လမ်းပမ်းဆက်သွယ်ရေး ပိတ်ဆို့မှုများနှင့် မျိုးစုံသော အကျပ် အတည်းများကြောင့် တိုင်းဒေသကြီးအများစုတွင် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပျက်စီးသွားခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် များ၊ ကလေးငယ်များအပေါ်စောင့်ရှောက်မှု ပေးနိုင်စွမ်းများ ကျဆင်းခဲ့သည်။
မွေးကင်းစကလေးသေဆုံးမှုများ၊ ကိုယ်ဝန်ပျက်ကျခြင်း၊ မိခင်သေဆုံးမှုများမှာ နေရာအနှံ့အပြားတွင် ပုံစံမျိုးစုံနှင့် ရှိနေခြင်း ကို သုတေသနများ၊ စစ်တမ်းများ အတိအကျလုပ်ရန် မလွယ်ကူနိုင်သော်လည်း မြေပြင်အခြေအနေများကို ရေးသားတင်ပြ နေကြသည့် သတင်းစာမျက်နှာများမှတဆင့် ခပ်စိပ်စိပ်တွေ့မြင်နေရသည်မှာ ထင်ရှားသည့် သာဓကတစ်ခုပင်ဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေး အကျပ်အတည်းကို အဆိုးဆုံးရင်ဆိုင်ခဲ့ရသည့် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျေး ရွာလေးတစ်ရွာမှ အခြေခံလက်လုပ်လက်စားအမျိုးသမီးငယ် မမေဇင်က ဒီအခြေအနေတွေမတိုင်ခင်က တစ်နေ့တာ ဝင်ငွေ တစ်သောင်းကျပ်ဝန်းကျင်ရှိခဲ့ပြီး မိသားစု စားရေးအတွက် လုံလောက်ခဲ့သည်။
လက်ရှိတွင် အသက်လေးနှစ်အရွယ်နှင့်အသက်ငါးလသားအရွယ် နို့စို့ကလေးငယ်တို့၏ မိခင်တစ်ဦးလည်းဖြစ်သည့် မမေဇင် က “သားအကြီးလေးတုန်းက စားဝတ်နေရေး အဆင်ပြေတယ်၊ ကိုယ်ဝန်ဆောင်ကာလမှာလည်း စားသင့်စားထိုက်တာတွေ ကို စားဖြစ်တယ်။ ကလေးခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကို တိုက်ခဲ့တယ်။” ဟု အာဏာမသိမ်းခင်က အခြေအနေကို ပြောပြသည်။
ထို့နောက် အလုပ်အကိုင်ရှားပါးလာခြင်း၊ ဝင်ငွေ လျော့နည်းလာခြင်း၊ ရုန်းကန်ရမည့် အခက်အခဲများကြား အိမ်ထောင်ဖက် ၏ ချန်ထားခံခဲ့ခြင်းများကြောင့် ကလေးတစ်ဖက်၊ ကိုယ်ဝန်တစ်ဖက်နှင့် ဖြတ်သန်းခဲ့ရသည့် မမေဇင်တစ်ယောက်၊ ဒုတိယ ကလေး ကိုယ်ဝန်ဆောင်ကာလ တစ်လျောက်လုံး အာဟာရပြည့်ပြည့်ဝဝ စားသောက်နိုင်ရန် အခက်အခဲများစွာ ရင်ဆိုင်လာခဲ့ ရ တော့သည်။
“ကိုယ်ဝန်နဲ့ဆိုတော့ ညည တရေးနိုးရင် ဗိုက်ဆာတယ်။ ဒါပေမယ့် စားစရာမရှိတော့ ရေသောက်ပြီး ပြန်အိပ်ခဲ့ရတာပဲ။” ဟု သူက ဆိုသည်။
မမေဇင်သည် စာဖတ်တတ်၊ ရေးတတ်သလို၊ လူမှုကွန်ရက်လည်း အသုံးပြုနိုင်သည့်အတွက် ကလေးပြုစုပျိုးထောင်ရေးနှင့် ပတ်သက်၍ အသိပညာဗဟုသုတ အသင့်တင့်ရှိသူလည်းဖြစ်သည်။
မမေဇင်တို့ဒေသ၌ လွန်ခဲ့သော ခြောက်လခန့်က ၂၄ ပြည်ဆံ့ ဆန်ကြမ်းတစ်အိတ်ကို ၇၅,၀၀၀ ကျပ်ရှိခဲ့ရာမှ အခုလက်ရှိတွင် တသိန်းကျပ်(လဆိုင်းနှင့် အကြွေးယူမယ်လျှင် ၁၂၀,၀၀၀ ကျပ်) ကျပ်ဈေးပေါက်နေသည့်အတွက် နေ့စဉ် ဆန်ဝယ်စားရန် အတွက်ပင် အခက်ကြုံလာနေခြင်းဖြစ်သည်။
ယင်းပမာဏမှာ မမေဇင်တစ်ယောက်အတွက် အသက် လေးနှစ်အရွယ်သားဖြစ်သူကို အာဟာရရှိသော အစာအုပ်စုများ ဝယ်ယူချက်ပြုတ် ကျွေးမွေးနိုင်ရေး၊ နို့တိုက်မိခင်ဖြစ်သည့် သူကိုယ်တိုင်လည်း သင့်တင့်မျှတသော အာဟာရတွေ စားသုံးနိုင် ရေးအတွက် အင်မတန်အလှမ်းဝေးနေကြောင်း ပြနေခြင်းပင်ဖြစ်သည်။
“တခြားဟာတွေ ဈေးတက်ချင်တက်ပါစေ၊ ဆန်နဲ့ဆီကို မတက်စေချင်ဘူး။ ဆန်ရှိနေရင် ထမင်းကိုဆီဆမ်းစားလို့ရတယ်။” ဟု မမေဇင်က ဆိုသည်။
သူက ပထမကလေးငယ်ကို ရိုးရိုးမွေးခဲ့သော်လည်း ဒုတိယကလေးငယ်အလှည့်တွင် ဗိုက်ခွဲမွေးခဲ့ရခြင်းကြောင့် သွေးနုနုနှင့် အပြင်ထွက် အလုပ်လုပ်နိုင်ရန် အခက်ကြုံလာခဲ့သည်။
“အခုတော့ အငယ်လေးကို နို့မဖြတ်ချင်ပေမယ့် ဖြတ်ရတော့မယ့်အခြေအနေဖြစ်လာပါပြီ။ တခြားရွာက ပဲခင်းမှာပဲခူးဖို့ နေ့ စားလိုက်ရတော့မယ်။ တစ်ရက်ကို ၄,၅၀၀ ကျပ်ရမယ်။” ဟု မမေဇင်က ရင်ဖွင့်သည်။
ကလေးငယ်ကို မွေးပြီးစမှ ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ရန် အခြေခံအသိပညာရှိနေသော်လည်း ထိုအသိပညာ ကို လက်တွေ့မကျင့်သုံးနိုင်သည့် နို့တိုက်မိခင်တစ်ဦး၏ လက်တွေ့အကျဆုံးဘဝပင်ဖြစ်သည်။ သန္ခေသားဘဝမှစ၍ မိခင်ဆီ ထံတဆင့် ကောင်းမွန်သော အာဟာရကို မရခဲ့သလို၊ အသက်ခြောက်လမပြည့်ခင်ကပင် မိခင်နို့နှင့်ခွဲခွာရတော့မည့် မွေးကင်း စ ကလေးတစ်ယောက်၏ လက်တွေ့အကျဆုံး ဘဝလည်းဖြစ်သည်။
ကလေးငယ်တစ်ယောက်အတွက် မိခင်ဗိုက်ထဲမှစ၍ မွေးဖွားပြီး နှစ်နှစ်အထိ ရက်ပေါင်း ၁,၀၀၀ ကာလသည် အာဟာရ ပြည့် ဝစွာရရှိနိုင်ရေးမှာ သူ့ဘဝတစ်သက်တာလုံးအတွက် အရေးအကြီးဆုံး ကာလအပိုင်းအခြားဖြစ်ကြောင်း သုတေသနများ၊ အာဟာရပညာရှင်များက ဆိုထားသည်။
အဆိုပါ ကာလအတွင်း ကလေးငယ်တစ်ဦး အာဟာရချို့တဲ့သွားပါက နောင်တွင် ပြန်ပြင်ရန်မလွယ်ကူတော့ဘဲ၊ သူ့ဘဝ တစ် သက်တာတွင် ပိုကောင်းလာရန်ခက်ခဲပြီး ရေရှည်အာဟာရချို့တဲ့မှုဖြစ်ပါက ပုခြင်း၊ညှက်ခြင်း၊ပိန်ခြင်း၊ဉာဏ်ရည် ဉာဏ်သွေး နိမ့်ခြင်း စသည့်အကျိုးဆက်များကို ခံစားရနိုင်ကြောင်း၊ ဘဝတစ်သက်တာတွင် အောင်မြင်ခွင့်ရှိသလောက် အောင်မြင်ဖို့ ခက်ခဲသွားနိုင်ကြောင်း အာဟာရပညာနယ်ပါယ်တွင် လုပ်သက် ၁၅နှစ်အထက် သက်တမ်းရှိ အထက်ပါ အာဟာရပညာရှင်က ဆိုသည်။
စစ်ဖြစ်ပွား၍ အရေးပေါ်တိမ်းရှောင်နေရသည့် မိခင်များသည် ရေကိုကျိုချက်သောက်ခြင်း၊ ကလေးမွေးစမှ ခြောက်လအထိ မိခင်နို့တမျိုးတည်းကိုသာ တိုက်ရိုက်တိုက်ခြင်း၊ အစားအစာများကို ပူပူနွေးနွေးချက်ပြုတ်စားသောက်ခြင်းများကို အတတ် နိုင်ဆုံး လုပ်သင့်ကြောင်း၊ နို့ဘူးတိုက်ခြင်း၊ နို့မှုန့်တိုက်ခြင်းများကို အစမပြုသင့်ကြောင်းနှင့် အစပြုပါက ရေနှင့် သန့်ရှင်းရေး အတွက်မလွယ်ကူကြောင်းနှင့် ဝမ်းပျက်ဝမ်းလျောမဖြစ်အောင် သတိပြုနေထိုင်သင့်ကြောင်း နိုင်ငံရပ်ခြားမှနေ၍ မြန်မာ မိခင်နှင့်ကလေးအာဟာရဆိုင်ရာ အသိပညာများကို မျှဝေပေးနေသည့် အထက်ပါ အာဟာရပညာရှင်က အကြံပြုသည်။
သူက “၂၀၂၀နောက်ပိုင်းမှာ မွေးတဲ့ကလေးတွေဟာ ဒီကာလကို ဘယ်လိုကျော်ဖြတ်နေရသလဲဆိုတာ တွေးမိတယ်။ မိခင် တွေကတော့ သူ့ကလေးအတွက် အစွမ်းကုန်ကြိုးစားကြမှာဆိုတာ ကျနော်ယုံတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်က အခြေအနေ မပေးတာ၊ အခြေခံစားကုန် ဈေးနှုန်းတွေတက်လာတာ၊ အလုပ်အကိုင်အခွင့်အလမ်းမရှိ၊ ဝင်ငွေနည်းတာတွေကြားမှာ ဘယ် လောက်တောင် ရုန်းကန်နေရမလဲ။” ဟု ငြီးတွားသည်။
မလူစီးယာ၊ မောင်စောခင်၊ မမေဇင်တို့အပါအဝင် မိသားစုပေါင်းများစွာအပေါ် အာဟာရဆိုင်ရာနှင့်ပတ်သက်၍ စိုးရိမ်စရာ လက်ရှိအခြေအနေများကို ကျော်လွန်နိုင်ပြီး ပြန်လည်ထူထောင်ရေးကာလကို ရောက်လာခဲ့ပါက အဆိုပါကလေးငယ်များ ၏ ကျောင်းစာသင်ခန်းများရှိရာအထိလိုက်ကာ နောက်ထပ်တက်လာမည့် အစိုးရ၊ ပညာရှင်များနှင့် လူထုအင်အားနှင့်အတူ ဝိုင်းဝန်း ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း အထက်ပါ အာဟာရပညာရှင်က သုံးသပ်သည်။
မိမိတို့နေရပ်ကို စွန့်ခွာစစ်ဘေးရှောင်နေရသည်မှာ နှစ်နှစ်ရှိခဲ့ပြီဖြစ်သည့် မလူစီးယာက လက်ရှိအချိန်တွင် အိမ်ပြန်ချိန်ကို လည်းမမျှော်၊ ပြန်လည်ထူထောင်ရေးကာလကိုလည်း မမျှော်မှန်းနိုင်သေး။ သူ့ကလေးငယ် အာဟာရမပြည့်ဝပါက အာဏာ ရှင်ကြောင့် ထပ်တိုးပေါ်ထွက်လာမည့် ပုသေးညှက်မျိုးဆက်ထဲတွင် ပါဝင်သွားနိုင်ကြောင်းလည်း သူ သိဟန်မရှိ။ သူ့အတွက် ယခုအချိန်၌တစ်ခုတည်းသော အမျှော်လင့်ဆုံးနှင့် အလိုအပ်ဆုံးအရာ တစ်ခုသာရှိကြောင်း လေသံခပ်တိုးဖြင့် သူကဖွင့်ဟ သည်။
“စားစရာပဲပေါ့” ဟု မလူစီးယာက ဆိုလိုက်ပြီး ရင်ခွင်ထဲက နို့စို့အရွယ်သားငယ်ကို ဆွဲပွေ့ချီယူလိုက်သည်။
- ရှေ့တန်းစစ်မျက်နှာပြင်က အမျိုးသမီးဒရုန်းစစ်သည် - 24/12/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 23/12/2024
- သစ်ပင်တက်ရင်းမိသားစုကိုစောင့်ရှောက်နေသူ မိန်းကလေး - 19/12/2024