ရှင်ငြိမ်း။ ။
အာဏာသိမ်းစစ်တပ်ရဲ့အချုပ်ခန်းကို ဖောက်ပြေးဖို့ဆိုတာ အမျိုးသားတွေအတွက်တောင် လွယ်တဲ့ကိစ္စမဟုတ်ပါ။ ဒီလို အကျပ်အတည်းကြားက ဖောက်ထွက်၊ လွတ်မြောက်သွားတဲ့အမျိုးသမီးတစ်ဦးကတော့ ရှိနေပါတယ်။
သူကတော့ အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု(CDM)ဝင်မယ့် အစောင့်ကျရဲတပ်သား အကူအညီနဲ့ သူတို့နှစ်ဦး အတူအချုပ်ခန်းဖောက်ပြေး လွတ်မြောက်ခဲ့တဲ့အသက် ၂၂ နှစ်အရွယ်မအိ (ခေါ်) အိသန္တာအောင်ပါ။
မအိဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ကရင်ပြည်နယ်မှ ထောက်ပို့တပ်သားတစ်ဦးဖြစ်ပြီး ကျန်းမာရေးမကောင်းလို့ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ရှိ နေအိမ်ကို ပြန်ပြီးဆေးကုသမှုခံယူနေစဉ် စစ်တပ်ရဲ့ဖမ်းဆီးတာကို ခံလိုက်ရ သူဖြစ်တယ်။
အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀(ည)နဲ့ အမှုဖွင့်ခံထားရပြီး မလှိုင်ရဲစခန်းမှာ အချုပ်ကျနေတဲ့မအိနဲ့ အချုပ်ခန်းအစောင့်ကျရဲ တပ်သားစိုးပိုင်တို့ အတူထွက်ပြေးခဲ့တဲ့သတင်းကို အွန်လိုင်းမှာ လူအမြောက်အများက မျှဝေခဲ့လို့လူအများအတွက်တော့ ဒီသတင်းက အာရုံစိုက်စရာသတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။
ဘာလို့လဲဆိုရင် သတင်းခေါင်းစဉ်က“အချုပ်ကျနေတဲ့အမျိုးသမီးတစ်ဦးကို အစောင့်ကျရဲကခိုးပြေး”ဆိုတာကြောင့် သူတို့ နှစ်ဦးကို ချစ်သူတွေဖြစ်ပြီး ခိုးပြေးကြတယ်လို့ အများက ထင်မှတ်သွားခဲ့တာကြောင့်ပါ။
ဖြစ်စဉ်အမှန်က သူတို့နှစ်ဦးက အများထင်သလို ချစ်သူတွေမဟုတ်ကြဘဲ CDM ဝင်လိုတဲ့အစောင့်ကျရဲတပ်သားကို မအိက အကူအညီပေးရင်း နှစ်ဦးသား ရဲစခန်းဖောက်ပြီး အတူထွက်ပြေးခဲ့ကြခြင်းသာဖြစ်တယ်။
သို့ပေမဲ့ မအိဟာ အချုပ်ခန်းကနေ လွတ်မြောက်ခဲ့ရပေမယ့် ရဲတပ်သားနဲ့အတူ ထွက်ပြေးခဲ့တဲ့လမ်းခရီးတစ်လျှောက်ဟာ သူ့အတွက် ငရဲခန်းဖြတ်ရတာထက်ဆိုးတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
“အဲ့ဒီစိုးပိုင်(အတူထွက်ပြေးတဲ့အစောင့်ရဲတပ်သား)က လမ်းမှာနှစ်ကြိမ်မုဒိမ်းကျင့်ဖို့ကြိုးစားတယ်။”လို့ မအိက ဆိုပါတယ်။
ဒီလိုစိတ်ခန္ဓာမလုံခြုံမှု၊ ကြောက်ရွံ့ထိတ်လန့်မှုတွေကို ရက်များစွာရင်ဆိုင်ခဲ့ရတာကြောင့် မအိဟာ လက်ရှိတိုင် အိပ်မပျော် တဲ့ ဝေဒနာခံစားနေရသလို စိတ်ဒဏ်ရာလည်း ရသွားခဲ့တာဖြစ်တယ်။
လွတ်မြောက်နယ်မြေရောက်နေတဲ့မအိက သူ့ကိုမုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့တဲ့ရဲတပ်သားကို အရေးယူပေးဖို့ နယ်မြေခံအဖွဲ့ အစည်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို တိုင်ကြားထားပေမယ့် အကြောင်းပြန်တာမရှိသေးလို့ တရားမျှတတဲ့ အရေးယူမှုရှိစေချင်တယ်လို့ ပြောပါတယ်။
ဒါကလည်း တော်လှန်ရေးနယ်မြေနဲ့ စစ်ပဋိပက္ခပြင်းထန်တဲ့ဒေသမှ တော်လှန်ရေးရဲမေတွေအပါအဝင် အမျိုးသမီးတချို့ ဟာ လက်နက်ကိုင်တွေရဲ့လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကို ခံစားနေရပြီး တချို့ဆိုရင် သတ်ဖြတ်ခံရတဲ့အထိအခြေအနေ ဆိုးတွေ နဲ့ ရင်ဆိုင်နေရတာကြောင့်ဖြစ်တယ်။
ကျူးလွန်ခံရတဲ့အမျိုးသမီးတွေက ထုတ်ဖော်မပြောဘူးဆိုတာကလည်း နယ်မြေဒေသလုံခြုံမှုမရှိတာ၊ သူတို့ရဲ့အသက်ခန္ဓာ တည်မြဲရေးနဲ့ မိသားစုဝင်တွေရဲ့လုံခြုံရေးကို စိုးရိမ်တာကြောင့်မပြောတာပါလို့ မအိက ရှင်းပြပါတယ်။
ဒါ့ကြောင့်လည်း မအိက သူ့ဖြစ်စဉ်ကို အခြေခံပြီး ကျူးလွန်ခံနေရတဲ့အမျိုးသမီးတွေပါ တရားမျှတမှုရဖို့ ကျူးလွန်သူတွေကို ပြင်းထန်ထိရောက်တဲ့အပြစ်ပေးဖို့နဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးကို အလေးထားဖို့ တောင်းဆိုနေပါတယ်။
တက္ကသိုလ်ကျောင်းသူကနေ လက်နက်ကိုင်ဖြစ်လာတဲ့မအိ
စစ်အာဏာမသိမ်းမီက မအိဟာ မိဘနှစ်ပါးနဲ့အတူ မလှိုင်မြို့နယ်မှာအေးချမ်းလွတ်လပ်စွာနေထိုင်ခဲ့တဲ့အမျိုးသမီးဖြစ်သလို လူငယ်ပီပီ အနာဂတ်အိပ်မက်တွေနဲ့ ရှင်သန်နေတဲ့ တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသူတစ်ဦးလည်းဖြစ်တယ်။
စစ်အာဏာသိမ်းမှုဖြစ်လာတော့ မတရားမှုကိုလက်မခံနိုင်တဲ့မအိဟာ အများနဲ့အတူလမ်းပေါ်ထွက်ဆန္ဒပြခဲ့ပြီး CDM လုပ်ခဲ့ တဲ့ကျောင်းသူတစ်ဦးပါ။ စစ်အာဏာရှင်က ဆန္ဒပြနေတဲ့ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းလာတော့ မအိလည်းလက်နက် ကိုင်ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ မအိဟာ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ထိန်းချုပ်နယ်မြေတစ်ခုမှာ စစ်သင်တန်းတက်ရောက်ခဲ့တယ်။ သင်တန်းပြီးတာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ရဲ့ အမျိုး သမီး ထောက်ပို့တပ်သားအဖြစ် မအိက တာဝန်ထမ်းခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်မှာ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့မီးယပ်ရောဂါကို အပြင်းအထန်ခံစားလာရလို့ အိမ်ပြန်ပြီး ဆေးကု သမှုခံယူဖို့ သူ့ရဲ့ဇာတိမြို့ကို ပြန်လာခဲ့တယ်။ နေအိမ်ကို ရောက်ပြီးနောက်နေ့မှာပဲ စစ်သားတွေနဲ့ ရဲတွေက မအိကို လာဖမ်း သွားခဲ့တာဖြစ်တယ်။
မအိဟာ စစ်တပ်ရဲ့ဖမ်းဆီးတာကို ခံလိုက်ရသလို မိဘတွေရဲ့ အမွေပြတ်စွန့်ပစ်ခြင်းကိုလည်းခံခဲ့ရတာဖြစ်တယ်။
လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ပြည့်နှက်နေတဲ့အချုပ်ခန်း
အကြမ်းဖက်ပုဒ်မ ၅၀(ည)နဲ့ အမှုဖွင့်ခံထားရပြီး မလှိုင်ရဲစခန်းမှာ အချုပ်ကျနေတဲ့မအိကို ရဲတပ်သားတွေ၊ အမှုစစ်တွေက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်ချင်တော့ ရဲစခန်းရဲ့အချုပ်ခန်းမှာ မအိကလွှဲလို့ ကျန်တဲ့အချုပ်သားအားလုံးဟာ အမျိုးသားတွေချည့်ဖြစ်တယ်။
“နုတ်နဲ့စော်ကားတယ်ဆိုတာ နင့်ကိုယ်လုံးကလှတယ်တို့၊ နင်အပြင်ရောက်ရင် ယူမှာ။ အိက လက်မခံဘူးလို့ပြောတဲ့အခါ နင့်ကိုမုဒိမ်းကျင့်ပြီးယူမှာ အဲ့လိုစကားတွေပြောတယ်။ အချုပ်ခန်းသံတိုင်ကို ကိုင်မိတာနဲ့လက်ကိုနမ်းတာတို့၊ ဘေးချင်းယှဉ် ရပ်ရင် ပါးလာကိုင်တာတို့လည်းလုပ်တယ်။ ရှောင်ရင်ပိုဆိုးတယ်။”လို့ မအိက ရှင်းပြပါတယ်။
အမှုစစ်ဆိုတဲ့ရဲတချို့ကလည်း စကားပြောရင်း မအိရဲ့ခန္ဓာကိုယ်ကို ပွတ်သပ်ကိုင်တွယ်တာ၊ ပါးတွေ၊ နုတ်ခမ်းနဲ့ ပုခုံးစတာ တွေလည်း ကိုင်တာရှိသလို ဝလာတယ်။ နင့်ကိုယ်လုံးက လှလာတယ်ဆိုတာမျိုး ပြောဆိုတတ်တယ်လို့လည်း ဆိုပါတယ်။
အချုပ်ခန်းမှာ တစ်လနီးပါးရှိတဲ့အချိန်မှာ မအိဟာ သူ့တို့အချုပ်ခန်းစောင့်တဲ့ရဲတပ်သားစိုးပိုင်နဲ့ ရင်းနှီးမှုရှိလာခဲ့ပါတယ်။ မလှိုင်ရဲစခန်းမှာ အချုပ်ခန်းစောင့်ရဲတွေဟာ တစ်ခါစောင့်ရင် နှစ်ဦး၊ နှစ်နာရီခြားတစ်ခါ လူပြောင်းပြီး စောင့်ရတာဖြစ်တယ်။
“အဲ့ဒီရဲက သူCDM လုပ်ဖို့ကြိုးစားတာ သုံးခါရှိပြီ။ ဒါပေမဲ့အချိတ်အဆက်မရှိလို့ စခန်းကို ပြန်ပြန်ရောက်လာရတယ်။ နင့်မှာ အချိတ်အဆက်ရှိရင် ချိတ်ပေးပါလို့ပြောရင်းနဲ့ ရင်းနှီးမှုရခဲ့တာပါ။”လို့ မအိက သူတို့ရင်းနှီးခဲ့ပုံကို ပြန်ပြောပြပါတယ်။
ရဲတပ်သားကို မြိုင်၊ မြောင်နဲ့ KNU တပ်မဟာ ၆ကို ချိတ်ဆက်ပေးမယ်ပြောပေမယ့် အညာဒေသမှာနေချင်တယ်ဆိုလို့ မြိုင်နဲ့ မြောင်မှာ CDM ဝင်ဖို့ မအိက ချိတ်ဆက်ပေးရင်း ရင်းနှီးခဲ့ကြတာဖြစ်တယ်။
အချုပ်ခန်းကနေ ထွက်ပြေး
ဒီလိုနဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်၊ ည ၁၁ နာရီခွဲလောက်မှာ CDM လုပ်မယ့်အစောင့်ရဲတပ်သားစိုးပိုင်က အချုပ်ခန်း သော့ယူလာပြီး မအိကိုခေါ်ကာ ထွက်ပြေးခဲ့တာဖြစ်တယ်။
ရဲတပ်သားစိုးပိုင်ဟာ စခန်းကနေထွက်လာတော့ အရပ်ဝတ်စုံတစ်စုံ၊ ကျည်နှစ်တောင့်၊ ဖုန်းတစ်လုံးနဲ့ အရိုးအသွား တစ်ပေခွဲ ခန့်ရှိတဲ့ဓါးတစ်ချောင်းနဲ့ ကျောပိုးအိတ်တစ်လုံးသာ ပါလာပြီး သူတို့နှစ်ဦးလုံးမှာ ငွေကြေးတစ်ပြားတစ်ချပ်မပါပေ။
သူတို့နှစ်ဦးဟာ ရဲစခန်းအနောက်က ရပ်ကွက်လမ်းတွေကနေ ရန်ကုန်- မန္တလေးကားလမ်းထိရောက်အောင် ယာခင်းတွေ၊ ကိုင်းရိုးတွေ၊ လူတစ်ရပ်ကျော်တဲ့မြက်ပင်ရှည်ကြီးတွေနဲ့ ရွံ့နွံ့တွေကြားဖြတ်ပြေးခဲ့ကြတယ်။
“လမ်းမှာ သူ(ရဲသားစိုးပိုင်)က ငါ့အရက်နည်းနည်းသောက်လာလို့ သိပ်အမောမခံနိုင်ဘူး။ ငါ မလိုက်တော့ဘူးလို့ တတွတ် တွတ်ပြောနေလို့ အတင်းဆွဲခေါ်လာတာပေါ့။”လို့ မအိက ဆိုပါတယ်။
ဒါကလည်း ရဲတပ်သားစိုးပိုင်က တစ်ပေခွဲခန့်ရှိတဲ့ဓားတစ်ချောင်းကို မအိအားထုတ်ပြပြီး ဖမ်းမိပါရင် သူသေကိုယ်သေပြန်ချ မှာဖြစ်ပြီး ယခုတစ်ကြိမ်တော့ ရဲစခန်းကိုပြန်မလိုက်ဘူးလို့ပြောထားတဲ့စကားကြောင့် ရအောင်ခေါ်ခဲ့တာဖြစ်တယ်။
သူတို့ပြေးလာတာ ဇူလိုင်လ ၁၀ ရက်၊ နံနက် ၂ နာရီခန့်ရှိလာတော့ မြို့အဝင် တိုးဂိတ်ကျော်လာတဲ့အချိန်မှာ စိုးပိုင်က သူ့မှာ အစာမရှိလို့ ဆက်မလျှောက်နိုင်တော့ဘူးဆိုလို့ ကတ္တရာလမ်းညာဘက်ဝင်းထရံလိုမျိုးကာထားတဲ့စည်းဘေးမှာ ခဏနားဖို့ လုပ်ခဲ့ကြတယ်။
“အဲ့ဒီမှာနားတုန်း သူက အိကိုချစ်တယ်၊ ဘာညာနဲ့ မုဒိမ်းကျင့်ဖို့ကြံတယ်။ ခန္ဓာကိုယ်ကို ပွတ်သပ်။ ရင်သားတွေ၊ ပေါင်တွေ ပါပေါ့။ အိက မလုပ်ဖို့တောင်းပန်တယ်။ မရဘူး။”လို့ မအိက ဖြစ်စဉ်ကို ရှင်းပြပါတယ်။
ဒီနောက် စကားအခြေအတင်ဖြစ်ကြပြီး ရဲတပ်သားစိုးပိုင်က စိတ်ဆိုးသွားရာမှ “ငါဆက်မလိုက်တော့ဘူး နင့်ဘာသာသွား တော့။”ဆိုပြီးပြောတော့ မအိက ပြန်မသွားဖို့ နားချကာ အတူခရီးဆက်ဖြစ်ခဲ့ကြတယ်။
“ပထမတစ်ခါဖြစ်ပြီးတော့ ကြောက်လည်းကြောက်၊ ရွံလည်းရွံ အားလည်းငယ်တာပေါ့။ ဒါပေမဲ့ တော်လှန်ရေးအတွက်ဆက် လုပ်ရမယ့်အရာတွေကျန်တာနဲ့ နောက်ထပ်အဖမ်းမခံချင်တော့လို့ အားတင်းပြီး ခရီးဆက်ခဲ့တယ်။”လို့ ဆိုပါတယ်။
ထွက်ပြေးလာကတည်းက သူတို့ဦးတည်ချက်က မန္တလေးက မြေအောက်အဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ဖြစ်တယ်။
အဲ့ဒီလိုခရီးဆက်လာရင်း ၁ နာရီလောက်လမ်းဆက်လျှောက်ပြီးနောက် မောပန်းလာလို့ လမ်းမကြီးဘေးက ခြုံပုတ်နှစ်ခုကို အကာအကွယ်ယူပြီး ထပ်နားကြတယ်။ ဒါပေမဲ့ လုံခြုံရေးကိုစိတ်ချရချင်တာကြောင့် ချိုင့်ထဲဆင်းကာ နားဖို့လုပ်တယ်။
“မောလို့ မြေကြီးပေါ်လှဲနေတုန်း သူအိအပေါ်ကိုတက်လာတယ်။ မုဒိမ်းကျင့်ဖို့ ထပ်ကြံတယ်။ဘယ်လိုမှမရုန်းနိုင်ဘူး။ သူ့အားနဲ့ အိတကိုယ်လုံးကို ဖိချုပ်ထားတာ၊ ကန်လို့ ရုန်းလို့မရဘူး။”
“အများကြီးတောင်းပန်ခဲ့တယ်၊ ငိုပြီးလည်း တောင်းပန်တယ်၊ ငါ့ကို မလုပ်ပါနဲ့ပေါ့၊ သူက မရဘူး။ အဲ့အချိန်မှာ သူ့ဘယ် ဘက် ပုခုံးကို အိကိုက်လိုက်တယ်။ သွေးတွေစို့တဲ့အထိပဲ။ အဲ့တော့မှ အိကိုလွှတ်လိုက်တယ်။”လို့ သူ့ကြုံခဲ့တဲ့အခြေအနေကို ပြောပြ ပါတယ်။
ဒီအခိုက်အတန့်မှာတော့ သူတို့နှစ်ဦးဟာ စိတ်ဆိုးပြီး စကားမပြောကြတော့ပါ။ အဲ့ဒီမှာရဲတပ်သားက သူဆက်မလိုက်တော့ “နင့်ဘာသာတစ်ယောက်ထဲသွားတော့။”လို့ ပြောလာတော့ မအိက “ခင်ဗျားပြန်သွားရင် ဟိုကောင်တွေက ဝိုင်းလုပ်ကြလိမ့် မယ်။”လို့ စည်းရုံးကာ မန္တလေးအထိ အပါခေါ်လာခဲ့တယ်။
မအိအနေနဲ့ကလည်း ရဲတပ်သားဟာ ကိုယ့်ကိုကိုယ်အန္တရာယ်ပေးနိုင်မှန်းသိပေမယ့် ဒီရဲတပ်သားဟာ ပြည်သူ့ဘက်ခိုလှုံ လာသူဖြစ်လို့ နောက်ပြန်မလှည့်စေချင်တာကြောင့် ရှေ့ဆက်သွားဖို့ခေါ်ရတာဖြစ်တယ်။
ဒါပေမဲ့ အခွင့်ကောင်းစောင့်နေတဲ့ရဲတပ်သားကတော့ ပြေးလာတဲ့လမ်းတလျှောက်လုံး မအိကို တောက်လျောက်အနိုင်ကျင့် လာခဲ့တာပါ။
“ တစ်လမ်းလုံးအတော်လေးသည်းခံနေလာရတယ်။ စိတ်မလုံခြုံဘူး။ မြန်မြန်မိုးလင်းပြီး မန္တလေးရောက်ဖို့ပဲ ဆုတောင်း တယ်။ အဲ့ဒီအချိန်ထိက မလှိုင်နယ်ထဲမှာပဲရှိသေးတာ။”လို့ မအိက ပြောပါတယ်။
အဲ့ဒီကနေ လမ်းတစ်လျှောက်လုံး ပြေးလာလိုက်၊ လမ်းလျှောက်လိုက်နဲ့ ၃ နာရီဆက်တိုက်လျှောက်လာကနေ နံနက် ၇ နာရီ ခွဲမှာ တော့ ရန်ကုန်- မန္တလေး လမ်းမကြီးပေါ်ရောက်လာခဲ့တယ်။
မန္တလေးကို မြန်မြန်ရောက်ချင်တာကြောင့် လမ်းမှာကားတွေတားဆီးပေမယ့် ရပ်မပေးကြပါဘူး။ နောက်ဆုံးလိုင်းကား တစ်စီးက ရပ်ပေးတဲ့အတွက် နံနက် ၉ နာရီမှာ မန္တလေးကို ရောက်လာခဲ့တယ်။ လမ်းမှာလည်း စစ်သားတွေရဲ့စစ်ဆေးရေး ဂိတ်ကို မှတ်ပုံတင်မပါဘဲဖြတ်လာနိုင်ခဲ့တယ်လို့ မအိက ဆိုပါတယ်။
မန္တလေးရောက်တော့ မအိဆက်သွယ်ထားတဲ့မြေအောက်အဖွဲ့တစ်ခုက လာကြိုမှ ကားခရှင်းရပြီး နေ့လယ် ၁၂ နာရီ လောက်မှ သူတို့ကျွေးတဲ့ပေါက်စီ၊ လ္ဘက်ရည်နဲ့စတင်ဗိုက်ဖြည့်ရတာဖြစ်တယ်။ သူတို့နှစ်ဦးဟာ နာရီပေါင်းများစွာ မစားမသောက်နဲ့ မရပ် မနားထွက်လမ်းလျှောက်လာခဲ့ရတာဖြစ်တယ်။
“အဲ့တုန်းကဆို လက်တွေ၊ ခြေထောက်တွေမှာ ဘာနဲ့ထိမိထိုးမိမှန်းမသိဘူး။ သွေးစီးကြောင်းကြီးတွေက ခြောက်နေပြီ။ မန္တလေးရောက်မှကြည့်တော့ တကိုယ်လုံးနီရဲပြီး ခြစ်ရာတွေဆိုမနည်းဘဲ။ လက်ဖဝါးတွေမှာဆို နည်းတဲ့ဆူးကြီးတွေမဟုတ် ဘူး။ စိုက်ဝင်နေတာ။”လို့ မအိက ဆိုပါတယ်။
မန္တလေးရောက်မှ “အစောင့်ရဲတပ်သားက အချုပ်ကျနေတဲ့မိန်းကလေးကို ခိုးပြေး”ဆိုပြီး မန္တလေးအခြေစိုက် VOM Media က ခေါင်းစဉ်တပ် သတင်းတင်ထားတာကို သိခဲ့ရကြောင်း သူက ပြောပါတယ်။
ရဲတပ်သား စိုးပိုင်က အညာဘက် CDM ဝင်မှာဖြစ်လို့ စုံစမ်းကြည့်တော့ အဲ့ဒီမှာလည်း စစ်ကြောင်းထိုးတာ ရက်ဆက်လိုဖြစ် နေတာကြောင့် သူတို့နှစ်ဦး မန္တလေးမှာ ရက် ၂၀ ကျော်ကြာနေခဲ့ရတယ်။ အဲ့ဒီမှာတော့ သူတို့တစ်ယောက်တစ်နေရာစီ နေထိုင်ခဲ့ရလို့ မအိအနေနဲ့ ကြောက်စိတ်မဖြစ်ခဲ့ပေ။
၂၀ ကျော်ရှိလာတော့ မြေအောက်အဖွဲ့သားတွေကတော့ ရဲတပ်သားကို စိုးပိုင်ကို မသင်္ကာလို့စောင့်ကြည့်ရာမှ မအိကိုက် ထားတဲ့ပုခုံးက ဒဏ်ရာရခဲ့တဲ့အခြေအနေကိုမေးတော့မှ မုဒိမ်းမှုပေါ်ပေါက်လာခဲ့တာဖြစ်တယ်။
ရဲတပ်သားစိုးပိုင်ကလည်း သူကျူးလွန်ကြောင်း ဝန်ခံတော့ ဒီကိစ္စကိုဖြေရှင်းဖို့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံတပ်ရင်းတစ်ခုကို တစ်ယောက်ချင်းစီ ခွဲပို့ခဲ့ပါတယ်။
မအိတွေးထင်ထားတာက ကျူးလွန်ခံရတဲ့ဖြစ်စဉ်ကို ဖြေရှင်းပြီးတော့ ကျူးလွန်သူရဲတပ်သား စိုးပိုင်ကိုအရေးယူမယ်လို့ ထင် မှတ်ပြီး ဒီကိစ္စဖြေရှင်းပြီးရင်တော့ ထောက်ပို့တော်လှန်ရေးသမားပြန်လုပ်ဖို့ ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ အရာအားလုံးက သူတွေးထင်ထားသလိုမဟုတ်ခဲ့ပါဘူး။
“အဲ့ဖြစ်စဉ်နဲ့ပက်သက်ပြီးတော့ အိကို မေးမြန်းတာလည်းရှိသလို ရဲကိုလည်းမေးမြန်းတာရှိတယ်။ ဒါပေမဲ့ မေးမြန်းရုံသာ မေးမြန်းပြီး ရဲကိုလည်း စောင့်ကြည့်အနေနဲ့ နှစ်လထားမယ်ပေါ့။ ဒီလောက်ပဲ။”လို့ မအိက စိတ်ပျက်သလို ပြောပါတယ်။
ဒါပေမဲ့ မြောင်မှာနေရတာက မအိအတွက် လွန်စွာစိတ်မသက်မသာဖြစ်စေခဲ့တယ်။ အကြောင်းကတော့ ရဲတပ်သားစိုးပိုင်နဲ့ တစ်အိမ်စီခွဲနေရတယ်ဆိုပေမယ့် တစ်ရွာထဲနေရတယ်ဆိုတဲ့အသိစိတ်က သူ့ကို မလုံမခြုံဖြစ်စေလို့ပါ။
“သူ့မျက်နှာက တွေ့နေရတာပေါ့။ စိတ်မလုံခြုံဘူး၊ ဘယ်အချိန်ဗီဇပြန်ပေါ်လာမလဲလို့ နေရင်းထိုင်ရင်းကြောက်နေခဲ့တာ။ ည အိပ်ရင်တောင် ကောင်းကောင်းမအိပ်ရဲခဲ့ဘူး။ စိတ်ကကြာကြာနေရင် ရူးတော့မှာ။ အရမ်းစိတ်ပင်ပန်းခဲ့ရတယ်။”လို့ မအိက ဆိုပါတယ်။
မအိအနေနဲ့ မြောင်မှာဆက်နေလို့ လုံးဝမလုံခြုံတဲ့အနေအထားဖြစ်လာတော့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကို တစ်ဦးထဲ ပြောင်း သွားခဲ့တယ်။ ပုလဲမြို့နယ်က အသိခေါင်းဆောင်တစ်ဦးရဲ့ ချိတ်ဆက်စီစဉ်ပေးမှုနဲ့ နေစရာတစ်ခုရခဲ့တယ်။
“ပုလဲနယ်ရောက်တော့ ပထမပိုင်းမှာ အားလုံးက ဖေးဖေးမမပဲ။ ရက်ကြာလာတော့ မယုံသင်္ကာဖြစ်လာတယ်။ အိဖြစ်စဉ်က ရုပ်ရှင်ဆန်လို့မယုံရဘူးတဲ့။ စကစ လွှတ်လိုက်တဲ့သူလျိုမလို့ခေါင်းစဉ်တပ်လာကြတယ်။”လို့ မအိက ပြောပါတယ်။
မအိဟာ ပုလဲနယ်မှာ ငါးလနီးပါးနေထိုင်စဉ်ကာလမှာ ပတ်ဝန်းကျင်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေရဲ့စောင့်ကြည့် တာကိုခံခဲ့ရပြီး ဒလန်ဆိုတဲ့စွတ်စွဲချက်ကြောင့် PDF ဖြစ်ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထောက်ခံစာယူ ခဲ့ရပါတယ်။ ဒီလိုစွတ်စွဲခံရတဲ့အခြေအနေက သူ့အသက်ကိုတောင် ရန်ရှာလာနိုင်တဲ့အနေအထားဖြစ်တာကြောင့်ပါ။
ထောက်ခံစာရပြီးပေမယ့် မအိအပြင်သွားမယ်ဆိုရင် ဒေသခံ PDF မှ ရဲဘော်တချို့ရဲ့အစောင့်အရှောက်နဲ့သာ သွားလို့ရပါ တယ်။ ဒီလိုအခြေအနေတွေကြောင့် စိတ်မလုံခြုံမှု၊ ကြောက်ရွံ့မှုတွေရှိလာတဲ့အတွက် ပုလဲနယ်က မိတ်ဆွေတစ်ဦးရဲ့အကူ အညီနဲ့ လက်ရှိနေထိုင်တဲ့လွတ်မြောက်နယ်မြေကို ရောက်သွားခဲ့တယ်။
ဒါပေမဲ့ မအိဟာ လမ်းတစ်လျှောက်ကြုံခဲ့ရတဲ့အခြေအနေတွေကြောင့် လွတ်မြောက်နယ်မြေရောက်တဲ့အချိန်မှာ သူရဲ့စိတ် ဒဏ်ရာဟာ အတော်လေးအခြေအနေဆိုးနေတယ်လို့ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တဲ့သူက ပြောပါတယ်။
“ကိုယ့်ကိုကိုယ်သတ်သေချင်တယ် ခဏခဏပြောတယ်။ ပြီးတော့ ညတိုင်းငိုတယ်၊။ ကျနော်က အနီးကပ်စောင့်ရှောက်ပေး ရတယ်။ တစ်ယောက်ထဲ လွှတ်မထားရဲဘူး။ ယောကျာ်းလေးတွေကို ကြောက်တယ်။ ကျနော်ကလွဲရင် ဘယ်သူမှအနား ကပ်မခံဘူး။”လို့ သူက ပြောပါတယ်။
မအိဟာ သူရဲ့စိတ်ဒဏ်ရာကို စိတ်ရောဂါဆရာဝန်နဲ့ ငါးလကြာကုသမှုခံယူတော့မှ အများနဲ့ဆက်ဆံရေးတွေအဆင်ပြေလာ ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ သူလိုမျိုး အမျိုးသမီးလေးတွေ အဓမ္မကျင့်ခံရတဲ့သတင်းတွေ တွေ့ရင်သူ့စိတ်ဒဏ်ရာတွေ ပြန်ပေါ် လာတတ်တယ်လို့ ကူညီပေးနေသူက ဆိုပါတယ်။
တော်လှန်ရေးထောက်ပို့တပ်သားတစ်ဦးဖြစ်တဲ့မအိကို မုဒိမ်းကျင့်ဖို့ နှစ်ကြိမ်တိုင်တိုင်ကြိုးစားခဲ့တဲ့ရဲတပ်သား စိုးပိုင်ကို အရေးယူဖို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ရဲတပ်ဖွဲ့မှ ရဲချုပ်ကိုလိပ်မှု ပြီး နိုင်ငံတော်သမ္မတရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ကို ပူးတွဲတိုင်ကြား ခဲ့ပါတယ်။
ဒါပေမဲ့ NUG အစိုးရဘက်က တစ်စုံတစ်ရာဆက်သွယ်မှုမရှိသေးတာကြောင့် သက်ဆိုင်ရာဌာနတွေအနေနဲ့ ထိထိ ရောက် ရောက် ကိုင်တွယ်အရေးယူတာမျိုးဖြစ်စေချင်တယ်လို့ မအိက သူ့ဆန္ဒကိုဖွင့်ဟပါတယ်။ လက်ရှိအချိန်ထိလည်း ရဲတပ်သား စိုးပိုင်ကို အရေးယူထားတာ မကြားမိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတွေဆောင်ရွက်ထားမှုရှိသလဲဆိုတာကို သိရဖို့ HI က NUG အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကဝန်ကြီး နော်ဇူဇန်နာလှလှစိုးနဲ့ ဒုဝန်ကြီးအိသဥ္ဇာမောင်တို့ကို စက်တင်ဘာ ၁၈ ရက်မှာ စင်ကနယ်ကနေ စာနဲ့ပေးပို့မေးမြန်းခဲ့ပေမယ့် ယခုဆောင်းပါးရေးသားထုတ်ဝေခါနီးအထိ အကြောင်းပြန်ကြားခြင်းမရှိပါဘူး။
မအိကတော့အကယ်၍ ဒါကိုအရေးယူတာတွေမရှိနေဘူးဆိုရင် ကျူးလွန်သူတွေက“ငါတို့ကျူးလွန်တာ ဘာမှမဖြစ်ဘူး”ဆိုပြီး တခြား အမျိုးသမီးတွေအပေါ်ထပ်မံကျူးလွန်တာတွေဖြစ်လာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။
လက်ရှိမှာတော့ မအိဟာ တော်လှန်ရေးလည်း ဆက်လုပ်ရင်း သူရဲ့ဂုဏ်သိက္ခာအတွက် တရားမျှတမှုကိုလည်း မျှော်လင့်နေဆဲ ၊ တောင်းတရှာဖွေနေဆဲဖြစ်ပါတယ်။