ရှင်ငြိမ်း
“ ပင်စင်က နှစ်လတစ်သောင်းဆိုတော့ ဆန်ဝယ်လို့တောင်မရဘူး။ အဲ့လိုနည်းသွားတော့ နေမကောင်းဖြစ်ရင် ဆေးဝယ် သောက်ဖို့ကအစခက်ခဲတယ်။” လို့ ညည်းတွားနေသူကတော့ အသက် ၈၉ နှစ်အရွယ်ဘွားထွေး(အမည်လွှဲ)ပါ။
နေစရာအိမ်မရှိလို့ သူများအိမ်လေးဘေးမှာ တစ်ကိုယ်စာကပ်နေရတဲ့ဘွားထွေးဟာ သူတို့ရရှိနေတဲ့လူမူရေးပင်စင်ငွေကို အာဏာသိမ်းစစ်တပ်က တစ်ဝက်လျော့ချလိုက်တာကြောင့် ဝမ်းစာကို ခက်ခဲစွာရှာဖွေနေရတဲ့အဘွားအိုတစ်ဦးဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က အသက် ၈၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေရရှိနေတဲ့လူမူရေးပင်စင် တစ်နှစ်စာအတွက် ကျပ်ငွေ ၁၂၀,၀၀၀ ကနေ ၆၀,၀၀၀ ထိလျော့ချပစ်လိုက်ကြောင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်က ထုတ်ပြန်ကြေညာခဲ့တယ်။ ယခင် တစ်လ တစ်သောင်းနူန်းနဲ့ ထောက်ပံ့ကြေးကို တစ်လ ငါးထောင်သာပေးတော့မယ့် သဘောပါ။
ယခင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရက သက်ကြီးရွယ်အိုတွေ ဝင်ငွေရရှိဖို့၊ လိုအပ်တာတွေဖြည့်ဆည်းနိုင်ဖို့နဲ့ ကျန်းမာရေးအတွက် ရည်ရွယ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်မှာ ဒီလူမှုရေးပင်စင်စတင်ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး တစ်လကျပ် ၁၀,၀၀၀ နှုန်းနဲ့ သုံးလတစ်ခါ ၃၀,၀၀၀ ကျပ်ကို တစ်နှစ် လေးကြိမ် လူမူဝန်ထမ်းတွေက အိမ်တိုင်ရာရောက်လိုက်လံပေးအပ်ခဲ့တာပါ။ ဒါ့အပြင် ဖြည့်စွက်အာဟာရနဲ့ ဆေးဝါးတွေကို လည်း ထောက်ပံ့ပေးပါတယ်။
ဒါပေမဲ့ စစ်ကောင်စီကတော့ သက်ကြီးရွယ်အိုတွေရဲ့လူမူရေးပင်စင်ငွေကို လျော့ချပစ်တဲ့အပြင် အိမ်တိုင်ရာရောက်လည်း လိုက် မပေးတော့ပါဘူး။ ဒါကြောင့် သွားလာရခက်ခဲတာ ၊ ထောက်ပံ့ကြေးပေးတာကို မသိကြတာ ၊ စာရင်းအသစ်တွေ တိုးမလာတာ ကြောင့် ဘိုးဘွားတွေတော်တော်များများ ထောက်ပံ့ကြေး မရတာတွေများလာတယ်လို့ စွန့်ပစ်ခံဘိုးဘွားတွေကို စောင့် ရှောက် ပေးနေတဲ့ မမေဝါဆို (အမည်လွှဲ)က ထောက်ပြပါတယ်။
“ အာဏာသိမ်းကာလမှာ ဘိုးဘွားတွေက အတော်လေးကို ခက်ခက်ခဲခဲရုန်းကန်နေရတယ်။ လူမူရေးပင်စင်ကလည်း ရတဲ့သူ ရ၊ မရတဲ့သူက များနေတယ်။”လို့ သူကပြောပါတယ်။
ဘွားထွေးလို့ အများကချစ်စနိုးခေါ်ကြတဲ့ဒေါ်ထွေးကြည်ဆိုရင် လူမူရေးပင်စင်လျော့ရတဲ့အတွက် ကန်စွန်းရွက်၊ မြင်းခွာ ရွက် တွေကို သူ့ရဲ့လင်ဗန်းအစုတ်လေးပေါ်တင်ရွက်ပြီး မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဲတောရပ်ကွက်တွေထဲ လှည့်လည် ဈေးရောင်းကာ စားသောက်နေထိုင်ရတဲ့သူပါ။
သဲတောဈေးနေ့ဆိုရင် ဘွားထွေးဟာ လယ်ထဲကရတဲ့ကန်စွန်းရွက်လေးတွေ၊ မြင်းခွာရွက်လေးတွေ ကိုယ်တိုင်ခူးပြီး ရေနဲ့ သေချာဆေးကြောသန့်စင်ကာ သွားရောင်းလေ့ရှိတယ်။ တခါတရံမှာတော့ ရာသီပန်းလေးတွေဖြစ်တဲ့စံပယ်၊ ဇွန်၊ ခရေစတဲ့ ပန်းတွေကို သီကုံးပြီး ဈေးမှာသွားရောင်းကာ ဝမ်းစာဖြည့်နေရတာဖြစ်တယ်။
ဘွားထွေးဟာ သူ့အသက် ၂၀ အရွယ်လောက်မှာ မိဘနှစ်ပါးလုံးဆုံးပါးသွားတဲ့အတွက် အစ်မကြီးဖြစ်သူနဲ့ နှစ်ယောက်တည်း ကျန်ရစ်ခဲ့တယ်။ မိဘတွေဆုံးပါးသွားချိန်မှာ နေအိမ်ကလွဲလို့ ဘာအမွေမှမကျန်ရစ်ခဲ့ပါဘူး။
ဒီတော့ အပျိုကြီးတွေဖြစ်ကြတဲ့သူတို့ညီအမနှစ်ယောက်ဟာ ရှိတဲ့ငွေလေးနဲ့ယာခင်းထဲဆင်းပြီး ပဲ၊ နှမ်း၊ ငရုတ်စတာတွေ ကောက်ကာ ရက်ကွက်ထဲလည်ရောင်းရင်း ဝမ်းစာဖြည့်ခဲ့ကြတယ်။
ဘွားထွေးအသက် ၅၀ နှစ်ရောက်တော့ အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့အစ်မကြီးဖြစ်သူက အူမကြီးကင်ဆာဖြစ်လို့ အိမ်ရောင်း ပြီး ဆေးကုပေးလိုက်ရတယ်။ နှစ်နှစ်နီးပါးလောက်ဆေးကုသပြီးတဲ့နောက်မှာ အစ်မကြီးဖြစ်သူဆုံးပါးသွားတော့ ဘွားထွေး ဟာ နေစားစရာမရှိလို့ သီလရှင်ကျောင်းတစ်ခုမှာ နှစ်နှစ်နီးပါးသွားနေခဲ့ရတယ်။
“ကျောင်းမှာ ဈေးဝယ်၊ ထမင်း၊ ဟင်းချက်ပေါ့။ နောက်တော့ သီလရှင်ကြီးဆုံးပါးသွားပြီး အုပ်ချုပ်သူပြောင်းသွားလို့ နေလို့ မရတော့ဘူး။ အဲ့ဒါနဲ့ဒီအိမ်လေးမှာ ဌားနေတာ။ ပင်စင်ငွေလျော့သွားတော့ အိမ်လခမပေးနိုင်လို့ သူတို့ရဲ့အဖီလေးမှာ ပေး နေတယ်။” လို့ ဘွားထွေးက ပြောပါတယ်။
နေဖို့ရပေမယ့် စားဖို့နဲ့ ကျန်းမာရေးအတွက်ကလည်း ပင်စင်စရိတ်ကို မှီနေလို့မရတော့ အခုလိုကန်စွန်းရွက်၊ မြင်းခွာရွက် လေးတွေခူးရောင်းနေရတာဖြစ်တယ်။
ကန်စွန်းရွက်ခူးရတာကလည်း သက်ကြီးပိုင်းဖြစ်တဲ့ဘွားထွေးအတွက် မလွယ်ကူလှပါဘူး။ ကမ်းစပ်နားက ကန်စွန်းရွက် တွေက ရင့်တဲ့အတွက်ရောင်းမရလို့ ရင်ခေါင်းလောက်ရှိတဲ့ရေထဲ ဆင်းခူးရတာပါ။
ရေထဲမှာရပ်ပြီး အကြာကြီးခူးရတာနဲ့ အမြဲလိုလိုသွားခူးတာကြောင့် ခြေဖဝါးနဲ့ ခြေချောင်းတွေကြားထဲမှာ ရေဝဲစားနေတာ ကြောင့် တခါတရံလမ်းမလျှောက်နိုင်လို့ ဈေးရောင်းမထွက်တဲ့အခါတွေလည်းရှိပါတယ်။
“ဝင်ငွေမရှိတော့ အာဟာရရှိတာဝယ်မစားနိုင် ဆေးတောင်ဝယ်မသောက်နိုင်ဘူး။ တစ်ခါဆိုသူနေမကောင်းလို့ တစ်ကိုယ်လုံး တုန်ပြီးဖျားနေတာ ငွေမရှိလို့တဲ့ဆေးခန်းမပြဘူး။”လို့ ဘွားထွေးရဲ့အိမ်ရှင်ဒေါ်စောက ပြောပါတယ်။
နေရာကျဉ်းကျဉ်းလေးထဲ စိတ်ဓါတ်မကျဘဲ ဆွေမရှိမျိုးမရှိနဲ့ တစ်ဦးထဲ ခိုကိုးရာမဲ့နေတဲ့ဘွားထွေးရဲ့နေစားဖို့နဲ့ ကျန်းမာရေး ကိုတော့ ရပ်ကွက်ထဲကလူတွေက တတ်နိုင်သလောက်ဝိုင်းဝန်းစောင့်ရှောက်ပေးနေရတာဖြစ်တယ်။
ဒီလိုပြဿနာတွေကို ဘွားထွေးတစ်ယောက်ထဲရင်ဆိုင်နေရတာမဟုတ်ပါ။ လူမူရေးပင်စင်မရတော့တဲ့ဘိုးဘွားတိုင်း အလားတူ ပြဿနာတွေကြုံနေရတာဖြစ်ပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုဦးရေဟာ ၄ . ၅ သန်းခန့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ လူမူဝန်ထမ်းရဲ့ထုတ်ပြန်စာရင်းတွေအရ တစ်နိုင်ငံလုံးရှိ အသက် ၈၀ နှစ် မှ ၈၅ နှစ်အထိ ဘိုးဘွား သုံးသိန်းနီးပါး (၂၉၃,၄၅၇) ရှိတယ်လို့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
မမေဝါဆိုရဲ့ လေ့လာဆန်းစစ်ချက်အရ အသက် ၆၀ ကျော်အမျိုးသမီးဦးရေရဲ့ထက်ဝက်ကျော်က အလုပ်တွေဆက်လုပ်နေရပြီး ၁၀ ရာခိုင်နှုန်းသောဘိုးဘွားတွေကတော့ စွန့်ပစ်ခံနေကြရတယ်လို့ ဆိုပါတယ်။
ယခင် NLD အစိုးရလက်ထက်ကတော့ သက်ကြီးဘိုးဘွားတွေကို ထောက်ပံ့ကြေးပေးတာအပြင် ခိုကိုးရာမဲ့နေတဲ့ဘိုးဘွားတွေ၊ စွန့်ပစ်ဘိုးဘွားတွေကို ရပ်ကွက်ထောက်ခံချက်နဲ့ ပြုစုစောင့်ရှောက်ပေးတဲ့ ဘိုးဘွားရိပ်သာတွေလည်း ဖွင့်လှစ် စောင့်ရှောက်ခဲ့ ပါတယ်။
ဒါ့အပြင် ရပ်ကွက်အလိုက် စုပေါင်းပြီး အသက် ၇၀ ကျော်ဘိုးဘွားတွေကို သက်ကြီးပူဇော်ပွဲလုပ်ပြီး ထောက်ပံ့ငွေပေးအပ် တာ တွေလည်းရှိတော့ ဘိုးဘွားတွေအနေနဲ့ အခုလောက်မခက်ခဲခဲ့ပါဘူး။
နောက် ပရဟိတအဖွဲ့၊ လူမူကူညီရေးအသင်းတွေနဲ့ တခြားအလှူရှင်တွေလည်း ဒီလိုဘိုးဘွားတွေထံလာလှူပေးတာတွေ ရှိ တော့ အဆင်ပြေခဲ့ကြတယ်။ ဒီလိုမျိုးဘိုးဘွားတွေကို တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့နေတာတွေဟာ စစ်အာဏာရှင် လက် ထက်မှာတော့ လုံးဝပျောက်ဆုံးသွားတာဖြစ်တယ်။
လက်ရှိမှာလည်း အာဏာသိမ်းစစ်တပ်က ဘိုးဘွားတွေရနေတဲ့လူမူရေးပင်စင်ကို တစ်ဝက်လျော့ချလိုက်တယ်ဆိုပေမယ့် အောက်ခြေက ဘိုးဘွားအများစုလက်ထဲတော့ ပင်စင်တွေရောက်မလာတာဖြစ်တယ်။
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရပ်ကွက်က အမေအုန်းလို့ခေါ်ကြတဲ့အသက် ၈၈ နှစ်အရွယ်ဒေါ်တင်အုန်း (အမည် လွှဲ)လည်း အာဏာသိမ်းပြီးကတည်းက လူမူရေးပင်စင်မရတော့တာကြောင့် ကိုယ့်ဝမ်းစာကိုယ်ရှာစားနေရပါတယ်။
အမေအုန်းဟာ ပုလဲမြို့သစ်ထဲမှာ ဌက်ပျောသီး၊ ကန်းစွန်းဥစတာတွေကို တွန်းလှည်းကြီးပေါ်တင်ပြီး တစ်နေကုန်လမ်း လျှောက် ဈေးရောင်းလေ့ရှိတဲ့ အဘွားအိုတစ်ဦးဖြစ်တယ်။
ပိန်ပိန်ပါးပါး၊ အသားဖြူဖြူနဲ့ စကားပြောရင်လွန်စွာမှ သိမ်မွေ့တဲ့အမေအုန်းဟာ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်း မြို့နယ်ဇာတိဖြစ်တယ်။ သူ့အသက် ၂၂ နှစ်အရွယ်မှာ ရန်ကုန်- တောင်ကြီး ပစ္စည်းတင်ကားမောင်းသမား ကိုမြင့်ဦးနဲ့ အိမ် ထောင်ကျခဲ့လို့ ရန်ကုန်မြို့ကို ရောက်လာခဲ့သူပါ။
သားသမီးတွေရှိပေမယ့် သူ့အိမ်ထောင်နဲ့သူ နွမ်းပါးသူတွေဖြစ်တာကြောင့် မိဘတွေကို မထောက်ပံ့ပေးနိုင်ကြပါဘူး။ ဒီတော့ အမေအုန်းက လေဖြတ်ထားတဲ့ခင်ပွန်းသည်ကို ပြုစုရင်း ဈေးထွက်ရောင်းကာ ဝင်ငွေရှာနေရတာဖြစ်တယ်။
အသက်အရွယ်ရလာတဲ့အတွက် အမေအုန်းဟာ အရင်လိုရပ်ကွက်ထဲ တနေကုန်လှည့်လည်မရောင်းနိုင်တော့တာကြောင့် ဝင်ငွေလည်းနည်းကာ စားဝတ်နေရေး ကျပ်တည်းလာခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ NLD အစိုးရကပေးတဲ့ လူမူရေးပင်စင်ငွေ လင်မယားနှစ်ယောက်စာ တစ်လနှစ်သောင်းစီရတဲ့အတွက် ဘာပဲ ဖြစ်ဖြစ် သူတို့ဇနီးမောင်နှံအတွက် ရေငတ်တုန်း ရေတွင်းထဲကျသလို ဖြစ်ခဲ့ရတယ်။ ဒီအထောက်အပံ့ကြောင့် အမေအုန်းဟာ ဈေးထွက်ရောင်းဖို့ မလိုအောင် အဆင်ပြေခဲ့တယ်။
ဒါ့အပြင် NLD က ကိုဗစ်ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ တစ်နိုင်ငံလုံးရှိ ဘိုးဘွားတွေကို တစ်ဦးလျှင် ငွေ ကျပ် ၃၀,၀၀၀ ထောက်ပံ့မှုအပြင် အလှူရှင်တွေ၊ အနုပညာတွေနဲ့ လူမူကူညီရေးတွေရဲ့ထောက်ပံ့မှုပါ အမေအုန်းတို့ရခဲ့တာပါ။
ဒါပေမဲ့ အခုတော့ သူ့အနေနဲ့ လူမူရေးပင်စင်မရတာ သုံးနှစ်ရှိပြီဖြစ်လို့ စားသောက်နေထိုင်ဖို့အတွက် အခုလို ဈေးထွက် ရောင်းနေရတာ ဖြစ်တယ်လို့ အမေအုန်းက အခုလိုပြောပါတယ်။
“ပင်စင်လျော့တာတော့မသိဘူး။ မပေးတာကတော့ သုံးနှစ်ရှိပြီ။ အဖွားတို့တွေက အဲ့ဒီပင်စင်လေးမှီစားနေရတာ။ အသက် ကြီးလာတော့ ကျန်းမာရေးကမကောင်းတော့ဘူး။ အဲ့တော့ဈေးလည်း အမြဲထွက်မရောင်းနိုင်ဘူးလေ။”
ဒီလူမူရေးပင်စင်မရတော့လို့ နေစားဖို့ဆိုတာထက် ဆေးဖိုးနဲ့ အိမ်လခ အချိန်မီပေးနိုင်ဖို့ ရုန်းကန်နေရတာဖြစ်တယ်။
“အဘွားက အရမ်းသနားဖို့ကောင်းတယ်။ တခါကဆို မိုးရွာထဲ တစ်ကိုယ်လုံးလည်း တုန်လို့ လျှောက်သွားနေလို့မေးတော့ အိမ်လခသွားချေးတာတဲ့။”လို့ တစ်ရပ်ကွက်ထဲနေဒေါ်ရွှေက ပြောပါတယ်။
အမေအုန်းဟာ နောက်ဆုံးရွေးချယ်စရာမရှိတော့ ကိုဗစ်လှိုင်းမှာနားထားတဲ့ဈေးရောင်းတာကို ပြန်လုပ်နေရတာဖြစ်တယ်။ အခုဆို သူဈေးပြန်ရောင်းနေရတာ နှစ်နှစ်ကျော်ရှိပါပြီ။
သူတစ်နေ့ဈေးရောင်းရငွေကလည်း ၂,၀၀၀၊ ၃,၀၀၀ လောက်သာရတာဖြစ်လို့ စုမိတာတော့မရှိပါဘူး။ ငွေကြေးနည်းပါးနေ ချိန်မှာ ခင်ပွန်းသည်ကျန်းမာရေးကောင်းဖို့ ဆုတောင်းနေရုံမှတပါး အမေအုန်းမှာ အားကိုးရာမရှိသလိုဖြစ်နေပါတယ်။
အလားတူ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်က အသက် ၉၀ နဲ့ ၈၇ နှစ်အရွယ် အဘွားဒေါ်ကျင်နဲ့ အဘွားဒေါ်နု (အမည်လွှဲ) တို့လည်း ထောက်ပံ့ငွေမရလို့ အမှိုက်ထဲက ရောင်းလို့ရတာတွေကောက်ပြီး ရပ်တည်နေကြရတာဖြစ်တယ်။
သူတို့ညီအစ်မနှစ်ဦး အမှိုက်ထဲကနေ ရောင်းလို့ရတဲ့ပစ္စည်းလေးတွေကောက်ပြီး ရောင်းမှတစ်ရက်ကို ငွေ ၂,၀၀၀၊ ၃,၀၀၀ လောက်သာရကြပါတယ်။ တခါတရံ မနက်ကနေ ည ၈ နာရီလောက်အထိကောက်ကြတာဖြစ်တယ်။
ဘာလို့ တခါတလေစွန့်ပစ်ပစ္စည်းတွေထဲမှာ ရောင်းလို့ရတာမရှိလို့ တခြားအမှိုက်ပုံမှာသွားရှာရတာကြောင့် နောက်ကျတဲ့ အခါ လည်းရှိပါတယ်။ လက်ရှိမှာအဘွားဒေါ်ကျင်က ဆီးချိုသွေးတိုးသမားဖြစ်ပြီး အဘွားဒေါ်နုကတော့ အစာအိမ်ရောဂါ ခံစားနေရ သူပါ။
မိဘနှစ်ပါးက သူတို့အသက် ၅၀ ဝန်းကျင်လောက်မှာ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးပါးသွားခဲ့တာဖြစ်တယ်။ မိဘတွေ က ဝန်ထမ်းတွေဖြစ်တာကြောင့် နေအိမ်ကလွဲလို့ ဘာအမွေပစ္စည်းမှမထားခဲ့ပါဘူး။
ဒါ့အပြင် သမီးနှစ်ယောက်ကိုလည်း အိမ်အလုပ်ကလွဲလို့ လခစားအလုပ်ဝင်လုပ်ခွင့်မပေးတာကြောင့် အသက် ၅၀ အရွယ်မှ လခစားအလုပ်ဝင်လုပ်ဖို့ဆိုတာကလည်း မလွယ်ကူတော့တဲ့အခြေအနေပါ။
ဒီတော့ရှိတဲ့အိမ်ဝိုင်းလေးကို ဖဲ့ကာ၊ ဖဲ့ကာရောင်းရင်းစားသောက်နေထိုင်ခဲ့ရာမှ အိမ်ပါရောင်းလိုက်ရတဲ့အထိဖြစ်သွားခဲ့ တယ်။ သို့ပေမဲ့အိမ်ဝယ်သူတွေက ကျန်းမာရေးမကောင်းတဲ့သူတို့နှစ်ဦးကို မသေခင်အထိနေထိုင်ဖို့ခွင့်ပြုခဲ့တယ်။
နေဖို့အဆင်ပြေပေမယ့် စားဖို့နဲ့ ကျန်းမာရေးကိစ္စစတာတွေရှိသေးတာကြောင့် အစပိုင်းမှာ ငပိရည်နဲ့ တို့စရာရောင်းပါတယ်။ မရောင်းရလို့ကျန်တဲ့ငပိရည်ကို နှမြောပြီးစားတာကြောင့် သွေးတိုးရောဂါပြန်ထလာလို့ ဆက်မရောင်းတော့ပါဘူး။
နောက် ရာသီပေါ်သီးနှံတွေဖြစ်တဲ့ဖရဲ၊ သဘောၤ၊ မာလကာစတာတွေခွဲစိတ်ရောင်းတော့လည်း သီးနှံဝယ်ပေးတဲ့သူက ငွေ လိမ်သွားလို့ ရပ်လိုက်ရပါတယ်။ ဒါပေမဲ့ထောက်ပံ့ပေးလှူတာရှိလို့ အဆင်ပြေခဲ့တယ်လို့ အဘွားဒေါ်ကျင်က အခုလိုပြောပါ တယ်။
“စီးပွားရေးမလုပ်တတ်တော့ ဆုံးရှုံးတာရှိတာပေါ့။ ဒါပေမဲ့ပင်စင်ငွေလေးရှိတော့ မခက်ခဲဘူး။ ဆေးခန်းလည်း သုံးလတခါ ပြနိုင်တယ်။ ဆေးလည်း ဝယ်သောက်နိုင်တော့ စိတ်ချမ်းသာတယ်။ စားချင်တာလေးလည်းဝယ်စားနိုင်တယ်။ အလှူအ တန်းလည်းလုပ်နိုင်တယ်။”
ဒါပေမယ့် ထောက်ပံ့ကြေးမရတော့တဲ့နောက်ပိုင်း ကုန်ဈေးနှုန်းပါ ထပ်တက်လာတာကြောင့် ယခင်ဆေးခန်းတစ်ခါပြရင် ငွေ ၃၀၀၀ ရှိတာက အခု ၁၅,၀၀၀ ပေးနေရလို့ ဆေးခန်းမပြနိုင်သလို မဖြစ်မနေသောက်ရမယ့် ဆေးဖိုးအတွက် အစားလျော့စား နေရတယ်လို့ အဘွားဒေါ်နုက ပြောပါတယ်။
လက်ရှိအာဏာသိမ်းစစ်တပ်က အသစ်ခန့်အပ်ထားတဲ့လူ/ကယ်ပြန်ဝန်ကြီးဖြစ်တဲ့ဒေါ်သက်သက်ခိုင်ကတော့ ဘိုးဘွားတွေ ကို ပေးအပ်တဲ့လူမူရေးပင်စင်ငွေက ကျပ်ငွေသန်းနဲ့ချီရှိကြောင်း ထုတ်ပြောထားပါတယ်။
၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတဝှမ်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားပေါင်း ၂၉၃,၄၅၇ ဦးကို တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်း( ခြောက်လစာအတွက်)စုစုပေါင်း (၈၈၀၃ ဒသမ ၇၁) ကျပ်သန်းကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း မန္တလေးတိုင်းမှာပြုလုပ်တဲ့လူမှုရေးပင်စင် ထောက်ပံ့တဲ့အခမ်းအနား မှာ စစ်တပ်လက်အောက်ခံ ဝန်ကြီး ဒေါ်သက်သက်ခိုင်က ပြောကြားထားတာဖြစ်တယ်။
ဒါပေမယ့် အောက်ခြေက ဘိုးဘွားတွေဆီ အဲ့ဒီငွေတွေဟာ ရောက်မလာဘဲ ဒီငွေတွေဘယ်ရောက်သွားလဲလို့ စွန့်ပစ်ဘိုး ဘွားတွေကိုစောင့်ရှောက်ပေးနေတဲ့ မမေဝါ ဆိုက မေးခွန်းထုတ်နေပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ ဘိုးဘွားတွေကို စောင့်ရှောက်မှုမပေးတဲ့အပြင် လှူတဲ့သူတွေကိုလည်း အကြောင်းရှာ ဖမ်းဆီး၊ ကူညီ ပေးနေတဲ့လူမူအဖွဲ့အစည်းတွေပါ ဖမ်းဆီးနေတာတွေကြောင့် ကူညီမယ့်သူတွေဟာလည်း မကူညီရဲကြတော့ပါ ဘူး။
မမေဝါဆိုက“အရင်ကတော့ ဘယ်သူလာလှူလှူ၊ လှူလို့ရတယ်။ ခုသူတို့အမြင်မကြည်တဲ့သူလှူရင် ကျမတို့ပါပြဿနာ ရှာ တယ်။ တစ်ခါအဖွဲ့တခုလာလှူတာလက်ခံလို့ဆိုပြီး ကျမကို နှစ်ရက်တိတိစခန်းမှာခေါ်စစ်ဆေးတယ်။ နောက်သတိပေးပြီး ပြန်လွှတ်လိုက်တယ်။” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဘိုးဘွားတွေဟာ လူမူရေးပင်စင်မရတာရယ် လျော့နည်းသွားတာတွေကြောင့် ဘဝကို ခက်ခက်ခဲခဲနဲ့ ရုန်း ကန်ဖြတ်သန်းနေကြရဆဲပါပဲ။