Home ဆောင်းပါး အမျိုးသမီးတွေရဲ့နိုင်ငံရေးပါဝင်မှုအခန်းကဏ္ဍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်လိုမြှင့်တင်မလဲ

အမျိုးသမီးတွေရဲ့နိုင်ငံရေးပါဝင်မှုအခန်းကဏ္ဍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်လိုမြှင့်တင်မလဲ

ဓါတ်ပုံ – NLD Central Women Committee လူမှုကွန်ယက်စာမျက်နှာ

မယ်လွန်း။          ။

ကိုတာစနစ်ကို အန်တီတို့ လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း လက်မခံဘူး။ အမျိုးသမီးတွေ အရည်အချင်း (skill) မြင့်ရင်  (၃၀) ရာခိုင်နှုန်း မကဘူး။ (၆၀) ရာခိုင်နှုန်းလည်း ရတယ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က မကြာ သေးခင်က မီဒီယာမှာ ပြောကြားပြီးနောက်ပိုင်းမှာ လူ့အခွင့်အရေးနဲ့ အမျိုးသမီးရေးလှုပ်ရှားသူတွေကြား NLD အစိုးရရဲ့ အမျိုးသမီးရေးအမြင်သဘောထားအပေါ် ဝေဖန်မှုတွေ ဆူညံခဲ့ပါတယ်။

NLD အစိုးရရဲ့ အမျိုးသမီးရေး အမြင်သဘောထားအပေါ် အမှန်တကယ် အာရုံစိုက်လာကြတာကတော့ ပြီးခဲ့တဲ့ဇွန်လက ပြုလုပ်ခဲ့တဲ့ မော်လမြိုင်ဒေသခံတွေနဲ့ စကားဝိုင်းမှာ စတင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ စကားဝိုင်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ပြတ်ပြတ်သားသား အမျိုးသားတယောက်က ပိုပြီးတော့ တော်နေပါတယ်ဆိုရင်တော့ အမျိုးသမီးကို ဦးစားပေးတာဟာ အလုပ်အတွက်၊ လုပ်ငန်းအတွက် မအောင်မြင်နိုင်ဘူး”လို့ ထောက်ပြပြောဆိုခဲ့ပြီး NLD မှာ အရည်အချင်းနဲ့ လုပ်ကိုင်နိုင်တဲ့စွမ်းအားပေါ်မှာ အခြေခံပြီးတော့ ရွေးချယ်တဲ့မူဝါဒရှိကြောင်း ထည့်သွင်းဆွေးနွေးခဲ့ရာကနေ NLD ရဲ့ အမျိုးသမီးရေးမူဝါဒ အပေါ် အမျိုးသမီးတွေ အာရုံစိုက်လာကြတာပါ။

အုပ်ချုပ်ရေးအာဏာရရှိထားတဲ့ NLD ပါတီရဲ့ အမျိုးသမီးရေးဆိုင်ရာ မူဝါဒကိုကြည့်ရင် အမျိုးသမီး ပါဝင်ရေး ကို ရာခိုင်နှုန်းသတ်မှတ်ပြီး ဥပဒေအရ ပြဌာန်းပေးတာထက် အမျိုးသမီးတွေကို အရည်အချင်းမြှင့်တင်ပေး တာက ပိုပြီး အဓိကကျတယ်ဆိုတဲ့ အမြင်သဘောထားရှိနေတာ ထင်ရှားပါတယ်။

“ဒေါ်စုပြောသလိုပဲ အမျိုးသမီးတွေကို skill (အရည်အချင်း) မြှင့်ပေးပါတဲ့။ အမျိုးသမီးတွေက အရည်အ ချင်း တိုးတက်လာလို့ရှိရင် သက်ဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့က သူတို့ကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ပြီးတော့ အပေါ်ကို တင်ပေးလိုက်မှာပဲ” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်ကလည်း ပြောပြပါတယ်။

ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အမျိုးသမီးတွေပါဝင်လာအောင် ဥပဒေနဲ့ သတ်မှတ်ပြဌာန်းခြင်းထက် အရည်အချင်းမြှင့်တင်ရေးအစီအစဉ်တွေကတဆင့် ပိုမိုပါဝင်လာအောင် လုပ်ဆောင်ဖို့ စိုင်းပြင်းနေတဲ့ အာဏာရပါတီအနေနဲ့ အမျိုးသမီးတွေ အရည်အချင်းနဲ့ စွမ်းရည်မြင့်မားလာအောင် လုံလောက်တဲ့ လုပ် ဆောင်မှုတွေ ရှိနေပြီလားဆိုတာလည်း တဖက်မှာလည်း မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ထူးခြားချက်တခုကတော့ ရပ်ကျေး၊ မြို့နယ်နဲ့ တိုင်းအဆင့်မှာရှိတဲ့ အမျိုး သမီးကော်မတီအဖွဲ့ရဲ့ ဥက္ကဌနဲ့ အတွင်းရေးမှူးတွေဟာ အလုပ်အမှုဆောင်အဖွဲ့မှာ အဖွဲ့ဝင်တွေအဖြစ် (Executive Committee Member) တာဝန်ပေးအပ်ခံရတာဖြစ်လို့ အလုပ်အမှုဆောင်အဖွဲ့ အစည်း အဝေးတွေကို တက်ရောက်ခွင့်၊ မဲပေးခွင့်ရှိပြီး ဗဟိုအဆင့်မှာလည်း ပုံမှန်မြို့နယ်အဖွဲ့တွေလို ယှဉ်ပြိုင် ရွေးချယ်စရာမလိုပဲ အလိုအလျောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုဦးစီးအဖွဲ့ဝင် (Central Committee Member) ဖြစ်ခွင့်ရတာ ဖြစ်ပါတယ်။

“ဒါက ဒေါ်စုရဲ့ အမျိုးသမီးတွေအတွက် နိုင်ငံရေးကို မြှင့်တင်ပေးတဲ့သဘောမျိုးပေါ့” လို့ ဗဟိုအမျိုးသမီး ရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က ဆိုပါတယ်။

ပါတီအတွင်း အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ရန်ပုံငွေမရှိတဲ့အတွက်ကြောင့် NLD အမျိုးသမီးကော် မတီဝင်တွေကို အစိုးရအဖွဲ့အပြင် အချို့ NGO (အစိုးရမဟုတ်သောအဖွဲ့အစည်းများ)နဲ့ ချိတ်ဆက်ပြီး အရည်အချင်းမြှင့်သင်တန်းများ အလုပ်ရုံဆွေးနွေးပွဲများကို အလှည့်ကျတက်ရောက်စေတာမျိုးတွေ လုပ် ဆောင်နေတဲ့အပြင် ပြည်ပလေ့လာရေးတွေအတွက်ပါ ချိတ်ဆက်ဆောင်ရွက်နေတာ လည်း တွေ့ရပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးက အမျိုးသမီး (၃၅)ယောက်ကို ရန်ကုန်မှာ ခေါင်းဆောင်မှုသင်တန်း ပေးထားခဲ့ သလို နောက်ထပ်လည်း တိုင်းနဲ့ပြည်နယ်က အမျိုးသမီး (၄၅)ယောက်ကို ရန်ကုန်မှာ သင်တန်းထပ် ပေးဖို့ စီစဉ်ထားပြီးဖြစ်တဲ့အကြောင်း ဒေါက်တာမေဝင်းမြင့်က ဆိုပါတယ်။

ဓါတ်ပုံ – NLD Central Women Committee လူမှုကွန်ယက်စာမျက်နှာ

ပြီးခဲ့တဲ့ ဇွန်လ(၃၀)ရက်နေ့ကနေ ဇူလိုင်(၂)ရက်နေ့အထိ ပြုလုပ်တဲ့ NLD ရဲ့ ပထမအကြိမ် အမျိုးသမီး လုပ်ငန်းကော်မတီများ စုံညီတွေ့ဆုံပွဲမှာလည်း တိုင်းနဲ့ပြည်နယ်အသီးသီးက NLD အမျိုးသမီးကော်မတီ ဝင်ပေါင်း (၇၇၀) တက်ရောက်ခဲ့ပြီး ပါတီစည်းမျဉ်းစည်းကမ်း၊ ရုံးလုပ်ငန်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ် နည်းဆိုင်ရာ သင်တန်းတွေအပြင် အမျိုးသမီးနှင့် ဥပဒေဆိုင်ရာအကြောင်းအရာတွေနဲ့ စကားပြောစွမ်းရည် ဆိုင်ရာ အကြောင်းအရာတွေကို လေ့လာပြီး အရည်အချင်းမြှင့်တင်မှုများလည်း ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

၁၉၈၉ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ NLD ရဲ့ အမျိုးသမီးလုပ်ငန်းကော်မတီဟာ နိုင်ငံရေးအခြေအနေအမျိုး မျိုးကြောင့် ၂၀၁၅ ခုနှစ်မှာ ရပ်နားခဲ့ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ ပြန်လည်ဖွဲ့စည်းမှု ပြုလုပ်ခဲ့ကာ ကော်မတီဟာ ပါတီတာဝန်တွေအပြင် အမျိုးသမီးအဖွဲ့ရဲ့ ညွှန်ကြားချက်တွေကိုလည်း လုပ်ဆောင်ရမယ့် တာဝန်ရှိကြပါတယ်။

ဒါပေမယ့် အမျိုးသမီးအဖွဲ့ရဲ့ လုပ်ငန်းတွေကတော့ နိုင်ငံရေးဦးဆောင်မှုစွမ်းရည်ရှုထောင့်ကနေ ကြည့်မယ်ဆို ရင် အားရစရာ မရှိသေးတာလည်း တွေ့မြင်ရပါတယ်။

“အခုဘာလုပ်လဲဆိုရင် မုန့်ဖုတ်သင်တန်းလေးတွေရှိတယ်၊ ပန်းအလှပြင်သင်တန်း ဒါလေးတွေက နည်း နည်းလုပ်ရမယ့်ဟာလေးတွေ ရုံးချုပ်မှာလေ။ ဒါကြောင့်မို့လို့ ကိုယ့်ဒေသနဲ့ ရှိတဲ့နေရာမှာ အချိန်ကို အလ ကားမထားပဲ လက်မှုပညာတွေ၊ စက်ချုပ်သင်တန်းတွေ၊ ဒါတွေကတော့ ကာလံဒေသံနဲ့ လိုက်တာပေါ့” လို့ ကော်မတီဥက္ကဌ ဒေါက်တာမေဝင်းမြင့်က ကော်မတီရဲ့ လှုပ်ရှားမှုအချို့ကို ပြောခဲ့တာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လကမှ အမျိုးသမီးလုပ်ငန်းကော်မတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ဖို့ စုဆုံပွဲ ပြုလုပ်ခဲ့တာဖြစ်လို့ လာမယ့်အနာဂတ်မှာ ဘယ်လောက်အတိုင်းအတာထိ နိုင်ငံရေးဦးဆောင်နိုင်မှုဆိုင်ရာ စွမ်းရည်မြှင့်တင်မှုတွေ အကောင်ထည်ဖော်လုပ်ဆောင်လာနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့် အနေအထား ဖြစ်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ပြောသလို “အရည်အချင်းတန်းတူရည်တူရှိရင်  အမျိုးသမီးတွေကို ဦးစားပေးမယ်” ဆို တဲ့ NLD ရဲ့မူအရ စွမ်းရည်တူရင် အမျိုးသမီးကို တကယ်ဦးစားပေးခြင်း ရှိမရှိကတော့ လေ့လာစောင့်ကြည့် ဖို့လည်း လိုပါမယ်လို့ Myanmar Institute of Gender Study (MIGS) မှ ဒေါ်ခင်မမမျိုးက ပြောပါတယ်။

“ဒါပေမယ့် စွမ်းရည်မြှင့်တင်ရေးကတော့ မည်သည့်ပါတီမှာမဆို အမျိုးသမီးများသာမက အမျိုးသားများကိုပါ လုပ်ရမယ့် အနေအထားလို့ ကျမမြင်ပါတယ်” လို့လည်း သူမက ဆက်ပြောပါတယ်။

တဖက်မှာ စွမ်းရည်မြှင့်တင်မှုတွေကို လုပ်ဆောင်နေပေမယ့်လည်း အမြစ်တွယ်ပြီးသား အချို့ယဉ်ကျေးမှု ဓလေ့၊ အယူအဆအစွဲတွေက စွမ်းရည်ရှိပြီးသား အမျိုးသမီးတွေကိုပင် ဦးဆောင်မှုအဆင့်မှာ ပါဝင်လာဖို့ အဟန့်အတားကြီးတခုဖြစ်နေတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လစ်လျူရှုလို့မရတဲ့ အချက်တချက် ဖြစ်ပါတယ်။

“ရွာတွေအနေနဲ့တော့ ဘယ်လိုပြောမလဲဆိုရင် အဲဒီလိုမျိုးပေါ့လေ မိန်းကလေးအနေနဲ့ သင့်တော်မယ်၊ မသင့်တော်ဘူးဆိုတာ အများပိုင်းက စဉ်းစားတဲ့အခါကျရင် ယောက်ျားလေးတွေနဲ့ပဲ အဆင်ပြေမယ်လို့ သူ တို့က သတ်မှတ်ပြီး အဲဒီလိုမျိုးပဲ မဲထည့်ကြတယ်..”ဆိုပြီး ဥက္ကဌနေရာတွေ ရွေးချယ်တဲ့အခါ အများစုက စဉ်းစားတတ်ကြတဲ့အလေ့အထကို မွန်ပြည်နယ်က NLD အမျိုးသမီးကော်မတီအဖွဲ့ဝင်တဦးက ပြောပြခဲ့ ပါတယ်။

ကျေးရွာအဆင့်၊ မြို့နယ်အဆင့်မှာ လူမှုအသိုင်းအဝိုင်းအပြင်  NLD ပါတီဝင်အများစုကိုယ်တိုင်က ကျားမ တန်းတူရေးဆိုင်ရာအမြင်တွေ မရှိသလောက် အားနည်းနေတာဟာ အမျိုးသမီးတွေ အောက်ခြေအဆင့် ခေါင်းဆောင်နေရာမှာ ပါဝင်ဖို့ပင် ကြီးမားတဲ့ စိန်ခေါ်မှုတရပ်အဖြစ်ရှိနေပါတယ်လို့ အမျိုးသမီးရေးဆိုင်ရာ နယ်လှည့်ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေသူတွေကလည်း ပြောပါတယ်။

ဒါကြောင့် အောက်ခြေအဆင့်မှာပဲ အမျိုးသမီးကိုယ်စားလှယ်လောင်းအရေအတွက်တွေ တက်လာအောင် စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေ လုပ်ဆောင်ဖို့ လိုအပ်သလို NLD ပါတီဝင်တွေကြား ကျားမတန်းတူရေး အမြင်တွေ လက်ခံကျင့်သုံးမှု ရှိလာဖို့ကလည်း မဖြစ်မနေ ဆက်လက်လုပ်ဆောင်ရဦးမယ့် လုပ်ငန်းတရပ် ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် အမျိုးသမီးတွေအတွက် ဦးဆောင်မှုအပိုင်းမှာ ပါဝင်နိုင်ဖို့ အခွင့်အလမ်းတွေကို ယာယီအထူးလုပ်ဆောင်ချက်အဖြစ် ပြဌာန်းပေးဖို့လိုတယ်ဆိုတဲ့ အတွေးအမြင်တွေလည်း အဖွဲ့ချုပ်ထဲမှာပဲ ထွက်ပေါ်လာတာရှိပါတယ်။

အမျိုးသမီးတွေကတော့ အချုပ်ခြာအာဏာကြီး (၃)ရပ်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနဲ့ လိုအပ်တဲ့ နိုင်ငံရေး ဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ စီမံခန့်ခွဲရေးဆိုင်ရာနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွေနဲ့ပတ်သက်လို့ အရင် ကတည်းက  လေ့လာယူခဲ့ရတာတွေ မရှိတဲ့အတွက် နည်းနည်းလေး အလှမ်းကွာနေတဲ့ အနေအထားမျိုးမှာ ရှိနေလို့ လေ့လာနိုင်မယ့် အခွင့်အလမ်းတွေကို အခွင့်အရေးရရှိအောင် ပြဌာန်းပေးဖို့ လိုအပ်နေတယ်လို့ NLD ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဦးအောင်ကြည်ညွှန့်က သုံးသပ်ပါတယ်။

“ဒီအပိုင်းတွေမှာ အားသွန်ခွန်စိုက်နဲ့ လုပ်ဆောင်ရမှာမဟုတ်ဘူးဆိုတဲ့ ဒီဓလေ့ထုံးတမ်းဆိုင်ရာ အမြင်တွေ ကြောင့်လည်း နည်းနည်းကင်းကွာနေတယ်။ အဲဒါကို မြှင့်တင်ဖို့လိုတယ်” လို့ ဦးအောင်ကြည်ညွှန့်က ဆိုပါ တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသမီးအဖွဲ့ကော်မတီဝင်တွေဟာ နိုင်ငံရေးစိတ်ဓာတ်တက်ကြွမှုတွေ ရှိပြီး ပါတီအောင်နိုင်ရေးအပြင် ပါတီရဲ့ သာရေးနာရေးနဲ့ အဖွဲ့လှုပ်ရှားမှုဆိုင်ရာ ပရဟိတအလုပ်တွေကို တက် တက်ကြွကြွအားဖြည့်လုပ်ဆောင်နေပေမယ့်လည်း ဆုံးဖြတ်ချက်ချတဲ့ ခေါင်းဆောင်မှုအဆင့်ကိုရောက်ရှိ လာတဲ့ ရာခိုင်နှုန်းကတော့ အတော်လေး အားနည်းနေဆဲပဲဖြစ်ပါတယ်။

“လူငယ်က ညာလက်ရုံး၊ အမျိုးသမီးတွေက ဘယ်လက်ရုံး” ဆိုပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ သတ်မှတ်ထားသလိုပဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်လက်ရုံးတွေရဲ့ မောင်းနှင်မှု တွေကို ပိုမိုအသုံးချနိုင်ဖို့အတွက် ပါတီအနေနဲ့ ရှေ့ဆက်ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေ ထွက်ပေါ်လာရင် တွေ့မြင်ရမှာဖြစ်သလို ရွေး ကောက်ပွဲရလာဒ်ကလည်း  အဖြေတခု ဖြစ်လာမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာ အမျိုးသမီးတွေကိုယ်တိုင်လည်း ကြိုးစားဆောင်ရွက်ဖို့က အဓိကအရေးကြီးတဲ့ အချက် တချက်ဖြစ်တယ်လို့ ဗဟိုအမျိုးသမီးကော်မတီဥက္ကဌ ဒေါက်တာမေဝင်းမြင့်က အခုလိုပြောဆိုလိုက်ပါတယ်။

“ကိုယ့်အမျိုးသမီးတွေက ကိုယ့်စွမ်းဆောင်ရည်ကို ပြနိုင်ရမယ်။ ကိုယ့်အရည်အချင်းကို မှတ်ကျောက်တင် ခံနိုင်မယ်ဆိုရင်တော့ အီးစီတွေက လက်ခံလာမယ်ပေါ့နော်။ လက်ခံလာရင် နောက်တဆင့်အနေနဲ့ ကိုယ်စားလှယ်လောင်းတွေ ဖြစ်လာမှာပေါ့”

 

Related Articles