Home ဆောင်းပါး အနာဂတ်တွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီ

အနာဂတ်တွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီ

ဒေဝီ။ ။

အလှူရှင်တွေကျွေးတဲ့ ထမင်းနဲ့ဟင်းကို အားပါးတရစားနေတဲ့ သားနဲ့သမီးကိုကြည့်ရင်း ဒေါ်ခင်(အမည်လွှဲ) ကြည်နူးရပေ မယ့် သူ့မျက်လုံးတွေကတော့ ပတ်ဝန်းကျင်ကိုကျီးကန်းတောင်မှောက်ကြည့်လို့ နားစွင့်ထားရပါတယ်။

” ကလေးတွေကို ထမင်းကျွေးမယ်ဆိုလို့သာသွားတာ စိတ်ကတော့မအေးဘူး။” လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ခင်ကပြောပါတယ်။

စစ်ကောင်စီနဲ့ ဒေသခံတပ်ဖွဲ့တို့ တိုက်ပွဲမကြာခဏဖြစ်တဲ့ သူတို့ဒေသမှာ စစ်တပ်က ရွာလုံးကျွတ်မီးရှို့ ဖျက်စီးတာတွေရှိသလို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ကလေးနဲ့အမျိုးသမီးတွေ ထိမှန်သေဆုံးတာတွေလည်းရှိတဲ့အတွက် သူအပါအဝင် ကလေးတွေ ဘယ်နေ့အန္တရာယ်ကြုံရမလဲဆိုတာ အမြဲပူပန်နေရတာပါ။

အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ရဲ့မြေပြင်ကရော ဝေဟင်ကပါတိုက်ခိုက်တာ၊ စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်းတွေ အများအပြားကို တိုက်ခိုက်တာတွေကြောင့် ကလေးငယ်တွေ ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ပဋိပက္ခဖြစ်ရပ်တွေကြောင့် ကလေးငယ်တွေမှာ ရုပ်ပိုင်းရောစိတ်ပိုင်းပါ ထိခိုက်မှုကြုံတွေ့နေရပြီး စစ်ပွဲအတွင်း အကြောင်းအမျိုးမျိုးနဲ့ ဆုံးပါးနေရတဲ့ ကလေးငယ်တွေရှိသလို ထောင်နဲ့ချီတဲ့ကလေးတွေက အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်။

လေကြောင်းကနေ ပစ်ခတ်တာကြောင့် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာက စာသင်ကျောင်းတစ်ခုအတွင်းရှိ ကလေးခုနှစ်ဦး သေဆုံးခဲ့

အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်တွေကြောင့် နိုင်ငံတဝှမ်း ကလေးသူငယ် ၃၉၅ ဦး အသက်ဆုံးရှုံး ခဲ့ပြီး တစ်နိုင်ငံလုံး သေဆုံးသူအားလုံးအနက် ကလေးသူငယ်သေဆုံးမှုက ၉ ဒသမ ၈၆ ရာခိုင်နှုန်းရှိခဲ့တယ်လို့ NUG ရဲ့ အမျိုး သမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလက ထုတ်ပြန်ထားပါတယ်။

ပဋိပက္ခဒေသတွေမှာ ယခုနှစ် ဇန်နဝါရီကနေ ဧပြီလ လေးလတာအတွင်း သေဆုံးတဲ့ ကလေးအရေအတွက်၁၂၃ ဦးရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ ချင်းပြည် နယ်တို့မှာ အများဆုံး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်စက်တင်ဘာကလည်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာက စာသင်ကျောင်းတစ်ခုကို လေကြောင်းကနေ ပစ် ခတ်တာကြောင့် ကလေးခုနှစ်ယောက်သေဆုံးခဲ့သလို၊ ယခုနှစ်ဧပြီလတုန်းက လူပေါင်းတစ်ရာကျော်သေဆုံးတဲ့ ပဇီကြီး ကျေး ရွာ လေကြောင်းတိုက်ခိုက်မှုမှာလည်း ကလေးသူငယ် လေးဆယ်ကျော်သေဆုံးတာ၊ အခြားဒေသတွေမှာလည်း ရွာထဲ စစ် ကြောင်းထိုးလို့ ပြေးလွှားတိမ်းရှောင်စဉ် လက်နက်ထိမှန်တာ၊ မြေမြုပ်မိုင်းနင်းမိတာစတဲ့ နည်းလမ်းပေါင်းစုံနဲ့ ကလေးတွေမှာ ထိခိုက် သေဆုံးနေပါတယ်။

” စစ်ကြောင်းထိုးလို့ ရွာမီးရှို့လို့ဆိုရင် တောထဲပြေးရှောင်လိုက် ပြန်သွားရင် ရွာထဲပြန်နေလိုက်နဲ့ လူကြီးရော ကလေးရော အသားကျနေပါပြီ။” လို့ ဒေါ်ခင်ကပြောပါတယ်။

အသက်ကိုးနှစ်နဲ့ငါးနှစ်အရွယ် ကလေးနှစ်ဦးမိခင်ဒေါ်ခင်မှာလည်း မငြိမ်မသက်တဲ့ဒေသမှာ ကြီးပြင်းရတဲ့ သူ့ကလေးနှစ်ဦး နောင် ရေးကို စဉ်းစားမိရင်စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုတယ်။

စစ်ပွဲကြောင့် ဒေသကမတည်ငြိမ်တဲ့အခါ သူတို့မိသားစု လယ်ယာလုပ်ငန်းရော ကလေးတွေရဲ့ပညာရေးကိုရော ကောင်း ကောင်းမွန်မွန် မသင်ကြားရတာကြာပါပြီ။ ကလေးတွေမှာလည်း အရင်လို ပျော်ပျော် ရွှင်ရွှင် လွတ်လွတ်လပ်နဲ့မနေထိုင်ရတာ သူတို့ဒေသကို စစ်ပွဲတွေရောက်လာကတည်းကပါ။

” အခုဆိုရွာထဲတောင် တစ်ယောက်ထဲလည်းမလွှတ်ရဲဘူး။ ကိုယ့်မျက်ကွယ်မှာ တစ်ခုခုဖြစ်သွားမှာစိုးလို့။ ” လို့ ဒေါ်ခင်ကပြော ပါတယ်။

စစ်ကောင်စီကိုတော်လှန်နေတဲ့ သူတို့ဒေသမှာ လွန်ခဲ့တဲ့လအနည်းငယ်ကလည်း သူတို့ရွာထဲစစ်ကြောင်း ဝင်လာလို့ ရွာလုံး ကျွတ် ထွက်ပြေးတိမ်းရှောင်ရစဉ် စစ်ကောင်စီကပစ်လိုက်တဲ့ သေနတ်ထိမှန်တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ခုနှစ် နှစ်အရွယ် ကလေးငယ်တစ်ဦး သေနတ်ထိမှန် ဒဏ်ရာရတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးတယ်လို့ ဆက်ပြောတယ်။

စစ်ဘေးသင့်ဒေသဖြစ်တာကြောင့် လူကြီးလူငယ်ကိုယ်စီ ဒုက္ခတောထဲနေထိုင်နေရပေမယ့် အသက်အရွယ်ကြီးသူတွေနဲ့ ကလေးငယ်တွေ ထိခိုက်ခံစားရတာကိုတော့  စိတ်ထဲဝမ်းနည်းမိတယ်လို့ သူကဆိုတယ်။

” ကိုယ်တွေက ဒီအခြေအနေမှာ ဘယ်လိုနေနေရပေမယ့် အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေဆို မခံနိုင်ဘူးလေ။ စစ် ကြောင်း ဝင်လာပြီဟေ့ဆို သူတို့မှာ မောမောပန်းပန်းနဲ့ပြေးရတာ ကလေးတွေဆို ကြောက်နေတာ။” လို့ ဒေါ်ခင်က ပြောပါ တယ်။

အသက်ငါးနှစ်နဲ့ ၁၅နှစ်အရွယ် ကလေးနှစ်ဦး မိခင်မမြင့်ကလည်း ” အရွယ်ရောက်တဲ့ကလေးလည်း အရွယ်ရောက်နေလို့။ အရွယ်မရောက်တဲ့ ကလေးကျတော့လည်းငယ်လို့။ တစ်ခုခုများ ဖြစ်မလားပေါ့။ ဒီကာလတွေဆိုတော့ ကျောင်းသာလွှတ်လိုက် ရလည်း စိတ်ကမချဘူး။”လို့ ပြောပါတယ်။

မမြင့်တို့နေထိုင်ရာ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ကိုစစ်ကောင်စီက မကြာခဏရွာ မီးရှို့တာ စစ်ကြောင်းထိုးတာကြောင့် မကြာခဏထွက်ပြေးတိမ်းရှောင်ရပြီး မငြိမ်မသက်အခြေအနေမှာ ကလေးတွေအတွက် ပူပန်မှုတွေက အမြဲရှိနေတယ်လို့ ဆို တယ်။

စစ်ရိပ်စစ်ခြေအမြဲသန်းနေတဲ့ဒေသဖြစ်တာကြောင့် စိတ်မအေးနိုင်ပါဘူး။ ယခင်လိုကလေးတွေ ရွာထဲဆော့ကစားတာ ကျောင်းသွားတာမျိုးဆို စိတ်ချလက်ချလွတ်ထားလို့မရတော့ဘဲ ဘယ်နေ့ဘာဖြစ်မလဲဆိုတာ တွေးပူပန်နေရတယ်လို့ ဆက် ပြောတယ်။

” ကလေးတွေကျောင်းထားရတာလည်း အစိုးရကျောင်းမှာထားရင် ဒီဘက်ကအသိအမှတ်မပြုဘူး။ ဒီဘက်ကကျောင်းမှာထား ရင်လည်းအစိုးရကအသိအမှတ် မပြုဘူးလေ။” လို့ မမြင့်ကပြောပါတယ်။

ဒေသတွင်း မတည်ငြိမ်မှုအခြေအနေတွေကြောင့် ကလေးတွေမှာ ကျောင်းလည်း ပုံမှန်တက်ခွင့်မရတာကြာပါပြီ။ ပညာ ကောင်းကောင်း မသင်ရသလို လွတ်လွတ်လပ်လပ် သွားလာဆော့ကစားမရတာတွေကြောင့် တက်တက်ကြွကြွမရှိဘဲ အမြဲ လိုလို ထိုင်းမှိုင်းနေတဲ့အခါ စိတ်မချမ်းသာဘူး လို့ဆိုတယ်။

စာနဲ့အလှမ်းဝေးနေပြီး အင်တာနက်ရရင် အွန်လိုင်းကနေလေ့လာလို့ရပေမယ့် အင်တာနက်မရတာလနဲ့ ချီကြာမြင့်တာကြောင့် သင်ယူမှုတွေလည်းမလုပ်နိုင်ဘူးလို့ဆက်ပြောတယ်။

အထူးသဖြင့် ကလေးတွေရဲ့ လုံခြုံရေးကို အပူပန်ရဆုံးဖြစ်ပြီး နယ်မြေမအေးချမ်းတဲ့ နေရာဖြစ်တာကြောင့် ပညာရေး ကျန်း မာရေး အသက်အန္တရာယ် အာမခံချက်တစ်ခုမှ မပေးနိုင်ဘူးလို့ဆိုတယ်။

“ကလေးတွေရဲ့လုံခြုံမှုကိုအာမမခံနိုင်တော့ အဲဒါပဲကြောက်နေရတာ။”လို့ မမြင့်ကပြောတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတစ်ချို့မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တို့ဖြစ်ပွားတဲ့ တိုက်ပွဲတွေရဲ့ အကျိုး ဆက်ကို စစ်ဘေးသင့်ဒေသက ကလေးသူငယ်တွေလည်း ပိုလို့ ထိခိုက်ခံစားရပါတယ်။

ယခုနှစ်ဇွန်လ ကုန်ပိုင်းက ထုတ်ပြန်ထားတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာပြီး ခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ကလေးငယ်ထိခိုက်၊ သေဆုံးဒဏ်ရာရမှုတွေ ဖြစ်စေခဲ့တဲ့ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ တိုက် ခိုက်ခံရတဲ့ ဖြစ်ရပ်တွေဟာ ဒီအရင်နှစ်ကထက် ၁၁၀ ရာခိုင်နှုန်းအထိ တိုးလာပြီး ဒီလိုအဓိကဖြစ်နေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့- UNICEF Myanmarကလည်း  မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် ကလေးသူငယ်တွေရဲ့ အခြေအနေဟာ ဆိုးသထက်ဆိုးလာနေပြီး ကလေးငယ်တွေနဲ့ သူတို့မိသားစုတွေမှာ ထိခိုက် နစ်နာမှု ရှိနေသလို ကလေးငယ် ၅ ဒသမ ၆သန်းလောက်ဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ ထုတ်ပြန် ထားပါ တယ်။

ပဋိပက္ခဒေသမှာနေထိုင်တဲ့ ကလေးတွေမှာ မိုးလင်းကနေ မိုးချုပ်အထိ အန္တရာယ်ကြားထဲမှာရှင်သန် နေထိုင်နေရတာလို့ ယင်းမာပင်မြို့နယ်မှာနေထိုင်တဲ့ ကလေးတစ်ဦးမိခင်ဒေါ်စန်းက ပြောပါတယ်။

စစ်ကြောင်းထိုးတာ၊ လေကြောင်းကတိုက်ခိုက်တာမရှိတဲ့ နေ့တွေမှာဆိုရင်တော့ ကလေးလူကြီး လုပ်မြဲအလုပ်တွေ လုပ် ဆောင်နိုင်ပေမယ့် စစ်ကြောင်းအသံကြားပြီဆိုတာနဲ့ ကလေးတွေလည်း ပြေးရပြန်ရော လို့ပြောပါတယ်

” ကလေးတွေကလည်းစာသင်လိုက် လေကြောင်းသံကြားရင် ပြေးပုန်းလိုက်နဲ့။” လို့ ဒေါ်စန်းက ပြောပါတယ်။

သူတို့ဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့နေရာဖြစ်ပေမယ့် စစ်ကောင်စီရဲ့လေကြောင်းရန်ကိုတော့ စိုးရိမ်ရတယ်လို့ဆိုတယ်။ အခြားဒေသမှာ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးအများအပြားသေဆုံးရတဲ့ သတင်းကြား သိရတဲ့ အချိန်ကဆိုရင်  သေဆုံးတဲ့ ကလေးတွေအတွက် ဝမ်းနည်းရသလို  သူ့တို့ဒေသမှာလည်း ဘယ်နေ့အဖြစ်ဆိုးကြုံရမလဲ ဆိုတာ တွေးပူမိတယ်လို့ဆိုတယ်။

” စစ်ကြောင်းထိုးလို့ ပြေးလွှားရင်း သေနတ်မှန်လို့ က‌လေးတွေသေတာ အမျိုးသမီးတွေ သေတာကြုံရ‌တာပေါ့။ စစ်ဖြစ်တဲ့ နေရာဆိုတော့ တစ်ခုမဟုတ်တစ်ခုဖြစ်နေတာပဲ။” လို့ ဒေါ်စန်းကပြောပါတယ်။

မလုံခြုံတဲ့ဒေသမှာနေထိုင်ရတဲ့ သူ့ကလေးတွေနဲ့ တူ၊တူမတွေအတွက် စိုးရိမ်ပေမယ့်လည်း ဒီဒေသမှာမွေးပြီး ကြီးပြင်းလာတဲ့ သူတို့အတွက် အခြားပြောင်းရွှေ့နေထိုင်ဖို့မလွယ်ကူသေးတာကြောင့်  ဒီလိုပဲ စစ်ဘေးအန္တရာယ်ကြား ရှင်သန်နေထိုင်ရတုန်းပဲ လို့ဆိုတယ်။

ပဋိပက္ခဒေသက ကလေးငယ်တွေမှာ နေအိမ်တွေကစွန့်ခွာတိမ်းရှောင်နေရသလို   မွေးကတည်းက ကျန်းမာရေး စောင့်ရှောက် မှုမရတာ၊ ပုံမှန်ထိုးနှံရမယ့်ဆေးဝါးတွေထိုးနှံခွင့်မရတာ၊ ပညာရေး လက်လှမ်းမမီတာ၊ အစာအဟာရ လုံလောက်စွာမရရှိတာနဲ့ နောက်ဆုံးစစ်ပွဲအကျိုးဆက်အဖြစ် အသက်အန္တရာယ် ထိခိုက်မှုတွေပါ ကြုံရပါတယ်။

စစ်ဘေးသင့်ဒေသအသီးသီးက ကလေးငယ်တွေက စစ်ပွဲကြောင့် ထိခိုက်သေဆုံးတာအပြင် အဟာရ ပြတ်လပ်တာ၊ ကျန်းမာ ရေးစောင့်ရှောက်မှုမရတာ၊ အမိုးအကာမလုံလောက်တာတွေ ကြုံနေရတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးက စစ်ဘေးရှောင် တွေကို ကူညီနေသူတစ်ဦးကပြောပါတယ်။

” ကျွန်မတို့ စစ်ကိုင်းကတော့ ကလေးသေဆုံးမှု အမြင့်ဆုံးထဲပါတယ်။ ကလေးတွေက စစ်ပွဲကြောင့် သေဆုံးတာအပြင် ဖျားနာ ပြီး ဆေးမကုနိုင်လို့ သေဆုံးတာတွေလည်းရှိတယ်။”လို့ ယင်းက ဆက်ပြော တယ်။

စစ်ဘေးသင့်ဒေသမှာနေထိုင်တဲ့ ကလေးတွေမှာ ပညာသင်ကြားရေးအတွက် စာရေးကိရိယာ ၊အစာ အဟာရ၊ ကျန်းမာရေး ဆေးဝါးတွေ အမိုးအကာတွေ စသဖြင့် လိုအပ်ချက်တွေကတော့ အများအပြားရှိနေပြီး ဒါတွေကိုလည်းအလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ ရပ်တည်နေရတာလို့ဆိုတယ်။

ကလေးတွေမှာလည်း ဗုံးဒဏ်၊ သေနတ်သံ လေယာဉ်သံတွေကြား အမြဲပြေးလွှားပုန်းရှောင်နေရတော့ ကြောက်ရွံ့ထိတ်လန့် စိတ်ကတော့ အမြဲရှိနေသလို သူတို့မိဘဆွေမျိုးသားချင်းတွေ သူငယ်ချင်းတွေ သေဆုံးမှုတွေကြား စိတ်ဒဏ်ရာတွေကျန်ခဲ့ပြီး  စစ်ပွဲပြီးသွားရင်တောင် ကုစားဖို့ တော်တော် အချိန်ယူရမယ်လို့ ဆက်ပြောတယ်။

လွတ်လပ်စွာရှင်သန်ခွင့် လုံခြုံစွာနေထိုင်ခွင့် ပညာသင်ကြားခွင့်စတာတွေက ကလေးသူငယ်တွေ ရသင့်တဲ့ အခွင့်အရေးဖြစ် ပေမယ့် ပဋိပက္ခဒေသက ကလေးငယ်တွေကတော့ ဒီအခွင်အရေး တွေဆုံးရှုံးနေရပါတယ်။   

စစ်ဘေးသင့်ဒေသတွေက ကလေးငယ်တွေမှာအဘက်ဘက်က လိုအပ်ချက်တွေကြားထဲ အသက်ရှင်ရပ်တည်ဖို့ ကြိုးစား နေထိုင်ရပြီး စစ်ပွဲတွေမပြီးသရွှေ့ ကလေးတွေအတွက် ဘေးကင်းလုံခြုံမှုမရတာနဲ့ မိဘတွေရဲ့ပူပန်မှု တွေကတော့ ရှိဦးမှာ ဖြစ် တာကြောင့် စစ်ကြီး မြန်မြန်ပြီးဆုံးဖို့ကို မျှော်လင့်တယ်လို့ စစ်ဘေးသင့်ဒေသတွေက မိခင်တွေကပြောပါတယ်။

Author:

Related Articles