Home ဆောင်းပါး သားသမီးပညာရေးအတွက် ရတက်မအေးဖြစ်နေရတဲ့ မိဘတွေ

သားသမီးပညာရေးအတွက် ရတက်မအေးဖြစ်နေရတဲ့ မိဘတွေ

ဒေဝီ။ ။

ကျောင်းဖွင့်ရာသီရောက်လာတဲ့အခါ ကလေးနှစ်ဦးမိခင် မသန္တာစိတ်ထဲပူပင်စရာတွေ ဝင်လာတယ်။

ပြီးခဲ့တဲ့နှစ်နှစ်မှာ ကလေးတွေပညာရေးအတွက် စစ်ကောင်စီလက်အောက်ခံကျောင်းမှာမထားဘဲ  အွန်လိုင်းကနေ စာသင် ကြားခဲ့ပေမယ့် ဒီပညာသင်နှစ်မှာတော့ အစိုးရကျောင်းပဲပြန်ထားရမလား ဆက်သပိတ်မှောက်ရလားဆိုတာပါ။

ယခင်နှစ်က NUG လက်အောက်ခံ ကျောင်းတစ်ခုမှာ ကလေးတွေကို ကျောင်းထားခဲ့ပေမယ့် သင်ကြားပေးတဲ့ CDM ဆရာ ဆရာမအချို့ ဖမ်းဆီးခံရတာ၊ တက်ရောက်တဲ့ ကျောင်းသူကျောင်းသားတွေရဲ့ အချက်အလက်ပေါက်ကြားတာတွေ ရှိခဲ့တော့ ဒီနှစ်ဆက်ထားရမှာ မဝံ့မရဲဖြစ်မိတယ်လို့ တောင်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ မသန္တာက ပြောပါတယ်။

” ဒီနှစ်တော့ ကျောင်းအပ်မယ့်သူများတယ်ထင်တယ်။ ကလေးတွေသူငယ်ချင်းတွေလည်း ပြန်အပ်ကြတယ်။ နှစ်နှစ်ကျော်ပြီ သုံးနှစ်ရှိပြီဆိုတော့ မိဘတွေလည်း မတက်သာတော့တဲ့ပုံပဲ။” လို့ မသန္တာကပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်လက်အောက်ခံပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့ အစိုးရကျောင်းတွေကို ကျောခိုင်းခဲ့ ကြပေမယ့် အချိန်ကာလသုံးနှစ်နီးပါးရှိလာပြီး ကြုံရတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် မိဘတွေမှာ က‌လေးပညာရေး အနာ ဂတ်အတွက် စိုးရိမ်ပူပန်လာကြပါတယ်။

မိဘအများစုက စစ်ကောင်စီလက်အောက်ခံအစိုးရကျောင်းတွေမှာ မထားချင်ပေမယ့်လည်း ပုဂ္ဂလိကကျောင်းတွေလည်း မတတ်နိုင်၊ အခြားအားကိုးစရာ ပြည်သူ့အစိုးရ လက်အောက်က ကျောင်းတချို့ ကလည်း  လုံခြုံရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ လည်းရှိတော့ သားသမီးပညာရေး ရတက်မအေး ဖြစ်ရပါတယ်။

စစ်ကျွန်လက်အောက်ခံပညာရေးကို သပိတ်မှောက်ဖို့နှိုးဆော်ကြတဲ့အခါ တတ်နိုင်သူတွေက ကောင်းမွန်တဲ့ပုဂ္ဂလိကနဲ့ နိုင်ငံ တကာပညာရေးလမ်းကြောင်းကို ရွေးချယ်ကြပေမယ့် အခြေခံလူတန်းစားတွေမှာတော့ ဖြစ်လာတဲ့အခြေအနေတွေအရ အစိုးရကျောင်းတွေဆီကို သွားကြရတာတွေလည်း ရှိပါတယ်။  

မသန္တာဆိုရင် သူ့ရဲ့သားနဲ့ သမီးဖြစ်သူကို ကျောင်းဘယ်မှာထားရမယ်မှန်း စဉ်းစားရကြပ်နေတုန်းပါပဲ။ သူ့ကလေးနှစ်ဦးဟာ  သူငယ်တန်းနဲ့ တတိယတန်းအောင်မြင်ပြီးနောက် ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် အစိုးရကျောင်းနားခဲ့တာ သုံးနှစ်ရှိပါပြီ။

အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်လက်အောက်က ကျောင်းစာသင်ခန်းတွေကိုစွန့်ခွာခဲ့ပေမယ့် ပညာရေးမပြတ်စေဖို့ ပြင်ပဆရာမခေါ်ပြီးသင်စေသလို NUGရဲ့ဦးဆောင်မှုနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကပြုလုပ်တဲ့ ပညာရေးအစီအစဉ်တွေ စတင်ချိန်ကတည်းက သားသမီးနှစ်ဦးလုံးကို သင်ကြားစေခဲ့ပါတယ်။

အစိုးရကျောင်း မတက်ကြတဲ့ကလေးတွေရဲ့သူငယ်ချင်းတွေမှာလည်း ပုဂ္ဂလိကနဲ့နိုင်ငံတကာသင်ရိုးညွန်းတမ်းကျောင်းတွေကို တက်ကြသလို အခြားသူငယ်ချင်းတွေမှာလည်း ဆရာငှားရမ်းသင်ကြားတာ၊ NUG လက်အောက်ခံကျောင်းတွေမှာ ဆက်လက် သင်ကြားတာတွေနဲ့ ပညာရေးမပြတ်ခဲ့ကြဘူးလို့ ဆိုတယ်။

ဒါပေမယ့်မနှစ်ကကြုံရတဲ့ Kaung For You ကျောင်းတည်ထောင်သူနဲ့ ဆရာဆရာမတစ်ချို့ဖမ်းဆီးခံရတာ၊ FOEIM တည် ထောင်သူရဲ့ ငွေကြေးအရှုပ်အရှင်းနဲ့ ကျောင်းသူကျောင်းသားတစ်ချို့ရဲ့ အချက်အလက်တွေပေါက်ကြားပြီး မိဘတွေထံ ခြိမ်းခြောက်ငွေညှစ်တာတွေကြောင့် သူအပါအဝင် ကျောင်းသားမိဘအများအပြားက စိုးရိမ်ထိတ်လန့်ခဲ့ရတယ်။

အွန်လိုင်းပေါ်ပေါက်ကြားလာတဲ့ ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အချက်အလက်မှာ မသန္တာတို့ အမည် တွေ မပါဝင်ပေမယ့်လည်း လုံခြုံရေးကြောင့် ကလေးတွေကို ဆက်မသင်ဖြစ်ခဲ့ပါဘူး။

ယခုနှစ်မှာလည်း ကြားကာလပညာရေးဖော်ဆောင်နေတဲ့ လူထုအခြေပြုကျောင်းတစ်ခုမှာတက်ဖို့ အသိမိတ်ဆွေတွေက ပြော ပေမယ့် စိုးရိမ်ထိတ်လန့်မှုတွေတော့ရှိနေတယ်လို့ မသန္တာက ဆက်ပြောတယ်။

” ပြောရရင်  အစိုးရကျောင်းတော့မထားချင်တာအမှန်ပဲ။ ဒါပေမယ့် မနှစ်က ကောင်းဖော်ယူတို့ FOEIMတို့ ပြသနာတွေရှိခဲ့ တော့ အဲ့ဒီလိုဖြစ်မှာလည်း ကြောက်ရတာ ဘာရွေးရမှန်းမသိဘူး။” လို့ မသန္တာက ပြောပါတယ်။

ပုံစာ – ကျောင်းဖွင့်ရာသီရောက်တိုင်း ကလေးမိဘတွေမှာ သားသမီးပညာရေးအတွက် သောကပွေနေကြရသည်။ 

လုံခြုံရေးပူပန်ရတဲ့အပြင် ကလေးတွေမှာသုံးနှစ်ကျော်ကာလအထိ စာသင်ခန်းထဲ မရောက်နိုင်သေးတော့  အချိန်ကာလ ကြာ တာနဲ့အမျှ ကလေးတွေ အသက်ကြီးလာပြီး ကျောင်းပြန်တက်တဲ့အခါ ကိုက်ညီတဲ့ အတန်းမရမှာတွေကြောင့်လည်း အစိုးရ ကျောင်းတွေကို ပြန်အပ်ဖို့ စဉ်းစားရနေပြီလို့ မသန္တာက ဆိုတယ်။      

အစိုးရကျောင်းမထားဘဲ ပုဂ္ဂလိကနဲ့ နိုင်ငံတကာကျောင်းတွေထားဖို့ကလည်း တစ်နှစ်စာအနည်းဆုံး ၁၀သိန်းကျော်ရှိတဲ့ ကုန်ကျစားရိတ်ကြောင့် ကလေးနှစ်ဦးနဲ့ဆို မတတ်နိုင်ဘူးလို့ မသန္တာက ဆက်ပြောတယ်။

ငွေကြေးတတ်နိုင်တဲ့မိသားစုတွေမှာတော့ သားသမီးပညာရေးအတွက် ပုဂ္ဂလိကနဲ့နိုင်ငံတကာကျောင်းတွေမှာ ရွေးချယ် တက် ရောက်နိုင်ပေမယ့် အခြေခံလူတန်းစားတွေမှာတော့ ရွေးချယ်စရာ များများစားမရှိပါဘူး။

သိန်း ၁၀ ဂဏန်းကနေ သိန်းရာကျော်အထိ ကုန်ကျစရိတ်ရှိတဲ့ ပုဂ္ဂလိကနဲ့ နိုင်ငံတကာပညာရေးစနစ်ကို လက်လှမ်းမမှီသူ တွေ ပြည်သူ့အစိုးရရဲ့အခမဲ့ ပညာရေးနစ်စနစ်တွေမှာပါဝင်ဖို့ နှိုးဆော်ပေမယ့် နည်းပညာနဲ့ အကျွမ်းတဝင်မရှိတဲ့ မိဘတွေ လည်းအများအပြားရှိနေပါ။

မသန္တာလိုပဲ မလွှဲသာတဲ့အခြေအနေကြောင့် အစိုးရကျောင်းမှာပဲ ကျောင်းပြန်အပ်ဖို့စဉ်းစားထားတယ်လို့ဆိုသူက ဒေါ်စန်းစန်း ပါ။

အလယ်တန်းအဆင့်ပြီးထားတဲ့သူ့သားဖြစ်သူက အာဏာသိမ်းပြီးချိန်ကစပြီး ကျောင်းမတက်ခဲ့။ ပြင်ပကျောင်းတွေမှာ ထားဖို့ ကလည်း သူ့တို့အတွက် ငွေကြေးအဆင်မပြေသလို၊ အွန်လိုင်းသင်ယူမှုတွေကိုလည်း နည်းပညာအခက်အခဲကြောင့် သင်ကြား ဖို့အဆင်မပြေခဲ့။

” အရင်နှစ်တုန်းကတော့ အွန်လိုင်းကနေသင်တာ တက်ဖို့လုပ်သေးတယ်၊ အွန်လိုင်းကဆိုတော့ အင်တာနက်နဲ့ ဖုန်းသုံးဖို့ အဆင်မပြေတာနဲ့ မတက်ဖြစ်လိုက်ဘူး။” လို့ သာကေတမှာနေထိုင်တဲ့ ဒေါ်စန်းစန်းကပြောပါတယ်။

ပုံမှန်ဆို ၁၀တန်းပြီးတဲ့အဆင့်ရှိရမှာဖြစ်ပေမယ့် ဒီနှစ်မှာတော့ ကိုးတန်းပြန်အပ်ရမှာဖြစ်ပြီး သားဖြစ်သူ သူငယ်ချင်းတချို့က တော့ မနှစ်ကတည်းက ကျောင်းပြန်တက်တာကြောင့် ၁၀တန်းတက်ရောက်ရမှာ ဖြစ်တယ်လို့ဆိုတယ်။

ကြားထဲမှာသုံးနှစ်နီးပါး ပညာရေးအဆက်ပြတ်ခဲ့တာကြောင့် သားဖြစ်သူကတော့ ကျောင်းဆက်မတက်ချင်တော့ဘူးလို့ ပြော ပေမယ့် အတန်းပညာရေးတစ်ခုရှိသင့်တာကြောင့် ကျောင်းပြန်တက်ဖို့ ဖျောင်းဖျ ပြောဆိုထားရတယ်လို့ ဆက်ပြောတယ်။

” သူများတွေကတော့ အစိုးရကျောင်းပြန်ထားလို့ ပြောကြမလားမသိပေမယ့် အသက်က တဖြည်းဖြည်းကြီးပြီးတော့ ဒီတိုင်း ဘာမှမတက်ဘဲ ဆက်သွားရင်လည်းမဖြစ်ဘူးလေ။ သူကတော့ သူ့သူငယ်ချင်းတွေနဲ့ အတန်းကွာသွားတော့ ရှက်ပြီးမတက် ချင်တာ။” လို့ ဒေါ်စန်းစန်းကပြောတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ နေထိုင်တဲ့ ကလေးသုံးဦးဖခင် ဦးအောင်သန်းကတော့ အစိုးရကျောင်းတွေမှာ ” ကျောင်းအပ်နေ တာက မထူးဆန်းတော့ဘူး။ လူတွေစိတ်ကုန်သွားကြတယ်။” လို့ ပြောပါတယ်။

စစ်အာဏာရှင်ကိုတော်လှန်ရာမှာ တစ်ထောင့်တစ်နေရာကနေပါဝင်တဲ့အနေနဲ့ လူတန်းစားအသီးသီးက အစိုးရကျောင်းတွေ အစား  NUG လက်အောက်ခံ ပညာရေးအစီအစဉ်တွေမှာ သင်ကြားဖို့ ရွေးချယ်ခဲ့ကြပေမယ့် ကျောင်းသားတွေရဲ့ အချက် အလက်တွေပေါက်ကြားတဲ့ပြသနာတွေကြောင့် စိုးရိမ်ပြီး  ဒီနှစ်မှာတော့ အစိုးရကျောင်းတွေဆီပြန်ထားဖို့ လုပ်ဆောင်လာကြ တာတွေ့မိတယ်လို့ ဦးအောင်သန်းက ပြောပါတယ်။

” ကိုယ့်အစိုးရတရပ်မို့လို ပြည်သူတွေက ဒီကျောင်းတွေကိုအပ်ခဲ့တာ  ပြသနာတက်လာတော့ ကိုယ့်အစိုးရရဲ့ အကာအကွယ် မရခဲ့ဘူး။ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရတယ်။” ဦးအောင်သန်းကပြောပါတယ်။

ဦးအောင်သန်းရဲ့ သမီးသုံးဦးလုံးက NUG လက်အောက်ခံပညာရေးဖြစ်တဲ့ FOEIM မှာ မနှစ်ကတည်းကသင်ကြားခဲ့ပြီး လက်ရှိ မှာလည်း သင်ကြားဆဲဖြစ်တယ်လို့ဆိုတယ်။

NUG လက်အောက်ခံကျောင်းတချို့က ကျောင်းသားတွေနဲ့ဆရာဆရာမတွေရဲ့ အချက်အလက်ပေါက်ကြားတဲ့ပြသနာကြောင့် ကျောင်းဆက်ထားဖို့စိုးရိမ်စိတ်ကတော့ရှိပေမယ့် သမီးတွေကို အစိုးရကျောင်းထားမှာမဟုတ်ဘဲ NUG လက်အောက်ခံ လူထု အခြေပြုကျောင်းတစ်ခုကို ရွေးချယ်ပြီး အွန်လိုင်းကနေ ဆက်သင်စေမှာလို့ ဆက်ပြောတယ်။

” မနှစ်က ကြုံတွေ့ခဲ့ရတဲ့ ပြသနာတွေကိုသာ NUG  တာဝန်ရှိသူတွေက ယုံကြည်စိတ်ချရတဲ့ တုံ့ပြန်မှုမျိုးရှိခဲ့ရင် ကျောင်းသား မိဘတွေက အစိုးရကျောင်းတွေကိုအပ်မှာမဟုတ်ဘဲ NUG နဲ့ ဆက်နွှယ်တဲ့ ပညာရေးကိုပဲ ဆက်လက်ရွေးချယ်မှာ။” လို့ ဦး အောင်သန်းကပြောပါတယ်။

စစ်ပွဲနဲ့ဝေးရာ မြို့ပြနဲ့ဒေသတစ်ချို့မှာက သားသမီးပညာရေးအတွက် ပူပန်နေရတဲ့ မိဘတွေရှိသလို စစ်ပွဲဖြစ်ပွားရာ ဒေသ တွေမှာ ပဋိပက္ခအခြေအနေတွေကြောင့် အသက်ရှင်ရပ်တည်ဖို့ ပြေးလွှားပုန်းရှောင်ရ၊ နေအိမ်တွေက စွန့်ခွာထွက်ပြေးရနဲ့ ကျောင်းပညာရေးအတွက် ဦးစားမပေးနိုင်ကြတဲ့ မိဘတွေလည်း ရှိနေပါတယ်။

” စစ်ဖြစ်တဲ့ ဒေသတွေမှာလည်း ကလေးတချို့လည်း အခုထိပညာမသင်နိုင်ကြသေးတာရှိတယ်။ ကြားကာလပညာရေးဆိုပြီး ရပ်ရွာအလိုက်သင်ကြတာရှိပေမယ့် စစ်ကြောင်းထိုး လေကြောင်း တိုက်ခိုက်တာတွေနဲ့ဆိုတော့ သေချာမသင်ရပါဘူး။ နယ်က ကလေးတွေလည်း ပညာရေးစိတ်ပူရတယ်။” လို့ ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏမြို့နယ်မှာနေထိုင်တဲ့ မဖြူကပြောပါတယ်။

မဖြူတို့ဇာတိ မကွေးတိုင်းဒေသကြီးမြိုင်ဒေသကလည်း စစ်‌ကောင်စီရဲ့စစ်ကြောင်း မကြာခဏထိုးခံရတာကြောင့် ဒေသခံတွေ က စစ်ဘေးရှောင်ရသလို ကလေးတွေမှာလည်း ပညာရေးအတွက် သင်ကြားမှုတွေ ရပ်တန့်ထားရတာလို့ ဆက်ပြောတယ်။

သူ့ရဲ့အလယ်တန်းအရွယ် တူနဲ့တူမမှာလည်း စစ်ဘေးကြောင့် ထိတ်လန့်စွာနဲ့နေရတဲ့အပြင် ပညာရေးတပိုင်းတစ ဖြစ်နေတာ ကြောင့် မနှစ်ကတည်းက ရန်ကုန်ကိုခေါ်ထားပြီး  ပုဂ္ဂလိကကျောင်းတစ်ခုမှာ ပညာသင်ကြားစေခဲ့တာလို့ဆိုတယ်။

ဒီနှစ်မှာလည်း မတည်ငြိမ်သေးတဲ့ နိုင်ငံရေးအခြေအနေကြောင့် စစ်ကောင်စီအုပ်စိုးတဲ့ ကာလပတ်လုံး အစိုးရကျောင်းတွေမှာ မထားဘဲ ပုဂ္ဂလိကကျောင်းတွေမှာပဲ ထားဖို့ဆုံးဖြတ်ထားတယ်လို့  မဖြူက ပြောပါတယ်။

ယခုပညာသင်နှစ်မှာတော့ အစိုးရကျောင်းပြန်အပ်သူတွေ မနှစ်ကထက်များတယ်လို့ ကြားသိရပြီး မနှစ်ကကြုံခဲ့ရတဲ့ ကျောင်း သားတွေရဲ့သတင်းအချက်အလက်တွေ လိုင်းပေါ်ရောက်လာတဲ့အတွက် အွန်လိုင်းသင်တန်းတွေကို ကြောက်ကြတာကြောင့် လို့ CDM အထက်တန်းဆရာမတစ်ဦးက ပြောပါတယ်။

” ကျောင်းသားတွေက Private နဲ့ International school ကို သွားရင်သွား ၊ မသွားတဲ့သူတွေကတော့ အစိုးရကျောင်းပဲ ပြန် ရောက်မှာ ။ အွန်လိုင်းကိုတော့ ဒီနှစ်ပြောကြတာသိပ်မကြားဘူး။” လို့ ဆိုတယ်။

အစိုးရကျောင်းပြန်တက်ကြတာကို စိတ်မကောင်းဖြစ်မိပေမယ့်  မိဘတွေဘက်ကလည်း လုံခြုံရေးကြောင့်ရော ငွေကြေး ကြောင့်ရော ရွေးချယ်ထားတာတွေကြောင့် ကောင်းမွန်တဲ့ လမ်းကြောင်းရဖို့တော့ မျှော်လင့်မိတယ်လို့ ဆက်ပြောတယ်။

လွတ်မြောက်နယ်မြေဒေသတွေနဲ့ ထိန်းချုပ်ဒေသတွေမှာ ဒေသခံ ၊ ပြည်နယ်အစိုးရ၊ လူထုနဲ့ပူးပေါင်းပြီး ပြည်သူ့ပညာရေး ပိုမို လည်ပတ်စေဖို့ ကြားကာလပညာရေး ဆောင်ရွက်နေသလို လူထုအခြေပြုကျောင်းတွေမှာလည်း အွန်လိုင်းသင်ကြားမှုတွေ ရှိနေတာကြောင့် ပညာရေးအဆက်မပြတ်စေဘဲ ပြည်သူ့အစိုးရတက်တဲ့အခါလည်း အတန်းရရှိမှာလို့ ယင်း CDM ဆရာမက ပြောပါတယ်။

မိဘတွေကတော့ ကလေးတွေကောင်းမွန်တဲ့ ပညာရေးရဖို့ အသင့်တော်ဆုံးဖြစ်မယ်ထင်တဲ့ လမ်းကိုရွေးချယ်ထား‌ပေမယ့် ဒီ အခြေအနေဆိုးတွေကနေ ကင်းလွတ်ပြီး ပညာရေးစနစ်ရဖို့ မျှော်လင့်မိတယ်လို့ဆိုတယ်။ 

ကလေးနှစ်ဦး ပညာရေးအတွက် ဝေခွဲမရဖြစ်နေတဲ့ မသန္တာကတော့ ပထမတစ်ကြိမ်မေးမြန်းစဉ် ဝေခွဲမရဖြစ်နေပေမယ့် ဒုတိယအကြိမ် ထပ်မံဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ အဖက်ဖက်က စိုးရိမ်စိတ်ရှိပေမယ့် အာဏာရှင် တော်လှန်ရေး အတွက် အစိုးရကျောင်းအစား NUG လက်အောက်ခံပညာရေးလမ်းကြောင်းတစ်ခုကိုပဲ ‌ရွေးချယ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက် တယ်လို့ ဆိုပါတော့တယ်။

Author:

Related Articles