ခင်ဘုန်းမို့။ ။
၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး ရက်အနည်းငယ်အကြာမှာ စစ်အာဏာရှင်ကိုတွန်းလှန်ဖို့ အစောဆုံးလမ်းမပေါ်ထွက်လာကြသူ တွေဟာ အလုပ်သမားတွေ ဖြစ်ကြတယ်။
ယူနီဖောင်းဆင်တူဝတ်ဆင်ထားသူ၊ ချည်ထည်ဝမ်းဆက်ဝတ်ဆင်ထားသူတွေ၊ ထမင်းချိုင့်တွေတစ်ဖက်ကကိုင်ကာ တစ်ဖက် က ကြွေးကြော်သံတွေကို လက်သီးလက်မောင်းတန်းကာ ကြွေးကြော်နေကြတဲ့ အလုပ်သမားအမျိုးသမီးတွေကို ဆန္ဒပြပွဲတွေ မှာ မြင်တွေ့ခဲ့ရတယ်။
လုပ်ငန်းခွင်အတွင်းဖိနှိပ်မှု၊ မတရားမှုတွေနဲ့ နေ့စဉ်ယဉ်ပါးနေကြပြီး သပိတ်တိုက်ပွဲ၊ ဆန္ဒပြပွဲတွေနဲ့ မစိမ်းလှတဲ့ အလုပ်သမား အမျိုးသမီးတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာလည်း ရှေ့တန်းက ပါဝင်ကာ တာဝန်ကျေခဲ့ကြတယ်။
ဒီလို ဖိနှိပ်မှုတွေကိုတွန်းလှန်ရင်း အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့အတွက် အလုပ်သမားတွေဟာ ဖမ်းဆီး ခံရတာ ထောင်ချခံရတာနဲ့ သတ်ဖြတ်ခံရတဲ့အထိ ဖြစ်ခဲ့ကြရတယ်။
စစ်ကောင်စီအာဏာသိမ်းတဲ့ ၂၀၂၁ ၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေစပြီး ကနေ့အထိ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ခုနစ်ဦးကို မီးရှို့ သတ်ဖြတ်ခဲ့ပြီး အဖွဲ့ဝင်တစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့ကာ လက်ရှိအလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၁၁၈ ဦးကို မတရားဖမ်းဆီး ထောင်ချထားတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးနဲ့ သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (BWFM)ကထုတ်ပြန် ထားပါတယ်။
ဒီအထဲမှာ အမျိုးသမီးအဖွဲ့ဝင် ၃၀ဦး ပါဝင်ပါတယ်။
အလုပ်သမားအခွင့်အရေးလုပ်ဆောင်နေတဲ့ အလုပ်သမားအဖွဲ့အစည်း ၁၆ ဖွဲ့ကိုလည်း တရားမဝင်အသင်းအဖြစ် ကြေညာကာ အလုပ်သမားအရေးဆောင်ရွက်သူတွေကို လိုက်လံဖမ်းဆီးနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ တိမ်းရှောင် နေရင်းလည်း သမဂ္ဂအဖွဲ့ဝင်အမျိုးသမီးတွေဟာ အာဏာရှင်ကိုတော်လှန်ရင်းတစ်ဖက် အလုပ်သမားအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာတစ်ဖက်နဲ့ တတ်နိုင်သလောက် လှုပ်ရှားဆောင်ရွက်နေကြပါတယ်။
ဒီအထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်တဲ့အတွက် ဖမ်းဆီးခံခဲ့ရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မခင်သန္တာမိုးတစ်ယောက်လည်း ပါဝင်ပါတယ်။
သူက စစ်အာဏာသိမ်းစကတည်းက စက်ရုံတွင်း ဖဲကြိုးနီကမ်ပိန်းတွေပြုလုပ်ခဲ့တယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့ သပိတ် စစ်ကြောင်းထွက်တဲ့အခါမှာလည်း အလုပ်သမားထုကိုဦးဆောင်ခဲ့တယ်။ လမ်းမပေါ်သပိတ်တိုက်ပွဲတွေမှာ ဆက်တိုက်ပါဝင် ခဲ့တယ်။ စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတွေ လုပ်တဲ့အချိန်ထိ တောက်လျှောက်ပါဝင်ခဲ့တယ်။
“ နေမကောင်းလို့ဆန္ဒပြပွဲမထွက်နိုင်ရင်တောင် ကိုယ့်ကိုကိုယ် တာဝန်မကျေသလိုခံစားရတဲ့အတွက် နေ့တိုင်းထွက်နိုင်အောင် ကြိုးစားပြီးထွက်ခဲ့ပါတယ်။”လို့ မခင်သန္တာမိုးကပါဝင်ခဲ့ပုံကို ပြောပါတယ်။
ဒီလိုပါဝင်ခဲ့တာတွေကြောင့်ပဲ မခင်သန္တာမိုးဟာ လုပ်ငန်းခွင်ထဲအထိ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။
မခင်သန္တာမိုးတစ်ယောက်ဖမ်းဆီးခံရချိန်က လှိုင်သာယာမြို့ကို စစ်အုပ်ချုပ်ရေးကြေညာထားတဲ့အချိန်ဖြစ်ပြီး စစ်ကြောရေးရဲ့ နှိပ်စက်မှုသတင်းဆိုးတွေကြားရတဲ့အတွက် ကိုယ့်ကိုကိုယ်စိုးရိမ်မိခဲ့သလို မိဘနှစ်ပါးအတွက်လည်းစိုးရိမ်ခဲ့ရတယ်။
“ကျွန်မအဖမ်းခံရတဲ့နေ့ကတော့ မျက်လုံးတွေဝါးသွားတာ၊ စိတ်လှုပ်ရှားပြီး ကောင်းကောင်းမမြင်ရတော့ဘူး။ ခုနစ်ရက် လောက်ကြာမှ စိတ်ကိုငြိမ်အောင်ထားပြီး သံတိုင်တွေကြားကနေရဲ့ အလင်းရောင်လေးကို ကြိုးစားပြီးကြည့်ရင်း နဂိုအတိုင်း ပြန်မြင်လာတယ်။” လို့ မခင်သန္တာမိုးက ဖမ်းခံခဲ့ရတဲ့ သူ့အတွေ့အကြုံကို ပြန်ပြောပါတယ်။
အဲ့ဒီနောက် ပုဒ်မ ၅၀၅(က)၊ ၁၂၄ ၊ ၁၇ စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ်သုံးနှစ်ကျခံခဲ့ရတယ်။ ဖမ်းဆီးခံရပြီး နှစ်လနီးပါးအကြာမှာတော့ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ခံဝန်ထိုးပြီး ပြန်လည်လွတ်မြောက်လာခဲ့တယ်။
“ နောက်ထပ်နိုင်ငံရေးလုပ်လို့ ပြန်အဖမ်းခံရရင် ကျန်တဲ့ပြစ်ဒဏ်နဲ့ပြစ်ဒဏ်အသစ်ပေါင်းပြီး ခံရမယ်ဆိုတဲ့ ခံဝန်ကတိထိုးခဲ့ရ တယ်။” လို့ မခင်သန္တာမိုးက ပြောတယ်။
ပြန်လည်လွတ်မြောက်ပြီးနောက်မှာလည်း စစ်တပ်လော်ဘီတွေရဲ့သတင်းရေးသားမှုကြောင့် အိမ်မှာမနေရဲဘဲထွက်ပြေး တိမ်း ရှောင်နေရတယ်။ ဒါ့အပြင်လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်ကနေလည်း အလုပ်ထွက်ခဲ့တယ်။
ဧရာဝတီတိုင်းဇာတိဖြစ်ပြီး တောင်သူလယ်သမားမိဘနှစ်ပါးက မွေးဖွားလာတဲ့ မခင်သန္တာမိုးဟာ၂၀၁၀လောက်မှာ ရန်ကုန်မြို့ ကိုရောက်လာခဲ့ပြီး အထည်ချုပ်စက်ရုံတစ်ခုမှာ လုပ်ကိုင်ခဲ့တယ်။ စက်ရုံမှာလုပ်ရင်း အလုပ်သမားခေါင်းဆောင်တစ်ဦးအဖြစ် အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တယ်။
လုပ်ခလစာကိစ္စတွေ၊ ဥပဒေပါအခွင့်အရေးတွေ၊ မီးဖွားခွင့်နဲ့ပတ်သက်တာတွေ၊ သောက်သုံးရေမလုံလောက်တာစတဲ့ အလုပ် သမားအရေးနဲ့ ပတ်သက်တာတွေကို တောင်းဆိုရာမှာ ဦးဆောင်ခဲ့တယ်။
“အလုပ်သမားတွေရဲ့ မွေးရာပါအခွင့်အရေးဆိုတာ ချက်ကြိုးတန်းလန်းနဲ့ကလေးတစ်ယောက်လိုပဲ နဂိုထဲကတွဲပါလာပြီးသား လို့ တင်စားလို့ရပါတယ်။ ဒါကိုလုပ်ငန်းရှင်တွေက အပြည့်အဝမပေးချင်ကြဘူး။” လို့ မခင်သန္တာမိုးက ဆိုပါတယ်။
မခင်သန္တာမိုးနည်းတူ စစ်အာဏာရှင်ဆန့်ကျင်မှုမှာ ပါဝင်တဲ့အတွက် ဖမ်းဆီးထောင်ချခံခဲ့ရသူကတော့ အသက် ၃၃နှစ်အရွယ် အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မနှင်းဆီ(အမည်လွှဲ)ပါ။
မနှင်းဆီတစ်ယောက် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတစ်ခုမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်။ စစ်ကြောင်း မထွက်ခင် တစ်ရက်မှာကတည်းက သပိတ်ထွက်တဲ့အခါ သေရင်လည်းသေနိုင်တယ်။ မသေရင်လည်း အဖမ်းခံရနိုင်တယ်ဆို တာကို မနှင်းဆီတစ်ယောက် တွေးထားခဲ့မိပေမယ့် အာဏာရှင်ကိုတွန်းလှန်လိုစိတ်နဲ့ တက်ကြွနေခဲ့တယ်။ သပိတ်ဖြိုခွင်းခံရတဲ့ နေ့မှာတော့ နှစ်လသားအရွယ်သာရှိသေးတဲ့ သားလေးကိုသတိရစိတ်နဲ့ မျက်ရည်ကျခဲ့မိတယ်။
“ သားလေးကိုတစ်ချက်သွားပြီး သတိရလိုက်တယ်။သွားပြီငါ့သားလေးတော့ အမေမရှိတော့ဘူး။ ငါ့သားလေးကိုငါမတွေ့ရ တော့ဘူးဆိုတဲ့စိတ်၊ အဲ့စိတ်နဲ့တော့ငိုခဲ့တယ်။” လို့ မနှင်းဆီက ဖွင့်ဟတယ်။
မနှင်းဆီတစ်ယောက် စစ်ကြောရေးကိုကြမ်းတမ်းစွာဖြတ်သန်းခဲ့ရတယ်။ ဖမ်းမိလာတဲ့သူတွေကို ရိုက်ထားတာတွေ ကိုယ်တိုင် တွေ့ရသလို ကိုယ်တိုင်က ရုပ်ပိုင်းဆိုင်ရာမထိခိုက်ခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်။ နာရီပေါင်းကြာမြင့် စွာ မေးခွန်းတစ်မျိုးထဲကိုတပ်တလဲလဲမေးတာ၊ အချိန်အကြာကြီးမတ်တပ်ရပ်ခိုင်းတာ၊ ရိုင်းစိုင်းစွာပြောဆိုတာတွေကို ကြုံတွေ့ ခဲ့ရတယ်။
“ ကိုယ့်အလုပ်ကိုယ်မလုပ်ချင်တဲ့ကောင်မတွေ ကိုယ့်ထမင်းကိုယ်မစားချင်တဲ့ကောင်မတွေ ၅၀၅ နဲ့ ဆွဲလိုက်ပြီဆိုပြီးတော့ ပြောတာ။” လို့ မနှင်းဆီက စစ်ကြောရေးအတွေ့အကြုံကို ပြန်ပြောပြပါတယ်။
စစ်ကြောရေးခန်းကပြန်လာပြီး အချုပ်ခန်းမှာနားနေတဲ့အချိန်တွေဆိုလည်း မှေးခနဲအိပ်ပျော်သွားမိရင် မျက်နှာကိုရေနဲ့ပတ်ကာ စစ်ကြောရေးခေါ်ပြန်ပါတယ်။ တခြားဖမ်းဆီးခံရသူတွေရောက်လာရင်လည်း သွေးတွေအလိမ်းလိမ်းနဲ့မြင်ရတဲ့အခါ မနှင်းဆီ တစ်ယောက်ဖြေမဆည်နိုင်ပါဘူး။
“ တချို့ဆိုသွေးတန်းလန်းတွေနဲ့ မြင်ရတဲ့အခါကျတော့ စိတ်မကောင်းဘူးဝမ်းနည်းတယ်။ ပိုပြီးတော့နာကျင်ရတယ်။ ပိုနာ ကျည်းတယ်။ သူတို့ကိုမုန်းတယ်။ လုပ်ရက်ကြတယ်ပေါ့။” လို့ မနှင်းဆီက နာကျည်းစွာ ဆိုပါတယ်။
ဖမ်းဆီးခံရပြီး ၂၁ရက် နေ့မြောက်မှာတော့ မနှင်းဆီတစ်ယောက်ပြန်လည်လွတ်မြောက်လာခဲ့တယ်။ ဖမ်းဆီးခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာတဲ့အခါမှာလည်း အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရတယ်။
လူထုသပိတ်မှောက်မှု ပြင်းထန်နေတဲ့အချိန်ဖြစ်တဲ့အတွက် ဆန္ဒပြရာမှာပါဝင်တဲ့ အလုပ်သမားတွေကိုအလုပ်ထုတ်ရင် စက်ရုံ နာမည်ထိခိုက်မှာစိုးတဲ့အတွက် မနှင်းဆီကိုအလုပ်မထုတ်ခဲ့ဘဲ ဆက်လက်ခန့်ထားခဲ့တယ်။
မနှင်းဆီငှားနေတဲ့အိမ်ပိုင်ရှင်က အိမ်ကနေ ဖယ်ပေးဖို့တောင်းဆိုတယ်။ မနှင်းဆီတစ်ယောက်လည်း အိမ်ရှင်ကိုအမျိုးမျိုး ဖျောင်းဖျပြီးနောက်ဆုံးမှာတော့ ကံကောင်းစွာနဲ့အိမ်ရှင်က ဆက်နေဖို့သဘောတူခဲ့တယ်။
ဒီလိုဖမ်းဆီးခံပြီးနောက်မှာ မနှင်းဆီတစ်ယောက် စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေ ကြုံတွေ့ရတယ်။ တော်လှန်ရေးနဲ့ ပတ် သက်တဲ့ သတင်းတပုဒ်တွေ့တိုင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေပြန်ခံစားကာ စိတ်ထိခိုက်ရတယ်။
“ သတင်းတစ်ခါကြည့်မိလိုက်ရင် တစ်ခါဒေါသလည်းထွက်တယ်။ ခံလိုက်ရတဲ့သူပဲဖြစ်ဖြစ် သေသွားတဲ့သူပဲ ဖြစ်ဖြစ်မခံစားနိုင် ဘူး။ သတင်းကြည့်မိလိုက်တိုင်းငိုနေရတယ်။ အမြဲလိုပဲ။ တစ်ယောက်မိတယ် သေတယ်ဆိုရင် ဟိုလူဒီလူတွေလိုမမြင်ဘူး၊ ကိုယ့်ဆွေမျိုးသားချင်းလိုပဲ ခံစားမိတယ်။” လို့ မနှင်းဆီက ဖွင့်ဟပါတယ်။
၂၀၁၈ခုနှစ်ထဲက အလုပ်သမားအရေးကို တက်တက်ကြွကြွလုပ်လာခဲ့တဲ့ မနှင်းဆီတစ်ယောက် အခုချိန်ထိလည်း အလုပ်သမား အရေးနဲ့ပတ်သက်ပြီး တက်ကြွနေတုန်းပါပဲ။
မနှင်းဆီတစ်ယောက်လက်ရှိမှာတော့ အလုပ်သမားတွေ အရေးအတွက်တစ်ဖုံ စစ်အာဏာရှင်တွန်းလှန်ရေးအတွက် တစ်မျိုး ရုန်းကန်ရင်း ဖြတ်သန်းနေပါတယ်။
မခင်သန္တာမိုးနဲ့ မနှင်းဆီတို့နည်းတူ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့အတွက် လက်ရှိအချိန်ထိ ဖမ်းဆီးခံ ထားရသူကတော့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မဖြိုး(အမည်လွှဲ)ပါ။
ပျောက်ကျားဆန္ဒပြဖို့လူစုရင်း စစ်ကားရောက်လာတဲ့အတွက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းကတည်းက တက် တက်ကြွကြွပါဝင်ခဲ့သူလည်းဖြစ်တယ်။ မဖြိုးနဲ့အတူခင်ပွန်းဖြစ်သူလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးတွေမှာ ပါဝင်ခဲ့တယ်။
“ ကိုယ့်အမျိုးသမီးကိုယ့်မျက်စိရှေ့မှာ ဖမ်းခံလိုက်ရတာ ကိုယ်ဘာမှသွားမကယ်နိုင်ဘူးလေ။ ကယ်ချင်တာပေါ့။” လို့ ခင်ပွန်း ဖြစ်သူ ကိုမျိုး(အမည်လွဲ)က ပြောတယ်။
ဇနီးဖြစ်သူဖမ်းဆီးခံရကာ စစ်ကြောရေးဖြတ်သန်းတဲ့အခါ စိတ်ပူခဲ့ရပြီး အင်းစိန်ထောင်ရောက်မှသာ သက်ပြင်းချနိုင်တယ်လို့ ဆိုပါတယ်။
“ သူကတော်တော်စိတ်ဓာတ်ခိုင်မာပါတယ်။ နင်ဘာလို့ဒီလိုလုပ်တာလဲမေးရင် သူဘာမှမဖြေဘူး။ သူ့ကိုရိုက်လည်းသူကမငိုဘူး မငိုလေပိုရိုက်လေ။ သူပြောပြတာ ဘယ်လိုကြံကြံခံလဲဆိုတာ စိတ်ဓာတ်တော့မာတယ်။” လို့ ဇနီးဖြစ်သူအကြောင်းကို ကိုမျိုးက ပြောပြပါတယ်။
မဖြိုးဟာ လက်ရှိမှာတော့ အလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရပါတယ်။ ဖမ်းဆီးခံရတာကြောင့် သူတို့မိသားစု ငှား နေတဲ့အိမ်ကို ပိုင်ရှင်ကဖယ်ပေးခိုင်းတာကြောင့် ဒုက္ခတွေ့ခဲ့ရကြတယ်။ ကိုမျိုးဖြစ်သူလည်း တိမ်းရှောင်နေရတဲ့အတွက် မိသားစုကို အဝေးကနေသာ စောင့်ရှောက်နိုင်ခဲ့တယ်။ နဂိုကတည်းက လူကြီးရောဂါအခံရှိတဲ့ မဖြိုးမိခင်ဟာ မဖြိုးဖမ်းဆီးခံရ တယ်ဆိုတဲ့စိတ်နဲ့ တစ်လအကြာမှာ ဆုံးပါးသွားခဲ့တယ်။
အလုပ်သမားတွေအရေးအတွက် တက်ကြွလှုပ်ရှားလှတဲ့ မဖြိုးဟာပရဟိအလုပ်တွေမှာလည်း စိတ်အားထက်သန်ခဲ့သူ ဖြစ်ပါ တယ်။
“ ဒီလမ်းပေါ်လျှောက်ပြီဆိုတည်းက သေလူအဖြစ်တောင်တွေးထားပြီးသား ။ ကျွန်တော်တို့ရှေ့မှာလည်း အများကြီးရှိတယ်။ ကံကောင်းတာက မသေဘဲ အဖမ်းခံလိုက်ရတာ ကံကောင်းတယ်လို့ပြောလို့ရတယ်။” လို့ ကိုမျိုးက ဆိုပါတယ်။
အလုပ်သမားသမဂ္ဂအဖွဲ့ဝင်အမျိုးသမီးတွေဟာ တစ်ဖက်မှာလည်း အာဏာရှင်တော်လှန်ရေးအတွက် ကျရာနေရာက တာဝန် ကျေနေသလို တစ်ဖက်မှာလည်း အလုပ်သမားအရေးအတွက် မလစ်ဟင်းအောင်ကြိုးစားနေကြပါတယ်။
ဒါပေမယ့် လူ့အခွင့်အရေးကိုတောင် ဂရုမစိုက်တဲ့ စစ်အာဏာရှင်စနစ်အောက်မှာ အလုပ်သမားအခွင့်အရေးကတော့ ပိုလို့ တောင်အလှမ်းဝေးသွားပါတော့တယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ အလုပ်သမားအခွင့်အရေးတွေ ပိုမိုဆိုးရွားလာတယ်လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင် အမျိုးသမီးတွေက ဆိုပါတယ်။
အလုပ်သမားတွေကို အချိန်ပိုဆင်းခိုင်းတာနဲ့ ပတ်သက်တာတွေ၊ နားချိန်နဲ့ပတ်သက်တာတွေကို တောင်းဆိုတဲ့အခါမှာလည်း အခက်အခဲတွေရှိနေပါတယ်။
“ ဘာမှလုပ်လို့မရဘူး။ ဘာမှလုပ်လို့မရဘူးဆိုတာ လုံးဝကိုဇီးရိုး ဘာမှလုပ်ခွင့်မရှိဘူး။” လို့ မနှင်းဆီက ပြောပါတယ်။
အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်ပြီး အရင်အရပ်သားအစိုးရလက်ထက်က လွတ်လပ်စွာသင်းပင်းဖွဲ့စည်းနိုင်ခဲ့ပြီး အလုပ် သမားစုပေါင်းအားနဲ့တောင်းဆိုနိုင်ခဲ့ပေမယ့် စစ်အာဏာရှင်လက်ထက်မှာတော့ အလုပ်သမားအရေးလုပ်ရင် စစ်တပ်ခေါ်ဖမ်း ခိုင်းမယ်ဆိုတာမျိုးတွေ ခြိမ်းခြောက်လာကြတယ်လို့ မခင်သန္တာမိုးကပြောပါတယ်။
“လုပ်ငန်းရှင်နဲ့ အာဏာရှင်ပေါင်းပြီး သမဂ္ဂကိုဖြိုတာလို့ ပြောလို့ရတယ်။” လို့ ဆိုတယ်။
အလုပ်သမားအရေးဆောင်ရွက်သူတွေအနေနဲ့လည်း အလုပ်သမားအခွင့်အရေးချိုးဖောက်နေတာသိသိကြီး၊ မတရားမှန်းသိသိ နဲ့ ဖြေရှင်းပေးနိုင်ဖို့ ခက်ခဲနေကြပါတယ်။
နိုင်ငံတကာ ဘရန်းတွေကို ဖိအားပေးပြီး ဒီပြသနာတွေကိုဖြေရှင်းနေပေမယ့် ထင်သလောက်အားမကောင်းခဲ့ပါဘူး။ လုပ်ငန်း ခွင်ထဲမှာ အလုပ်ရှင်၊အလုပ်သမားနှစ်ပွင့်ဆိုင် ဖြေရှင်းမှုတွေနဲ့ လုပ်ဆောင်နေတယ်လို့ မခင်သန္တာမိုးက ဆိုပါတယ်။
“ လုပ်ငန်းရှင်တွေက မကျေနပ်ရင်အလုပ်သမားရုံးသွားတိုင်ဆိုတဲ့ ပုံစံတွေ၊တကယ်သွားတိုင်လည်းထိရောက်မှု ဘာမှမရှိဘူး လေ။ အလုပ်သမားရုံးဆိုတာက အခုစစ်ကောင်စီလက်အောက်ကလူတွေဖြစ်နေတော့ သွားတိုင်လည်းဖြေရှင်းပေးမှုဘာမှမရ တာကို အလုပ်သမားတွေကိုယ်တိုင်သိနေတော့ တော်ရုံဘယ်သူမှသွားမတိုင်ကြဘူး။” လို့ မခင်သန္တာမိုးက ပြောပါတယ်။
လုပ်ငန်းခွင်အတွင်းအခွင့်အရေးချိုးဖောက်မှု၊ လုပ်ခလစာနည်းပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြားမှာ အလုပ်သမားတွေဟာ အဘက်ဘက်က ဖိနှိပ်မှုတွေကြားရုန်းကန်နေကြရပါတယ်။
“ အာဏာသိမ်းမှုသာမရှိခဲ့ရင် အလုပ်သမားတွေရဲ့အခွင့်အရေးအခြေအနေတွေက အရမ်းကိုအောင်မြင်ပြီးတော့ ကောင်းမွန်တဲ့ လုပ်ငန်းခွင်တွေဖြစ်လာမှာပါ။ ဖူလုံတဲ့လုပ်ခလစာကိုလည်း တောင်းလို့ရမယ်လို့ ယုံကြည်ပါတယ်။” လို့မခင်သန္တာမိုးက ဆိုပါ တယ်။
အလုပ်သမားသမဂ္ဂခေါင်းဆောင်အမျိုးသမီးတွေဟာ အလုပ်သမားအရေးအတွက် တက်နိုင်သလောက်ဝန်ကိုထမ်းနေသလို တစ်ဖက်မှာလည်း စစ်အာဏာရှင်ကိုဆန့်ကျင်ဖို့ သွေးမအေးသွားကြပါဘူး။
“ အာဏာရှင်ပြုတ်ကျဖို့အတွက်ဆိုရင် ကျရာနိုင်ရာနေရာကနေပါဝင်မယ်။ ကူမယ်။ နောက်ဆုံးထွက်သက်အထိ လုပ်နိုင်တာ အကုန်လုပ်ပေးမယ်။ အာဏာရှင်ပြုတ်ကျဖို့အတွက်ဆိုရင် အသက်ပေးရရင်တောင်တန်ပါတယ်။” လို့ မခင်သန္တာမိုးက ဆုံးဖြတ် ထားပါတော့တယ်။
- ရှေ့တန်းစစ်မျက်နှာပြင်က အမျိုးသမီးဒရုန်းစစ်သည် - 24/12/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 23/12/2024
- သစ်ပင်တက်ရင်းမိသားစုကိုစောင့်ရှောက်နေသူ မိန်းကလေး - 19/12/2024