Home ဆောင်းပါး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးများပါဝင်မှုကို အားလျော့စေသလား

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးများပါဝင်မှုကို အားလျော့စေသလား

လုဆိုင်း။            ။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာမှာ ပါဝင်ခဲ့တဲ့ LDU (လားဟူဒီမို ကရက်တစ်အစည်းအရုံး)ရဲ့ ဗဟိုကော်မတီဝင် နာဗစ်ဘွန်ဟာ LDU (လားဟူဒီမိုကရက်တစ်အစည်းအရုံး) မှာ ဆက်လက် တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိတော့တဲ့အတွက် LDU ညီလာခံက ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးချယ်မခံတော့ဘူး လို့ သိရပါတယ်။

မတ်လ (၁၉) ရက်မှ (၂၀) ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ LDU ဆဌမအကြိမ်မြောက် ညီလာခံမှာ နာဗစ် ဘွန်ကိုယ်တိုင် ဆက်လက်ပါဝင်နိုင်ခြင်းမရှိတော့ကြောင်း ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။

မူလက LWO (လားဟူအမျိုးသမီးအဖွဲ့အစည်း) ရဲ့ဘဏ္ဍာငွေရှာဖွေရေး တာဝန်ခံ နာဗစ်ဘွန်ဟာ LDU (လားဟူဒီမိုကရက် တစ် အစည်းအရုံး) မှာ ဗဟိုကော်မတီဝင်အဖြစ် အားဖြည့်ပါဝင်ခဲ့ပြီး UNFC (ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ) က ဖွဲ့စည်းခဲ့တဲ့ DPN (နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့) အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူခဲ့ကာ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးပွဲများမှာ ပါဝင်ခဲ့ရာမှ ယခု LDU ညီလာခံတွင် ဗဟို ကော်မတီဝင်အဖြစ် ဝင်ရောက်ရွေးချယ်မခံတော့တာဖြစ်တယ်လို့  နာဗစ်ဘွန်က ပြောပါတယ်။

“ကျမအနေနဲ့ မိသားစုကိစ္စနဲ့ ကိုယ်ရေးကိုယ်တာကိစ္စအချို့မှာ အခက်အခဲရှိလို့ပါ။ ဒီလိုတာဝန်တခုမှာ ကိုယ့်အမျိုးသား ရေးအတွက်ရော၊ အမျိုးသမီးပါဝင်ရေးအတွက်ရော ဆက်မရပ်တည်ပေးနိုင်တဲ့အတွက် ကျမကိုယ်တိုင်လည်း လုံးဝစိတ်မ ကောင်းပါဘူး။ LDU ညီလာခံရဲ့ ရွေးကောက်ပွဲမှာ ကျမအနေနဲ့ ဝင်ရောက်အရွေးမခံဘူးဆိုတော့ ဆက်မပါတော့ဘူးပေါ့။ အလုပ်လုပ်နိုင်တဲ့သူတွေကတော့ ဆက်ပြီး ရွေးကောက်ခံကြပါတယ်” လို့သူက ပြောပါတယ်။

LDU ညီလာခံမှာ ဥက္ကဌအဖြစ် လက်ရှိ ဥက္ကဌဖြစ်သူ ကြာခွန်ဆာ၊ ဒုဥက္ကဌ ကြာဟားနဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီးဆော်လမွန်၊ တွဲဘက် အထွေထွေအတွင်းရေးမှူး(၁) ကြာခင်မောင်လှ၊ တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) ကြာယေရှဲလ်တို့ အပါအဝင် စုစုပေါင်း ဗဟိုကော်မတီ (၁၃)ဦး၊ အရံဗဟိုကော်မတီ (၅)ဦးတို့ကို ရွေးချယ်ခဲ့ရာမှာတော့ ဗဟိုကော်မတီဝင်အဖြစ် အမျိုးသမီး(၂)ဦးပါဝင်လာတာတွေ့ရပါတယ်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့က NCA လက်မှတ်ရေးထိုးပွဲမှာ LDU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးအနေ နဲ့ နာဗစ်ဘွန်ဟာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး၊ နောက်ပိုင်းမှာ UPDJC လို့ခေါ်တဲ့ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေး မှုပူးတွဲကော်မတီမှာ  LDU  ကိုယ်စားလှယ်တဦးအဖြစ်  NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် (၁၀) ဖွဲ့ အစည်းအဝေးက အတည်ပြုပေးခဲ့တာပါ။

“အကြောင်းအမျိုးမျိုးကြောင့် သူမလုပ်နိုင်တော့ဘူး။ သူ့ကိစ္စနဲ့သူ နှုတ်ထွက်သွားတယ်။ UPDJC နဲ့ DPN ကလည်း ထွက်ရ မှာပေါ့”  လို့ လက်ရှိ LDU အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန်က ပြောပါတယ်။

ဒါကြောင့် LDU ရဲ့ UPDJC ကိုယ်စားလှယ်အဖြစ် လက်ရှိ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဗိုလ်မှူးကြီး ဆော်လမွန်ကို ပြန်လည်အစားထိုးမှာဖြစ်ပြီး DPN ကိုယ်စားလှယ်အဖြစ်လည်း တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ကြာခင်မောင်လှကို အစားထိုးခန့်အပ်မှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

DPN မှာပါတဲ့ နာဗစ်ဘွန်က LDU မှာဆက်လက်မပါဝင်တော့ဘူးဆိုတာ အကြောင်းကြားထားပြီး ဖြစ်တယ်လို့ UNFC ရဲ့ ဥက္ကဌ နိုင်ဟံသာက ပြောပါတယ်။

“သူ(နာဗစ်ဘွန်) သူ့အဖွဲ့အစည်းထဲကနေ ထွက်တယ်ဆိုတဲ့အကြောင်း အကြောင်းကြားလာတယ်။ ဘာကြောင့် နှုတ်ထွက် တယ်ဆိုတာတော့ မပြောဘူး။ ဒါကြောင့် DPN မှာရော UNFC ထဲမှာရော သူပါဝင်လို့မရတော့ဘူးလို့ပြောလာတယ်။ သူ က ထက်မြက်တယ်။ ပါဝင်ဆွေးနွေးနိုင်တဲ့အနေအထားရှိတယ်”

“DPN ကို အန်ကယ်တို့ဆက်လက်ပြီးတော့ထိန်းထားတယ်။ ဒါပေမဲ့ ဆက်လက်ပြီးတော့ DPN အနေနဲ့ ဆွေးနွေးဖို့က နည်းနည်းအခက်အခဲရှိတယ်။ ဘာကြောင့်လဲဆိုတော့ တချို့လူတွေက လက်မှတ်ထိုးပြီးသားဆိုတော့ ဝင်ဆွေးနွေးဖို့ အခြေအနေက မပေးတော့ဘူးပေါ့။ ဒါပေမဲ့ DPN နဲ့ ချမှတ်ထားတဲ့မူကို ဘယ်လိုဝိုင်းထိန်းကြမလဲဆိုတာ စဉ်းစားနေတယ်။ DPN ရဲ့ သဘောထားကို ဆက်ထိန်းထားဖို့ ရှိတယ်။ ဒါပေမဲ့ လက်တွေ့အရ အလုပ်ဖြစ်မဖြစ် အတိအကျတော့ပြောလို့ မရသေးဘူး”လို့ နိုင်ဟံသာက ပြောပါတယ်။

နာဗစ်ဘွန်ဟာ လားဟူအမျိုးသမီးအဖွဲ့အစည်းမှာ ဘဏ္ဍာရေးတာဝန်ခံအဖြစ် တာဝန်ယူခဲ့ပြီး အမျိုးသမီးများအဖွဲ့ချုပ် (မြန် မာနိုင်ငံ) – WLB တွင် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူခဲ့ကာ အမျိုးသမီးများ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပိုမိုပါဝင်လာဖို့ ပါဝင်ကြိုးပမ်းခဲ့သူတဦးလည်းဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေထဲက အမျိုးသမီးတွေ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်မှုနည်းပါးနေချိန်မှာ နာဗစ်ဘွန်ဆက်လက်ပါဝင်နိုင်ခြင်းမရှိတော့တာဟာ သူမရည်မှန်းထားတဲ့အတိုင်း မဖြစ်လာလို့ နှုတ်ထွက်ခြင်းလည်း ဖြစ်နိုင် ပါတယ်လို့ WLB ရဲ့ အထွေထွေအတွင်းရေးမှူး လွေးပိုးညိူဝ်းက ပြောပါတယ်။

“LDU အနေနဲ့ NCA လက်မှတ်ထိုးပြီးတဲ့နောက်မှာ သူမပါဘူးလို့ ဆုံးဖြတ်လိုက်တယ်ထင်တယ်။ ကျမအမြင်ကတော့ သူ့ (နာဗစ်ဘွန်)ရဲ့ ရည်မှန်းထားတဲ့အတိုင်း မဖြစ်လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။ အဲဒါကြောင့်မို့ သူနှုတ် ထွက်လိုက်တာဆိုရင်တော့ ဒါကတကြောင်းပေါ့”လို့ သူက ပြောပါတယ်။

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ အမျိုးသမီးပါဝင်မှုက အရင်ကထက် ပိုပြီးများလာပေမဲ့ အမျိုးသမီးကိုယ်စားပြုမယ့် အသံ တွေ ထွက်လာဖို့ အားနည်းနေသေးပါတယ်။ NCA သဘောတူစာချုပ်မှာ (၃၀) ရာခိုင်နှုန်း အမျိုးသမီးပါဝင်ရေးနဲ့ တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများစုမှာ အမျိုးသမီးပါဝင်ရေးဆိုတဲ့ “မူ” ရှိပေမယ့်လည်း လက်တွေ့ အကောင် အထည်ဖော်တဲ့နေရာမှာ အမျိုးသမီး ပါဝင်ရေးက အလွန်အားနည်းနေပါသေးတယ်လို့ အမျိုးသမီးအဖွဲ့အစည်းတွေက ပြောဆိုနေကြပါတယ်။

ဒီအပေါ်မှာ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ရဲ့ မြောက်ပိုင်းစစ်ဒေသ အတွင်း ရေးမှူးလည်းဖြစ်ပြီး WLB (အမျိုးသမီးများအဖွဲ့ချုပ် – မြန်မာနိုင်ငံ) ရဲ့ အကြံပေးအဖွဲ့ဝင်တဦး ဖြစ်သူ ဒေါ်နန်းယဉ် (ခေါ်) မနှောင်းက အခုလိုသုံးသပ်ပြောဆိုပါတယ်။

 “ ကိုယ်ရေးကိုယ်တာအခက်အခဲဆိုတော့ ဘယ်လိုအခက်အခဲတွေရှိသလဲဆိုတာ အတိအကျတော့မသိဘူးပေါ့။ ဒါပေမယ့် လည်း အမျိုးသမီးတွေ အလုပ်လုပ်တော့မယ်ဆိုရင် အိမ်မှုကိစ္စတွေ၊ သားသမီးတာဝန်တွေက အမြဲတွဲပြီး ပါနေတတ်တယ်။ ဒီတော့ တာဝန်တွေ တအားပိလာပြီး မနိုင်မနင်းဖြစ်လာချိန်မှာ လက်လျော့လိုက်ရတာမျိုးလည်း ရှိနိုင်တာပေါ့”

ဆက်လက်ပြီးတော့လည်း ဒေါ်နန်းယဉ်က အမျိုးသမီးတွေဟာ ဒီလိုအခက်အခဲတွေကို ရအောင်ကျော်လွှားပြီး နိုင်ငံရေး လမ်းကြောင်းပေါ်မှာ ဇွဲရှိရှိနဲ့ ဆက်လက်ပါဝင်ရပ်တည်သင့်ပါတယ်လို့ အကြံပြုခဲ့သလို ကိုယ့်အခက်အခဲတွေကိုလည်း အကူအညီရယူနိုင်မယ့် နည်းလမ်းတွေ စဉ်းစားပြီး ကျော်လွှားသင့်တယ်လို့ ပြောဆိုခဲ့တဲ့အပြင် နိုင်ငံရေးအဖွဲ့အစည်း တွေအနေနဲ့လည်း ကိုယ့်အဖွဲ့အစည်းက အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ အလုပ်လုပ်နိုင်အောင် ဘယ်လိုပံ့ပိုးကူညီနိုင် မလဲဆိုတာ အလေးအနက် ထည့်သွင်းစဉ်းစားပေးဖို့ အရေးကြီးသလို အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ လူမှုအဝိုင်းအဝန်း ကလည်း နည်းလမ်း ရှာကူညီသင့်တဲ့အကြောင်းတွေကို ထည့်သွင်းပြောဆိုသွားပါတယ်။

LDU ဦးဆောင်အဖွဲ့မှာ နာဗစ်ဘွန်ဆက်လက်ပါဝင်ခြင်းမရှိတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးပါဝင်မှုကို အားလျော့ သွားစေသလား ဆိုတဲ့ မေးခွန်းကိုတော့ သူက အခုလိုဆက်လက်ဖြေကြားလိုက်ပါတယ်။

“ သူမပါတော့ဘူးဆိုတဲ့အတွက် အမျိုးသမီးပါဝင်မှုလည်း လျော့နည်းသွားတယ်လို့ပြောနိုင်ပါတယ်။ သူဟာ အမျိုးသမီးရေး အမြင်ရှိတဲ့ အမျိုးသမီးခေါင်းဆောင်တဦးလည်းဖြစ်တော့ အနည်းဆုံးသူ့ရဲ့ပါဝင်မှုကို (အခိုက်အတန့်ဖြစ်ဖြစ်) ဆုံးရှုံးသွား တယ်လို့ ပြောလို့ရပါတယ်။ ကျန်တဲ့အမျိုးသမီးတွေကိုလည်း ဒီလိုတာဝန်တွေယူလိုက်ရခြင်းအားဖြင့် မနိုင်ဝန်တွေ ထမ်း နေရသလိုဖြစ်မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြစ်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ အားမလျော့ ပါနဲ့၊ နောက်မဆုတ်ပါနဲ့၊ ကိုယ့်အလုပ်အပေါ် ယုံယုံကြည်ကြည်ဆက်လုပ်နိုင်အောင် အမြဲကြိုးစားပါလို့ပြောချင်ပါတယ်”

Related Articles