Home ဆောင်းပါး လှိုင်သာယာက နွမ်းပါးသူတွေအတွက်အားကိုးရာ မြန်မာ့မီးဖိုချောင်

လှိုင်သာယာက နွမ်းပါးသူတွေအတွက်အားကိုးရာ မြန်မာ့မီးဖိုချောင်

ရှင်ငြိမ်း။ ။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၇ ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းဝင်းထဲက အဆောင်တစ်ခုမှာ အမျိုးသမီးအယောက် နှစ်ဆယ်ကျော်လောက်ဟာ မော်တာအပ်ချုပ်စက်တစ်လုံးစီနဲ့ အဝါရောင်ပိတ်စတစ်ခုကို သေချာအာရုံစိုက်ချုပ်လုပ်နေ ကြပါတယ်။

ခဏအကြာမှာ ဒီအမျိုးသမီးလေးတွေက သူချုပ်လုပ်ပြီးကြောင်းအသိပေးတဲ့အနေနဲ့ ချုပ်ထားတဲ့ပိတ်စလေးကို ကိုင်မြောက် ပြတဲ့အခါ ဆရာမဖြစ်ဟန်တူတဲ့ အမျိုးသမီးလေးတစ်ယောက်က အပြန်ပြန်အလှန်လှန် ကြည့်ရှုစစ်ဆေးကာ အောင်လက် မှတ်ထုတ်ပေးလိုက်ပါတယ်။

ဒါကတော့ မြန်မာ့မီးဖိုချောင်(Myanmar Kitchen)လို့ခေါ်တဲ့ လူမူအဖွဲ့အစည်းတစ်ခုက သူတို့ရဲ့မော်တာစက်ချုပ်သင်တန်း သူတွေကို အောင်လက်မှတ်ပေးနေတဲ့အခမ်းအနားဖြစ်တယ်။

စက်ရုံ၊ အလုပ်ရုံနဲ့ နေ့စား၊ပျံကျအလုပ်သမားတွေ အများအပြားနေထိုင်တဲ့ လှိုင်သာယာကကလေးတွေဟာ မော်တာ စက်ချုပ်သင်တန်းလို အသက်မွေးဝမ်းကျောင်းပညာတွေနဲ့ လက်လှမ်းမီဖို့မလွယ်တာကြောင့် အလုပ်ကောင်းကောင်းရဖို့ ခက်ခဲပါတယ်။

ဒါကြောင့် လှိုင်သာယာက ကလေးတွေကျောင်းပိတ်ထားချိန်မှာ အသုံးဝင်မယ့်အသက်မွေးဝမ်းကျောင်းပညာနဲ့ အလုပ် အကိုင်အခွင့်အလမ်းတွေရရှိစေဖို့ ရည်ရွယ်ကာ အခုလိုသင်တန်းတွေပေးတာပါလို့ မြန်မာ့မီးဖိုချောင်(Myanmar Kitchen) ရဲ့ပရိုဂရမ်ဒါရိုက်တာ မစုစုလင်းလက်က ပြောပါတယ်။

မြန်မာ့မီးဖိုချောင်ကနေ ယနေ့အထိ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ မော်တာစက်ချုပ်သင်တန်းသူအယောက် ၂၀၀ကျော် ကို မွေးထုတ်ပေးခဲ့ပြီး သင်တန်းဆင်းတွေထဲက ၁၅ ရာခိုင်နှုန်းကတော့ သင်တန်းပြီးတာနဲ့ အလုပ်အကိုင်တွေရကာ ဝင်ငွေရ နေပြီလို့ သူက ဆိုပါတယ်။

မြန်မာ့မီးဖိုချောင်(Myanmar Kitchen)ကို တည်ထောင်သူတစ်ဦးနဲ့ ဒေါ်စိုးသန္တာထက်တို့ပူးပေါင်းပြီး ၂၀၂၁ ခုနှစ်၊ မတ်လ မှာစတင်တည်ထောင်ခဲ့တာပါ။

ကိုဗစ်နဲ့ နိုင်ငံရေးကြောင့် လှိုင်သာယာမှာ အလုပ်လက်မဲ့တွေများလာတော့ ခက်ခဲလာတဲ့စားဝတ်နေရေးအတွက် တဖက် တလမ်းကနေ ထောက်ပံ့ပေးနိုင်ဖို့ရည်ရွယ်ပြီး ချက်ပြီးသားထမင်းနဲ့ ဟင်းလှူရာကနေ လုပ်ငန်းစတင်ခဲ့တာဖြစ်ပါတယ်။

“ ကျူးကျော်တဲတွေမှာနေတဲ့ကလေးတွေအနေနဲ့ မိဘတွေက ကျောင်းထားပေးဖို့ မတတ်နိုင်တာရယ်၊ ကျောင်းထားပေးနိုင် ပြန်တော့လည်း ကွန်ပျူတာလို နည်းပညာတွေနဲ့ အလှမ်းဝေးနေတာတို့ကြောင့် ဘဝတိုးတက်ဖို့ အလုပ်ကောင်းကောင်း ရရှိဖို့ ခက်ခဲတာကြောင့် သင်တန်းတွေပေးခဲ့တာဖြစ်တယ်။”လို့ မစုစုလင်းလက်က ဆိုပါတယ်။

မြန်မာ့မီးဖိုချောင်ကပေးတဲ့သင်တန်းတွေဟာ သူ့လို ငွေကြေးလည်းမပြည့်စုံ၊ အတန်းပညာလည်းမရှိ၊ လုပ်ငန်းအတွေ့အကြုံ လည်း ဘာဆိုဘာမှမရှိလို့ အလုပ်ရဖို့ ခက်ခဲနေတဲ့ အမျိုးသမီးလေးတွေအတွက် များစွာအကျိုးကျေးဇူးဖြစ်စေခဲ့တယ်လို့ မအိဖြူက ဆိုပါတယ်။

“ ညီမတို့မိသားစုဆို အရင်က ထမင်းနပ်မမှန်ရတဲ့ကြားထဲ အတိုးပူ၊ အိမ်ဌားခပူနဲ့ အပူတွေများလွန်းလို့ အသက်ရှင်ချင်စိတ် ပျောက်တဲ့အထိပဲ။ အလုပ်ရတော့လေ ပျော်တာဆိုတာ သေရာကပြန်ရှင်လာရတဲ့လူလိုပဲ။ ပြောမပြတတ်အောင်ပျော်ခဲ့တာ။ ”လို့ သူက ပြောပါတယ်။

မအိဖြုဟာ ပြီးတဲ့နှစ် ဇူလိုင်လမှာဖွင့်တဲ့သင်တန်းကို တက်ပြီးတာနဲ့ ချက်ခြင်းအလုပ်ခွင်ဝင်ရောက်နိုင်ခဲ့သူဖြစ်တယ်။ သူနဲ့ သင်တန်းအတူ တက်ရောက်ခဲ့တဲ့အမျိုးသမီး ခုနစ်ယောက်ပါ စက်ရုံတစ်ခုထဲမှာ အလုပ်တွေရခဲ့ကြတာဖြစ်တယ်။
သူတို့ ရှစ်ယောက်အဖွဲ့ဟာ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်သင်အနေနဲ့မဟုတ်ဘဲ ကျွမ်းကျင်အဆင့်နဲ့ အလုပ်ရခဲ့တာဖြစ် လို့ အလုပ်ဝင်တာနဲ့ ငွေကျပ် နှစ်သိန်းခွဲစတင်ရပါတယ်။ ခြောက်လအကြာမှာတော့ လစာ သုံးသိန်းထိ တိုးမြင့်ရခဲ့ကြတယ်။

“လစာရတော့ အဖေ့အတွက် ဆေးဝယ်ပေးနိုင်တယ်။ ဆေးခန်းပြပေးနိုင်တယ်။ မိသားစုကိုလည်း ထမင်းနပ်မှန်အောင် ကျွေးနိုင်တယ်။ အပိုဝင်ငွေလေးရတော့ အမေလည်းဈေးရောင်းဖို့အရင်းအနှီးရသွားတယ်။”လို့ မအိဖြူက ပြောပါတယ်။

မောင်နှမငါးယောက်ရှိတဲ့ထဲမှာ အကြီးဆုံးသမီးဖြစ်တဲ့မအိဖြူတို့မိသားစုမှာ မိဘနှစ်ပါးကလွဲလို့ ဝင်ငွေရအလုပ်အကိုင်တွေ မရှိတဲ့အတွက် သူတို့စားဝတ်နေရေးဟာ အမြဲလိုလိုခက်ခဲနေခဲ့တဲ့မိသားစုဖြစ်တယ်။

မိဘတွေကလည်း ငါးဒိုင်မှာအထမ်းအလုပ်သမား၊ အကူနေ့စားအလုပ်သမားတွေဖြစ်လို့ ပုံမှန်ဝင်ငွေရယ်လို့မရှိကြပါဘူး။ လင်မယားနှစ်ယောက်အလုပ်တွေက ပုံမှန်ဝင်ငွေမရတော့ မိခင်ဖြစ်သူက နေ့စားအလုပ်တွေမရှိရင် အဆာပြေမုန့်တွေလုပ် ရောင်းကာ မိသားစုဝမ်းရေးကို ဖြည့်ရတယ်။

ဒါကြောင့် သမီးအကြီးဆုံးဖြစ်တဲ့မအိဖြူဟာ အာဏာသိမ်းပြီးနောက်မှာ ကျောင်းပြန်မတက်နိုင်တော့ဘဲ ခုနစ်တန်းနဲ့ ကျောင်း ထွက်ကာ မိခင်နဲ့အတူ နေ့စားအလုပ်တွေလိုက်လုပ်ခဲ့တယ်။ ဒီအချိန်ကတည်းက မိခင်ဖြစ်တဲ့ဒေါ်မိုးက သမီးဖြစ်သူကို ပုံမှန် ဝင်ငွေရတဲ့ စက်ရုံအလုပ်မှာ ဝင်လုပ်ဖို့ဆန္ဒရှိခဲ့တယ်။

ဒါပေမဲ့ အသက်က ၁၄ နှစ်သာသာရှိပြီး ကျောင်းပညာရေးလည်းမပြည့်စုံ၊ အလုပ်လုပ်ရမယ့်အရွယ်လည်း မဟုတ်သေးတာ ကြောင့် ပုံမှန်ဝင်ငွေရှိတဲ့ အလုပ်ရဖို့အခက်အခဲရှိခဲ့ပါတယ်။ ဒီအချိန်မှာ မြန်မာ့မီးဖိုချောင်က သင်တန်းလာပေးတဲ့အတွက် တက်ဖြစ်ခဲ့တာပါ။

မအိဖြူသင်တန်းတက်နေစဉ်မှာပဲ အထည်ချုပ်စက်ရုံတစ်ခုမှာ မန်နေဂျာလုပ်နေတဲ့အမျိုးသမီးက သင်တန်းပြီးလို့အောင် လက်မှတ်ရရင် အလုပ်ခေါ်မယ်ဆိုတဲ့ကမ်းလှမ်းမှုနဲ့ မအိဖြူတို့အလုပ်ရခဲ့ကြတာဖြစ်တယ်။
အလုပ်မဝင်တဲ့သင်တန်းသူတချို့ကတော့ ကိုယ်ပိုင်စက်ချုပ်ဆိုင်ဖွင့်မယ်။ တပိုင်တနိုင်အထည်ချုပ်ဆိုင်ဖွင့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နောက်တစ်ဆင့်ကိုထပ်တက်ကြပေမယ့် တက်သူအလွန်နည်းတယ်လို့ ပရိုဂရမ်ဒါရိုက်တာ မစုစုလင်း လက်က ရှင်းပြပါတယ်။

မြန်မာ့မီးဖိုချောင်က စက်ချုပ်သင်တန်းတင်မကပါဘူး။ သောက်ရေသုံးရေတွေကိုလည်း ပေးလှူပါသေးတယ်။ မြန်မာ့မီးဖို ချောင်က ပေးလှူထားတဲ့သောက်ရေ၊ သုံးရေတွေကို ဈေးသက်သက်သာသာ သုံးရတဲ့အတွက် အပိုငွေထွက်လာလို့ စားဝတ်နေရေးပြေလည်လာခဲ့တဲ့သူကတော့ တမာကုန်းရပ်ကွက်နေ ဒေါ်စိုးမာလာပါ။

အသက် ၅၁ နှစ်အရွယ်ဒေါ်စိုးမာလာဟာ လေဖြန်းထားတဲ့အမျိုးသားနဲ့ ကလေး ငါးယောက်ကို တစ်ဦးထဲရှာဖွေကျွေးမွေးနေ ရတဲ့အမျိုးသမီးဖြစ်တယ်။ သူဟာ ငါး၊ ပုဇွန်စက်ရုံတစ်ခုမှာ ပုဇွန်ချွေရတဲ့နေ့စားအလုပ်သမားတစ်ဦးပါ။
ဒေါ်စိုးမာလာတစ်ဦးထဲဝင်ငွေနဲ့ အဆင်မပြေတော့ အသက် ၁၃ နှစ်သာရှိသေးတဲ့သမီးအကြီးနဲ့အတူ အလုပ်လုပ်ပါတယ်။ အမှန်ကသူ့မှာ သားသမီး ခုနစ်ယောက်ရှိပေမယ့် သမီးအကြီးနှစ်ယောက်က အိမ်ထောင်ခွဲသွားလို့ အငယ်ငါးယောက်နဲ့ အတူ နေကြတာပါ။ သူ့နေ့စားလုပ်ခက တစ်ရက်ကို တစ်သောင်းသာရတဲ့အတွက် သားသမီးတွေကို တစ်ယောက်မှကျောင်း မထားနိုင်ခဲ့ပါဘူး။

နေရတာက ၁၀ ပေပတ်လည်သာရှိတဲ့ သူများအိမ်အဖီလေးမှာ တစ်လ သုံးသောင်းနဲ့ဌားနေရပြီး ရေ၊ မီးကအစ ဝယ်သုံးရပါ တယ်။ သုံးရေတစ်စည်(သံတိုင်ကီတစ်ဝက်ပုံးအရွယ်)ကို ငွေကျပ် ၃၀၀ ပေးရပြီး ရေသန့်ဝယ်သောက်မယ်ဆိုရင် ၁၀ လီတာ တစ်ဗူးကို ငွေကျပ် ၇၀၀ ပေးရပါတယ်။

ဒေါ်စိုးမာလာရဲ့အခြေအနေအရ သုံးရေတောင် လုံလုံလောက်လောက်ဝယ်သုံးနိုင်တဲ့အခြေအနေမရှိပါ။ အိမ်နဲ့ တစ်မိုင် ကျော် ဝေးတဲ့အလုပ်ကိုတောင် ဆိုင်ကယ်ခမတတ်နိုင်လို့ လမ်းလျှောက်သွားရတဲ့အထိ ငွေကြေးအင်အားနည်းသူပါ။
“ အိမ်ရောက်ရင် ရေအရမ်းချိုးချင်တာ။ ရေမဝယ်နိုင်တော့ စိတ်ရှိသလောက်မချိုးနိုင်ဘူး။ ရေသန့်လည်းဝယ်မသုံးနိုင်တော့ သုံးရေဝယ်ပြီး ချိုးတာရော၊ သောက်တာရောအကုန်လုပ်ရတယ်။ တစ်ခါတစ်လေ ရေချိုးချင်လွန်းလို့ ထမင်းချက်မစားဘဲ ရေပဲ အဝချိုးလိုက်တော့မယ်လို့စိတ်ကူးမိတယ်။”လို့ ဒေါ်စိုးမာလာက သူ့ဆန္ဒကို ဖွင့်ဟပါတယ်။
လှိုင်သာယာမြို့ရဲ့တချို့ရပ်ကွက်တွေမှာ ဂျိုးဖြူပိုက်လိုင်းမရှိတဲ့အတွက် သုံးရေမရပါဘူး။ လှိုင်မြစ်ရေက အနီကျင်ကျင်၊ ပစ်ချွဲချွဲဖြစ်နေလို့ သုံးမရတဲ့အတွက် အခုလိုသုံးရေနဲ့ သောက်ရေကို ဝယ်သုံးကြရတာဖြစ်တယ်။

ဒီလိုရေမသန့်ရှင်းတာတွေကို သောက်တဲ့အတွက် လှိုင်သာယာမှာဆိုရင် ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ ဆေးခန်းကို ရောက် လာကြတာများပြီး အထူးသဖြင့်နွေရာသီမှာ ပိုအဖြစ်များတယ်လို့ ရပ်ကွက်အတွင်းနေ ဆရာဝန်တစ်ဦးက ပြောပါတယ်။

အခုလိုပြဿနာတွေအတွက် မြန်မာ့မီးဖိုချောင်က လှိုင်သာယာမြို့နယ်ထဲမှာ သုံးရေနဲ့ သောက်ရေအတွက် ရေသန့်စက်ရုံ နှစ်ရုံဆောက်လုပ်ပေးထားပြီး ၁၀ လီတာဗူးတစ်ဗူးကို ငွေကျပ် ၅၀ နဲ့ရောင်းချပေးပြီး နွမ်းပါးသူတွေကိုကူညီနေပါတယ်။

ငွေကျပ် ၅၀ ကောက်ယူရတာကလည်း ရေသန့်စက်ရုံလည်ပတ်ဖို့ လုပ်အားခ၊ မီတာခ၊ ရေဗူးဖိုးနဲ့ စရိတ်တွေအတွက် တောင်းယူရတာဖြစ်တယ်လို့ မစုစုလင်းလက်က ရှင်းပြပါတယ်။

သို့ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်စိုးမာလာကတော့ ရေတစ်ဗူး ၅၀ ကျပ်နဲ့ရတဲ့အတွက် ရေအဝချိုးနိုင်ပါပြီ။ ဒါ့အပြင် ပုံမှန်ရေဖိုး ငွေတစ်ထောင်ကုန်တာကနေ အခု ၂၀၀ လောက်သာကုန်တော့တဲ့အတွက် စားဖို့ငွေပိုထွက်လာလို့ ဒေါ်စိုးမာလာကတော့ ကျေနပ်ပျော်ရွင်နေပါတယ်။

ဒါ့အပြင် မြန်မာ့မီးဖိုချောင်ရဲ့ပထမဆုံးလုပ်ငန်းစဉ်ဖြစ်တဲ့ ချက်ပြုတ်ပြီးသားထမင်း၊ ဟင်းပေးလှူရာမှာလည်း ဝင်ငွေနည်း နေ့စားအလုပ်သမားတွေအတွက် ထမင်းတစ်နပ်စာဖိုးလောက်တော့ သက်သာသွားစေပါတယ်။

ပျံကျအလုပ်သမားတစ်ယောက်ဖြစ်တဲ့အသက် ၄၀ အရွယ်ဒေါ်ညွန့်ရီဆိုရင် အလုပ်အဆင်မပြေခဲ့တဲ့အတွက် မိသားစုစားဖို့ မရှိတဲ့အချိန်မှာ မြန်မာ့မီးဖိုချောင်က ပေးလှူတဲ့ထမင်းနဲ့ ဟင်းကြောင့် အဆင်ပြေသွားခဲ့ရတဲ့သူပါ။

သူရဲ့အမျိုးသားဆုံးပါးသွားပြီးနောက် တစ်ကိုယ်တော်မိခင်အနေနဲ့ သွေးကင်ဆာဖြစ်နေတဲ့သမီးနဲ့ အသက် ၁၂ နှစ်အရွယ် သားကို နေ့စားအလုပ်တွေလုပ်ပြီး ရှာဖွေကျွေးမွေးပါတယ်။

ယခင်အလုပ်အကိုင်ကောင်းစဉ်ကတော့ ဖယောင်းတိုင်စက်ရုံတစ်ခုမှာနေ့စားအလုပ်လုပ်တာ တစ်ရက်ကို ငွေကျပ် ၁၀,၀၀၀ ၁၅,၀၀၀ ခွဲအထိရတတ်ပေမယ့် အိမ်လခနဲ့ သမီးဆေးဖိုး၊ အိမ်စရိတ်တွေမှာမျှသုံးတာကြောင့် အကြွေးမရှိပေမယ့် စုဆောင်း မိတာလည်း မရှိပါ။

အာဏာသိမ်းပြီးနောက်မှာ စက်ရုံတချို့လည်း ရပ်နားသွားတာ၊ အပြီးတိုင်ပိတ်သိမ်းသွားတာတွေရှိလာတော့ နေ့စားအလုပ် တွေက တစ်နေ့တစ်ခြားရှားပါးလာကာ ဒေါ်ညွန့်ရီဟာလည်း ကြုံရာကျပန်းအလုပ်တွေမှာ ဝင်လုပ်ခဲ့တယ်။
အဲ့ဒီအလုပ်တွေမရှိရင် ကုန်တင်ကုန်ချရှိတဲ့ကမ်းနားတွေမှာ ကုန်သွားထမ်းတာက တစ်ခါတစ်လေ တစ်နေ့ကို နှစ်သောင်းခန့် ရတတ်ပေမယ့် အလုပ်မရှိတဲ့ရက်က များပါတယ်။ ဒီလိုရှာကြံလုပ်နေပေမယ့် ဝမ်းရေးက တစ်နေ့ထက် တစ်နေ့ပိုခက်ခဲ လာပါတယ်။

“ ကိုယ်ကကြိုးစားပြီးအလုပ်ရှာပေမယ့် အလုပ်ကမရတော့ စိတ်ဓါတ်ကျလာတယ်။ အလုပ်ကမရတော့ ငွေကမရှိဘူး။ မနက်ကျ ငါဘယ်လိုကြံဖန်စားသောက်ရမလဲလို့ တစ်ညလုံးစဉ်းစားရင်းအိပ်မပျော်ခဲ့ဘူး။ ကံကောင်းလို့ မြန်မာ့မီးဖိုချောင် ကထမင်းနဲ့ ဟင်းလာပေးလို့အဆင်ပြေခဲ့ရတယ်။”လို့ ဒေါ်ညွန့်ရီက ဆိုပါတယ်။

အခုလိုကာလမှာ အလုပ်အကိုင်ရှားပါးမှုပြဿနာကို သူတစ်ယောက်ထဲခံစားနေရတာမဟုတ်ပါ။ နွမ်းပါးတဲ့နေ့စားအလုပ် သမားတိုင်းတွေ့ကြုံနေရတဲ့ပြဿနာဖြစ်ပါတယ်။

ဒါ့ကြောင့် မြန်မာ့မီးဖိုချောင်ဟာ ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ပံ့ပိုးမှုနဲ့ သင်တန်းတွေပေးပြီး ရန်ကုန်မြို့အတွင်းရှိ စားဝတ်နေရေးအခက်အခဲနေတဲ့သူတွေအတွက် တစ်ရက်ကို ထမင်းဟင်းအနပ်ပေါင်း ၃,၀၀၀ အထိ ပေးလှူခဲ့ဖူးပေမယ့် လက်ရှိမှာတော့ နေ့စဉ်ပုံမှန် ထမင်းထုပ်ရေ ၃၀၀ ကို မပြတ်လှူပေးနေတာဖြစ်တယ်။

အလှူရှင်တွေရဲ့ဆန္ဒအရ မြန်မာ့မီးဖိုချောင်က တခြားမြို့နယ်မှာလှူတာရှိပေမယ့် လှိုင်သာယာမြို့နယ်ကိုတော့ အများဆုံး လှူဒါန်းမှုပြုနေတာဖြစ်တယ်။ ဒါကလည်း သူတို့ရုံးစိုက်တဲ့နေရာဖြစ်သလို နေ့စားအလုပ်သမားတွေများတာကြောင့်လို့ မစုစုလင်းလက်က ရှင်းပြပါတယ်။

မြန်မာ့မီးဖိုချောင်ဟာ သက်မွေးဝမ်းကျောင်းပညာနဲ့ လက်လှမ်းမမီနိုင်တဲ့ကလေးတွေအတွက် အင်္ဂလိပ်စာ(Level သုံးမျိုး)၊ ကိုရီးယား၊ ဂျပန်၊ ဆံသပညာနဲ့ မော်တာစက်ချုပ်သင်တန်း(level 4 မျိုး)ကိုလည်း အခမဲ့သင်ပေးနေပါတယ်။ မြန်မာ့မီးဖို ချောင်မှာသင်တန်းပေးနေတဲ့ဆရာ၊ ဆရာမတွေသာမက ရုံးဝန်ထမ်းတွေအထိ အားလုံးက စေတနာ့ဝန် ထမ်းတွေဖြစ်ကြ ပါတယ်။

“ လှိုင်သာယာမှာ လူသိန်းချီပြီး အလုပ်လက်မဲ့တွေဖြစ်တယ်။ ဝင်ငွေမရှိဘဲကျပ်တည်းလာတဲ့အခါမှာ လူအများစုက မြန်မာ့ မီးဖိုချောင်လိုပုံစံတူအဖွဲ့တွေကနေ အလှူရှင်တွေကို မှီခိုပြီး ဒီလိုပြသနာတွေဖြေရှင်းကြရတယ်။”လို့ မစုစုလင်းလက်က ပြော ပါတယ်။

လှိုင်သာယာမှာ မြန်မာ့မီးဖိုချောင်လို အခမဲ့ကူညီနေတဲ့လူမူအဖွဲ့အစည်း ယခင်ကတော့ ၁၀ ဂဏန်းလောက်အထိရှိခဲ့ပေမယ့် တချို့က အလှူရှင်မရတာနဲ့ အဖွဲ့ဝင်နည်းပါးတဲ့ပြဿနာတွေကြောင့် လက်ရှိမှာအဖွဲ့ငယ်လေး နှစ်ဖွဲ့သာရှိတော့တယ်လို့ လူမူကူညီရေးအဖွဲ့ငယ်တစ်ခုက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် အထည်ချုပ်စက်ရုံ၊ အလုပ်ရုံအတော်များများဟာ ယာယီရပ်နားတာ၊ လုပ်သားဦးရေလျော့ချတာနဲ့ အပြီးတိုင်ပိတ်သိမ်းတာတွေရှိလာတဲ့အတွက် ထောင်နဲ့ချီအလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်နေကြရတယ်။
“ ဒီလိုအထည်ချုပ်စက်ရုံတွေပြိုလဲရင်တော့ တိုင်းပြည်စီးပွားရေးလည်းပြိုမှာပဲ။ ဒါရဲ့နောက်ဆက်တွဲကတော့ စက်ရုံလုပ်သား အမျိုးသမီးလေးတွေ လူကုန်ကူးခံရနိုင်ဖို့များတယ်။ လိင်လုပ်သားတွေများလာနိုင်တယ်ပေါ့။ သူတို့တွေအတွက်ကတော့ အတော်လေးစိုးရိမ်ရတဲ့အခြေအနေပါ။” လို့ အလုပ်သမားအရေးလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက သုံးသပ်ပါတယ်။

မြန်မာ့မီးဖိုချောင်မှ မစုစုလင်းလက်ကလည်း မိန်းကလေးငယ်တွေမှာ အသက်မွေးဝမ်းကျောင်းအလုပ်လေးရှိမနေရင် အလုပ် ရွေးချယ်ဖို့ မဖြစ်နိုင်တဲ့အတွက် လမ်းမှားရောက်သွားနိုင်ပြီး လမ်းမှားဆိုတာက တစ်ခါရောက်ပြီးသွားရင် ရုန်းထွက်ဖို့ အလွန် ခက်တယ်လို့လည်း သူက ဆိုပါတယ်။

“ မိန်းကလေးတွေက မိသားစုစားဝတ်နေရေးအဆင်မပြေလာတဲ့အခါ မိသားစုကိုကူဖို့အတွက် တစ်ခုခုလုပ်ရတော့မယ့် အချိန်မှာ အသက်မွေးဝမ်းကျောင်းလေးရှိနေတော့ မိန်းကလေးတွေအနေနဲ့ လုပ်တဲ့အလုပ်က ပိုပြီးတင့်တင့်တယ်တယ်ရှိ နေတာပေါ့။ ”လို့ သူကဆိုတယ်။

နိုင်ငံရေးအကျဉ်းသူဟောင်း အမျိုးသမီးတစ်ဦးကလည်း အမျိုးသမီးလေးတွေအတွက် အခုလိုကာလမျိုးမှာ အသက်မွေးဝမ်း ကျောင်းပညာတွေကို သင်ယူတတ်မြောက်ထားသင့်တယ်လို့ အကြံပြုပါတယ်။

“သင်တန်းတက်ထားတော့ ဝင်ငွေလည်းရတယ်။ စိတ်မလေဘူး။ အဲ့တော့ လူကုန်ကူးခံရတဲ့အခြေအနေလည်းနည်းသွား မယ်။ ဒါ့ကြောင့် ဒီလိုသင်တန်းတွေတက်စေချင်တယ်။”လို့ သူက တိုက်တွန်းပြောဆိုပါတယ်။

Author:

Related Articles