နန်းဆိုင်နွမ်။ ။
ကုန်ဆုံးနေတဲ့ MOU သက်တမ်းစာအုပ်ကိုင်ဆောင်ပြီး တိတ်တဆိတ်နဲ့ ပုန်းကွယ်နေထိုင်ရသလို ရရာအလုပ်ကို အပူတပြင်း ရှာဖွေနေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမတွေ ထိုင်းနိုင်ငံမှာ အများကြီးရှိနေပါတယ်။
အဲဒီလူတွေဟာ စစ်အာဏာမသိမ်းခင်ကတည်းက မြန်မာ-ထိုင်းနှစ်နိုင်ငံသဘာတူညီ MOU စာချုပ်နဲ့ ထိုင်းနိုင်ငံကို ဝင်လာပြီး အလုပ်လာလုပ်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပါတယ်။
MOU ဆိုတာ Memorandum of Understanding နှစ်ဦးနှစ်ဖက်နားလည်သဘောတူညီမှုဖြစ်ပြီး ထိုင်းနဲ့မြန်မာအစိုးရကြား ရွှေ့ပြောင်းအလုပ်သမားတွေ သွားရောက်အလုပ်လုပ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာကို နှစ်နိုင်ငံသဘောတူခဲ့ကြတဲ့အတိုင်း လုပ်ကြရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။
အလုပ်ရှင်က ထိုင်းအလုပ်သမားရုံးမှာ တရားဝင်လူခေါ်ဖို့စာရင်းတင်မယ်။ ပြီးရင် တရားဝင်အေဂျင်စီတွေကနေ မြန်မာသံရုံးက တစ်ဆင့် မြန်မာအလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရတော့မှ အလုပ်ရှင်က လူခေါ်ခွင့်ရှိတဲ့စနစ် ဖြစ်ပါတယ်။
MOU စာချုပ်ဟာ သက်တမ်းကုန်ဆုံးတာနဲ့ မြန်မာပြည်ကို ပြန်ရမှာဖြစ်ပြီး စာအုပ်အသစ် MOU အသစ်နဲ့သာ ထိုင်းကို ပြန်ဝင် လာလို့ရတာပါ။ ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေတွေကြောင့် သက်တမ်းကုန်နေတဲ့ MOU သမားတွေဟာ မြန်မာ ပြည်ကို ပြန်ရမှာကို တွေးကြောက်သလို တချို့တွေက ပြန်စရာနေအိမ်မရှိကြတော့ဘဲ အခက်ကြုံနေကြရပါတယ်။
အဲဒီထဲမှာ မဝင်းမာတစ်ယောက်ကလည်း အပါအဝင်ဖြစ်ပါတယ်။ သူဟာ ထိုင်းနိုင်ငံကို စစ်အာဏာမသိမ်းခင်က MOU စာချုပ်နဲ့ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်တဲ့သူတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်လက MOU စာချုပ်ပြည့်သွားတဲ့အတွက် အခက် အခဲများစွာ ကြုံတွေ့နေတဲ့သူဖြစ်ပါတယ်။
သူဟာ စစ်ကိုင်းတိုင်းဇာတိဖြစ်ပြီး လက်ရှိမှာပြန်စရာအိမ်မရှိတော့တဲ့အတွက် ကုန်ဆုံးတဲ့ MOU အသစ်ပြုလုပ်နိုင်ဖို့ ကြိုးစား နေရပါတယ်။
“ MOU သက်တမ်းကုန်တာက ရှေ့ နှစ်လကပါ။ အသစ်ပြန်လုပ်ဖို့ပွဲစားကိုပြောထားတယ်။ မြန်မာပြည်ပြန်ရင်လည်း ပတ်ပိုစ့်က လုပ်ရခက်တယ်လေ။ ပြန်ရင် လမ်းမှာဘာဖြစ်မှာလဲကမသိဘူး။ ပြန်ဖို့အိမ်ကလည်းမရှိတော့ဘူး။ အိမ်ကလူတွေကလည်း စစ်ရှောင်နေရတာဆိုတော့ ဘယ်ကိုပြန်ရမှာလဲ။” လို့ မဝင်းမာက ဝမ်းနည်းတဲ့လေသံနဲ့ ပြောလာပါတယ်။
မဝင်းမာဟာ အထည်ချုပ်စက်ရုံမှာ MOU နဲ့ လေးနှစ်စာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ MOUလည်းကုန်ဆုံးနေသလို ပတ်ပိုစ့် သက်တမ်းကလည်း ရက်အနည်းငယ်သာကျန်တော့ပါတယ်။ MOU သက်တမ်းကုန်ဆုံးပါက မြန်မာပြည်သို့ ပြန်ရမယ် ဆိုတဲ့ ကန့်သတ်ချက်ဟာ သူ့အတွက်ကြီးလေးတဲ့ ပြဿနာဖြစ်နေပါတယ်။
လက်ရှိမှာတော့ သူဟာ အလုပ်လက်မဲ့ဖြစ်ကာ စားသောက်နေထိုင်ဖို့ အခက်အခဲဖြစ်နေကြောင်းနဲ့ စုဆောင်းထားတဲ့ ငွေကြေး တွေလည်း ကုန်လုဆဲဆဲဖြစ်နေတဲ့အတွက် အလုပ်ကို ရရာလုပ်ရန် ဆုံးဖြတ်ထားကြောင်း သူက ပြောပါတယ်။
“ ဘယ်တတ်နိုင်မှာလဲ။ အိမ်ကိုပြန်ရင် အလုပ်ကလည်းမရှိဘူး။ ကိုယ်က ဒီမှာနေပြီးငွေရှာမှရမယ်လေ။ မိဘတွေက စစ်ရှောင် နေရတော့ ကိုယ်မှမပေးရင် ဘယ်လိုစားကြမှာလဲ။” လို့ မဝင်းမာက လက်ရှိ အခြေအနေကို ရှင်းပြပါတယ်။
မဝင်းမာနည်းတူ မကြာခင်မှာ MOU သက်တမ်းကုန်ရန်ရှိတဲ့ မဇာခြည်တစ်ယောက်လည်း ရှေ့ရေးအတွက် စဥ်းစားရင်း တွေးပူ နေပါတယ်။
မဇာခြည်လည်း စစ်ကိုင်းတိုင်းဒေသကြီးမှာ နေထိုင်တဲ့သူဖြစ်ပြီး MOU သက်တမ်းကုန်ပါက နေရပ်မပြန်ဘဲ ထိုင်းနိုင်ငံမှာပဲ ရတဲ့နည်းနဲ့ ကပ်နေကာ အလုပ်ရှာမယ်လို့ ဆိုပါတယ်။
“ ကျမတို့ လင်မယားနှစ်ယောက်အထည်စက်ရုံမှာပါ။ စိုးရိမ်တာကတော့ နေရပ်ပြန်ဆိုရင် လောဆယ်ပြန်သွားရင် စာအုပ်က တိုးလို့ရ မရပဲ။ ချောချောမွေ့မွေ့အိမ်ကိုပြန်ရောက်မှာလား။ နောက်ဒီကို ပြန်လာနိုင်မှာလားဆိုပြီးစိုးရိမ်နေရတယ်။ တော်ကြာ ဟိုမှာ စာအုပ်သက်တမ်းတိုးလို့မရ။ နောက် MOUကလည်း တိုးမရဆိုရင် စိုးရိမ်တယ်။” လို့ မဇာခြည်က ရင်ဖွင့်ပါတယ်။
လက်ရှိမှာတော့ မဇာခြည်တို့မိသားစု နေအိမ်ဟာ စစ်ကောင်စီရဲ့မီးရှို့ခြင်းခံရပြီး မြန်မာပြည်မှာ ကျန်ရှိနေတဲ့ မိဘတွေဟာ လည်း အိမ်ခြေရာမဲ့နဲ့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒါ့ကြောင့် မိသားစုတွေဟာ မဇာခြည်ရဲ့ လစာကိုသာ မျှော်ကိုးနေကြ သူတွေဖြစ်တဲ့အတွက် သူဟာလည်း ထိုင်းနိုင်ငံမှာပဲနေပြီး ငွေထပ်ရှာချင်နေပါတယ်။
“ တကယ်လို့ပြန်သွားရင် ပြန်လာလို့မရရင်တော့ ခက်တာပေါ့။ ရွာမှာလည်း သီးနှံစိုက်လို့မရ။ စစ်တပ်ကို ပြေးနေရတော့ ဘာမှ လုပ်စားလို့မရဘူးလေ။ ကျမတို့လစာနဲ့အသက်ရှင်နေရတာ။” လို့ မဇာနည်တစ်ယောက် ဝမ်းနည်းတဲ့အသံနဲ့ပြောပါတယ်။
မဇာခြည်နဲ့ မဝင်းမာတို့ နေထိုင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးဟာ လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး တပ် (PDF)တို့ စစ်ရေးပြင်းထန်တဲ့ ဒေသတစ်ခုဖြစ်နေပြီး စစ်ကိုင်းတိုင်းမှာ အိမ်ခြေ ငါးသောင်းနီးပါး(၄၇,၇၇၈) မီးရှို့ဖျက်ဆီး ခဲ့ကြောင်း Data for Myanmar က ပြီးခဲ့တဲ့ မတ်၂၀ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးထဲက ကျေးရွာအများစုဟာ ရွာလုံးကျွတ်မီးရှို့ခံရတဲ့အတွက် မဇာခြည်တို့ ကျေးရွာလည်း မီးရှို့ခံရတဲ့ အထဲ ပါဝင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ၅ မျဥ်းစောင်း (၅/စကတ) မှတ်ပုံတင် ကိုင်ဆောင်သူတွေကို ခရီးသွားပါက စစ်ဆေးမှု တွေ တင်းကျပ်နေသလို အဲဒီလူတွေကိုလည်း နိုင်ငံကူးလက်မှတ် (ပတ်ပိုစ့်) မပြုလုပ်ပေးကြောင်း ပတ်ပိုစ့် ပြုလုပ် တဲ့ပွဲစား တွေက ပြောပြပါတယ်။
ဒါ့ကြောင့် MOU သက်တမ်းကုန်ပြီး မြန်မာပြည်ပြန်ပါက ၅ မျဥ်းစောင်းသမားတွေအတွက် အလွန်အကြပ်ရိုက်နေတဲ့အရာတစ်ခု ဖြစ်နေပါတယ်။
MOU သမားတွေ နောက်ထပ်ရင်ဆိုင်နေရတဲ့ ပြသနာတစ်ခုလည်းရှိနေပါသေးတယ်။ နှစ်နိုင်ငံ သဘောတူညီမှု စာချုပ်နဲ့ စက်ရုံ အလုပ်ရုံတွေမှာ တရားဝင်လုပ်ကိုင်နေပေမယ့် သက်တမ်းမပြည့်ခင် အလုပ်ရှင်တွေက အလုပ်ထုတ်တဲ့ ပြသနာပါ။
လက်ရှိ မြန်မာနိုင်ငံရေးရှုပ်ထွေးမှုကြား MOU အောက်ကနေပြီး ထိုင်းနိုင်ငံကို လာရောက်အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား တစ်ထောင်ကျော်ကို ထိုင်းစက်ရုံဘက်ကနေပြီး အလုပ်ရပ်ဆိုင်းခံရတာတွေလည်းရှိကြောင်း ထိုင်းရောက်မြန်မာရွှေ့ပြောင်း အရေး ကူညီနေတဲ့ AAC က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့နှစ် ဒီဇင်ဘာလလယ်လောက်ကလည်း MOU နဲ့ ထိုင်းနိုင်ငံ ချွန်းပူရီခရိုင်ရှိ မီးကြိုးစက်ရုံမှာ အလုပ်လုပ်တဲ့အမျိုးသမီး ၂၆ ယောက် အလုပ်ရပ်နားခံရတာတွေရှိကြောင်းနဲ့ အဲ့ဒီအမျိုးသမီးတွေဟာ MOU သက်တမ်းမကုန်ခင် ရပ်နားခံရတဲ့အတွက် အခက်အခဲတွေ ကြုံတွေ့ခဲ့ရတာတွေရှိကြောင်း ရွှေ့ပြောင်းအလုပ်သမအရေးကို ကူညီနေတဲ့ နန်းသန္တာထွန်းက ပြောပါတယ်။
“ သူတို့ ဗီဇာက တစ်လပိုင်းတစ်ရက်နေ့မှကုန်မှာ။ အလုပ်ရှင်က နေပြီးတော့ ၁၂လပိုင်း ၁၅ရက်ကစပြီး အလုပ်ပေး မလုပ် တော့ဘူး။ ပြန်ခိုင်းတယ်။ အခက်အခဲကတော့ ဒီလိုပဲပုန်းခိုနေကြတယ်။” လို့နန်းသန္တာထွန်းက လက်ရှိ MOU ရွှေ့ပြောင်းအလုပ် သမတွေရဲ့အကြောင်းကို ပြောပြလာပါတယ်။
အဲ့ဒီအမျိုးသမီး ၂၆ယောက်ဟာ စစ်ကိုင်းတိုင်းဒေသကြီးမှာနေထိုင်တဲ့သူတွေဖြစ်ပြီး သူတို့နေအိမ်တွေ ရွာလုံးကျွတ် မီးရှို့ခံထား ရတဲ့အထဲပါခဲ့သူတွေဖြစ်သလို ရွာမှာကျန်တဲ့မိသားစုတွေကလည်း စစ်ဘေးရှောင်နေရကြောင်း သူက ဆိုပါတယ်။
လက်ရှိ ချွန်ပူရီခရိုင်ထဲမှာ MOUနဲ့လာတဲ့ သူအများစုဟာ ပဲခူးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ မွန်ပြည်နယ်ဘက်က သူတွေ အများစုဖြစ်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ဆိုတယ်။
“ MOU ကလေးတွေဖြစ်တော့ ကျမတို့ ထိုင်းအစိုးရကို စာတင်ဖူးတယ်။ MOU လုပ်သားတွေကို ထိုင်းမှာပဲ ပါမစ်ထုတ် သက် တမ်းတိုးပေးဖို့ပေ့ါ။ ထိုင်းအစိုးရဘက်က သူတို့ကပြောတာ မြန်မာဘက်ခြမ်းက သူတို့ပဲပြန်ခိုင်းနေတာပေါ့။ အဲ့အတွက် ပါမစ် ကိုသက်တမ်းမတိုးပေးတာပါ။”လို့ နန်းသန္တာထွန်းက လက်ရှိ အခြေအနေကို ရှင်းပြလာပါတယ်။
လက်ရှိ MOU သက်တမ်းကုန်ဆုံးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို နေရပ်မပြန်ဘဲ ထိုင်းအစိုးရအနေဖြင့် လုပ်ဆောင် ပေးချင် သော်လည်း သက်ဆိုင်ရာ မြန်မာအစိုးရဘက်မှ လက်မခံကြောင်း နန်းသန္တာထွန်းက ပြောပါတယ်။
“ အဓိကတော့ မြန်မာအစိုးရပေါ့။ မြန်မာအစိုးရက စာအုပ်အသစ်နဲ့ MOU ကို ဒီမှာတိုးပေးမယ်ဆိုရင်တော့ အဆင်ပြေတယ်။ အခု မြန်မာဘက်က နေရပ်ပြန်ဖို့ပဲဖိအားပေးနေတာ။” လို့ သူက ဆိုပြန်ပါတယ်။
ထိုင်းမှာ မြန်မာ MOUလုပ်သား စုစုပေါင်း ငါးသောင်းကျာ်ရှိတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန စာရင်းတွေမှာ ဖော်ပြထား ပါတယ်။
ဒါ့ကြောင့် နေရပ်မပြန်ချင်တဲ့ MOU ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာနေထိုင်ခွင့်ရတဲ့ ပန်းရောင်ကဒ် (ဘတ်) လုပ်ရန် မျှော်လင့်နေကြပါတယ်။ ဒါ့ကြောင့် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ဘတ်အသစ်ရိုက်ပေးရန်လည်း အလုပ် သမား အရေးဆောင်ရွက်နေတဲ့သူတွေက တောင်းဆိုထားပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၊ မြန်မာအလုပ်သမားရေးရာကလည်း စစ်ကိုင်းတိုင်း မှတ်ပုံတင်၊ ကရင်နီ (ကယား) ပြည်နယ် မှတ်ပုံတင်နဲ့ ကရင်ပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်တဲ့သူတွေကို CI စာအုပ်မပြုလုပ်ပေးတော့ကြောင်း ချင်းမိုင်မြို့မှာ CI လက်မှတ်ပြုလုပ်ပေးနေတဲ့ ပွဲစားတွေက ပြောလာပါတယ်။
CI ဆိုတာက ပါ့ပို့စ်မရှိတဲ့သူတွေအတွက် တရားဝင်လေယာဉ်နဲ့ပြန်ခွင့်ရနိုင်တဲ့ နိုင်ငံကူးလက်မှတ်ပဲဖြစ်ပါတယ်။ သက်တမ်း လေးနှစ်ရှိပြီး မြန်မာနိုင်ငံတစ်ခုတည်းသာ သွားလာလို့ရတာပါ။ CI ပြုလုပ်ဖို့အတွက်လည်း ထိုင်းမှာနေထိုင်ခွင့် ပန်းရောင်ကဒ်နဲ့ အလုပ်လုပ်ခွင့် Work Permit လိုအပ်ပါတယ်။
“ အခုက တိုက်ပွဲပြင်းထန်တဲ့နေရာက ပြည်သူတွေဆိုရင် အရမ်းစစ်တယ်။ နိုင်ငံကူးလက်မှတ်ရော ၊ CI ရော လုပ်ဖို့ အရမ်း ခက်တယ်။ သူများက ရဖို့လွယ်ပေမယ့်သူတို့တွေက မရကြဘူး။ နောက်ပြီး နိုင်ငံရေးနဲ့ချိတ်ဆက်မှု ရှိ၊မရှိ ဖုန်းတွေကစ မထင် ရင် မထင်သလို စစ်ဆေးတယ်။” လို့ ရွှေ့ပြောင်းအလုပ်သမား လက်မှတ်သက်တမ်းတိုးပေးနေတဲ့ စိုင်းစိုင်းက ပြောပါတယ်။
အဲ့ဒီသတင်းတွေကြောင့် MOU သက်တမ်းကုန် ပတ်ပိုစ့်စာအုပ်အသစ်ရိုက်ဖို့ စီစဥ်နေတဲ့ မဝင်းမာ တို့ဟာ ထိုင်းနိုင်ငံမှာ ဘယ်လို ရှေ့ဆက်ပြီး အသက်ရှင်ရုန်းကန်ရမယ်ဆိုတာကို အသက်ရှူတိုင်းမှာ စဥ်းစားနေရတယ်လို့ ယခုလိုဆိုတယ်။
“ ဘယ်လိုပဲဖြစ်နေဖြစ်နေ မြန်မာပြည်မပြန်ဖို့တော့ ပိုက်ဆံကုန်ခံပြီး ထိုင်းမှာ ဆက်နေဖို့တော့ ကြိုးစားရမှာပဲ။ ဒီမှာဆက်နေဖို့ က ကျမတို့ရဲ့မျှော်လင့်ချက်ပါပဲ”