ရှင်ငြိမ်း။ ။
ရှေးဟောင်းနှစ်ထပ်အိမ်တစ်လုံးရဲ့ အပေါ်ထပ်ဧည့်ခန်းကျယ်ကြီးထဲမှာ မိသားစုဓါတ်ပုံတွေအပြင် အပ်ချုပ်စက်တွေ၊ ရောင်စုံ ပိတ်စအုပ်တွေ၊ အဝတ်နဲ့လုပ်ထားတဲ့ အရုပ်လေးတွေ၊ ချည်လွယ်အိတ်၊ ဦးထုတ် စတဲ့လက်မှုပစ္စည်းမျိုးစုံ ခင်းကျင်းပြသထားတယ်။
ထိုင်စရာစားပွဲနဲ့ ခုံပေါ်မှာလည်း လုပ်လက်စ အရုပ်လေးတွေ ရောင်စုံအပ်ချည်တွေ၊ ပိတ်စတွေက ဟိုတစ်ပုံ၊ ဒီတစ်စနဲ့။
နေအလင်းရောင်ရတဲ့ ဝရန်တာမှာတော့ အသက် ၇၀ အရွယ်အမျိုးသမီးဟာ အဖြူရောင်အဝတ်အရုပ်ကို ပုံဖော်နေပါတယ်။ အရုပ်ရဲ့မျက်လုံး၊ မျက်ခုံး၊ ပါးစပ်စတာတွေကို အပ်ချည်နဲ့အပ်ကိုသုံးပြီး စိတ်ရှည်လက်ရှည် ပုံဖော်ချုပ်လုပ်နေတာပါ။
“ ဒီပညာနဲ့အမျိုးသမီးတွေဟာ လောကအလယ်မှာ ကိုယ်ပိုင်ဝင်ငွေနဲ့ တင့်တင့်တယ်တယ်ရပ်တည်နိုင်တယ်။ ဒါက အမျိုး သမီးတွေရဲ့တန်ဖိုး၊ ဂုဏ်သိက္ခာလည်းဖြစ်တယ်။ ဒါ့ကြောင့် ဒီလက်မှုပညာကို လက်ဆင့်ကမ်းအမွေအဖြစ် အခမဲ့ သင်ပေးချင် ပါတယ်။”လို့ ဆိုလာသူကတော့ ဒီပစ္စည်းလေးတွေရဲ့ ဖန်တီးရှင်အန်တီနှောင်းပါ။
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ဒေသခံတွေက ချစ်ခင်လေးစားတဲ့အနေနဲ့ အန်တီနှောင်းလို့ ခေါ်ကြတဲ့ ဒေါ်မြမြဝင်းဟာ အရင်က တော့ အသင်အပြကောင်းတဲ့ ကျောင်းဆရာမအဖြစ်လည်း အသက်မွေးဝမ်းကျောင်းခဲ့သူပါ။ စာသင်ကောင်းတဲ့ ဆရာအဖြစ် အများရဲ့ချစ်ခင်လေးစားခံရသလို လက်မှုပညာမှာလည်း အောင်မြင်ကျော်ကြားသူဖြစ်တာကြောင့် ညောင်ရွှေမှာဆိုရင် အန်တီ နှောင်းကိုမသိသူ မရှိပါဘူးလို့ စာသင်တပည့်ဖြစ်ခဲ့ဖူးတဲ့ မနန်းသူသူက ပြောပါတယ်။
အန်တီနှောင်းဟာ ညောင်ရွှေဇာတိဖြစ်ပြီး မောင်နှမ လေးယောက်ရှိတဲ့အနက် တစ်ဦးထဲသော သမီးဖြစ်တယ်။ သူဟာ မိခင်နဲ့ ကြီးတော်ဆီကနေ လက်မှုပညာကို အမြင်နဲ့တတ်မြောက်ခဲ့တယ်။ ဒီအမြင်နဲ့ စမ်းသပ်ချုပ်လုပ်ရင်း မူလတန်းအရွယ်မှာ သိုးမွှေး ချည်နဲ့ အရုပ်လေးတွေလုပ်ကာ ငါးပြား၊ ၁၀ ပြားနဲ့ ရောင်းရာကနေ လက်မှုပညာကို စတင်ခဲ့တာဖြစ်တယ်။
သို့ပေမယ့် သူ ၁၀ တန်းစာမေးပွဲကို (ခ)စာရင်းနဲ့ အောင်မြင်တဲ့အချိန်မှာ မိဘတွေက တစ်ဦးတည်းသောသမီးကို ဘွဲ့ရဝန်ထမ်း ဖြစ်စေချင်တဲ့အတွက် ဆယ်တန်းကိုနောပ်ထပ် ဖြေခိုင်းခဲ့ပါတယ်။
စာမေးပွဲဖြေခါနီးမှာပဲ အိမ်ကကြမ်းပြင်ကျွံကျရင်း ခြေထောက်ကျိုးသွားလို့ ညောင်ရွှေဆေးရုံမှာပဲ စာမေးပွဲဖြေခဲ့ရပါတယ်။ ဆေးရုံတက်ရင်း စာမေးပွဲဖြေခဲ့ပေမယ့် ဂုဏ်ထူးနှစ်ဘာသာနဲ့အောင်မြင်ခဲ့ပါတယ်။ နောက်တော့ဆွဲခန့်ဆရာမအဖြစ် ညောင်ရွှေ အထက်တန်းကျောင်းမှာ အလယ်တန်းပြအလုပ်ရခဲ့ပါတယ်။
အန်တီနှောင်းဟာ ခြေတစ်ဖက်မကောင်းနေတဲ့ကြားမှာပဲ သင်္ချာဆရာမအဖြစ် အလယ်တန်းပြဝင်လုပ်ခဲ့ပြီး သူစသင်တဲ့နှစ်မှာ သူ့ရဲ့ကျောင်းသားတွေထဲက ၁၀ တန်းနှစ်ခြင်းပေါက် ခြောက်ယောက်အောင်ပြီး သင်္ချာဂုဏ်ထူးပါသူနှစ်ဦး ထွက်ပေါ်ခဲ့တယ်။
ဒီအချိန်ကစလို့ ကျောင်းသားတွေနဲ့ မိဘတွေက အန်တီနှောင်းကို ကျူရှင်ဖွင့်ပေးဖို့ တောင်းဆိုလာတဲ့အတွက် ညောင်ရွှေမှာ ပထမဆုံးအထက်တန်းကျူရှင် စဖွင့်ခဲ့သူအဖြစ် လူသိများခဲ့တယ်။ ကျောင်းဆရာမက လစာ ၃၅၀ ရနေချိန်မှာ အပြင် ကျူရှင် သင်တာက ၁,၅၀၀ ကျပ်အထိရပါတယ်။
သို့ပေမဲ့ ခြေထောက်ဒဏ်ရာကြောင့် လမ်းများများမလျှောက်နိုင်တဲ့ အန်တီနှောင်းဟာ ကျောင်းဆရာမအလုပ်ကထွက်ပြီး အပြင်မှာပဲ ကျူရှင်ပြပါတော့တယ်။ ကျူရှင်ပြပြီးတာနဲ့ အန်တီနှောင်းဟာ အိမ်မှာရှိတဲ့ ဆင်းဂါးစက်ချုပ်အဟောင်းလေးနဲ့ အဝတ်ချုပ်တာ၊ ပန်းထိုးတာတွေဆက်လုပ်ဖြစ်နေပါတယ်။
ကျူရှင်ပြတာ ၁၅ နှစ်ကျော်လောက်ရှိလာတဲ့အချိန်မှာတော့ အိမ်ထောင်ကျကာ သားတစ်ဦးမွေးပြီး တစ်နှစ်သားအရွယ် ရောက် တဲ့နှစ်မှာ အန်တီနှောင်းရဲ့အကိုကြီးနှစ်ယောက်ဟာ တစ်လထဲမှာ ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားခဲ့တယ်။ ဒီစိတ်နဲ့ပဲ အန်တီ နှောင်းရဲ့ ကြီးတော်ပါ ထပ်မံဆုံးပါးခဲ့ပြန်တယ်။
နောက်တစ်လအကြာမှာတော့ ဖခင်ဖြစ်သူဆုံးပါးသွားတာကြောင့် အန်တီနှောင်းဟာ စိတ်ထိခိုက်လွန်းပြီး နှလုံးရောဂါနဲ့ အိပ်ယာထဲလဲသွားခဲ့တယ်။ ဆရာဝန်တွေကကြိုးစားကုပေမယ့် ပြန်ကောင်းမလာတဲ့အတွက် လက်လျော့ရတဲ့အဆင့်ပါ။
ယောဂီဝတ်မယ်ဆိုတော့လည်း အသက်ရှူထုတ်လုပ်တာကို နှလုံးကမခံနိုင်လို့ လုပ်ခွင့်မရတော့ ခင်ပွန်းသည်က လုပ်ချင်တာ ရှိရင်ပြောပါလို့ ခွင့်ပြုလာချိန်မှာ ဒီလက်မှုပညာကို စလုပ်ရင်းအသက်ပြန်ရှင်လာခဲ့တာဖြစ်တယ်။
ဆေးကုသမှု အမျိုးမျိုးလုပ်ပေမယ့် ပြန်ကောင်းမလာတဲ့အတွက် ကိုယ့်ကိုသေလူတစ်ယောက်လို သတ်မှတ်ပြီး စိတ်ဓါတ်ကျ နေတဲ့အချိန်မှာ အမျိုးသားဖြစ်သူက စိတ်ဝင်စားတာတွေ လုပ်ဖို့တိုက်တွန်းလာတော့ ငယ်စဉ်ကဝါသနာပါခဲ့တဲ့ လက်မှုပညာကို ပြန်လုပ်ရင်း အသက်ပြန်ရှင်ခဲ့ရသူဖြစ်တယ်။
သို့ပေမဲ့ စိတ်ဓါတ်ကျတာနဲ့အတူ အိပ်မပျော်တဲ့ရောဂါကြောင့် စွဲကပ်လာတဲ့အိပ်ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ စိတ် ကစင့်ကလျားဖြစ်မှုကိုလည်း ဒီအလုပ်နဲ့ကုစားကျော်လွှားနိုင်ခဲ့တာဖြစ်တယ်။
နောက် သူကိုယ်တိုင်ချုပ်လုပ် ဒီဇိုင်းဆွဲခဲ့တဲ့အင်းလေးဦးထုပ်နဲ့ လွယ်အိတ်ကလည်း လူသိများထင်ရှားခဲ့သလို သူထွင်ထားတဲ့ တိုင်းရင်းသားဝတ်စုံလေးတွေနဲ့ ချုပ်လုပ်တဲ့အရုပ်လေးတွေကလည်း ပြည်တွင်းသာမက ပြည်ပအထိထိုးဖောက်နိုင်ခဲ့ တယ်။
ပထမဆုံးလုပ်တာကတော့ အင်းလေးဦးထုတ်ပါ။ နိုင်ငံခြားခရီးသွားအများဆုံး ဝင်လာလေ့ရှိတဲ့ အင်းလေးဒေသကို ရောက်လာ တဲ့ နိုင်ငံခြားသားတွေ အပူဒဏ်ခံနိုင်ဖို့ ဦးထုပ်လေးတွေ ယူလာကြတာကို အန်တီနှောင်း အမြဲမြင်တွေ့နေရပါတယ်။ ဒီလို ဦးထုပ်လေးတွေ ချုပ်ရောင်းရင် ဒေသခံတွေအလုပ်လည်းရ၊ ဝင်ငွေလည်း တိုးမှာပဲဆိုတဲ့ အတွေးဝင်လာခဲ့တယ်။ တချိန်ထဲမှာ တီဗီကြော်ငြာတွေမှာလည်း ဒီဇိုင်းအချို့ကို အတုယူပြီး အင်းလေး ဦးထုပ်ကို စတင်ဖန်တီးဖြစ်တာပါ။
“ ပထမတော့ မန္တလေးကဦးထုပ်ချုပ်တဲ့လူဆီသွားအပ်တော့ အန်တီလိုချင်တဲ့ပုံစံမျိုး မရနိုင်ဘူးတဲ့။ အဲ့တော့အမျိုးသား ကလည်း မလုပ်ပါနဲ့တော့လို့ ပြောပေမယ့် အန်တီကတော့ သိပ်လက်မခံချင်ဘူး။”လို့ အန်တီနှောင်းက ပြောပါတယ်။
သူလုပ်နိုင်တယ်လို့ ယုံကြည်ချက်ရှိတဲ့အတွက် ယောက္ခမပေးတဲ့ ပိတ်စတွေကို ညှပ်ရင်း၊ချုပ်ရင်း၊ပျက်ရင်းနဲ့ တစ်နှစ်လောက် ကြာသွားတဲ့ အချိန်မှာတော့ သူလိုချင်တဲ့ဦးထုပ်ပုံစံမျိုး ရသွားပါတယ်။
“ဦးထုပ်က အပူဒဏ်လည်းခံရမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တာပြီး အလွယ်တကူသယ်သွား၊ ခေါက်သိမ်းလို့ရတဲ့ ဦးထုပ်မျိုး လိုချင်တာ။”လို့ အန်တီနှောင်းက ရှင်းပြပါတယ်။
ဦးထုပ်ကတော့ဖြစ်သွားပေမယ့် ရောင်းဖို့အတွက် တောင်ကြီးက အသိတစ်ယောက်ဆိုင်ကို သွားပြပေမယ့် စိတ်မဝင်စားပါ။ ဒီတော့အမျိုးသားက သူ့ညီမတွေရောင်းတဲ့ ပိုးထည်ဆိုင်မှာ သွားတင်ရောင်းရာမှာ ချက်ချင်းရောင်းလိုက်ရပါတယ်။
အမျိုးသားဆောင်း ၁၀ လုံး၊ အမျိုးသမီးဆောင်း ၁၀ လုံးကို တစ်လုံးကို ငွေကျပ် ၃၀၀ နဲ့ ၁၉၉၉ ခုနှစ်လောက်က စရောင်းခဲ့ တာဖြစ်တယ်။
“အဲ့ဒါကအရမ်းရောင်းကောင်းပြီး နာမည်ရလာတော့ ပုံစံတူလိုက်ချုပ်ကြတာ။ အော်ဒါတွေဘာတွေရပြီး အလုပ်ဖြစ်သွားကြလို့ အန်တီဝမ်းသာတယ်။ ကိုယ်ရည်ရွယ်တာကလည်း အမျိုးသမီးလေးတွေ စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာဖို့ပါ။”လို့ အန်တီနှောင်း ကပြောရင်း ခေါင်းတငြိမ့်ငြိမ့်နဲ့ ဝမ်းသာပီတိဖြစ်ပုံရပါတယ်။
အန်တီနှောင်းဟာ သူ့ဒီဇိုင်းအတွက် ကုန်ကြမ်းတွေကို အင်းလေးဒေသထွက် ပိတ်စတွေ၊ ချည်တွေ၊ သိုးမွှေးတွေကို သုံးလေ့ ရှိပါတယ်။ ပခုက္ကူကလာတဲ့ ပိတ်စကတော့ ဒီဇိုင်းထွက်ကောင်းပေမယ့် ဈေးနှုန်းကြီးမြင့်လို့မသုံးတာပါ။
ဒီလိုနဲ့ သူ့ထုတ်ကုန်တွေက လူကြိုက်များလာတော့ ၂၀၀၀ ခုနှစ်မှာ“ရွှေပိုက်ကွန်” (Golden Net) ဆိုတဲ့အမည်နဲ့ ဆိုင်လေး ဖြစ်လာတယ်။ ဆိုင်စဖွင့်တဲ့နေ့မှာ သူကိုယ်တိုင်ချုပ်ထားတဲ့အရုပ်ကလေးတွေက ညောင်ရွှေကိုလာတဲ့နိုင်ငံခြားသားတွေရဲ့ အားပေးမှုကိုရရှိခဲ့တယ်။
တကယ်တော့ ဦးထုပ်တစ်လုံးရဲ့ကုန်ကျစရိတ်က ငွေကျပ် ၁၅၀ ရှိရင် ပြည်တွင်းခရီးသွားကို ၂၅၀ နဲ့ရောင်းပြီး နိုင်ငံခြားသားကို ၃၀၀ ကျပ် နဲ့ ၂၀၀၀ ခုနှစ်လောက်စရောင်းခဲ့တာဖြစ်တယ်။ အရင်းကုန်ကျစရိတ်က ဦးထုပ်တစ်လုံးကို ၁၅၀ ရှိတာဖြစ်လို့ သူရဲ့အား စိုက်ထုတ်ရမှုအတွက် အမြတ်ငွေ ၁၀၀ ကျပ်ဆိုတာ အလွန်ပဲနည်းလွန်းလှပါတယ်။
“အန်တီက လောဘမကြီးဘဲ သင့်တင့်တဲ့ဈေးနဲ့ပဲ ရောင်းခဲ့တယ်။ အဲဒါကြောင့် မချမ်းသာပါဘူး။ ဒါပေမဲ့ ကိုယ်ဖန်တီးထားတဲ့ အရုပ်လေးတွေ ပြီးသွားတာကြည့်ပြီး စိတ်ချမ်းသာရတယ်။”လို့ အန်တီနှောင်းက ရယ်မောရင်းပြောပြပါတယ်။
အန်တီနှောင်းရဲ့ကြီးတော်က ညောင်ရွှေစော်ဘွားသမီးတွေအတွက် ဂါဝန်ချုပ်ပေးခဲ့ရတဲ့အတွက် ညောင်ရွှေမှာ ဂါဝန်ချုပ်သူ အနေနဲ့ထင်ရှားပါတယ်။ သူ့ကြီးတော်ရဲ့ယောင်းမဖြစ်သူဒေါ်ရွှေဆင့်ကလည်း ညောင်ရွှေစော်ဘွားရဲ့ဝတ်လဲတော်ဆက်ရသူပါ။
ဒေါ်ရွှေဆင့်ရဲ့ဆက်သွယ်ပေးမှုနဲ့ ကြီးတော်ဖြစ်သူရဲ့လက်ရာကို ကြိုက်နှစ်သက်တဲ့မဟာဒေဝီက သူ့သမီးတော်တွေအတွက် နိုင်ငံခြားစာအုပ်ထဲက ဂါဝန်တွေချုပ်ခိုင်းခဲ့တယ်။ နောက်ပိုင်းမှာ သူဌေးတွေကလည်း သူတို့သမီးတွေအတွက် ချုပ်ခိုင်းလာ တာကြောင့် ညောင်ရွှေမှာ ဂါဝန်ချုပ်သူရယ်လို့ နာမည်ရလာခဲ့တာဖြစ်တယ်။
အန်တီနှောင်းကိုယ်တိုင်လည်း ဒီအချုပ်အလုပ်ပညာကို သူ့မိခင်နဲ့ ကြီးတော်ဆီကနေ လက်ဆင့်ကမ်းရလာခဲ့တာဖြစ်တယ်။
အလားတူ တိုင်းရင်းသားဝတ်စုံနဲ့ အဝတ်ရုပ်လေးတွေ စလုပ်ဖြစ်တာကတော့ သူဆယ်တန်းစတက်တဲ့နှစ်မှာ မိခင်ဖြစ်သူက သူ ပူဆာတဲ့အတွက် ဂါဝန်လေးနဲ့ ဘိုမရုပ်လေးတစ်ရုပ်ဝယ်ပေးရာကနေ အရုပ်လေးတွေလုပ်ဖို့စိတ်ကူးရခဲ့တာဖြစ်တယ်။
ပထမတော့ အရုပ်အတွက် ဘော်လီသေးသေးလေးတွေ၊ အကျီလေးတွေ၊ စကတ်လေးတွေအရင်ချုပ်ပေးပါတယ်။ နောက်မှ ဒီလိုပလတ်စတစ်ရုပ်မဟုတ်ဘဲ အဝတ်ရုပ်ဆိုရင်ပိုကောင်းမယ်လို့ စဉ်းစားရင်းက စတင်ဖန်တီးဖြစ်ခဲ့တာပါ။
“ အမေနဲ့ကြီးတော်တို့က လက်မှုပညာတတ်တယ်။ သူတို့က အရုပ်တစ်ခုရဲ့မျက်ခုံး၊ မျက်လုံးတွေ ဘယ်လိုထိုးရတယ်ဆိုတာ ပြောပြတယ်။ လုပ်မပြဘူး။ ကိုယ့်ဘာသာစမ်းလုပ်၊ စမ်းထိုးရင်းတတ်လာခဲ့တာပေါ့။” လို့ အန်တီနှောင်းက ပြောပါ တယ်။
အစပိုင်းမှာ အရုပ်လေးက တင်၊ ရင်မရှိဘဲ ပြားပြားကြီးရှိနေခဲ့တယ်။ သူဆိုင်ဖွင့်ပြီးနောက်ပိုင်းမှာ သူရဲ့အင်္ဂလိပ်စာဆရာမ ဖြစ်တဲ့ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်ရဲ့သမီး စဝ်ဟေမာသိုက်က သူ့ဆိုင်ကိုလာကြည့်ရင်း အရုပ်ဝါသနာပါတဲ့ဒီဇိုင်း စာအုပ် လေးတစ်အုပ် လက်ဆောင်ပေးခဲ့တယ်။ ဒီကနေ အချိုးကျကျ ချုပ်တတ်သွားတော့ အရုပ်လေးက ပိုလှပိုကြွကာ လူကြိုက် များလာပါတယ်။ ဒီအတွက် ဆရာမစဝ်ဟေမာသိုက်ကို လေးစားအားကျတဲ့အနေနဲ့ မြန်မာအကျီနဲ့အရုပ်လေးကို ပထမဆုံး ချုပ်လုပ်ခဲ့တယ်။
နောက်မှ ဈေးကွက်လုပ်အပ်ချက်အရ တိုင်းရင်းသားဝတ်စုံတွေ ဝတ်ထားတဲ့ အဝတ်အရုပ်လေးတွေကို တီထွင်ထုတ်လုပ် ရောင်းချခဲ့တာဖြစ်တယ်။
အရုပ်(body)တစ်ခုဖြစ်လာဖို့က မလွယ်ပါဘူး။ ခြေလက်၊ ခေါင်းအချိုးအစားသိရသလို အရုပ်လေးဖောင်းလာအောင် ဂွမ်းထည့် တဲ့ အခါမှာလည်း လက်ဝင်လှပါတယ်။နောက်အရုပ်အတွက် တိုင်းရင်းသားဝတ်စုံ ဖန်တီးရာမှာလည်း အနုစိတ် လုပ်ကိုင်ရ တာ ဖြစ်လို့ အလွန်လက်ဝင်ပါတယ်။ ဒါပေမဲ့အရုပ်လေးတွေ ဖန်တီးရတာပျော်နေတဲ့ အန်တီနှောင်းကတော့ နှစ်တိုင်းဒီဇိုင်း အသစ် တစ်ခု ထုတ်လေ့ရှိတယ်။
ဒါကြောင့် သူ့အလုပ်တွေ မနိုင်မနင်းဖြစ်လာတဲ့ အချိန်တွေမှာ ခင်ပွန်းသည်နဲ့ သားဖြစ်သူက ဝိုင်းကူကြရတယ်။ ဆိုင်ဖွင့် ပြီး နောက် ထုတ်လုပ်တဲ့ဒီဇိုင်းတိုင်း ရောင်းရတဲ့အတွက် အကူ ၄ ယောက်ခေါ်ချုပ်ရတဲ့အထိ ရောင်းအားအမြင့်ဆုံးဖြစ်ခဲ့ တယ်။
အကျီတွေ၊ ဦးထုပ်တွေ၊ အိတ်တွေအပြင် လက်သုတ်ပုဝါအရုပ်၊ Little doll နဲ့ ၁၈ လက်မအရုပ်တွေထပ်မံထပ်တိုး ထုတ် လုပ်နိုင်ခဲ့တယ်။ နောက်ဈေးကွက်လိုအပ်ချက်အရ ဖုန်းအိတ်တို့၊ စားစရာသစ်သီးပုံလေးတွေ၊ ခွေးရုပ်၊ ကြောင်ရုပ် စတာ တွေလည်း ထုတ်လုပ်ရောင်းချနေတာဖြစ်တယ်။
ဒီလိုပစ္စည်းဒီဇိုင်းမျိုးစုံ ထုတ်နိုင်တာကြောင့် နိုင်ငံခြားသားတွေသာမက ပြည်တွင်းက အနုပညာရှင်တွေပါ လာရောက်ဝယ် ယူတဲ့အထိ ရောင်းအားကောင်းခဲ့တယ်။ ဒါတင်မက ၂၀၀၅ ခုနှစ်လောက်က YFLမှာ ဂျပန်စာသင်နေတဲ့အသက် ၇၀ အရွယ် မြန်မာစကားပြောတတ်တဲ ့ဂျပန်ဆရာမတစ်ဦးဆိုရင် အန်တီနှောင်းရဲ့အရုပ်တွေကို တုပပြီး စက်ရုံတည်ကာ ထုတ်ရောင်းခဲ့ တယ်။
ဒီဂျပန်ဆရာမကြီးဟာ အန်တီနှောင်းထံမှ အရုပ်အားလုံးကို ဝယ်သွားပြီး သုံးနှစ်လောက်အကြာ ပုံစံတူအရုပ်တွေလုပ်တဲ့ စက်ရုံ ကို ပုံဂံဘက်မှာ တည်ဆောက်ထုတ်လုပ်ရောင်းချနေတာဖြစ်တယ်။ လေယာဉ်ကွင်းက ဆိုင်တစ်ဆိုင်မှာလည်း အန်တီ နှောင်း ရဲ့အရုပ်တွေ လက်ရှိထိယူရောင်းနေပါတယ်။
တခါကလည်း အမေရိကန်လူမျိုးစုံတွဲက ထိုင်းနိုင်ငံ ချင်းမိုင်မှာဖွင့်ထားတဲ့သူတို့ဆိုင်မှာ အန်တီနှောင်းအရုပ်တွေ တစ်လကို အခုရေနှစ်ထောင်လောက်ပို့ဖို့ ကမ်းလှမ်းတာရှိပေမယ့် ထိုအချိန်က အင်တာနက်၊ အီးမေးလ်တွေမပေါ်သေးတဲ့ အချိန်ဖြစ်လို့ အဆက်အသွယ်မဖြစ်ခဲ့ဘူး။
သို့ပေမဲ့ အမေရိကန်စုံတွဲက အန်တီနှောင်းဆီက အရုပ်အားလုံးဝယ်သွားပြီး တစ်နှစ်လောက်အကြာမှာ ချင်းမိုင်မှာ အဲ့ဒီအရုပ် လေးတွေရှိနေသေးကြောင်း ချင်းမိုင်ရောက် သူ့မိတ်ဆွေတစ်ဦးပြောပြတာကို သူပြန်သိရတယ်လို့ ပြောပါတယ်။
“အဲ့လိုbody ချည်းသပ်သပ်ဝယ်သူကိုလိုချင်တယ်။ ဒါမှအမျိုးသမီးတွေ အလုပ်ရမှာ။ အန်တီကတော့ ချမ်းသာဖို့ ပိုက်ဆံရဖို့ သိပ်မမျှော်လင့်ဘူး။ အမျိုးသမီးတွေ ကိုယ့်လုပ်အားနဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ စီးပွားဖြစ်ဖို့၊ လုပ်ငန်းရှင်ဖြစ်လာဖို့မျှော်လင့်တယ်။” လို့ အန်တီနှောင်းက သူ့ဆန္ဒကို ဖွင့်ဟပါတယ်။
ဒီအလုပ်တွေဟာ ၂၀၂၀ ခုနှစ်အထိ ရောင်းအားကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကိုဗစ်နဲ့စစ်ကြောင့် နိုင်ငံခြားသား အဝင် ရပ်သွားသလို ဟိုတယ်တွေလည်း ပိတ်သွားတဲ့အတွက် အခုဆိုရင် အသင်နှစ်ယောက်သာရှိပြီး ရောင်းအားကလည်း ကုန်ဈေး နှုန်းကြောင့် ချုပ်ခလောက်သာရပါတော့တယ်။
လက်ရှိမှာတော့ ညောင်ရွှေကသူမအိမ်မှာပဲ သားဖြစ်သူဖွင့်လှစ်ထားတဲ့ Real Nyaung Shwe မုန့်တိုက်မှာ တပိုင်တနိုင် ချုပ် လုပ်ထားတဲ့လက်မှုပညာမျိုးစုံကို ပြသရောင်းချပေးနေတာဖြစ်တယ်။ ဒါကလည်း ငွေကြေးခက်ခဲနေတဲ့အလုပ်သင် သမားတွေ ဝင်ငွေရဖို့ဖြစ်တယ်။
“ ကမ္ဘာကလည်း စိတ်ဝင်စားတယ်။ ဂျပန်ကလည်းဝယ်တယ်။ ထိုင်းမှာလည်း ဈေးကွက်တစ်ခုအနေနဲ့ ရှိတယ်ဆိုရင် နောင်လာ နောက်သားတွေ အဆင်မပြေတဲ့သူတွေ လုပ်အားခရတယ်။ ခရမ်းချဉ်သီးရွေးနေတဲ့ အမျိုးသမီးတွေကို အဆင့်အတန်း မြင့်မြင့်လေးဖြစ်စေချင်တယ်။”လို့ အန်တီနှောင်းက ပြောပါတယ်။
အန်တီနှောင်းဟာ နှလုံးရောဂါအခံလည်းရှိသူဖြစ်လို့ ရုတ်တရက်တစ်စုံတစ်ရာဖြစ်သွားခဲ့ပါက ပညာအမွေတွေ ချန်မထားခဲ့ နိုင်မှာကိုလည်း စိုးရိမ်ပူပန်နေပါတယ်။ ယခင်နှစ်တွေကတော့ အလုပ်တွေများနေတဲ့ကြားက ပြင်ပပညာသင်ကြားကျောင်း တစ်ခုမှာ ပိတ်စ၊ အပ်နဲ့ အပ်ချည်ကအစ အခမဲ့ပေးပြီး တစ်နေ့ကို နှစ်နာရီသင်ပေးခဲ့တယ်။
ဒီကျောင်းရဲ့အဆက်အသွယ်နဲ့ပဲ မန္တလေးက အထက ၁၄ ကျောင်းမှာ နှစ်ပတ်ကြာ အခမဲ့ သွားသင်ပေးတယ်။ ၂၀၀၈ ခုနှစ်မှာ အင်္ဂလိပ်စာသင်တန်းကျောင်းတစ်ခုမှာ ရင်ဖုံး၊ ရင်စေ့၊ ရှမ်းအဝတ်အစားဒီဇိုင်းနဲ့ အိတ်လုပ်တဲ့နည်းပညာကို သင်ပေးခဲ့တာတွေ ရှိပါတယ်။
သူ့သင်တန်းပြီးသွားလို့ ဆိုင်ဖွင့်ပြီး လုပ်ငန်းမှာအောင်မြင်နေတဲ့သူတွေရှိတဲ့အတွက်လည်း ဒီအပေါ်မှာ အန်တီနှောင်းက အမြဲ ဂုဏ်ယူဝမ်းသာနေတာဖြစ်တယ်။
အသက် ၇၀ နီးပါးရှိလာပြီဖြစ်တဲ့အန်တီနှောင်းအနေနဲ့ မိသားစုစီးပွားရေးအရ အေးဆေးနေနိုင်သားနဲ့ အဘယ်တွက်ကြောင့် ဒီအလုပ်တွေဆက်လုပ်နေရတာလဲလို့ မေးမြန်းတာကို သူက အသက်ကြီးတဲ့အမျိုးသမီးတစ်ယောက်တောင် ဒီလိုလုပ်နိုင်ပါ လားဆိုတဲ့စိတ်အားတက်မှုဖြစ်အောင် ကြိုးစားပြနေတာပါလို့ ပြန်ဖြေသွားပါတယ်။
ဒါ့ကြောင့် အန်တီနှောင်းက“ပညာလိုလားသူကိုလည်းဖိတ်ခေါ်ပါတယ်။ စေတနာနဲ့သင်ပေးချင်ပါတယ်။”လို့ အသိပေးထားပါ တယ်။