ရှင်ငြိမ်း။ ။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အနီးက ချင်းတွင်းမြစ်ကြောင်းရှင်းလင်းဖို့လာတဲ့ စစ်အင်အား ၁၀၀ နဲ့ စစ်သင်္ဘောရှစ်စီးကို MDF – အမျိုးသမီးအထူးကွန်မန်ဒိုတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်လိုက်ပါတယ်။
စစ်သားတွေကလည်း ဒီအမျိုးသမီးတပ်ဖွဲ့ကို သဘောၤပေါ်ကနေ လောင်ချာတွေ၊ စစ်လက်နက်ကြီးတွေ တရစပ်ပြန်ပြီး ပစ် ခတ်ခဲ့တယ်။ သို့ပေမဲ့ အမျိုးသမီးတွေရဲ့ထိုးစစ်ကောင်းလွန်းတာကြောင့် စစ်သင်္ဘောတွေဟာ အောက်လည်းမဆင်းနိုင်၊ အထက်လည်းမဆန်နိုင်ဘဲ ရေလယ်မှာ ရပ်တန့်နေခဲ့တယ်။
ဖြစ်ချင်တော့ စစ်တပ်ဘက်မှ ပစ်လိုက်တဲ့လက်နက်ကြီးကျည်တွေဟာ အလုံးတိုင်းမပေါက်ကွဲဘဲ စစ်မေတွေရဲ့ပစ်ချက်က ချက်ကောင်းထိတဲ့အတွက် စစ်သင်္ဘောနှစ်စီးဟာ မီးခိုးအူပြီး ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆုတ်ခွာသွားပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလလောက်ကဖြစ်ခဲ့တဲ့ဒီတိုက်ပွဲဟာ သုံးရက်လောက်မနားတမ်းပစ်လိုက် နေ့ဝက်လောက်နား လိုက်၊ ပြန်ပစ်လိုက်နဲ့ ရက်ပေါင်း ၂၀ ကြာအောင် ထိုးစစ်တွေ၊ ခုခံစစ်တွေနဲ့ စစ်မျက်နှာပြင်ဖွင့်ခဲ့ကြတာဖြစ်တယ်။
စစ်သင်္ဘောတွေကို အမြဲလိုလိုကြားဖြတ်တိုက်ခိုက်နေတာက ဒေသကာကွယ်ရေးတပ်(PDF)မှ အမျိုးသားခေါင်းဆောင်တွေ ဦးဆောင်ပြီး စစ်ဆင်ရေးလုပ်တိုက်ကြတာများပါတယ်။
အမျိုးသမီးအထူးကွန်မန်ဒိုတပ်ဖွဲ့လည်း မြစ်ကြောင်းစစ်ဆင်ရေးမှာ အကြိမ်ကြိမ်ပါဝင်ခဲ့ပေမယ့် အမျိုးသားတွေရဲ့စီစဉ်မှုနဲ့ တိုက်ခဲ့ရတာဖြစ်တယ်။ သူတို့ကိုယ်တိုင်စစ်ဆင်ရေးလုပ်ပြီး တိုက်ခိုက်တာကတော့ ဒါကပထမဆုံးအကြိမ်ပါ။
ဒီတိုက်ပွဲမှာ စစ်သင်္ဘောနှစ်စီးမီးလောင်ပြီး စစ်သား ၂၀ ခန့်ကျဆုံးကာ အပြင်းအထန်ဒဏ်ရာသူတွေလည်းရှိတယ်လို့ MDF – Special Force တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ အမျိုးသမီးတပ်ဖွဲ့မှာတော့ တစ်ယောက်မှအထိအခိုက် အကျ အဆုံးမရှိခဲ့ပါဘူး။
ဒါ့ကြောင့် စစ်တပ်က မြစ်ကြောင်းအတွင်းစစ်ဆင်ရေးလုပ်သူတွေကို အပြတ်ချေမှုန်းသွားမယ်လို့ ကြွေးကြော်နေပါတယ်။
“သူတို့(စစ်သားတွေ)က ခဏတိုင်းမြစ်ကြောင်းရှင်းလင်းရေးလုပ်မယ်။ မြစ်ကြောင်းစစ်ဆင်ရေးလုပ်သူတွေကို အပြတ်ချေ မှုန်းမယ်ဆိုပြီး ခဏ၊ ခဏကြိမ်းဝါးနေလို့ နမူနာပေးတဲ့သဘောပါ။ ဒီထက်ပိုကြမ်းတဲ့တိုက်ခိုက်နည်းတွေလာမှာဖြစ်လို့ တက်လာခဲ့ပါဦး။”လို့ အမျိုးသမီးအထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ဂျီဂျီ(Gi Gi)က စိမ်ခေါ်နေပါတယ်။
ဒီအမျိုးသမီးလေးတွေရဲ့အောင်မြင်မှုနဲ့ ပတ်သက်လို့ MDF -Special Force မှ တပ်ရင်းမှူး ဗိုလ်စောဂျိမ်းကလည်း စစ်သည် တစ်သိန်းအားနဲ့ ညီမျှတဲ့တိုက်ခိုက်မှုမျိုးလုပ်နိုင်တဲ့အတွက် သိပ်ကိုထူးချွန်ရဲရင့်တဲ့အမျိုးသမီးတွေလို့ မှတ်ချက်ပေးပါတယ်။
စစ်ကိုင်းတိုင်းအခြေစိုက် Myanmar Defense Force -MDF မှာ တပ်ရင်းတပ်ခွဲ ငါးခုရှိပြီး ဒီ ငါးခုမှာရှိတဲ့အမျိုးသမီးစစ်သည် အင်အားစုစုပေါင်းက အယောက် ၇၀ ကျော်ရှိပါတယ်။
တပ်ခွဲ ငါးခုထဲမှတစ်ခုဖြစ်တဲ့MDF -Special Force မှာတော့ အမျိုးသမီးစစ်သည် ၃၀ ဝန်းကျင်သာရှိပြီး ဒီထဲမှာမှအကောင်း ဆုံးဖောက်ခွဲရေးလုပ်နိုင်သူ၊ တိုက်ခိုက်ရေးကျွမ်းကျင်သူ၊ ကြံခိုင်မှုနဲ့ လျင်မြန်ဖျတ်လတ်မှုရှိသူစတဲ့အထူးချွန်ဆုံး အမျိုးသမီး ခုနစ်ဦးရွေးထုတ်ကာ MDF – အမျိုးသမီးအထူးကွန်မန်ဒိုတပ်ဖွဲ့ကို ဖွဲ့ခဲ့တာဖြစ်တယ်။
“ ဒီအမျိုးသမီးလေးတွေက တော်တော်လေးအစွမ်းထက်တယ်။ တိုက်ခိုက်ရေးပိုင်းဆိုလည်း စိတ်ချရတယ်။ ဖောက်ခွဲရေး မှာလည်းထူးချွန်တော့ သူတို့ကိုအခွင့်အရေးပေးချင်တယ်။ သူတို့ရဲ့အစွမ်းထက်တဲ့အင်အားတွေတော်လှန်ရေးမှာသုံးဖို့ ဖွဲ့ တာပါ။ ”လို့ ဗိုလ်စောဂျိမ်းက ရှင်းပြပါတယ်။
သူ့ရဲ့အဓိကလုပ်ငန်းစဉ်ကတော့ မြစ်ကြောင်းစစ်ဆင်ရေးလုပ်ဖို့ဖြစ်ပြီး ဒီတပ်ဖွဲ့မှာ လက်ရွေးစင်အမျိုးသမီး ခုနစ် ယောက်ပါ ဝင်ပါတယ်။ သူတို့ဟာ နေထိုင်ရာဒေသမတူတဲ့နေရာက လာရောက်လာကြပေမယ့် တော်လှန်ရေးညီအစ်မတွေလိုရင်းနှီး ချစ်ခင်ကြတယ်။
အသက်အရွယ်အားဖြင့်လည်း ၂၇ နှစ်က အကြီးဆုံးဖြစ်ပြီး အငယ်ဆုံးကတော့ အသက် ၁၇ နှစ်အရွယ်ဖြစ်တယ်။
ဒီတပ်ဖွဲ့ထဲမှာ အငယ်ဆုံးဖြစ်တဲ့အသက် ၁၇ နှစ်အရွယ် ပေါပေါမယ်ဆိုရင် ခန္ဓာကိုယ်သေးသွယ်သွယ်၊ ပိန်ပိန်ပါးပါးရှိလို့ အများအမြင်မှာ သေနတ်တောင်ထမ်းနိုင်တဲ့ပုံမရပါ။ သို့ပေမဲ့ သူလုပ်ရပ်တွေက ဘယ်လောက်ထိအဆိပ်ပြင်းသလဲဆိုရင် ရန်သူကို ဓါးနဲ့ဝင်လုံးရဲတဲ့သူရဲ့သတ္တိက သက်သေပါပဲ။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက်က ချင်းတွင်းတကြောရှင်းလင်းရေးလုပ်ဖို့လာတဲ့စစ်အင်အား ၆၀၀ နဲ့ စစ်သင်္ဘောအစီး ၃၀ကို အမျိုးသမီးအထူးကွန်မန်ဒိုတပ်ဖွဲ့အပါအဝင် မဟာမိတ်တပ် ခြောက်ဖွဲ့မှ စုပေါင်းအင်အားနဲ့တိုက်ထုတ်ခဲ့ကြတယ်။
ဒီတိုက်ပွဲဟာ အချိန်တစ်လကြာဖြစ်ပွားခဲ့ပြီး ဆောင်းရာသီဖြစ်လို့ ခိုက်ခိုက်တုန်အောင်အေးတဲ့ညတွေမှာ သူတို့တွေဟာ မြစ်ကမ်းနံဘေးက သစ်ပင်တွေကြားမှာ စောင်မပါဘဲ ဒီအတိုင်းငုတ်တုတ်အိပ်ကြရတယ်။
စားစရာကျတော့လည်း မလောက်ငတာများပါတယ်။ သို့ပေမဲ့ အနီးနားက ရွာတွေက သူတို့တတ်နိုင်သလောက်လေး စားစရာလာပို့ပေးရင်တော့ ဝလင်အောင်စားရပြီး လာမပို့တဲ့ရက်တွေဆိုရင်တော့ ရေတောင်ချွေတာသောက်ရပါတယ်။
ဒါပေမဲ့ ဘယ်လိုအခြေအနေပဲကြုံကြုံ အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ကတော့ စိတ်ပျက်မသွားဘူး။ နောက်ဆုတ်မသွားဘူး။ အားလုံးနဲ့တန်းတူ အိပ်တယ်။ စားတယ်။ ကင်းစောင့်တယ်။ တိုက်ခိုက်ရေးလုပ်တယ်။
တိုက်ပွဲ ရက် ၂၀ မြောက်တဲ့နေ့မှာတော့ ပေါပေါမယ်နဲ့အမျိုးသမီးစစ်မေ နှစ်ယောက်ဟာ ညဘက်ကင်းစောင့်ဖို့ တာဝန်ကျပါ တယ်။ စစ်သားတွေဟာ ညဘက်တွေမှာ တိတ်တဆိတ်ကုန်းပေါ်တက်ပြီး တိုက်ခိုက်တတ်လို့ လုံခြုံရေးယူရပါတယ်။
ညသန်းခေါင်ယံ ၁ နာရီခွဲလောက်မှာ ပေါပေါမယ်တို့ကင်းစောင့်နေတဲ့နေရာနားကို စစ်သားတွေက လက်နက်အပြည့်၊ အင် အားအမြောက်အများနဲ့ တက်လာပါတယ်။ အင်အားမမျှတာနဲ့ လက်နက်မလုံလောက်တာကြောင့် ပေါပေါမယ်တို့ဟာ နောက်ဆုတ်ပြေးပါတယ်။
“နောက်ဆုတ်ပြေးပေမယ့် စိတ်ကသူတို့ပစ်ချင်နေတာနဲ့ ရပ်ပြီး သူတို့တက်လာတာစောင့်ပစ်တာ။ အဲ့မှာကျည်က ညှပ်သွားတော့ စစ်သားတစ်ကောင်က အနားရောက်လာတာနဲ့ မထူးဘူးဆိုပြီး ဓါးနဲ့ ဝင်လုံးလိုက်တယ်။”လို့ ပေါပေါမယ်က ဖြစ်စဉ်ကို ပြောပြပါတယ်။
ပေါပေါမယ် ဓါးနဲ့ဝင်လုံးနေတဲ့အချိန်မှာ ကျန်တဲ့အဖွဲ့သားတွေသိသွားပြီး အပြန်အလှန်ပစ်ခတ်ရင်း စစ်သားတွေဟာ speed boat တွေနဲ့ သင်္ဘောဆီပြန်ပြေးသွားကြတယ်။ ပေါပေါမယ်နဲ့တိုက်ခိုက်ခဲ့တဲ့စစ်သားကတော့ နှလုံးတည့်တည့်ဓါးဝင်ပြီး နေရာမှာသေဆုံးသွားခဲ့တယ်။
ပေါပေါမယ်တို့လိုဒေသကာကွယ်ရေးတပ်တွေအနေနဲ့ ကာလဒေသအခြေအနေအရ နိုင်ငံခြားဖြစ်သေနတ်တွေမကိုင်နိုင် သေးတော့ လက်လုပ်သေနတ်တွေ၊ ဗုံးတွေ၊ ကျည်ဆန်တွေ၊ အဝေးပစ်လက်နက်တွေကိုသာ အားပြုသုံးနေရတာဖြစ်လို့ အခုလိုကျည်ညှပ်တာမျိုးနဲ့ကြုံရတာဖြစ်တယ်။
အဲ့လိုလက်နက်အင်အားမပြည့်စုံတာကြောင့် ပေါပေါမယ် ပထမဆုံးလိုက်ရတဲ့ ကိုးရက်ကြာတိုက်ပွဲမှာ ကျည်ကုန်သွားတဲ့ အတွက် တိုက်ရင်း၊ ပြေးရင်းနဲ့ ထွက်ပြေးခဲ့ရတဲ့အပေါ်အားမလိုအားမရဖြစ်နေပါတယ်။
ဒါနဲ့ပတ်သက်လို့ ပေါပေါမယ်က“လက်နက်ရှိရင်တော့ ပြန်တိုက်လိုက်ချင်တဲ့စိတ်တော့ဖြစ်တယ်။ ကိုယ်တစ်ခုခုဖြစ်သွားရင် ပြန်တိုက်လို့မရမှာစိုးတယ်။ သူတို့ကို သတ်ပြီးမှ ကိုယ်သေတာကကိစ္စမရှိဘူး။ သူတို့သတ်လို့သေရတဲ့အဓိပ္ပါယ်သေတာ တော့ မလိုချင်ဘူး။”လို့ သူရဲ့ရဲရဲတောက်စိတ်ဓါတ်ကို ဖွင့်ဟဆိုပါတယ်။
လက်နက်ကိုင်တော်လှန်ရေးထဲဝင်ရင် အချိန်မရွေးသေသွားနိုင်တော့ ဒီအပေါ်စိုးရိမ်ပူပန်မှုရှိလားဆိုတဲ့မေးခွန်းကိုတော့ ၂၀ ရာခိုင်နှုန်းပဲ အသက်ရှင်နိုင်မယ်လို့တွေးပြီး လက်နက်ကိုင်တော်လှန်ရေးထဲဝင်လာခဲ့တာလို့ သူက ရဲရဲဝံ့ဝံ့ဖြေပါတယ်။
ပေါပေါမယ်မှာ နာမည်အရင်းရှိပေမယ့် တပ်ဖွဲ့ဝင်တွေက ပျော်ပျော်နေတတ်သူ့ကို အခုလိုနာမည်ပေးထားတာဖြစ်တယ်။
သူဟာ မောင်နှမလေးယောက်မှာ အငယ်ဆုံးဖြစ်သလို အိမ်ထောင်မကျသေးသူဖြစ်တာကြောင့် မန္တလေးမြို့မှာ အမေ တစ်ခု၊ သမီးတစ်ခုနေထိုင်ကြတာဖြစ်တယ်။ ဖခင်ကတော့ အစာအိမ်ကင်ဆာနဲ့ အာဏာသိမ်းတဲ့နှစ်မှာဆုံးပါးခဲ့တယ်။
ဒီဖခင်သေဆုံးမှုကြောင့်ပဲ ပေါပေါမယ်ဟာ မောင်နှမတွေကန့်ကွက်နေတဲ့ကြားက ခိုးထွက်ပြီး လက်နက်ကိုင်တော်လှန်ရေး ထဲဝင်လာခဲ့တာဖြစ်တယ်။ အကြောင်းကတော့ သူ့ဖခင်အရေးပေါ်ဖြစ်တဲ့အချိန်မှာ ညမထွက်ရအမိန့်ကြောင့် အချိန်မီဆေး ကုသခွင့်မရတာကြောင့် မသေသင့်ဘဲ သေဆုံးခဲ့ရတယ်။
ဒါ့အပြင် သူတက္ကသိုလ်တက်ရမယ့်နှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာဖြစ်တော့ မိသားစုအားလုံးမျှော်လင့်ခဲ့တဲ့ ဘွဲ့ ဓါတ်ပုံအတူရိုက်ချင်တဲ့ဆန္ဒနဲ့အတူ ကျောင်းပြီးရင် စီးပွားရေးလုပ်မယ့်ရည်မှန်းချက်လည်း ပျက်စီးသွားခဲ့ရတာဖြစ်တယ်။
ဒီလိုနာကျဉ်းချက်တွေနဲ့ ပေါပေါမယ်ဟာ လက်နက်ကိုင်တော်လှန်ရေးထဲကို ဝင်ရောက်လာသူတစ်ယောက်ပါ။
ပေါပေါမယ်လိုပဲ စစ်တပ်ရဲ့မတရားဖမ်းဆီးသတ်ဖြတ်မှုကြောင့် အကိုဖြစ်သူဆုံးပါးသွားရတဲ့အပေါ်လက်တုန့်ပြန်လိုတဲ့စိတ် နဲ့ လက်နက်ကိုင်တော်လှန်ရေးထဲဝင်ရောက်လာသူကတော့ အသက် ၂၄ အရွယ်ဂျီဂျီ(Gi Gi)ပါ။
ဂျီဂျီကလည်း အမျိုးသမီးအထူးကွန်မန်ဒိုတပ်မှာပါဝင်သူတစ်ဦးဖြစ်ပြီး MDFတပ်ထဲကို ပထမဆုံးရောက်လာတဲ့အမျိုးသမီး စစ်မေတစ်ဦးလည်းဖြစ်တယ်။
“လာတုန်းက ဦးလေးနဲ့ အကိုနဲ့အတူလာတာ။ ဒီမှာမိန်းကလေးဆိုလို့ကျမတစ်ယောက်ထဲဖြစ်တော့ ဖြစ်ပါ့မလားလို့ သူတို့ ကစိုးရိမ်ပေမယ့် ကျမကရတယ်ဆိုပြီးနေဖြစ်သွားတယ်။ အဲ့မှာဘဏ္ဍာရေးမှူး စလုပ်ရတယ်။”လို့ ဂျီဂျီက ပြောပါတယ်။
ဂျီဂျီရောက်ပြီး မကြာခင်မှာပဲအမျိုးသမီးတွေ လက်နက်ကိုင်တော်လှန်ရေးထဲဝင်ရောက်လာတော့မှ အခြေခံစစ်သင်တန်း တစ်လခွဲစတက်ရပါတယ်။ သို့ပေမဲ့အမျိုးသမီးတွေက တိုက်ပွဲမလိုက်ရဘူး။ ရန်သူဝင်တိုက်ရင်ခုခံနိုင်အောင် သင်ရတာပါ။
လက်နက်ကိုင်ထဲရောက်တာ ခြောက်လလောက်ရှိလာတော့ အကိုဖြစ်သူက အိမ်ထောင်ကျသွားတဲ့အတွက် တိုက်ခိုက်ရေး မှာ မပါတော့ဘဲ ရွာပြန်ပြီး တော်လှန်ရေးအတွက် ပစ္စည်းသယ်ပို့ရေးထောက်ပို့လုပ်ပါတယ်။
“အကိုက ဘယ်လိုဖမ်းမိသွားတယ်ဆိုတော့ သေချာမသိဘူး။ ဒီနေ့ဖမ်းမိတယ်ပြောပြီး နောက်နေ့သေသွားပြီလို့ ယောင်းမ အကြောင်းကြားတာ။ အလောင်းလည်းမရဘူး။ ကြည့်ခွင့်လည်းမရလို့ ခုထိစိတ်ထိခိုက်ရတယ်။”လို့ ဂျီဂျီ က ဆိုပါတယ်။
အကိုဖြစ်သူဟာ တော်လှန်ရေးအတွက် ကူညီရင်း ကျဆုံးရတာဖစ်လို့ ဒီတော်လှန်ရေးကို ပြီးအောင်ဝင်တိုက်ဖို့ ဂျီဂျီက ဆုံး ဖြတ်ခဲ့တာဖြစ်တယ်။ ဘဏ္ဍာရေးမှူးကနေ ကိုယ်တိုင်ဝင်တိုက်ခိုက်ဖို့ ခေါင်းဆောင်ကိုခွင့်တောင်းတော့ မွမ်းမံသင်တန်း တက်ရပါတယ်။
နောက်မှ အထူးလေ့ကျင့်ရေးပြုလုပ်ပြီး အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ထဲဝင်ခွင့်ရခဲ့တယ်။ ဒီအထိတိုက်ပွဲမတိုက်ရသေးပါဘူး။ အဲ့ကနေ အထူးကွန်မန်ဒိုအတွက် တိုက်ခိုက်ရည်ရှိပြီး ကြံခိုင်မှုအားကောင်းတဲ့အမျိုးသမီး ၇ ဦးကိုရွေးချယ်ရာမှာ ဂျီဂျီလည်း ပါဝင်ခဲ့တယ်။
အထူးကွန်မန်ဒိုတပ်ဖွဲ့ထဲရောက်မှ ဂျီဂျီတို့စစ်မေတွေ အမျိုးသားရဲဘော်တွေနဲ့အတူ တိုက်ပွဲစလိုက်ရပါတယ်။ သို့ပေမဲ့ လက်နက်မပြည့်စုံတာကြောင့် အထူးကွန်မန်ဒိုတပ်ဖွဲ့တစ်ခုလုံး မလိုက်ရပါဘူး။
မြစ်ကြောင်းစစ်ဆင်ရေး တစ်ခါသွားလုပ်ရင် အထူးကွန်မန်ဒိုတပ်ဖွဲ့မှ အမျိုးသမီးစစ်မေ သုံးယောက်၊ လေးယောက်စသဖြင့် အလှည့်ကျလိုက်ရပါတယ်။ လက်နက်မလုံလောက်လို့ တစ်ယောက်တစ်လှည့်ကိုင်ရတဲ့သဘောပါ။
အကယ်၍ မွမ်းမံသင်တန်းအတွက် Mission လုပ်ရရင်တော့ အမျိုးသမီး ခုနှစ်ဦးလုံး စစ်တိုက်ထွက်ရပါတယ်။
ဂျီဂျီရဲ့ပထမဆုံးတိုက်ပွဲကတော့ ကိုးရက်တာတိုက်ပွဲဖြစ်တယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလလောက် Speed Boat တွေ ခြံရံတက်လာတဲ့ စစ်ကုန်တင်သင်္ဘောခုနစ်စီးနဲ့ ရေတပ်သင်္ဘော တစ်စီးကို ပစ်ခတ်အနိုင်ယူနိုင်ခဲ့တယ်။
တခြားသင်္ဘောတွေက မြစ်အတိုင်းစုန်ဆင်းပြန်သွားပေမယ့် လက်နက်ကျည်ထိသွားတဲ့ကုန်တင်သင်္ဘောနှစ်စီးဟာ မောင်း မထွက်နိုင်ဘဲ ကျန်ရစ်ခဲ့တယ်။ သူတို့လည်း သဘောၤအခြေအနေကိုစောင့်ကြည့်နေတဲ့အချိန်မှာ လေယာဉ်ပစ်ကူတွေလာတဲ့ အတွက် ထွက်ပြေးခဲ့ရပါတယ်။
ဒုတိယတိုက်ပွဲကတော့ သုံးရက်သာကြာပေမယ့် တိုက်ပွဲကပြင်းထန်လွန်းတာကြောင့် စိတ်ဒဏ်ရာရတဲ့အထိဖြစ်ခဲ့ရတယ်လို့ ဂျီဂျီက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ စစ်တပ်မှရိက္ခာတင်လာတဲ့အမြန်ယာဉ် နှစ်စီးနဲ့ စစ်သင်္ဘောတစ်စီးဟာ တက်လာတာနဲ့ မြစ်ကမ်းတစ်လျောက်က ဒေသကာကွယ်ရေးတပ်တွေကို တောက်လျောက်ပစ်ခတ်လာတာဖြစ်တယ်။
တိုက်ပွဲဟာ မရပ်မနားဘဲ နေ့ရော၊ ညပါတိုက်ရတာကြောင့် တချို့ရဲဘော်တွေဟာ အစားမစားရ၊ မအိပ်ရတာတွေကြောင့် မူးဝေအော့အန်တာတွေထိဖြစ်ကြရတယ်။ ဒီထဲစစ်တပ်က ကနီမှ ကင်းရွာအထိ ကုန်ကြောင်းမှလည်း ထိုးစစ်ဆင်လာတဲ့ အတွက် သူတို့စစ်ပွဲထဲ ပိတ်မိနေခဲ့ပါတယ်။
“ လက်နက်ခြင်းမမျှတဲ့အပြင် သူတို့(စစ်တပ်)က အဝေးကနေပဲ ထိုးစစ်ဆင်တော့ ကျမတို့လက်နက်နဲ့တိုက်မရဘူး။ ဒါကို ရိပ်မိတော့ သူတို့ကအနားလာပစ်တယ်။ အဲ့တော့ ကျမတို့တွေ မိုင်းကွင်းဖြတ်ပြေးရတယ်။ အဲ့မှာကိုယ်ရှေ့မှာသေတာတွေ မြင်ပြီး စိတ်ဒဏ်ရာတွေရတာပေါ့။”လို့ ဂျီဂျီက ဆိုပါတယ်။
ဒီတိုက်ပွဲမှာ နှစ်ဘက်လုံးအထိအခိုက်ရှိခဲ့ပြီး စစ်သား ၂၀ ဝန်းကျင်ကျဆုံးခဲ့ရသလို PDFအဖွဲ့ဝင် ခုနစ်ဦးလည်း ကျဆုံးခဲ့ရ တယ်။ ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိခဲ့ပါတယ်။
“သူတို့ကိုတော့ မကြောက်ဘူး။ ပြန်မတိုက်ခဲ့ရလို့ အခဲမကျေနေတာ။ လက်နက်အင်အားမမျှလို့လည်း စိတ်မပျက်ပါဘူး။ ဘာမှမရှိလည်း ရှိတာနဲ့ စစ်သားတွေကိုသေအောင်သတ်မှာပါ။”လို့ ဂျီဂျီက ပြောပါတယ်။
ဂျီဂျီကတော့ မွမ်းမံသင်တန်းအပြီး စစ်ဆင်ရေးမှာ စစ်သင်္ဘောတွေကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် လက်ရှိ အချိန်ထိ ဂုဏ်ယူမဆုံးဖြစ်နေပါတယ်။
တကယ်တော့ တိုက်ပွဲတစ်ခုအောင်နိုင်ဖို့၊ ထိခိုက်ဒဏ်ရာ အကျအဆုံးနည်းအောင်လုပ်ဖို့ဆိုတာ တွေးထင်ထားတာထက် ပိုအန္တရာယ်လည်း များပါတယ်။ ဂျီဂျီတို့ဆိုရင် တိုက်ပွဲက ပြန်လာရင် သတိနဲ့ နေစားအိပ်တာက အကျင့်ပါပြီး စခန်းရောက် တဲ့ သုံးလေးရက်လောက်က ညတွေမှာအိပ်မရဖြစ်ကြရတယ်။
တချို့စိတ်နုတဲ့သူတွေဆိုရင် ဂယောင်ခြောက်ခြားဖြစ်ပြီး စိတ်ကစဉ့်လျားဖြစ်တဲ့ဝေဒနာပါ ခံစားရတယ်။ ဒီထဲမှာမှ အမျိုးသမီးတွေဟာ အမျိုးသားတွေတန်းတူ စစ်ဆင်ရေးလုပ်နိုင်တယ်။ တိုက်ခိုက်နိုင်တယ်ဆိုတာ တကယ့်ကို လေးစားဂုဏ်ယူ စရာပါ။
ဒါမှလည်း မြန်မာနိုင်ငံရဲ့ခေတ်သစ်တော်လှန်ရေးမှာ အမျိုးသမီးတွေဟာ အမျိုးသားများနဲ့တန်းတူ တစ်ထောင့်တစ်နေရာက ထူးထူးချွန်ချွန်ပါဝင်နိုင်ခဲ့တယ်ဆိုတဲ့ သမိုင်းမော်ကွန်းအဖြစ်ထင်ကျန်နေမှာဖြစ်တယ်။
ဒါ့ကြောင့် ဒီတော်လှန်ရေးမအောင်မမြင်မခြင်း၊ သူအသက်ဆက်ရှင်နေသရွှေ့တိုက်ပွဲဝင်သွားဖို့ ဂျီဂျီက ဆုံးဖြတ်ထားပါ တယ်။
စစ်ကိုင်းတိုင်းဟာ ပထမဆုံးလွတ်မြောက်နယ်မြေဖြစ်နိုင်လားဆိုတဲ့မေးခွန်းကိုတော့ “လူတိုင်းကတော့ ကိုယ်ရဲ့တိုင်းဒေသ ကို ပထမဆုံးလွတ်မြောက်နယ်မြေဖြစ်ချင်ကြတာပဲ။ ဒီအတွက် တတ်နိုင်သလောက်ဖြစ်အောင် ကြိုးစားနေပါတယ်။” လို့ သူက အသိပေးသွားပါတယ်။