Home သတင်း တောင်သူလယ်သမား ကလာပ်စည်းတွင် အမျိုးသမီးများ ဦးဆောင်ကဏ္ဍတွင်ပါဝင်

တောင်သူလယ်သမား ကလာပ်စည်းတွင် အမျိုးသမီးများ ဦးဆောင်ကဏ္ဍတွင်ပါဝင်

(မေရီ) လွိုင်ကော်။

ဧပြီလ၆ရက် ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း ပြုလုပ်သော တောင်သူလယ်သမား ကွန်ယက်နှင့် ဒေသခံ တောင်သူလယ်သမားများ တွေ့ဆုံနှီးနှောဖလှယ်ပွဲတွင် ကော်မတီဝင်အဖွဲ့ဝင် အမျိုးသမီး(၄) ဦးရွေးချယ်ခံရသည်။

ဧပြီလ၆ရက်နေ့တွင်ကယားပြည်နယ်လွိုင်ကော်မြို့နယ်ရှိလောပိတအုပ်စုလောဓလေးကျေးရွာခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင်နံနက်၉နာရီမှညနေ၅နာရီအထိပြုလုပ်ခဲ့သောတောင်သူလယ်သမားကွန်ယက်အဖွဲ့နှင့်ဒေသခံတောင်သူလယ်သမားများတွေ့ဆုံနှီးနှောဖလှယ်ပွဲတွင်တောင်သူလယ်သမား ကလာပ်စည်းကို ဖွဲ့စည်းခဲ့ရာ ကော်မတီအဖွဲ့ဝင်(၁၃)ဦးတွင်အမျိုးသမီး (၄)ဦးမှာကော်မတီအဖွဲ့ဝင်ဖြစ်ပြီးထို(၄)ဦးထဲမှဒေါ်ကြေးမှုံသည်အထွေထွေအတွင်းရေးမှူး(၂)အဖြစ်ရွေးချယ်ခြင်းခံရသည်။

ဒေါ်ကြေးမှုံကဦးစားပေးပြီးအထွေထွေအတွင်းရေးမှူးအဖြစ်ခန့်အပ်ခံရခြင်းကိုလည်းဝမ်းသာကြောင်းပြောသည်။

“ဂျပန်တွေကဒီနံပါတ် (၃) စက်ရုံကိုလာဆောက်တဲ့အချိန်မှာဆိုဘာအခွင့်အရေးတွေပေးနိုင်မလဲပြောတော့ရွာအနေနဲ့တော့တင်ပြကြတာပေါ့နော်ဒီအောက်စက်ရုံလာလုပ်လို့ကျနော်တို့နယ်မြေတွေအသိမ်းခံရပါတယ်တင်ပြတာတော့ခဏခဏရှိတယ်သူတို့ကဖြေရှင်းချက်တွေမရှိဘူးအဖြေမရဘူးအဲဒီအတွက်လျော်ကြေးပေးတာတွေလည်းမရှိဘူး” ဟုဒေါ်ကြေးမှုံကပြောပါသည်။

ဒေါ်ကြေးမုံသည်လောပိတကျေးရွာလီးအီစုရွာမှအိမ်ထောင်သည်အမျိုးသမီးတစ်ဦးဖြစ်ပြီးစိတ်တူကိုယ်တူဖြစ်၍ဤအဖွဲ့တွင်ပါဝင်ခြင်းဖြစ်ကြောင်းပြောသည်။

ထိုနှီးနှောဖလှယ်ပွဲတွင်တက်ရောက်သူတောင်သူလယ်သမားများ (၁၁၁) ထဲတွင်အမျိုးသမီး (၄၀)ဦးပါဝင်ခဲ့သည်။

ထိုနှီးနှောဖလှယ်ပွဲသည်လောဓလေးရွာပဒေါင်းကုန်းတွင်ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ကြောင်းကိုလည်းသူမကပြောပါသည်။

အမျိုးသမီးပါဝင်မှုနှင့်ပတ်သက်၍လောပိတကျေးရွာပဒေါင်ကုန်းအုပ်ချုပ်ရေးမှူးဦးသာညွှန့်က

“ဒီမှာကအမြင်တွေသိပ်မရှိဘူးအမျိုးသမီးတွေပါဝင်မှုအားနည်းနေတယ်ကျနော်တို့ရွာအတိုင်းအတာနဲ့ဆိုပေါ့အခုဆိုရင်အခွင့်အရေးတွေတန်းတူရနေတယ်အမျိုးသမီးတွေကအမျုးိသားတွေနဲ့တန်းတူရည်တူရပ်တည်နိုင်တယ်လို့ကြားတယ်၊အနိမ့်အမြင့်မခွဲခြားပဲသူတို့ပညာမတတ်ရင်တတ်သလောက်သူတို့လုပ်နိုင်တာပေါ့နော်အရင်တုန်းကအဲလိုမျိုးအမျိုးသမီးတွေပါဝင်တာမရှိဘူး” ဟုပြောသည်။

ထို့ပြင်အမျိုးသမီးများရှေ့ဆက်ပြီးအလုပ်လုပ်နိုင်မည်၊ကွင်းဆင်းနိုင်မည်ဆိုလျှင်အမျိုးသမီးငယ်လေးတွေကိုလည်းလက်တွဲခေါ်ယူနိုင်မည်ထင်ကြောင်းကိုလည်း၎င်းကပြောပါသည်။

ကရင်နီလူမှုဖူလုံရေးနှင့်ဖွံ့ဖြိုးရေးပင်မ (KSWDC) တာဝန်ခံကိုခွန်းယိုက အမျိုးသမီးများလည်း အခက်အခဲများနှင့်တွေ့ကြုံရသဖြင့် ဦးဆောင်မှုတွင် ပါဝင်သင့်သည်ဟု ပြောသည်။

“သူတို့လည်းလယ်ယာမြေမတရားသိမ်းခံရတာတွေထဲမှာသူတို့တွေလည်းပါတော့သူတို့ရဲ့ခံစားချက်အနေနဲ့သူတို့လည်းပါတော့ပါဝင်ချင်တာပေါ့နောက်ထပ်တော့သူတို့တွေမပါရင်မဖြစ်ဘူးဆိုတဲ့စိတ်လည်းရှိမှာပေါ့သူတို့ခံစားချက်တွေထဲမှာပေါ့”

ကျင်းပပြုလုပ်ခဲ့သောအစည်းအဝေးတွင်တောင်သူအခွင့်အရေး၊သဘာဝသယံဇာတနှင့်လယ်ယာမြေသိမ်းဆည်းမှုအကြောင်းကိုဆွေးနွေးခဲ့ကြကြောင်းကိုဦးဆောင်အဖွဲ့ဖြစ်သော KSWDC တာဝန်ခံကိုခွန်းယိုကပြောပါသည်။

ထိုနှီးနှောဖလှယ်ပွဲနှင့်အစည်းအဝေးကိုကရင်နီလူငယ်များသမဂ္ဂ (Union of Karenni State Youth- UKSY)၊ ကရင်နီလူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မ(Karenni Social Welfare & Development Center -KSWDC)၊ ကယန်းမျိုးဆက်သစ်လူငယ် (Kayan New Generation Youth- KNGY) အဖွဲ့အသုံးဖွဲ့ဦးဆောင်ပြုလုပ်ခဲ့သည်။ လူမှုအခြေခံသော အဖွဲ့အစည်းများနှင့် လယ်ယာမြေသိမ်းခံ တောင်သူလယ်သမားများလည်း တက်ရောက်ခဲ့ကြသည်။

Related Articles