CH
“အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုများလာတယ်။ အထူးသဖြင့် လက်နက်ကိုင်တဲ့ အမျိုးသားကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေမှာ လက်နက်ကို အသုံးချပြီး အိမ်တွင်းအကြမ်းဖက်ခံရမှုတွေ ပိုများလာတယ်” လို့ စစ်ရှောင်စခန်းတွေမှာအိမ်တွင်းအကြမ်းဖက်မှုကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ မထရေဇာ(အမည်လွှဲ)က ပြောပါတယ်။
မထရေဇာဟာ ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကစစ်ရှောင်စခန်းတွေမှာကူညီပံ့ပိုးမှုတွေလုပ်ဆောင်နေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးပါ။
ကယားပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ဒေသခံ အမျိုးသမီးတချို့ဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေသာမကဘဲ အိမ်တွင်းအကြမ်းဖက်မှုတွေပါ ကြုံနေရတယ်လို့ မထရေဇာကပြောပြပါတယ်။
အိမ်ထောင်ရှင် အမျိုးသားလက်နက်ကိုင်ထားချိန်မှာ သူ့အိမ်အတွင်းထိ “ငါက ခေါင်းဆောင်တစ်ဦးပဲဆိုတဲ့စိတ်” ရှိလာကြတယ်လို့ စစ်ရှောင်စခန်း ရောက်ရှိစဉ် မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကို ပြန်ပြောပြပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုတွေ မျက်မြင်တွေခဲ့ရချိန်မှာ ဒီလို အကြမ်းဖက်မှုတွေ လျော့ကျသွားဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတဲ့ မေးခွန်းတွေက ရင်ထဲမှာ အမြဲရှိနေခဲ့တယ်လို့ မထရေဇာက ဆိုပါတယ်။
လက်နက်အားကိုး အကြမ်းဖက်မှုလား
“လက်နက်ကိုင်လို့ အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်လာတယ်လို့ မဆိုလိုဘဲ အိမ်တွင်းအကြမ်းဖက်မှုကို လုပ်ချင်တဲ့သူက လက်နက်ကိုင်လာပြီးနောက် လက်နက်အားကိုးပြီး အမျိုးသမီးကိုပါ အကြမ်းဖက်လာတယ်။ လက်နက်ကိုင်တွေ နေ့စဉ်သုံးနေကျ အာဏာပါဝါတွေက မိသားစုအထိ ကူးစက်လာတယ်” သူက ရှင်းပြပါတယ်။
အိမ်တွင်းအကြမ်းဖက်မှု နေ့စဉ် ကြုံတွေ့နေရတဲ့ စစ်ရှောင်အမျိုးသမီးတချို့ဟာ လက်နက်ကိုင်ဆောင်ထားတဲ့ ခင်ပွန်းသည် အိမ်ပြန်လာချိန်မှာ သူ့ကိုများ လက်နက်အားကိုးနဲ့ တစ်ခုခု လုပ်တော့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ အမြဲ ရှိနေတတ်တာ တွေ့ရတယ်လို့ မထရေဇာကပြောပြပါတယ်။
“အိမ်တွင်းအကြမ်းဖက်မှု ဖြစ်လာရင် ဘေးပတ်ဝန်းကျင် လူတွေက ကူညီချင်ပေမယ့် သူ့မှာ လက်နက် ရှိတယ်၊ ငါတို့ကို တစ်ခုခုလုပ်မယ်ဆိုတဲ့ စိတ်က အမြဲရှိနေတယ်။ ဒီလိုလူတွေကြောင့်ပဲ တော်လှန်ရေးမှာ ပါဝင်တော်လှန်နေတဲ့ သူတွေရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်” လို့ မထရေဇာက သူ့ရဲ့အမြင်ကို ပြောပါတယ်။
လက်နက်ကို ကာဗာယူပြီး အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့ တော်လှန်ရေး အဖွဲ့အစည်း တစ်ခုအတွင်းကခေါင်းဆောင်တစ်ဦးကြောင့်လည်းတော်လှန်ရေးအတွက် ပေးဆပ်နေတဲ့ အခြားတော်လှန်ရေး ရဲဘော်တွေအတွက်ထိခိုက်မှုတွေ ဖြစ်စေခဲ့တယ်လို့ မထရေဇာက ဆိုပါတယ်။
ပဋိပက္ခကြားက အိမ်တွင်းအကြမ်းဖက်မှု
နိုင်ငံရေးကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေထဲမှာ အိမ်တွင်းအကြမ်းဖက်မှုကလည်း တစ်ခုအပါအဝင်ပါ။နိုင်ငံရေးဖြစ်စဉ်ကိုသာ တစ်စိုက်မတ်မတ် ကြည့်နေချိန်မှာ နိုင်ငံရေးပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေအပေါ် အလေးထား ဖြေရှင်းပေးနိုင်မှု ကျဆင်းလာခဲ့ပါတယ်။
“အိမ်တွင်းအကြမ်းဖက်မှု ပြသာနာက နေရာတိုင်းမှာ ရှိနေပေမယ့် မတူတာက ဒီဘက်ဒေသမှာ စစ်ရှောင်နေရတဲ့ အခြေအနေမှာ ပြသာနာက တစ်ခုပြီးတစ်ခု ကြုံရတဲ့အချိန် အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာက ပံ့ပိုးမှုတွေ အများကြီး လိုအပ်တယ်” လို့ မထရေဇာက ဆိုပါတယ်။
အိမ်တွင်းအကြမ်းဖက်မှု ခံစားနေရတဲ့ စစ်ရှောင်အမျိုးသမီးတွေဟာ အကြမ်းဖက်မှု ခံနေရတယ်လို့ ရင်ဖွင့်ပြောဆိုဖို့အတွက် ကြောက်ရွံ့နေကြသူတွေလည်း ရှိနေဆဲပါ။
အိမ်တွင်းအကြမ်းဖက်မှုနဲ့ သက်ဆိုင်တဲ့ အသိပညာ မျှဝေခြင်း အစီအစဉ်ကို အမျိုးသမီးတွေကို သာမက အမျိုးသားတွေကိုပါ အသိပညာ ပေးစေချင်တယ်လို့ မထရေဇာက ပြောပါတယ်။
“ဒီလိုအကြမ်းဖက်မှုတွေကို တွေ့ကြုံရတဲ့ အမျိုးသမီးတွေကို ပံ့ပိုးမှုတွေ လုပ်ပေးနိုင်မယ့်သူ၊ အထူးသဖြင့် အမျိုးသမီးအတွက် မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့သူ အများကြီး လိုအပ်နေတယ်” လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။
စစ်ရှောင်အမျိုးသမီးတွေ ခံစားရတဲ့ ပြဿနာ
အိမ်တွင်းအကြမ်းဖက်မှု ခံစားရတဲ့ အမျိုးသမီးတွေဟာ သားသမီးတွေအပေါ် ပြုစုစောင့်ရှောက်မှု အပိုင်းပါ ထိခိုက်မှု ရှိနေတဲ့အပြင် ကလေးမွေးဖွားမှုအပိုင်းမှာလည်း ထိခိုက်စေတယ်လို့ စစ်ရှောင် အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ကူညီထောက်ပံ့နေသူ တချို့က ပြောပါတယ်။
သားသမီးတွေရဲ့ လူနေမှုဘဝ၊ အနာဂတ်ကို ထိခိုက်ပျက်စီးစေတဲ့ အဓိက အရင်းအမြစ်ဟာ အိမ်တွင်းအကြမ်းဖက်မှုကြောင့်လို့ သတိထားမိသူ မရှိသလောက်ပါပဲ။
စစ်ရှောင်ဒေသ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ထုံးတမ်းဓလေ့အရသော်လည်းကောင်း အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ အိမ်မှုကိစ္စ၊ သားသမီးရေးမှာ ဦးဆောင် လုပ်ကိုင်ကြရပါတယ်။
စစ်ရှောင်အမျိုးသမီးတွေက မိသားစုအရေး၊ သားသမီးအရေး ရှေ့တန်းတင် ဖြေရှင်းနေရချိန် နိုင်ငံရေး ပဋိပက္ခကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားကြရတဲ့အပြင် အိမ်တွင်းအကြမ်းဖက်မှုကြောင့်ပါ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားလာရပါတယ်။
“ယောကျာ်းမရှိတော့တဲ့ မိန်းမ၊ယောကျ်ားကရှေ့တန်းသွားလို့ကျန်ခဲ့တဲ့မိန်းမတွေက မိသားစုအတွက် အမေနေရာရော၊အဖေနေရာပါ တာဝန်ထမ်းဆောင်ရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ပိုများလာတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဖြေဖျောက်ဖို့ ငိုကြွေးခြင်းကသာ အဓိက စိတ်ထွက်ပေါက် တစ်ခုလို့ မှတ်ယူထားတယ်” လို့ မထေရေဇာက ဆိုပါတယ်။
အိမ်ထောင်မရှိ လူလွတ်တစ်ယောက်တောင် အခုလို စစ်ဘေးရှောင်နေရချိန်မှာ ရပ်တည်ဖို့ ခက်ခဲနေချိန်သားသမီးတွေကို ရှာဖွေကျွေးမွေးနေရတဲ့ မိခင်တွေကအခက်ခဲများစွာ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။
အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်း၊ ဝင်ငွေ မရှိခြင်း၊ မြင့်မားလွန်းတဲ့ကုန်စျေးနှုန်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ နေ့စဉ်ဘဝ လုံခြုံစွာ နေခွင့်ရရေး စတဲ့ အရာတွေဟာ အိမ်ထောင်ရှင်စစ်ရှောင်အမျိုးသမီးတွေအတွက် နေ့စဉ်တွေ့ကြုံနေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။
ဒီအခြေအနေတွေအပြင် အားကိုးစရာ ခင်ပွန်း မရှိတော့တဲ့ အိမ်ထောင်ရှင် မိခင်တွေနဲ့ တော်လှန်ရေးအတွက် တိုက်ပွဲဝင် ရှေ့တန်းထွက်သွားတဲ့ ခင်ပွန်းသည်ကြောင့် နေ့စဉ်ရက်ဆက် စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျစရာ ဖြစ်ရပ်တွေကို ကြုံနေရတဲ့ စစ်ရှောင်အမျိုးသမီးတွေလည်း ပိုမို များပြားလာပါတယ်။
“စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အရမ်းများတဲ့ အသက် ၂၀ ကျော်အရွယ် မိခင်တစ်ယောက်ဆိုရင် ကလေးနဲ့ မိသားစုအပေါ် မပြောနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်တော့တဲ့ အခြေအနေထိ ဖြစ်ခဲ့တယ်။ မိသားစုအပေါ်လည်း အလေးမထားတော့ဘူး။ သူများပြောတာကို အာရုံမရတော့ဘူး။ စိတ်လွတ်သွားတဲ့ အနေအထား ဖြစ်သွားတယ်” လို့ မထရေဇာက စစ်ရှောင်စခန်းမှာမြင်ခဲ့ရတဲ့ ဖြစ်ရပ်ကို ထပ်မံ ပြောပြပါတယ်။
အမျိုးသမီးတွေအပြင် ကလေးငယ်တွေပါ ခံစားရ
စစ်ရေးပဋိပက္ခတွေအတွင်း ထိခိုက်နစ်နာမှု အများဆုံးနှင့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဒုက္ခအများဆုံး တွေ့ကြုံရသူများထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အများစု ပါဝင်လျက် ရှိပါတယ်။
စစ်ရှောင်အမျိုးသမီးတွေဟာ လူမှုဘဝဒုက္ခ ပြသာနာတွေ ရင်ဆိုင်နေရချိန် မခံစားနိုင်တော့တဲ့ အခြေအနေမျိုးမှာ ရင်ဖွင့်တိုင်ပင်ရမယ့်သူကို ရှာဖွေကြပေမယ့် ဘဝတူစစ်ရှောင် အချင်းချင်းမို့ ရင်ဖွင့်ဖို့ရာ ဝန်လေးနေဆဲ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
သူတို့ ခံစားနေရတဲ့ ခံစားချက်တွေကို ရင်ဖွင့်တိုင်ပင်ဖို့ ယုံကြည်စိတ်ချရတဲ့ နှစ်သိမ့်အားပေး ဆွေးနွေးပေးနိုင်တဲ့ ရပ်ဝန်းတစ်ခု ရှိသင့်ကြောင်း စစ်ရှောင်တွေကို ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“သူတို့ရဲ့ ပြသာနာကို နားထောင်ပေးမယ့်သူ၊ လုံခြုံစိတ်ချမှုအတွက် စိတ်ချရမယ့်သူတွေ မရှိတာ များတယ်။ ငါ့ရဲ့ခံစားချက်ကို ပြောပြလိုက်ရင် အခြားသူတွေဆီ သူ့ရဲ့ခံစားချက်တွေ ပေါက်ကြားသွားမလား။ ငါ့ရဲ့ ခံစားချက်တွေကို လှောင်ပြောင်ကြမလားဆိုတဲ့ စိုးရိမ်စိတ် ရှိကြတယ်”လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အဲဒီ အမျိုးသမီးက ပြောပါတယ်။
နေ့စဉ်တွေ့ကြုံရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြသာနာတွေ၊ ရုပ်ပိုင်းဆိုင်ရာ ပြသာနာတွေကို လူသူတိတ်ဆိတ်တဲ့ ညပိုင်း၊ သားသမီးတွေ အိပ်မောကျချိန် ညပိုင်းတွေမှာ ထုတ်ဖော် ငိုကြွေးလေ့ရှိတဲ့ စစ်ရှောင် အမျိုးသမီးတွေကို မြင်တွေ့ရတယ်လို့ သူက ပြောပါတယ်။
စစ်ရှောင်အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်မှုပါ ခံစားလာရပေမယ့် မိခင်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ လူမှုဒုက္ခတွေကို တင်းခံနေကြရတာပါ။
တော်လှန်ရေး ရဲဘော် မိခင်တွေရဲ့ သောက
အလားတူ တော်လှန်ရေးတိုက်ပွဲ ဝင်နေကြတဲ့ ရဲဘော်တွေရဲ့ မိခင်ဘဝဟာ သောကတွေနဲ့ ရတက်မအေး ဖြစ်နေရတာကိုလည်း မြင်တွေ့ရပါတယ်။ သားသမီးကို ပြုစုစောင့်ရှောက် ကျွေးမွေးရတဲ့ မိခင်တွေအနေနဲ့ ရှေ့တန်းသွားနေတဲ့ သားသမီးတွေအတွက် နေ့စဉ်ရက်ဆက် စိုးရိမ်ပူပန်စိတ်တွေနဲ့ ရှေ့ဆက်နေရတယ်လို့ ပြောပါတယ်။
တော်လှန်ရေး ရှည်ကြာလာတာနဲ့အမျှ အံကြိတ် တင်းခံထားတဲ့ စစ်ရှောင် အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာဟာ တစ်ဖြည်းဖြည်း ဆိုးဝါးလာတာကို တွေ့မြင်ရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အမျိုးသမီးက ပြောပါတယ်။
တိုက်ပွဲတစ်ခု ပြီးချိန်တိုင်း ကျဆုံးသွားတဲ့ ရဲဘော်တွေထဲမှာ ကိုယ့်သားသမီးများ ပါဝင်လာမလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့် စားမဝင်အိပ်မပျော် ရက်တွေလည်း များပြားလာတယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေရဲ့ မိခင်တွေက ဆိုပါတယ်။
“လက်နက်ကိုင် သားသမီးတွေကို ပိုင်ဆိုင်ထားတဲ့ မိခင်ဆိုရင်လည်း စိတ်ပိုင်းဆိုင်ရာကနေ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ ရှိလာတယ်။ အစားအသောက် မစားနိုင်၊ ရေသောက်လည်း မရတော့ဘူး။ အပေါ့အလေးလည်း မသွားနိုင်တော့တဲ့ အနေအထားထိ ဖြစ်သွားတယ်” လို့ စစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတစ်ရပ်ကို စစ်ရှောင်တွေကို ကူညီပံ့ပိုးနေတဲ့အမျိုးသမီးက ပြောပါတယ်။
ဒီအခြေအနေတွေကို လစ်လျှူရှုထားရင် စစ်ရှောင်အမျိုးသမီးတွေနဲ့ မိခင်တွေဟာ စိတ်ဒဏ်ရာများစွာနဲ့ ဘဝတစ်လျှောက်လုံး ဖြတ်သန်းရတော့မယ့် အခြေအနေကို ရင်ဆိုင်နေကြရတာပါ။
သူတို့အတွက် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေသာမက စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကိုပါ ပံ့ပိုးကုစားပေးဖို့များစွာ လိုအပ်နေပါတယ်။
မပြီးပြတ်နိုင်တဲ့ စစ်ရေးတင်းမာမှုနဲ့အတူ အမျိုးသမီးတွေ နေ့စဉ်ရင်ဆိုင် တွေ့ကြုံနေရတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေကို ဖြေရှင်းကူညီပေးဖို့ အာရုံစိုက်ရမယ့် အရေးကြီးဆုံးအချိန် ရောက်နေပြီလို့မထရေဇာကဆိုလိုက်ပါတယ်။။