နွေဦးမောင်။ ။
ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ခုဆို (၂)နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့ စစ်တပ်က အာဏာစသိမ်းတော့ အဲဒီအာဏာသိမ်းမှုကို အစောဆုံး လမ်းပေါ် ထွက်ပြီး ဆန့်ကျင်ဆန္ဒပြခဲ့တာဟာ နိုင်ငံ့ဝန်ထမ်းတချို့ပါ။
နောက်ပိုင်းမှာ သိန်းနဲ့ချီတဲ့ ဝန်ထမ်းတွေ ပါဝင်လာခဲ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedient Movement – CDM ကနေ နွေဦးတော်လှန်ရေးကြီး စတင်သန္ဓေတည်ခဲ့တယ်ဆိုရင် မှားမယ်မထင်ပါဘူး။
တော်လှန်ရေးကာလ အစောပိုင်းက ဝန်ထမ်းတစ်ယောက် CDM ပြုလုပ်တာဟာ လူထုကြားမှာ ရေးပန်းစားတဲ့ သတင်းစကားတစ်ခုပါ။ ဒါပေမဲ့ ခုချိန်သာမန်ဝန်ထမ်းတစ်ယောက် CDM ပြုလုပ်တာဟာ လက်နက်ကိုင် စစ်ကောင်စီ တပ်သားတစ်ယောက် CDM လုပ်လာတာလောက်တော့ ထူးခြားမှုမရှိတော့ပါဘူး။ ဒါဟာ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေတွေရဲ့ အရှိတရားတစ်ခုဖြစ်တယ်လို့ CDM ဝန်ထမ်းတွေက သုံးသပ်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ ခုလက်ရှိဆင်နွှဲနေတာဟာ ပြည်သူ့ခုခံစစ်ကာလမို့ပါ။ အဲဒီလို ပြောင်းလဲလာတဲ့ အခြေအနေတွေအောက်မှာ CDM တွေဟာ ကိုယ့်နဲ့ ကိုယ့်မိသားစုရှင်သန်ရပ်တည်ရေး အလူးအလဲ ရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။
ရေဦးမြို့နယ်က CDM ကျောင်းဆရာမလေး မဒါလီ (အမည်လွှဲ)ဟာ မိသားစုရပ်တည်ရေး ခက်ခဲနေသူတစ်ဦးပါ။ ခြေတစ်ဖက်ကျိုးနေတဲ့ မိခင်ကြီးကို ပြုစုလုပ်ကြွေးနေရသူလည်း ဖြစ်ပါတယ်။
မဒါလီ CDM စဝင်ချိန်က ကူညီပံ့ပိုးမှုအချို့ရခဲ့ပေမယ့် ခုနောက်ပိုင်း တော်လှန်ရေးကာလ ကြာမြင့်လာတော့ သူ့ကိုသတိရသူ မရှိသလောက်ဖြစ်သွားပါပြီ။ ဒီကြားထဲ သူတို့ရွာလေးကို စစ်တပ်က ဝင်မီးရှို့တော့ သားအမိနှစ် နေစရာအိမ်ပါ ပျောက်ခဲ့ရပါတယ်။
ဒီတော့ အခြားမီးဘေးသင့်ပြည်သူတွေလို သူတို့သားအမိလည်း တော်လှန်ရေးအင်အားစုတွေက စီစဥ်ပေးတဲ့ နေရာတွေမှာ ပြောင်းရွှေ့နေထိုင်ရပါတယ်။ ယခင် ဝန်ထမ်းဘဝလို ပုံမှန်ဝင်ငွေကမရှိ၊ နေစရာအိမ်လည်း ဆုံးရှုံးဆိုတော့ မဒါလီ စိတ်ဓာတ်တွေ ကျလာတယ်။ ပိုဆိုးတာက ဆွေမျိုးသားချင်း တော်စပ်သူတွေက သူတို့သားအမိကို မစောင့်ရှောက်တဲ့အပြင် သူတို့သားအမိ အများနဲ့ရောနှောမနေနိုင်အောင် နှောက်ယှက်တာပါပဲ။
“အသက်ရှင်ချင်စိတ် မရှိအောင် ဖြစ်ဖြစ်သွားတယ်”လို့ မဒါလီက ရင်ဖွင့်ပါတယ်။
ဒါကြောင့် ဆွေမျိုးတွေနဲ့ဝေးရာမှာ သွားရှောင်နေဖို့ တော်လှန်ရေးအင်အားစုတွေဆီကတဆင့် နေရာထိုင်ခင်း စုံစမ်းကြည့်ပေမယ့် အဆင်မပြေခဲ့ပါဘူး။ သည်တော့ ဟိုနားနေ၊ ဒီနားပုန်းနဲ့ပဲ နေ့စဥ်ဘဝကို သားအမိနှစ်ယောက် ဖြတ်သန်းနေတယ်လို့ ဆိုပါတယ်။
ကျောင်းဆရာမလေး မဒါလီနဲ့ ဖြစ်ပျက်ပုံချင်းမတူပေမယ့် သူ့လိုပဲ ရှင်သန်ရပ်တည်ရေးခက်ခဲနေသူ တစ်ဦးကတော့ CDM ဝန်ထမ်း ဒေါ်မိုင်းမိုင် ဖြစ်ပါတယ်။ သူက ကလေးမြို့နယ်ထဲကပါ။ အသက် (၃၅)နှစ်ရှိပြီဖြစ်တဲ့ ဒေါ်မိုင်းမိုင်ဟာ ကင်ဆာရောဂါ ခံစားနေရသူတစ်ဦးလည်း ဖြစ်ပါတယ်။
သူဟာ စစ်တပ်က အာဏာသိမ်းပြီး တစ်ပတ်အကြာမှာ ဝန်ထမ်းလောကကို ကျောခိုင်းပြီး ပြည်သူနဲ့အတူ ပူးပေါင်းလာခဲ့သူပါ။ စားဝတ်နေရေးအတွက် သမာအာဇီဝကျပြီး သူလုပ်နိုင်သမျှအလုပ် အကုန်လုပ်ပါတယ်။ ဒါပေမယ့် ဘယ်လိုအလုပ်မျိုးတွေ လုပ်ကိုင်ပြီး သက်မွေးဝမ်းကြောင်းပြုနေတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ သူကထုတ်ပြောဖို့ ဆန္ဒမရှိပါဘူး။
အလုပ်အားလပ်ချိန်တွေမှာတော့ သူနေထိုင်ရာ ပတ်ဝန်းကျင်မှာရှိတဲ့ ပညာသင်ကြားခွင့်မရတဲ့ ကလေးတွေကို အင်္ဂလိပ်နဲ့ ကွန်ပြူတာအခြေခံ သင်ကြားပေးနေပါတယ်။ CDM သမားဘဝ အစောပိုင်းကာလတွေတုန်းကတော့ ထင်မှတ်မထားလောက်တဲ့အထိ အကူအညီတွေ၊ အားပေးမှုတွေရခဲ့တယ်လို့ ဒေါ်မိုင်းမိုင်က ဆိုပါတယ်။
ဒါပေမဲ့ အဲဒီလိုအားပေးကူညီမှုတွေဟာ CDM စလုပ်တဲ့ ၂၀၂၁ ခုနှစ်အတွင်း ကာလတစ်ခုလောက်အထိပါပဲ။ အဲဒီအချိန်ကစပြီး ဝမ်းစာအတွက် အလုပ်လုပ်ငွေရှာသလို ရောဂါကုဖို့လည်း ပြင်ဆင်ရပါတယ်။ ဒီလိုနဲ့ ကံဆိုးချင်တော့ သူ့ကိုကုပေးနေတဲ့ ဆရာဝန်ဟာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ သည်တော့ ကင်ဆာရောဂါကို ဆက်မကုနိုင်တော့ဘဲ ရပ်ထားရပါတော့တယ်။
CDM စလုပ်ချိန်ထဲက ‘ဘယ်နေ့များ စစ်အုပ်စုတွေ ရန်ပြုလာလေမလဲ’ဆိုပြီး စိတ်မလုံခြုံမှုကို ခံစားခဲ့ရတာဟာ သူ့ကိုကုပေးနေတဲ့ ဆရာဝန်ပါ အဖမ်းခံလိုက်ရတော့ ဆိုးသထက် ဆိုးလာပါတယ်။
အဲဒီလို စိတ်မလုံခြုံမှုဖြစ်တဲ့အခါ သူကအလုပ်နှစ်ခုလုပ်ပြီး စိတ်ထဲနေသာရာရအောင် ကုစားလေ့ရှိတယ်လို့ ခုလိုရင်ဖွင့်ပါတယ်။
“ကြုံတွေ့ခဲ့ရတဲ့ စိတ်ရောလူပါ မလုံခြုံမှုပြဿနာတွေကိုတော့ ဝါသနာပါရာလုပ်ရင်း ယုံကြည်ရာဘာသာရေးလုပ်ရင်းနဲ့ တစ်ရက်ချင်းစီ ကျော်ဖြတ်နေပါတယ်”
ဘယ်လိုပဲ စိတ်ချလုံခြုံမှု ရှိမနေပါစေ (၂)နှစ်တိတိတောင် ကျော်ဖြတ်လာပြီးကယမှတော့ အားတင်းပြီး ရှေ့ဆက်မယ်လို့ပဲ ကိုယ့်ကိုယ်ကို သတိပေးမိတယ်လို့ ဒေါ်မိုင်းမိုင်က ဆက်ပြောပါတယ်။
ဒါကြောင့်လည်း သူ့အနေနဲ့ “အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးအတွက်လည်း စိတ်ကိုပြင်ဆင်ထားတယ်”လို့ ဆိုပါတယ်။
CDM လုပ်ခဲ့သူတွေ အဘက်ဘက်က ပိုမိုခက်ခဲလာတဲ့အကြောင်း ထပ်မံရင်ဖွင့်လာသူကတော့ ကထိကရာထူးနဲ့ CDM လုပ်ခဲ့သူ ဒေါ်ပီတိ(အမည်လွှဲ)ပါ။ CDM ဝင်ထားလို့ဆိုပြီး အားလုံးက ဝိုင်းဝန်းကူညီကြလိမ့်မယ်လို့ ထင်နေရင် မှားမယ်လို့ သူ့အတွေ့အကြုံနဲ့ယှဥ်ပြီး ပြောလာပါတယ်။
မြေပြင်အခြေအနေအရ CDM တွေဟာ လက်နက်ကိုင် တော်လှန်ရေးသမားတွေလောက် နေရာမရသလို ကူညီပံ့ပိုးသူလည်း အရင်ထက်ပိုနည်းလာတယ်လို့ ဒေါ်ပီတိက ဆိုပါတယ်။ သူဆိုရင် အခြေခံစစ်သင်တန်း တက်ထားသလို ဆေးဝါးကျွမ်းကျင် သင်တန်းလည်း တက်ထားသူတစ်ဦးပါ။ ဒါကြောင့် လက်ရှိ သူခေတ္တခိုလှုံနေတဲ့ ကျေးရွာမှာ အခမဲ့ဆေးခန်းတစ်ခု ဖွင့်ထားသလို အထက်တန်းကျောင်းသားတွေကိုလည်း အခမဲ့ပညာ သင်ကြားပေးနေပါတယ်။
“ရွာက အထောက်အပံ့ဘာမှ မယူဘူးနော်။ ကိုယ့်စရိတ်ကိုစား၊ ကိုယ့်ထမင်းကိုစားပြီး လုပ်ပေးနေတာ။ ဒါတောင်မှ ရွာက လှိုက်လှိုက်လှဲလှဲဝမ်းသာမယ်လို့ မထင်ပါနဲ့”လို့ သူ့ဖြစ်အင်ကို ကထိကဟောင်း ဒေါ်ပီတိက ပြောပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူ့အနေနဲ့ ကြုံလာသမျှ အခက်အခဲတွေကို ကြံ့ကြံ့ခံပြီး အဆုံးထိရောက်အောင်သွားမှာလို့ ဒေါ်ပီတိက လေးလေးနက်နက်ဆိုပါတယ်။ စကတည်းက ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတွေကို ဂရုမထားဘဲ ကိုယ်ယုံ ကြည်ရာ လျှောက်ခဲ့တာမို့ ရှေ့ဆက်သွားမယ်လို့ သူက ပြတ်ပြတ်သားသား ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ CDM မှာပါဝင်လာတဲ့ နိုင်ငံ့ဝန်ထမ်းတွေထဲက လေးသောင်းနီးပါးကို ကျပ်သိန်းပေါင်း (၁၂,၀၀၀)ကျော် ထောက်ပံ့ထားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြောခွင့်ရသူ ဦးနေဘုန်းလတ်က မစ္ဇျိမသတင်းဌာနကို ပြောဆိုထားပါတယ်။ ထောက်ပံ့မှုရတဲ့ ဝန်ထမ်းအရေအတွက်ဟာ ရှိပြီး CDM ဝန်ထမ်းဦးရေ (၁၈၅,၀၀၀)ရဲ့ လေးပုံတစ်ပုံကျော်မျှပဲ ဖြစ်ပါတယ်။
ထောက်ပံ့ကူညီရာမှာ အရေးပေါ်ကိစ္စတွေ၊ နေထိုင်ရေး အရေးပေါ်ကိစ္စ၊ မီးဖွားခြင်းစတာတွေအပေါ်မူတည်ပြီး ဝန်ကြီးဌာနအလိုက် ထောက်ပံ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ရှိသမျှ CDM တွေ အကုန်လုံးကိုတော့ လုံလုံလောက်လောက် ထောက်ပံ့နိုင်ခြင်းမရှိပါဘူး”လို့ ဦးနေဘုန်းလတ်က ဝန်ခံထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မပြီးဆုံးသေးတဲ့ နွေဦးတော်လှန်ရေးဝဲသြဃထဲ CDM ဝန်ထမ်းတွေဟာ သူတို့ယုံကြည်ရာအတွက် စုန်ဆန်ကူးခတ်နေကြဦးမယ်ဆိုတာတော့ မလွဲပါဘူး။ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့ ကျရာကဏ္ဍက ပါဝင်နေကြဦးမယ်လို့ ပြည်သူတွေက ယုံကြည်နေကြဆဲပါ။